Saturday, March 16, 2013

စာအုပ်(၁) ၁၁၃၅-၁၁၃၆ အပိုင်း(၂) အခန်း(၃)

နောက်တစ်နေ့ နေလည်ပိုင်းလောက်တွင် ဖိလစ်သည် ဘစ်ရှော့၏ လက်ထောက် ဝေးရန် ခန့်မှန်းလိုက်သည့် အတိုင်းပင် ကင်းဘရစ်ချ်ကို လှမ်းမြင်ရသော နေရာသို့ ရောက်လာခဲ့လေသည်။ သူသည် သစ်တော ထူထပ်သော တောင်စောင်းမှ ထွက်လာပြီးသည့် အခါတွင် အသက်မဲ့ အေးခဲကာ တခါတရံသာ အရိုးပြိုင်းပြိုင်း ထနေသော သစ်ပင်များကို လှမ်းမြင်နေရသည့် မြင်ကွင်းကို လှမ်းမျှော် ကြည့်မိသည်။ လူသူဟူ၍ တစ်ဦးတစ်ယောက်မှ မတွေ့ရပေ။ ဆောင်းတွင်း အလယ်ခေါင်တွင် ဤမြေပေါ်၌ လုပ်စရာ အလုပ်လည်း မရှိပေ။ မိုင်အနည်းငယ်မျှ အကွာ အေးစက်နေသော ကျေးလက်ဒေသ၏ တစ်ဖက်ခြမ်းတွင် ကြီးမားကျယ်ပြန့်၍ သုဿန်ပေါ်တွင် ရှိနေသော အုတ်ဂူ တစ်ခုပမာ ရပ်တည်နေသော အဆောက်အဦး တစ်ခု ဖြစ်သည့် ကင်းဘရစ်ချ် ကက်သီဒရယ် ဘုရားကျောင်းကို လှမ်းမြင်နေရသည်။

ဖိလစ်က ချိုင့်ဝှမ်းတစ်ခု အတွင်းသို့ နိမ့်ဆင်းသွားသော လမ်းအတိုင်း လိုက်သွားသည့် အခါတွင် ကင်းဘရစ်ချ်သည် မြင်ကွင်းမှ ပျောက်သွားသည်။ သူ၏ တည်ငြိမ်အေးဆေးသော မြင်းပုကလေးက နှင်းခဲနေသော လမ်းတစ်လျှောက် သူမ၏ လမ်းကို အသေအချာ ရွေး၍ သွားနေသည်။ ဖိလစ်က ဘစ်ရှော့၏ လက်ထောက် ဝေးရန် အကြောင်း တွေးနေမိသည်။ ဝေးရန်သည် တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိကာ လုပ်ဆောင်နိုင်စွမ်း ရှိလှသဖြင့် သူတို့ နှစ်ယောက် အသက်ချင်း သိပ်မကွာလှသော်လည်း ဖိလစ်အား သူ့ဘာသာ ငယ်ရွယ်ပြီး ရိုးအသလို ခံစားမှုမျိုးကို ဖြစ်စေသည်။ ဝေးရန်သည် ဘာမှ ကြိုးစားအားထုတ် စရာ မလိုပဲ သူတို့ တွေ့ဆုံဆွေးနွေးမှု တစ်ခုလုံးကို ကိုင်တွယ် ထိန်းသိမ်းသွားသည်။ သူ၏ ဧည့်သည်များကို ပြောင်မြောက်စွာ ပထုတ်လိုက်သည်။ ဖိလစ်၏ ဇာတ်လမ်းကို စိတ်ပါ ဝင်စားစွာ နားထောင်သည်။ သက်သေ သာဓက မရှိသည့် အချက်သည် အဓိက ပြဿနာ ဖြစ်ကြောင်း အလျှင်အမြန် ကောက်ချက်ဆွဲနိုင်သည်။ ဆက်လက်၍ စုံစမ်း ဖော်ထုတ်ရန်မှာ အကျိုး မရှိကြောင်း လျှင်မြန်စွာ သဘောပေါက် ခဲ့သည်။ ထို့နောက် ဖိလစ်အား သူ၏ လာရာလမ်းအတိုင်း ချက်ချင်း ပြန်လွှတ်ခဲ့သည်။ အခုမှ ဖိလစ် သဘောပေါက်သည်မှာ သူ့အနေနှင့် တစုံတရာ အရေးယူ ဆောင်ရွက်ပါမည်ဟု သူ့အား အာမခံချက် မပေးလိုက်ခြင်းပင် ဖြစ်သည်။

ဖိလစ် အနေနှင့် သူ့အား မည်သို့မည်ပုံ သေသေသပ်သပ် ကိုင်တွယ်လိုက်ကြောင်း သိရှိသွားသဖြင့် နောင်တရစွာဖြင့် မချိပြုံး ပြုံးလိုက်မိသည်။ ဝေးရန် အနေနှင့် ဖိလစ် သတင်းပို့သမျှကို ဘစ်ရှော့အား ပြန်ပြောပါမည်ဟုပင် ကတိမပေးလိုက်ပေ။ သို့သော်လည်း သူ သိရှိခဲ့သော ဝေးရန်၏ သွေးသားထဲမှ ရည်ရွယ်ချက်ကြီးမားမှုကြောင့် ဝေးရန် အနေနှင့် ဤသတင်း အချက်အလက်ကို တစ်နည်းတစ်ဖုံ အသုံးချလိမ့်မည် ဆိုသည်ကိုတော့ ဖိလစ် ယုံကြည်သည်။ ဝေးရန် အနေနှင့် သူ့အား တနည်းတဖုံ အကြွေးတင် နေသည် ဟု ခံစားမိလိမ့်မည်ဟု သူ တွေးမိသည်။

သူ့အနေနှင့် ဝေးရန်ကို သဘောကျသောကြောင့် ဘစ်ရှော့ လက်ထောက်၏ တစ်ခုတည်းသော အားနည်းသည့် လက္ခဏာ ကို ပို၍ စိတ်ဝင်စားမိသည်။ ဆောက်လုပ်ရေး ဆရာ တွမ်၏ မိန်းမ အပေါ် သူ၏ တုံ့ပြန်မှု ဖြစ်သည်။ ဖိလစ် အတွက်မူ သူမသည် အန္တရာယ် ရှိသည်ဟု ဝိုးတဝါး ထင်မိသည်။ ဝေးရန် အနေနှင့်လည်း သူမကို ဆန္ဒရှိသည်ဟု တွေးထင်လိမ့်မည်။ ထိုအရာသည်လည်း အတူတူပင် ဖြစ်သည်။ သို့သော်လည်း အကြောင်းရင်းမှာ ထိုထက် ပိုသည်။ ဝေးရန် အနေနှင့် သူမအား တစ်နေရာရာတွင် ဆုံဖူးပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော သူမသေပြီဟု ထင်သည် ဆိုသော စကားကြောင့် ပင် ဖြစ်သည်။ ထိုစကားကို ကြားရသည်မှာသူ့အနေနှင့် အလွန် ဝေးကွာသော အချိန်ကာလ တစ်ခုက သူမနှင့် အပြစ် ကျူးလွန်ဖူးဟန် ရှိသည်။ သူ့အနေနှင့် အပြစ်ရှိသော အရာတစ်ခုခု ရှိကို ရှိရမည်။ ဖိလစ်အား အနားမှာ ရှိနေပြီး ထိုထက်ပို၍ မသိစေချင်သော အချက်ကိုမူတည်၍ ထိုအကြောင်းကို ဆုံးဖြတ်နိုင်သည်။

အပြစ်ရှိသော လျို့ဝှက်ချက်ကပင်လျှင် ဝေးရန် အပေါ် ထားသော ဖိလစ်၏ အမြင်ကို မပြောင်းလဲနိုင်ပေ။ ဝေးရန်သည် ပရိစ်ဘုန်းကြီး သာလျှင် ဖြစ်ပြီး သာမန်ဘုန်းကြီး မဟုတ်ပေ။ စိတ်စင်ကြယ်ခြင်းသည် ဘုန်းကြီးများ လိုက်နာရမည့် စည်းကမ်းဖြစ်သည်။ သို့သော်လည်း ထိုအရာကို ပရိစ်များအား တင်းတင်းကြပ်ကြပ် ကိုင်တွယ် ဆောင်ရွက်လေ့ မရှိပေ။ ဘစ်ရှော့များတွင် တိတ်တိတ်ပုန်း မယား ရှိတတ်ပြီး အုပ်ချုပ်ရေး ဆောင်ရွက်သော ပရိစ်များတွင် အိမ်တော်ထိန်းများ ရှိတတ်သည်။ မိစ္ဆာအတွေးများမှ ရှောင်ကြဉ်ရန် ကန့်သတ်ထားသကဲ့သို့ပင် ကလယ်ဂျီ ဘုန်းကြီးများအား လိင်မှု ကိစ္စ ရှောင်ကြဉ်ခိုင်းခြင်းသည် အလွန် ခက်ခဲကြမ်းတမ်းသော ဥပဒေ ဖြစ်ပြီး လိုက်နာရန် ခက်ခဲလှသည်။ အကယ်၍ ဘုရားသခင် အနေနှင့်လိင်ကိစ္စဖြင့် စိတ်လှုပ်ရှားတတ်သော ဘုန်းကြီးများကို ခွင့်မလွှတ်ပါက ကောင်းကင်ဘုံတွင် ကလယ်ဂျီ ဘုန်းကြီး အနည်းငယ်သာလျှင် ရှိပေလိမ့်မည်။

ဖိလစ် နောက်ထပ် ကုန်းတစ်ခု၏ ထိပ်သို့ အရောက်တွင် ကင်းဘရစ်ချ်က နောက်တစ်ကြိမ် ပေါ်လာပြန်သည်။ မြင်ကွင်းတစ်ခုလုံးတွင် ထိပ်လုံးနေသော အမိုးခုံးများနှင့် သေးငယ်ပြီး နက်ရှိုင်းသော ပြတင်းပေါက်များ ရှိနေသည့် ကြီးမားလှသော ဘုရားကျောင်းကြီးက အထင်အရှား ရှိနေသည် မှာ ရွာထဲတွင် ဘုန်းကြီးကျောင်းတစ်ကျောင်း အထင်အရှား ရှိနေသလိုပင် ဖြစ်သည်။ ဖိလစ် ရှိရာနေရာသို့ မျက်နှာမူနေသော ဘုရားကျောင်း၏ နောက်ဆုံး အပိုင်းတွင် နိမ့်သော တာဝါ စုံတွဲရှိသည်။ ထိုအထဲမှာ တာဝါ တစ်ခုမှာ လွန်ခဲ့သော ၄ နှစ်က မိုးကြိုးမုန်တိုင်းအတွင်း ပြိုကျ သွားခဲ့သည်။ ထိုတာဝါကို အခုထက်တိုင် ပြန်မဆောက်ရသေးဘဲ မျက်နှာစာမှာ ကြည့်ရဆိုးနေသည်။ ထိုမြင်ကွင်းကို မြင်သည့် အခါတိုင်း ဖိလစ် ဒေါသဖြစ်မိသည်။ ဘုရားကျောင်း၏ ဝင်ပေါက်တွင် အကျိုးအပဲ့များ အစုလိုက် အပုံလိုက်ရှိနေသည်မှာ ပရိုင်ရော်ရီ၏ စည်းကမ်းကျနသော ဖြောင့်စင်းမှန်ကန်မှုများ ပျက်သုဉ်းနေပြီ ဖြစ်ကြောင်း ရှက်စရာ သတိပေးချက် တစ်ခုပင် ဖြစ်သည်။ ဖြူဖျော့သော ထုံးကျောက်များဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း အဆောက်အဦးများမှာ ဘုရားကျောင်း အနီးတွင် အစုလိုက် အပြုံလိုက် တည်ရှိနေကြပြီး ပလ္လင်အနားတွင် သစ္စာဖောက်များ ဝိုင်းနေသည့် ပမာပင်ဖြစ်သည်။ ပရိုင်ရော်ရီကို ဝန်းရံထားသော နံရံနိမ့်နိမ့်၏ အပြင်ဘက်တွင်မူ သစ်၊ ရွှံ့ စသည်တို့ဖြင့် ဆောက်လုပ်ထားပြီး သက်ကယ်မိုးထားသော တဲအိမ်ငယ်ကလေးများ ကျဲပြန့်တည်ရှိနေကြသည်။ ထိုတဲအိမ်ငယ်ကလေးများတွင် ပတ်ဝန်းကျင် လယ်ကွင်းများတွင် ထွန်ယက်စိုက်ပျိုးနေသော လယ်သမားများနှင့် ဘုန်းကြီးတို့အတွက် အလုပ်လုပ် နေကြသော အစေခံများ နေထိုင်ကြသည်။ ကျဉ်းမြောင်းပြီး စိတ်မရှည်စွာ စီးဆင်းနေသော  မြစ်တစ်စင်းက ရွာ၏ အနောက်တောင်ပိုင်းတွင် ခပ်သုတ်သုတ် စီးဆင်းလျှက် ရှိပြီး ဘုန်းကြီးကျောင်း အတွက် ရေချိုကို သယ်ဆောင် ပေးနေသည်။

ဖိလစ်သည် မြစ်ကို သစ်သား တံတားအိုကြီးမှ ဖြတ်လာချိန်တွင် စိတ်မကြည်မလင် ဖြစ်နေ ခဲ့လေပြီ။ ကင်းဘရစ်ချ် ပရိုင်ရော်ရီသည် ဘုရားသခင်၏ ဘုရားကျောင်းတော်နှင့် ဘာသာရေး ကို အရှက်တကွဲ ဖြစ်စေသည်။သို့သော်လည်း ဖိလစ်အနေနှင့် ဘာမှ မလုပ်နိုင်ပေ။ သူ၏ ဝမ်းဗိုက်ထဲတွင် ဒေါသနှင့် သူဘာမှ မလုပ်နိုင်သည့် ခံစားချက်တို့ ရောစပ်ပြီး ချဉ်လာသည်။

တံတားကို ပရိုင်ရော်ရီမှ ပိုင်ဆိုင်ပြီး တံတားဖြတ်သန်းခ ကောက်ခံလေ့ ရှိသည်။ ဖိလစ်နှင့် သူ၏ မြင်းတို့ အလေးချိန်ကြောင့် တံတားရှိ သစ်သားများမှ တကျွိကျွိ အသံမြည်လာသော အခါတွင် တစ်ဖက်ကမ်းရှိ အမိုးအကာတစ်ခု အောက်မှ အသက်ကြီးကြီး ဘုန်းကြီးတစ်ပါး ပေါ်ထွက်လာပြီး ရှေ့သို့ ထွက်လာကာ အတားအဆီး အဖြစ် ချထားသော ငိုကြွေးပင် တစ်ပင်၏ အကိုင်းကို ဖယ်ပေးသည်။ သူက ဖိလစ်ကို မှတ်မိပြီး လက်ကို ဝှေ့ယမ်းပြသည်။

ထိုဘုန်းကြီးအိုကြီးမှာ ခြေတစ်ဖက်ဆာနေသည်ကို ဖိလစ် သတိပြုမိသည်။

"ခင်ဗျားရဲ့ ခြေထောက် ဘာဖြစ်နေတာလဲ ဘရာသာပေါလ်"

"အေးလို့ ဖြစ်တာပါ။ နွေဦးရောက်ရင် သက်သာသွားလိမ့်မယ်။"

သူ၏ခြေထောက်တွင် ဘာမှ မရှိဘဲ ညှပ်ဖိနပ် တစ်ရံသာ ဝတ်ထားသည်ကို ဖိလစ် တွေ့ရသည်။ ပေါလ် သည် သန်မာသော ငှက်အိုကြီး တစ်ကောင်ပမာ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ  ဤသို့သော ရာသီဥတုမျိုး၌ အပြင်တွင် တစ်နေကုန် အချိန်ကုန်ဆုံးရခြင်းကမူ အတော် လွန်လှသည်ဟု ဆိုနိုင်သည်။

"ခင်ဗျားအတွက် မီးဖိုတစ်ခု ရှိသင့်တယ်။" ဟု ဖိလစ်က ပြောလိုက်သည်။

"ကြင်နာတတ်တဲ့ စကားပဲ။ " ပေါလ်က ပြန်ပြောသည်။

"ဒါပေမယ့် ဘရာသာ ရီမီဂျီးယပ်စ်က ပြောတယ်။ မီးဖိုဖိုရင် ကုန်မယ့်ပိုက်ဆံက တံတားဖြတ်ခ ကောက်လို့ရမယ့် ပိုက်ဆံထက် ပိုများမယ်တဲ့။"

"ကျွန်တော်တို့ ဘယ်လောက် ကောက်သလဲ။"

"မြင်းတစ်ကောင်ကို တစ်ပဲနိ။ လူတစ်ယောက်ကို တစ်ဖာသင်။"

"လူတွေ အများကြီး တံတားကို သုံးကြသလား။"

"သုံးကြတာပေါ့။ အများကြီးမှ အများကြီးပဲ။"

"အဲဒါဆိုရင် ကျွန်တော်တို့ မီးဖိုဖိုဖို့အတွက် ဘာလို့ မတတ်နိုင်ရမှာလဲ။"

"အင်း။ ဘုန်းကြီးတွေက ပေးစရာ မလိုဘူး။ ပရိုင်ရော်ရီက အစေခံတွေကလည်း ပေးစရာ မလိုဘူးလေ။ ရွာသားတွေလည်း မပေးကြဘူး။

အဲဒီတော့ ခရီးသွားတတ်တဲ့ နိုက်တွေ ဆီက ဖြစ်ဖြစ်။ နယ်လှည့်သွားနေတဲ့ ဒန်အိုပြင် သမား တစ်ယောက် နှစ်ယောက် ဆီက ဖြစ်ဖြစ်ပဲ ရတာလေ။ ဥပုသ်နေ့တွေ လိုမျိုးမှာပဲ တစ်ပြည်လုံးက လူတွေက ကက်သီဒရယ်မှာ ဝတ်ပြုတာကို နားထောင်ဖို့ လာကြတဲ့အခါမှ ဖာသင်တွေ အများကြီး ကောက်လို့ရတာ။"

"ကျွန်တော့်အတွက်ကတော့ အဲဒီလို ဆိုရင် ဥပုသ်နေ့မှာပဲ တံတားမှာ အစောင့်ထားသင့်တယ် ထင်တယ်။ နောက်ပြီး ရင် ရတဲ့ ပိုက်ဆံထဲကနေ ခင်ဗျားအတွက်မီးဖို ဖိုဖို့ ပြန်ထုတ်ရမှာပေါ့။" ဖိလစ် က ပြောသည်။

ပေါလ်ကို ကြည့်ရသည်မှာ စိုးရိမ်ပုံ ပေါက်သွားသည်။ " ရီမီဂျီးယပ်စ်ကို ဘာမှ မပြောပါနဲ့။ ခင်ဗျား မပြောဘူးမဟုတ်လား။ တကယ်လို့ သူ ကျွန်တော် စောဒက တက်နေတာ ကြားလျှင်  ကျေနပ်မှာ မဟုတ်ဘူး။"

" မစိုးရိမ်ပါနဲ့။" ဖိလစ်က ပြန်ပြောလိုက်သည်။ သူ့မျက်နှာတွင် ထင်ဟပ်နေသော ခံစားမှုကို ပေါလ် မမြင်နိုင်ရန် အတွက် သူက သူ၏ မြင်းကို ရှေ့ဆက်သွားရန် ကန်လိုက်သည်။ ဤသို့သော မိုက်မဲမှုမျိုးသည် သူ့အား ဒေါသ အလိပ်လိုက် ထွက်စေသည်။ ပေါလ်က သူ၏ ဘဝကို ဘုရားသခင် နှင့် ဘုန်းကြီးကျောင်း၏ အမှုတော်ကို ထမ်းရန် ပေးအပ်ထားသည်။ အခုတော့ သူ အိုမင်းလာသော အချိန်တွင် တစ်နေ့လျှင် တစ်ဖာသင် နှစ်ဖာသင်မျှသော ပိုက်ဆံ အတွက်နှင့် သူ့တွင်နာကျင်မှုနှင့် အအေးဒဏ်ကို ခံစားနေရသည်။ ထိုအရာမှာ ရက်စက်မှုသာလျှင် မကပဲ ဖြုန်းတီးမှုလည်း ဖြစ်သည်။ ပေါလ်ကဲ့သို့ စိတ်ရှည်သော ဘုန်းကြီးအိုများအနေနှင့် ကြက်မွေးခြင်း ကဲ့သို့သော အကျိုးအမြတ် များသည့် အလုပ်များကိုသာလျှင် ခိုင်းသည့်သည်။ ထိုသို့ ပြုလုပ်မည် ဆိုပါက ပရိုင်ရော်ရီ အနေနဲ့ ဖာသင် အနည်းငယ်မျှထက် မကသော အကျိုးအမြတ်ကို ရနိုင်ပေလိမ့်မည်။ သို့သော်လည်း ကင်းဘရစ်ချ်၏ ပရိုင်ရော်အနေနှင့် ထိုအရာများကို မြင်နိုင်ရန်အတွက် အိုမင်းလွန်း ပျင်းရိလွန်း နေသည်။ ထို့အတူပင် ဆပ်ပရိုင်ရော် ဖြစ်သော ရီမီဂျီးယပ်စ် အနေနှင့်လည်း အလားတူ ဖြစ်ဟန် ရှိသည်။ ဘုရားသခင်ထံသို့ ကြည်ညို မြတ်နိုး၍ ပေးအပ်ထားသော လူနှင့် ပစ္စည်း အရင်းအနှီးများကို ဂရုမစိုက်ဘဲ အလဟသ ဖြုန်းတီးခြင်းသည်  အလွန် ကြီးကျယ်သော အပြစ်ဖြစ်သည်ဟု ဖိလစ် ခါးသီးစွာ တွေးမိသည်။

တဲငယ်များ နှင့် ပရိုင်ရော်ရီ တံခါးဝ ကြားရှိ မြေကွက်လပ်တွင် မြင်းကို မောင်းနှင်လာချိန်၌ သူ့စိတ်ထဲတွင် ခွင့်မလွှတ် နိုင်အောင် ဖြစ်နေသည်။ ပရိုင်ရော်ရီသည် ထောင့်မှန် စတုဂံပံ မြေကွက်လပ်ဖြစ်ပြီး အလယ်ခေါင်တွင် ဘုရားကျောင်း ရှိသည်။ အဆောက်အအုံများကို နေရာချထားသည့် ပုံစံမှာ ဘုရားကျောင်း၏ မြောက်ဘက်နှင့် အနောက်ဘက်ရှိ အရာ အကုန်လုံးမှာ အများနှင့် သက်ဆိုင်သော၊ လူတို့ နှင့် ဆိုင်သော၊ တရားဓမ္မမဆန်သော၊ လက်တွေကျသော အရာများ ဖြစ်နေကြပြီး တောင်ဘက်နှင့် အရှေ့ဘက်ရှိ အရာအကုန်လုံးမှာမူ သီးသန့်ဖြစ်သော၊ တရားဓမ္မဆန်သော၊ မြင့်မြတ်သော အရာများ
ဖြစ်နေသည်။ ထို့အတွက်ကြောင့် ဝင်းအတွင်းသို့ ဝင်ရန် အပေါက်ဝမှာ ထောင့်မှန်စတုဂံပုံ၏ အနောက်မြောက်ဘက် အခြမ်းတွင် ရှိနေသည်။ တံခါးက ဖွင့်ထားပြီး ဖိလစ် က သူ့မြင်းကို အသားကျ နှင်သွားစဉ်တွင်တံခါးပေါက်ရှိ ဂိတ်စောင့်တဲတွင် ရှိနေသော ဘုန်းကြီးငယ်တစ်ပါးက သူ့ကို လက်ဝှေ့ယမ်းပြ လေသည်။  တံခါး၏ အတွင်းဘက် အနောက်ဘက် တံတိုင်းကို ကပ်၍ ဆောက်ထားသည်မှာ မြင်းဇောင်းဖြစ်သည်။ခိုင်မာသော သစ်သား အဆောက်အအုံ ဖြစ်ပြီး တံတိုင်း၏ အခြားတစ်ဖက်ရှိ လူတို့ နေထိုင်ရာ အိမ်များထက်ပင် ပို၍ ကောင်းအောင် ဆောက်လုပ်ထားသည်။ မြင်းထိန်းနှစ်ယောက်က အတွင်းထဲရှိ ကောက်ရိုးစည်းများပေါ်တွင်ထိုင်နေကြသည်။ သူတို့သည် ဘုန်းကြီးများ မဟုတ်ဘဲ ပရိုင်ရော်ရီ၏ ဝန်ထမ်းများသာ ဖြစ်ကြလေသည်။ သူတို့က ဧည့်သည်ရောက်လာသည့် အတွက် အလုပ်ပိုသွားသည်ကို မကျေနပ်သည့်ပမာ မထချင် ထချင်ဖြင့်နေရာမှ ထလိုက်ကြသည်။ စူးရှသော အနံ့က ဖိလစ်၏ နှာခေါင်း အတွင်းသို့ ဝင်ရောက်လာသည်။ မြင်းဇောင်းရှိ အကန့်များထဲမှ အမှိုက်များကို ဖယ်ထုတ်ထားသည်မှာ ၃-၄ ပတ်မျှ ကြာပြီ ဖြစ်ကြောင်း ဖိလစ်တွေ့ရသည်။ သူ့အနေနှင့် မြင်းထိန်း ကောင်လေးများ၏ ဖြစ်ကတတ်ဆန်း လုပ်နေမှုကို မသိချင်ယောင် ဆောင်မသွားတော့ပေ။ သူက ဇက်ကြိုးကို လှမ်းပေးရင်း ပြောလိုက်သည်။

"ငါ့ရဲ့ မြင်းပုကို ဇောင်းထဲမထည့်ခင် အကန့်တစ်ကန့်ကို ရှင်းပြီး ကောက်ရိုး အသစ် ထည့်ပါ။ ပြီးရင် တခြားမြင်းတွေ အတွက်လည်း အဲဒီလို လုပ်ပါ။ တကယ်လို့ အမှိုက်တွေက အမြဲ စိုစွတ်နေတယ် ဆိုရင် မြင်းတွေအတွက် ခွာပုပ်နိုင်တယ်။ မင်းတို့မှာ ဒီလို ဘာမှ လုပ်စရာ မရှိတာတောင် ဒီမြင်းဇောင်းကလေးကို သန့်ရှင်းအောင် မထားနိုင်ကြဘူး။"

သူတို့ နှစ်ယောက်စလုံး ပျင်းရိပျင်းတွဲ ဖြစ်နေကြပုံ ပေါက်သည်။ ထို့အတွက်ကြောင့် သူက ထပ်ပြော လိုက်သည်။

"ငါပြောတဲ့အတိုင်းလုပ်။ ဒါမှမဟုတ်ရင်တော့ မင်းတို့ အပျင်းထူနေတဲ့အတွက် မင်းတို့အတွက် တစ်နေ့စာ ဖြတ်ဖို့ ငါပြောလိုက်မယ်။"

သူက ထွက်သွားတော့မည် ပြင်ပြီးမှ တစ်ခုကို သတိရသွားသည်။

"ငါ့ရဲ့ မြင်းကုန်းနှီးအိတ်ထဲမှာ ချိစ် တစ်ထုပ် ပါတယ်။ အဲဒါကို မီးဖိုဆောင်ကို ယူသွားပြီး ဘရာသာ မီလီယပ်စ် ကို ပေးလိုက်။"

သူက သူတို့ စကားပြန်ပြောသည်ကို မစောင့်တော့ပဲ ထွက်လာခဲ့သည်။ ပရိုင်ရော်ရီတွင် ဘုန်းကြီး ၄၅ ပါးအတွက် အမှုထမ်း ၆၀ မျှ ရှိသည်။ ဖိလစ် အမြင်အရမူ အလွန်ရှက်စရာ ကောင်းအောင် များပြားနေခြင်းပင် ဖြစ်သည်။ လုပ်စရာ အလုပ် အလုံအလောက် မရှိသော သူများ အနေနှင့် အလွယ်တကူပင် အလွန်ပျင်းသော သူများ ဖြစ်သွားတတ်ကြပြီး သူတို့အတွက် လုပ်စရာ နည်းနည်းကလေးသာ ရှိသော အလုပ်များကိုပင် နမော်နမဲ့ လုပ်တတ်ကြသည်။ မြင်းထိန်းကောင်လေး နှစ်ယောက်မှာ ထိုသို့ဖြစ်နေသည်ကို ရှင်းလင်းစွာပင် မြင်နိုင်သည်။ ထိုအရာမှာ ပရိုင်ရော်ဂျိမ်း၏ ပျင်းရိမှုကို ဖော်ပြနေသော အခြား ဥပမာ တစ်ခုပင် ဖြစ်သည်။

ဖိလစ်သည် ပရိုင်ရော်ရီ ဝင်း၏ အနောက်ဘက် တံတိုင်း တစ်လျှောက် လျှောက်လာခဲ့ပြီး ပရိုင်ရော်ရီတွင် ဧည့်သည် တစ်စုံတစ်ဦး ရောက်နေမလားဟု သိချင်သဖြင့် ဧည့်သည်အဆောင်ဘေးမှ ဖြတ်လာခဲ့သည်။ သို့သော်လည်း ကြီးမားပြီး တစ်ခန်းတည်းရှိသော အဆောက်အအုံမှာ အေးစက်ပြီး အသုံးပြုမထားပေ။ လေတိုက်ခတ်မှုမှ လွင့်ပါလာသော ယခင်နှစ်မှ သစ်ရွက်ခြောက်များက အပေါက်ဝရှိ ဖိနပ်ချွတ်နေရာကို ဖုံးလွှမ်းထားသည်။ သူက ဘယ်ဘက်သို့ ချိုးကွေ့လိုက်ပြီး ဟိုတစ်စ သည်တစ်စ ကျယ်ပြန့်စွာ ပေါက်ရောက်နေပြီး ဧည့်ဆောင်နှင့် ဘုရားကျောင်းအား ခြားထားသည့် ကျယ်ပြောသော မြက်ခင်းပြင်ကြီးကိုစတင် ဖြတ်ကျော်လာခဲ့သည်။ ဧည့်ဆောင်မှာ ဘုရားသခင်နှင့် မသက်ဆိုင်သော သူများ တစ်ခါတရံ နေထိုင်လေ့ ရှိပြီး မိန်းမများပင် ပါဝင်တတ်သည်။ သူသည် အများသုံး ဝင်ပေါက်ရှိသည့် ဘုရားကျောင်း၏
အနောက်ဘက်ဆုံးသို့ ရောက်လာခဲ့သည်။ ပြိုကျနေသော တာဝါမှ ကျောက်တုံး အကျိုးအပဲ့များသည် သူတို့ ကျရောက်သည့် နေရာမှာပင် စုပုံနေကြပြီး လူနှစ်ရပ်စာခန့် ရှိသော အပုံကြီး ဖြစ်နေသည်။

အခြားသော ဘုရားကျောင်း များလိုပင် ကင်းဘရစ်ချ် ဘုရားကျောင်းကို လက်ဝါးကပ်တိုင်ပုံ ဆောက်လုပ်ထားသည်။ အနောက်ဘက်ပိုင်းမှာ ဝတ်ပြုဆောင် ဖြစ်ပြီး လက်ဝါးကပ်တိုင်၏ ရှည်လျားသော အပိုင်းကို နေရာယူထားသည်။ လက်ဝါးကပ်တိုင်၏ အလယ်ခေါင် ကန့်လန့်ဖြတ် ရှိနေသော အဆောက်အဦးမှာ ပူဇော်ပသရာ စင်မြင့်၏ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် ဘေးတစ်ဘက်တစ်ချက်သို့ ထွက်နေသည်။ ကန့်လန့်ဖြတ် နေရာကို ကျော်လွန်သွားသော နေရာ အရှေ့ဘက်ပိုင်းကို ချန်ဆယ်ဟု ခေါ်ပြီး ဘုန်းကြီးများ အတွက် သီးသန့် နေရာ ဖြစ်သည်။ အရှေ့ဘက် အစွန်ဆုံး အပိုင်းတွင် စိန့်အဒေါလ်ဖတ်၏ ဂူဗိမာန်ရှိပြီး ယခုတိုင် ဘုရားဖူးများ ရံဖန်ရံခါ လာရောက်ဆဲ ဖြစ်သည်။

ဖိလစ်က ဝတ်ပြုဆောင်အတွင်းသို့ လှမ်းဝင်လိုက်ပြီး အမိုးခုံးများနှင့် ခိုင်မာတောင့်တင်းသော တိုင်လုံးကြီးများကို လှမ်းကြည့်လိုက်သည်။ မြင်ရသည့် မြင်ကွင်းက သူ့အား ပို၍ စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။ အဆောက်အဦးမှာ အေးစက် ထိုင်းမှိုင်း မဲမှောင် နေပြီး သူနောက်ဆုံး အကြိမ် မြင်ခဲ့ရသည် ထက်ပို၍ ပျက်စီးယိုယွင်း နေသည်။ ဝတ်ပြုဆောင်၏ တဖက်တချက် အနိမ့်ပိုင်း ခုံတန်းများဘေးမှ ပြတင်းပေါက်များမှာ အလွန်ထူထဲသော နံရံတွင် ထွင်းဖောက်ထားသော လှိုဏ်ခေါင်း ကျဉ်းကျဉ်း ကလေးများ ပမာ ဖြစ်နေသည်။ အမိုးပေါ်ရှိ ပြတင်းပေါက်ကြီးများမှ ဝင်ရောက်နေသော အလင်းရောင်မှာ ဆေးသုတ်ထားသော မျက်နှာကြက်ပေါ်သို့ ကျရောက်နေပြီး ထိုနေရာများ မည်မျှ ဆိုးရွားစွာ မှေးမှိန်နေကြသည်ကို ပြသရုံ သက်သက်ဟုပင် ထင်ရသည်။ ရှင်တော်မြတ်များ၊ စိန့်များနှင့် တမာန်တော်များ၏ ရုပ်ထုတို့က မှေးမှိန်နေပြီး သူတို့၏ နောက်ခံနှင့် သိသိသာသာ ရောထွေးနေသည်။ ပြတင်းပေါက်များတွင် မှန်တံခါး မရှိသဖြင့် လေအေးများ ဝင်ရောက် တိုက်ခတ်နေကြသော်လည်း အပေါ်ရုံ အင်္ကျီတို့၏ ညှင်းသိုးသိုး အနံ့ အနည်းငယ်က လေထုကို ညစ်ထေး စွန်းထင်း နေစေသည်။ ဘုရားကျောင်း၏ အခြားတစ်ဖက်တွင် လူအများအပြား တက်ရောက်နေသော ဝတ်ပြု အစည်းအဝေးမှ အသံများကို ကြားနေရသည်။ လက်တင် စကားစုများကို သီချင်းဆိုသည့် အသံဖြင့် ရေရွတ်နေကြပြီး ဘုရားစာ ရွတ်သည့်ပမာ ပြန်လည်တုံ့ပြန် နေသည်ကိုလည်း ကြားရသည်။ ဖိလစ်က ဝတ်ပြုဆောင် တလျှောက် လျှောက်လာခဲ့သည်။ ကြမ်းပြင်သည် ဘယ်သောအခါကမှ ကျောက်ပြား မခင်းခဲ့ဖူးပေ။ ထို့အတွက်ကြောင့် လယ်သမား တို့၏ ခုံဖိနပ်များ ဘုန်းကြီးတို့၏ ညှပ်ဖိနပ်များ နင်းလျှောက်ခဲသည့် မြေကြီး၏ အစွန်းပိုင်းများတွင် ရေညှိများ ပေါက်ရောက် နေကြသည်။

အတန်းလိုက် ရှိနေကြပြီး အပေါ်တွင်နဂါးပတ်သဖွယ် ထွင်းထုထားသည့် တိုင်လုံးကြီးများနှင့် ၎င်းတို့ကြား ဆက်စပ်ထားသော အမိုးခုံးများ ပေါ်တွင် ထွင်းထုထားသော ရှက်ဗရွန်ခေါ် အကွေးအတွန့်များမှာ တစ်ချိန်က ဆေးသုတ်ပြီးရွေချထားခဲ့ကြသည်။ အခုအချိန်တွင်တော့ ကျန်ရှိသမျှမှာ အနည်းငယ်မျှသော ရွှေပြားများနှင့် ယခင်က ဆေးသုတ်ခဲ့သော နေရာတွင် ကျန်ရှိနေခဲ့သော အစွန်းအကွက်များသာလျှင် ဖြစ်သည်။ ကျောက်တုံးများကြားရှိ အင်္ဂတေများမှာ ကျိုးကြေ ထွက်ကြနေပြီး နံရံများပေါ်တွင် အစုအပုံ သေးသေးကလေးများ အဖြစ် ကျန်နေခဲ့ကြသည်။ ဖိလစ်တွင် သူ့နှင့် ရင်းနှီးနေသော ဒေါသများ နောက်တစ်ကြိမ် ထကြွလာသည်ဟု ခံစားရသည်။လူတို့အနေနှင့် ဤနေရာသို့ လာရောက်သော အချိန်တွင် ကြီးမြတ်သော ဘုရားသခင်၏ တန်ခိုးတော်ကို အံ့ဩဘနန်း ဖြစ်စေရမည် ဖြစ်သည်။ သို့သော်လည်း လယ်သမား အများစုမှာ အပေါ်ယံ သွင်ပြင်ကိုသာ ကြည့်တတ်သော ရိုးရှင်းသော လူတန်းစားများ ဖြစ်ကြသည်။ သူတို့အနေနှင့် ဤနေရာသို့ လာရောက်ပါက ဘုရားသခင်သည် နမော်နမဲ့နိုင်သော၊ ထူးမခြားနားသော အခြားသော နတ်ဘုရား တပါးကဲ့သို့ပင် ဖြစ်ပြီး သူတို့၏ ရှိခိုးခြင်း၊ အပြစ်ဝန်ခံခြင်းများကို ဂရုစိုက်လိမ့်မည်မဟုတ် ဟု ထင်မြင်ယူဆ သွားနိုင်သည်။ နောက်ဆုံးတွင်တော့ လယ်သမားများမှာ သူတို့၏ မျက်ခုံးမှ ကျသော ချွေးများဖြင့် ဘုရားကျောင်းတော် အတွက် လှူဒါန်းထားခြင်းဖြစ်သည်။ ထို့အတွက် သူတို့အား ပြန်လည် ချီးမြှင့်ခံရသည်မှာ ယိုယွင်းနေသော ဗိမာန်တစ်ခုသာလျှင် ဖြစ်သည်မှာ စိတ်ဆိုးစရာ ကောင်းလှသည်။

ဖိလစ်သည် ပူဇော်ပသရာ စင်ရှေ့တွင် ဒူးထောက်လိုက်ပြီး ထိုအတိုင်း ခဏမျှ နေလိုက်သည်။ သူ့အနေနှင့် ဘုရားဝတ်ပြုသူ တစ်ယောက်အတွက် မခံချင်စိတ်မာနတို့သည် သင့်လျော်သော စိတ်အခြေအနေမဟုတ် ဆိုသည်ကို သတိပြုလိုက်မိသည်။သူ၏ ဒေါသတို့ အနည်းငယ် လျော့ကျသွားချိန်တွင် သူ ထရပ်လိုက်ပြီး ဆက်လျှောက်သွားလိုက်သည်။

ချန်ဆယ်ဟု ခေါ်သော ဘုရားကျောင်း၏ အရှေ့ဘက် အခြမ်းမှာ နှစ်ပိုင်း ပိုင်းထားသည်။ ကန့်လန့်ဖြတ် နေရာနှင့် ကပ်နေသော အပိုင်းမှာ ကွိုင်းယားဟု ခေါ်သည့် နေရာဖြစ်ပြီး ဝတ်ပြုချိန် အတွင်း ဘုန်းကြီးတို့ ထိုင်လိုက်ထလိုက်ပြုကြသည့် သစ်သား ခုံတန်းများ ရှိသည်။ ကွိုင်းယား၏ အနောက်ပိုင်းမှာ စိန့်၏ အုတ်ဂူကို ထားရှိသည့် မြင့်မြတ်သော နေရာ ဖြစ်သည်။ ဖိလစ်က ကွိုင်းယားတွင် ခဏမျှ ထိုင်ရန် ပူဇော်ရာ စင်မြင့်ကို ကျော်သွားသည်။ထိုအချိန်တွင် အခေါင်းတစ်ခုက သူ့အား ရုတ်တရက် ရပ်တန့်သွားစေသည်။

သူသည် ထိုနေရာတွင် ရပ်လိုက်ပြီး အံအားသင့် သွားသည်။ သူ့အား ဘုန်းကြီးတစ်ပါး ကွယ်လွန် သွားသည်ဟု မည်သူကမျှ မပြောလိုက်ပေ။ သို့သော်လည်း ယခုအချိန် အထိ သူနှင့် စကားပြောပြီးသည်မှာ လူ ၃ ဦးသာ ရှိသေးသည်။အသက်ကြီးပြီး အနည်းငယ် သတိမေ့တတ်သော ပေါလ်နှင့် မြင်းဇောင်းအလုပ်သမား ကောင်လေး နှစ်ယောက်သာလျှင် ဖြစ်ပြီး ထိုကောင်လေး နှစ်ယောက်ကိုလည်း သူနှင့် စကားစမြည် ပြောဆိုရန် သူအခွင့် မပေးခဲ့ပေ။သူက မည်သူလဲဟု သိနိုင်ရန် အခေါင်းနားသို့ ကပ်သွားလိုက်သည်။ သူက အထဲသို့ ကြည့်လိုက်ချိန်တွင် သူ၏ နှလုံးသွေး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

ထိုသူမှာ ပရိုင်ရော်ဂျိမ်း ပင် ဖြစ်သည်။

ဖိလစ်က ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ ယခုအခါတွင်တော့ အားလုံးပြောင်းလဲ သွားပေပြီ။ ပရိုင်ရော် အသစ်တစ်ယောက် ပြောင်းတော့မည်။ မျှော်လင့်ချက် အသစ်တဖန် ဖြစ်တော့မည်။ သူ့ဘာသာသူ မည်သို့ အမှားအယွင်းရှိခဲ့စေကာမူ ရွှင်လန်းဝန်းမြောက်ခြင်းကတော့ ရိုသေလေးစားရသည့် ဘရာသာ တစ်ယောက်၏ သေဆုံးမှု အတွက် မှန်ကန်သော တုံ့ပြန်မှု မဟုတ်ပေ။ ဖိလစ်က သူ၏ မျက်နှာနှင့် စိတ်ဓာတ်ကို အသုဘရှုခြင်း အဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူက သေဆုံးနေသော သူကို လေ့လာကြည့် မိသည်။ ပရိုင်ရော်သည် ဆံပင်ဖြူနေပြီး မျက်နှာမှာ ပါးလျကာ ခါးကိုင်းနေသည်။ ယခုအခါတွင် သူ၏ အမြဲတမ်း နွမ်းလျနေသည့် ပုံသဏ္ဌန်မှာ ကွယ်ပျောက်သွားပြီ ဖြစ်သည်။ ဒုက္ခရောက်နေသည့် ပုံ မကျေမနပ် ဖြစ်နေသည့် ပုံတို့အစား သူ၏ ပုံစံမှာ ငြိမ်းချမ်းသည့် အသွင်ကို ဆောင်နေပြီ ဖြစ်သည်။ အလောင်းတင်စင်၏ ဘေးတွင် ဒူးထောက်ထိုင်ချပြီး ဆုတောင်းစာကို ရေရွတ်နေချိန်တွင် တွေးနေမိသည်မှာ ဤဘုန်းကြီးအိုကြီး၏ ဘဝနှောင်းပိုင်း၌ ဝန်မခံခဲ့သော အပြစ်တစ်ခု၊ ဖောက်ပြန်တတ်သော မိန်းမတစ်ယောက် သို့မဟုတ် အပြစ်မဲ့သူ တစ်ယောက်အပေါ် မှားယွင်းမှု စသည့် ဒုက္ခအကြီးစား အချို့က သူ့နှလုံးသားအား လေးလံ ဖိစီးစေခဲ့သလားဟုပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူ့အနေနှင့် ထိုအကြောင်းကို နောက်ဆုံးတရားစီရင်တော်မူသောနေ့ အထိ ပြောနိုင်တော့မည် မဟုတ်ပေ။

ဆုံးဖြတ်ချက် ချထားပြီးသော်လည်း ဖိလစ် အနေနှင့် သူ၏ စိတ်တွင် အနာဂတ်ကို ကြိုမတွေးမိစေရန် ထိန်းထား၍ မရပေ။ ဆုံးဖြတ်ချက် မပြတ်သားသော၊ စိုးရိမ်ကြီးသော၊ ဦးတည်ရာမဲ့နေသော ပရိုင်ရော်ဂျိမ်းသည် ဘုန်းကြီးကျောင်းအား စိတ်ဓာတ်ကျ စရာ များဖြင့် အုပ်ချုပ်ခဲ့သည်။ အခု အခါတွင် အသစ်တစ်ယောက် ရောက်လာပေတော့မည်။ ပျင်းရိသော အစေခံများကို စည်းကမ်း ကြပ်မတ် ပေးမည့်၊ ပြိုယွင်း ပျက်စီးနေသော ဘုရားကျောင်းကို ပြုပြင်ပေးမည့်၊ ဘုန်းကြီးကျောင်းမှ ပိုင်ဆိုင်သည့် ဧရာမ စည်းစိမ်များကို ကြိုးကိုင်မည့်၊ ပရိုင်ရော်ရီကို ကောင်းသည့် ဘက်တွင် ဩဇာကြီးအောင် ပြုလုပ်ပေး နိုင်မည့် လူတစ်ဦး ဖြစ်နိုင်သည်။ ဖိလစ်သည် အလွန် စိတ်လှုပ်ရှား လှသဖြင့် ထိုနေရာတွင် ဆက်၍ မနေနိုင်တော့ပေ။ သူက အခေါင်းရှိရာမှ ထရပ်ပြီး သူ၏ ခြေလှမ်းများတွင် အသစ်တဖန်ဖြစ်သော ပေါ့ပါးမှုများဖြင့် ဆက်လက် လျှောက်လှမ်းခဲ့တော့သည်။ သူသည် ကွိုင်းယားရှိရာသို့ ဦးတည် လျှောက်သွားပြီး ခုံတန်းများ၏ အနောက်ဘက်မှ လွတ်နေသော ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဝတ်ပြုဆုတောင်းခြင်းကို ဦးဆောင်ဦးရွက် ပြုနေသည်မှာ ဆေးခရစ်ခေါ် ကျက်သရေခန်းမှူး တစ်ဦးဖြစ်သော ယောက်မှ အင်ဒရူး ဖြစ်သည်။ သူသည်  ဒေါသထွက်လွယ်သော၊ မျက်နှာကြီး နီနေတတ်သော သူတစ်ဦးဖြစ်ပြီး အမြဲတမ်းလိုလို ဒေါသပေါက်ကွဲ ထွက်တော့မည့်အလား ပုံစံရှိသော သူတစ်ဦးလည်း ဖြစ်သည်။ သူသည် အမှုဆောင် ဘုန်းကြီး တစ်ဦး ဖြစ်ပြီး ဘုန်းကြီးကျောင်းမှ ဝါကြီးသော အရာရှိ တစ်ဦးလည်း ဖြစ်သည်။ သူတာဝန်ယူ ထားရသော အရာများမှာ မြင့်မြတ်သော အရာများ ဖြစ်သည့် ဝတ်ပြုခြင်း၊ စာအုပ်စာတမ်းများ၊ အစဉ်အဆက် ထိန်းသိမ်းလာခဲ့သော ပစ္စည်းများ၊ အဆောင်အယောင် ဝတ်ရုံများ၊ အဆင်တန်ဆာများ နှင့် ဘုရားကျောင်း အဆောက်အဦးများ၏ ဆင်ယင်မွမ်းမံမှုများ စသည်တို့ ဖြစ်သည်။ သူ၏ အောက်တွင် လုပ်ဆောင်နေသော သူများမှာ ကန်တာဟု ခေါ်သည့် ဂီတမှူးနှင့် ရွှေငွေနှင့် ကျောက်မျက်ရတနာများဖြင့် မွမ်းမံထားသော ဖယောင်းတိုင်စင်များ၊ ဝိုင်ခွက်များ နှင့် အခြားသော မြင့်မြတ်သည့် ပန်းကန်ခွက်ယောက်များကို ထိန်းသိမ်းရသည့် ကျက်သရေခန်းမှူး တို့ ဖြစ်သည်။ ကျက်သရေခန်းမှူးထက်ပို၍ ဩဇာ ရှိသူမှာ ပရိုင်ရော်နှင့် ဆပ်ပရိုင်ရော် သာလျှင် ရှိသည်။ ဆပ်ပရိုင်ရော်မှာ အင်ဒရူး၏ အဓိက ကြံရာပါ လုပ်ဖော်ကိုင်ဖက် ဖြစ်သော ရီမီဂျီးယပ်စ် ဖြစ်သည်။

အင်ဒရူးက ဝတ်ပြုစာကို သူ၏ ပုံမှန်အသံ ဖြစ်သော ဒေါသ ထိန်းရုံမျှသာ ထိန်းထားသည့် အသံဖြင့် ဖတ်နေသည်။ ဖိလစ်၏ စိတ်များသည် ရှုပ်ထွေး နောက်ကျိနေသည်။ ထို့အတွက် သူ့အနေဖြင့် အချိန်အနည်းငယ် ကြာမှ ဝတ်ပြုအစည်းအဝေးသည် စည်းကမ်းတကျ ဖြစ်ပေါ်နေခြင်း မဟုတ်ဆိုသည်ကို သတိပြုမိသည်။ ဘုန်းကြီးငယ် တစ်စု တို့သည် စကားပြော ရယ်မော နေကြသည်။ သူတို့သည် အိပ်ပျော်နေသော နိုဗစ် မာစတာ ဘုန်းကြီး ကို ဟာသလုပ်နေကြခြင်း ဖြစ်သည်ကို ဖိလစ်တွေ့ရသည်။ ဘုန်းကြီးငယ် အများစုမှာ ထို ဘုန်းကြီးအို၏ အုပ်ချုပ်မှုအောက်တွင် နိုဗစ်ခေါ် သာမဏေ အဖြစ် လတ်တလော အထိ ရှိနေခဲ့ကြသူများ ဖြစ်ပြီး သူ၏ ရိုက်နှက်ဆုံးမမှုမှ စိတ်ဒဏ်ရာဒဏ်ချက်များ သူတို့တွင် ယခုတိုင် ရှိနေချင် ရှိနေနိုင်သည်။ သူတို့သည် ထိုဘုန်းကြီးအိုကြီးအား ဖုံမှုန့်များကို လုံး၍ ပစ်နေကြသည်။ အလုံးတစ်လုံးက သူ့မျက်နှာကို ထိသွားသည့် အခါတွင် သူသည် တွန့်ပြီး ရွေ့လျားသွားသည်။ သို့သော် နိုးထ မလာပေ။ အင်ဒရူးက ဖြစ်ပျက်နေသည်တို့ကို ဘာမှ မသိသည့် ပမာပင် ဖြစ်သည်။ ဖိလစ်က ဆားကစ်တာ ခေါ် စည်းကမ်းထိန်းသိမ်းသည့် ဘုန်းကြီးကို လှည့်ပတ် ရှာကြည့်သည်။ သူသည် ခုံတန်းများ၏ အခြားတစ်ဖက်တွင် ရှိနေပြီး အခြားဘုန်းကြီးတစ်ပါးနှင့် စကားလက်ဆုံကျလျှက် ရှိကာ ဝတ်ပြု အစည်းအဝေး မည်သို့ ဖြစ်နေသည် ဘုန်းကြီးငယ်များ၏ အပြုအမူ မည်သို့ ရှိနေသည်ကို သတိထားမိပုံ မရပေ။

ဖိလစ်သည် ခဏမျှ ဆက်၍ ကြည့်နေလိုက်သည်။ ဖိလစ်အနေနှင့် ဤသို့သော အချိန်ကောင်းတွင် ထိုသို့သော အပြုအမူများအတွက် စိတ်မရှည်နိုင်ပေ။ ကြည့်ကောင်းပြီး စပ်ဖြဲဖြဲ အမူအရာ ရှိသော အသက်နှစ်ဆယ့် တစ်နှစ် ခန့်အရွယ် လူငယ် ဘုန်းကြီး တစ်ပါးက ထိုအုပ်စုတွင် ခေါင်းဆောင် ဖြစ်ပုံ ရှိသည်။ သူက သူ၏ အစားအစာ စားသည့် ဓားကို လောင်ကျွမ်းနေသည့် ဖယောင်းတိုင်၏ ထိပ်တွင် နှစ်လိုက်ပြီး ဖယောင်းတိုင်မှ ပျော်ကျနေသော အဆီတုံးကို သာမဏေမှူး၏ ပြောင်နေသော ခေါင်းပေါ်သို့ လှမ်းပေါက်လိုက်သည်ကို ဖိလစ် လှမ်းမြင်ရသည်။ ပူနေသော အဆီတုံးက ဘုန်းကြီးအိုကြီး၏ ခေါင်းပေါ်သို့ ကျရောက်သွားသော အခါတွင် ဘုန်းကြီးအိုကြီးက အသံစူးစူးဖြင့် ဟစ်အော်လိုက်ပြီး နိုးထလာသည့် အခါတွင် ဘုန်းကြီးငယ်များက ဝါးလုံးကွဲ ရယ်လိုက်ကြသည်။

ဖိလစ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့နေရာမှ ထလိုက်သည်။ သူက ဘုန်းကြီးငယ်အား အနောက်နားမှ ကပ်သွား၍ နားရွက်မှ ဆွဲကာ ခုံတန်းများထဲမှ ကြမ်းတမ်းစွာ ဆွဲထုတ်လာခဲ့ပြီး လက်ဝါးကပ်တိုင်၏ ကန့်လန့်ဖြတ် နေရာရှိ တောင်ဘက် အဆောင်သို့ ခေါ်လာခဲ့သည်။ အင်ဒရူးက ဝတ်ပြုစာအုပ်ကို ကြည့်နေရာမှ မော့၍ သူတို့ ထွက်သွားသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဆူဆူညံညံ ဖြစ်ခဲ့သော အဖြစ်အပျက်တို့ကို မမြင်လိုက်ပေ။

သူတို့ အခြားသော ဘုန်းကြီးများ မကြားနိုင်လောက်သော နေရာသို့ ရောက်သောအခါတွင် ဖိလစ်က ရပ်လိုက်ပြီး သူငယ်၏ နားရွက်ကို လွှတ်ပေးလိုက်သည်။

"နာမည်ပြော။"
"ဝီလီယမ် ဘူးဗစ်ပါ။"
"ဒီလို ဝတ်ပြုဆုတောင်းကြီး လုပ်နေတဲ့အချိန် မင်းကိုယ်ထဲကို ဘယ်လို မကောင်းဆိုးဝါး ဝင်နေလို့လဲ။"

ဝီလီယမ်ကို ကြည့်ရသည်မှာ ထိုင်းမှိုင်းနေသည်။ "ဝတ်ပြုရတာ ပင်ပန်းလို့ပါ။" ဟု သူက ပြောသည်။

သူတို့ အလုပ်ကို မလုပ်ဘဲ ဆင်ခြေပေးတတ်သော ဘုန်းကြီးများ အတွက် ဖိလစ် ကိုယ်ချင်းမစာနိုင်ပေ။

"ပင်ပန်းလို့။ ဟုတ်လား။" ဖိလစ်က သူ၏ အသံကို အနည်းငယ် မြှင့်လိုက်သည်။ "မင်းဒီနေ့ ဘာတွေ လုပ်ခဲ့ရလို့လဲ။"

ဝီလီယမ်က အညံ့မခံဘဲ ဆက်ပြောသည်။ "ညသန်းခေါင်မှာ သန်းခေါင်ရောက်ရောက်ချင်း စရတဲ့ ဝတ်ပြုဆုတောင်းတာရှိတယ်။ နောက်ဆက်တွဲ ဝတ်ပြုဆုတောင်း ရှိတယ်။ မနက်စာ မစားခင် လုပ်ရတဲ့ ဝတ်ပြုဆုတောင်း ရှိတယ်။ မနက်ခင်း ဝတ်ပြုဆုတောင်း ရှိတယ်။ ဝတ်ပြုဆုတောင်းလေး ရှိတယ်။ စာသင်ရတယ်။ အခု ဝတ်ပြုဆုတောင်းကြီး လုပ်ရပြန်ပြီ။"

"မင်းအစားရော စားပြီးပြီလား။"

"မနက်စာတော့ စားပြီးပါပြီ။"

"မင်းညစာစားဖို့ မျှော်နေပြီပေါ့။"

"ဟုတ်ပါတယ်။"

"မင်းနဲ့ ရွယ်တူ တခြားသူတွေက သူတို့ မနက်စာနဲ့ ညစာ စားရဖို့ နေထွက်ကနေ နေဝင်တဲ့ အချိန်အထိ လယ်ကွင်းထဲမှာ ခါးကျိုးအောင် အလုပ်လုပ်ရတယ်။ အဲဒါတောင်မှ သူတို့က သူတို့စားရမယ့် ပေါင်မုန့်ထဲက အချို့ကို မင်းကို ပေးတယ်။ သူတို့ ဘာလုပ်ဖို့ အဲဒီလို ပေးရတယ် ဆိုတာ မင်းသိလား။"

"သိပါတယ်။" ဝီလီယမ်က သူ့ခြေထောက်များကို အချင်းချင်း ပွတ်ရင်း မြေကြီးပေါ်သို့ ကြည့်ကာ ပြန်ပြောသည်။

"ပြောစမ်းပါဦး။"

"သူတို့ အဲဒီလို လုပ်တာဟာ ဘုန်းကြီးတွေကို သူတို့အတွက် ဝတ်ပြုဆုတောင်း သီချင်းဆိုပေးစေချင်လို့ပါ။"

"မှန်တယ်။ အလုပ် ပင်ပင်ပန်းပန်း လုပ်ရတဲ့ လယ်သမားက မင်းကို ပေါင်မုန့်နဲ့ အသားနဲ့ပေးတယ်။ ဆောင်းတွင်းမှာ ကျောက်တုံးနဲ့ ဆောက်ထားတဲ့ မီးဖိုပါတဲ့ အဆောင်ကို ပေးတယ်။ အဲဒါတောင်မှ မင်းက ပင်ပန်းလို့ဆိုပြီး ဝတ်ပြုဆုတောင်းပွဲကြီးမှာ သူတို့အတွက် ငြိမ်ငြိမ်ကလေး ထိုင်မပေးနိုင်ဘူး။ "

"ကျွန်တော် မှားပါတယ် ဘရာသာ။"

ဖိလစ်က ဝီလီယမ်ကို ခဏကြာ ကြည့်လိုက်သည်။ တကယ်တော့ သူ့တွင် ကြီးကြီးမားမား အန္တရာယ် မရှိပေ။ တကယ့်အမှားက ဘုရားကျောင်းအတွင်း ဆော့နေသည်ကို ခွင့်ပြုထားနိုင်လောက်အောင် လျော့ရဲလွန်းသော သူ့အထက်က ဘုန်းကြီးများတွင် ရှိသည်။ ဖိလစ်က ညင်သာစွာ ပြောသည်။

"ဝတ်ပြုဆုတောင်းရတာ ပင်ပန်းတယ် ဆိုရင် မင်းဘာလို့ ဘုန်းကြီး ဝတ်သေးလဲ။"

"ကျွန်တော်က ကျွန်တော့်အဖေရဲ့ ၅ ယောက်မြောက် သားပါ။"

ဖိလစ်က ခေါင်းငြိမ့်လိုက်သည်။ "ပရိုင်ရော်ရီ ကမင်းကို ခေါ်ထားမယ်ဆိုရင် သူက မြေအချို့ လှူမယ်ဆိုတဲ့ သဘောမျိုးဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။"

"ဟုတ်ပါတယ်။ လယ်တစ်ကွက် ပေးထားပါတယ်။"

ဒီလိုဇာတ်လမ်းမျိုးက မထူးဆန်းပေ။ လူတစ်ယောက်က သူ့မှာ သားတွေ မလိုလောက်အောင် ပိုနေသည့် အတွက် တစ်ယောက်ကို ဘုရားသခင်ထံပေးသည်။ ဘုရားသခင်က သူပေးသည့် လက်ဆောင်ကို မငြင်းပယ်ရန် အတွက် ဆင်းရဲသော ဘုန်းကြီးကျောင်းအတွင်း သူ့သားကို ထောက်ပံ့နိုင်ရန် သူပိုင်ဆိုင်သော မြေယာ တစ်ခုခုကိုလည်းလှူဒါန်းသည်။ ထိုအခါတွင် ဘုန်းကြီးဖြစ်ရန် ဆန္ဒ ပြင်းပြင်းထန်ထန် မရှိသော သူများက မနာခံတတ်သော ဘုန်းကြီးများ ဖြစ်လာကြသည်။

"မင်းလယ်တောကလေးကို ပြောင်းရမယ်ဆိုရင် ဆိုပါတော့ကွာ ငါ့ရဲ့ လယ်တောထဲက စိန့်ဂျွန် ဘုရားကျောင်း ကလေးကို ပြောင်းရမယ်ဆိုရင် အဆောက်အဦး အပြင်ဘက်မှာ လုပ်လို့ရတဲ့ အလုပ်တွေ အများကြီး ရှိတယ်။ ဘုရားရှိခိုးတာ အတွက် အချိန်နည်းသွားမယ်။ အဲဒီလိုဆိုရင်ရော မင်းအတွက် ဝတ်ပြုတဲ့ အချိန်မှာ ကောင်းကောင်းမွန်မွန် ကြည်ကြည်ညိုညို ဝတ်ပြုဖို့ အတွက် အထောက်အကူပေးနိုင်မယ်လို့ ထင်သလား။"

ဝီလီယမ်၏ မျက်နှာက ဝင်းပသွားသည်။ "ကောင်းတယ် ဘရာသာ။ ကျွန်တော်တော့ အဲဒီလို ဆိုရင် ဖြစ်မယ်ထင်တယ်။"

"ငါလည်း အဲဒီလိုပဲ ထင်တယ်။ ငါလည်း မင်းအတွက် ဘာလုပ်ပေးနိုင်မလဲ​ ကြည့်မယ်။ ဒါပေမယ့် သိပ်စိတ်လှုပ်ရှား မနေသေးနဲ့ဦး။ မင်းအနေနဲ့ ပရိုင်ရော် အသစ် ရောက်တဲ့ အထိတော့ စောင့်ရလိမ့်မယ်။ မင်းကို အဲဒီကို ပြောင်းပေးဖို့ ငါသူ့ကို ပြောပေးမယ်။"

"ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။"

ဝတ်ပြုခြင်းက ပြီးဆုံးသွားပြီဖြစ်သည်။ ဘုန်းကြီးများသည် စီတန်း၍ ဘုရားကျောင်း အတွင်းမှ စတင်ထွက်ခွာ နေကြသည်။ ဖိလစ်က လက်ချောင်းတစ်ချောင်းကို သူ့နှုတ်ခမ်းတွင် ကပ်ပြ၍ စကားကို အဆုံးသတ်လိုက်သည်။ ဘုန်းကြီးများ တောင်ဘက် အဆောင်သို့ ဖြတ်သွားသော အခါတွင် ဖိလစ်နှင့် ဝီလီယမ်တို့ လူတန်းထဲသို့ ဝင်ရောက်ပူးပေါင်း လိုက်ကြပြီး ဝတ်ပြုဆောင်၏ တောင်ဘက် ကပ်လျှက် အမိုးခုံးများဖြင့် မိုးထားသော  စတုရန်းပုံ အပြင်ဖက်လျှောက်လမ်းဆီသို့ ထွက်လာခဲ့ကြသည်။ ထိုနေရာ အရောက်တွင် တန်းစီထားရာမှ လူစုခွဲလိုက်သည်။ ဖိလစ်က မီးဖိုဆောင်ဘက်သို့ လှည့်ထွက်လိုက်သော်လည်း သူ၏ လမ်းတွင် ကျက်သရေခန်းမှူးက ခြေထောက်နှစ်ချောင်းကို ခွဲရပ်၍ ခါးထောက်ရင်း ရန်လိုသော ပုံစံဖြင့်  တားဆီးလိုက်သည်။

"ဘရာသာ ဖိလစ်" သူကစပြောသည်။
"ဘရာသာ အင်ဒရူး" ဖိလစ်က ပြန်ထူးလိုက်ရင်း သူဘာဖြစ်တာပါလိမ့်ဟု စိတ်ထဲတွင် တွေးနေမိသည်။
"ဝတ်ပြုဆုတောင်းပွဲကြီးကို ကြားဖြတ် နှောင့်ယှက်တာ ဘာသဘောလဲ။ "

ဖိလစ် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ "ဆုတောင်းပွဲကို ကြားဖြတ်နှောင့်ယှက်တာ။ ဟုတ်လား။" သူက မယုံနိုင်သော လေသံဖြင့် ပြောလိုက်သည်။ "ဒီကောင်လေးက ကောင်းကောင်းမနေဘူး။ သူ.."

"ကျွန်တော် ဦးဆောင်လုပ်နေတဲ့ ဆုတောင်းပွဲမှာ ကောင်းကောင်းမနေတာကို ကိုယ့်ဘာသာ ထိန်းနိုင်တဲ့ အစွမ်းအစရှိတယ်။" အင်ဒရူးက အသံကို မြှင့်၍ ပြောသည်။ ဘုန်းကြီးများ လုစုခွဲနေရာမှ ရပ်တန့်သွားကြပြီး သူတို့သည် အနားတွင် ဆက်နေကာ သူတို့ ပြောနေကြသည့် စကားများကို နားစွင့်နေကြသည်။

ဖိလစ်က အငြင်းအခုံ ဖြစ်ရသည့် အကြောင်းကို နားမလည်နိုင်ပေ။ ငယ်ရွယ်သော ဘုန်းကြီးများနှင့် ဘုန်းကြီးအသစ်များကို သူတို့ထက် ဝါကြီးသော ဘရာသာများက ဝတ်ပြုဆုတောင်းပွဲများ အတွင်း မကြာခဏ စည်းကမ်း ထိန်းသိမ်းပေးရန် လိုအပ်ပေသည်။ ကျက်သရေခန်းမှူးသာလျှင် ထိုသို့ ပြုလုပ်ရမည်ဟူသော စည်းကမ်းချက် မရှိပေ။

ဖိလစ်က ပြန်ပြောသည်။ "ဒါပေမယ့် ဘာတွေ ဖြစ်နေတယ် ဆိုတာ ခင်ဗျား မမြင်ဘူးလေ။"
"မြင်တယ်။ ဒါပေမယ့် နောက်မှ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာ။"

ဖိလစ်အနေနှင့် သူဘာမှ မမြင်ကြောင်းကို သေချာပေါက် ပြောရဲသည်။ "အဲဒါဆိုရင် ဘာမြင်သလဲ။" သူက စိန်ခေါ်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို ဒီလိုမေးခွန်း မေးရဲသလား။" အင်ဒရူးက အော်လိုက်သည်။ "သူ၏ နီရဲနေသော မျက်နှာက ပန်းရောင်သန်းသွားသည်။ ခင်ဗျားဘာသာ ခင်ဗျား တောအုပ်ထဲက ဘုရားကျောင်းကလေးမှာ ပရိုင်ရော် ဖြစ်ချင် ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော် ဒီမှာ ကျက်သရေခန်းမှူး လုပ်လာတာ ၁၂ နှစ် ရှိပြီ။ ကျွန်တော့်ဘာသာ ကက်သီဒရယ်ရဲ့ ဝတ်ပြုပွဲကို ကောင်းမယ် ထင်သလို လုပ်မယ်။ ကျွန်တော့် အသက်တဝက်လောက် ရှိတဲ့ အပြင်လူရဲ့ အကူအညီ ယူစရာ မလိုဘူး။"

ဖိလစ်က သူလုပ်ခဲ့တာ တကယ်ပဲ မှားသွားခဲ့ပြီဟု စတင်တွေးထင်လိုက်မိသည်။ ထိုသို့မဟုတ်လျှင် အင်ဒရူး အနေနှင့် ဘာကြောင့် ဒေါသူပုန် ထနေလိမ့် မည်လဲ။ ပိုပြီး အရေးကြီးသည်က အမိုးခုံးအောက် လျှောက်လမ်း တွင် ဖြစ်နေသော ရန်ပွဲတစ်ပွဲက အခြားသော ဘုန်းကြီးများအတွက် မည်သို့မှ အကျိုးရှိမည့် ကြည့်ချင်ပွဲ ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုရန်ပွဲကို အဆုံးသတ်ရန် လိုအပ်သည်။ ဖိလစ်က အံကြိတ်လိုက်ပြီး အလျော့ပေးသည့် ပုံစံဖြင့် ခေါင်းငုံ့ကာ သူ၏ မာနကို ချိုးနှိမ်လိုက်သည်။

"ကျွန်တော့် အမှားကို ပြင်ပေးပါ ဘရာသာ။ ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။" ဟု သူက ပြောလိုက်သည်။

အင်ဒရူးက အော်ဟစ်ငြင်းခုန်ရန် ပြင်ဆင်ထားသော်လည်း သူ၏ ပြိုင်ဘက်က စောစောစီးစီး ပြိုင်ပွဲမှ နှုတ်ထွက်သွားသဖြင့် မကျေနပ်ပေ။ "အဲဒါဆို နောက် အဲဒီလို မဖြစ်စေနဲ့။" ဟု သူက ကြည့်မကောင်း ရှုမကောင်း ပြန်ပြောလိုက်သည်။

ဖိလစ်က ဘာမှ ပြန်မပြောပေ။ အင်ဒရူး အနေနှင့် နောက်ဆုံးပိတ် စကားကို ပြောရန်လိုအပ်သည်။ ဖိလစ်က စကားထပ်ပြောလျှင် ရန်ပွဲက ဆက်ဖြစ်သွားနိုင်သည်။ သူက မတ်တပ်ရပ်၍ ကြမ်းပြင်ကို ငုံ့ကြည့်ရင်း လျှာကို ကိုက်ထားလိုက်သည်။ အင်ဒရူးက သူ့အား ခဏကြာမျှ စူးစူးရဲရဲ​ ကြည့်နေသည်။ နောက်ဆုံးတွင်တော့ ကျက်သရေခန်းမှူးသည် သူ၏ ဖနောင့်ကို လှည့်လိုက်ပြီး ခေါင်းမော့ရင်း ထိုနေရာမှ ထွက်ခွာသွားသည်။

အခြားသော ဘုန်းကြီးများက ဖိလစ်ကို စိုက်ကြည့်နေကြသည်။ အင်ဒရူးက သူ့အား အရှက်ကွဲစေခဲ့သည့်အတွက် စိတ်တိုနေသော်လည်း သူ့မှာ လုပ်စရာ ဒီတစ်လမ်းသာလျှင် ရှိသည်။ မာနကြီးသော ဘုန်းကြီးသည် မကောင်းသော ဘုန်းကြီးသာလျှင် ဖြစ်သည်။ ဘယ်သူ့ကိုမှ စကားမပြောတော့ဘဲ သူ အမိုးခုံးအောက်မှ ထွက်ခွာလာခဲ့သည်။

ဘုန်းကြီးများနေထိုင်ရာ နေရာမှာ စတုရန်းပုံ အမိုးခုံးအောက် လျှောက်လမ်း၏ တောင်ဘက်တွင် ရှိသည်။ အိပ်ဆောင်က အရှေ့တောင်ဘက်စွန်း တွင် ရှိပြီး ထမင်းစားဆောင်က အနောက်တောင်ဘက်တွင် ရှိသည်။ ဖိလစ်က အနောက်ဖက်သို့ ထွက်လာခဲ့သည်။ ထမင်းစားဆောင်ကို ဖြတ်လာခဲ့ပြီး တည်းခိုဆောင်နှင့် မြင်းဇောင်းကို မြင်နေရသည့် လူအများအသုံးပြုရာ ပရိုင်ရော်ရီ၏ အစွန်းတစ်ဖက်သို့ နောက်တစ်ကြိမ် ရောက်လာခဲ့သည်။ ဤ အနောက်တောင်ဘက် အစွန်ဆုံး အခြမ်းတွင် မီးဖိုဆောင် ကွက်လပ် နေရာ ရှိပြီး ထိုနေရာ သုံးဖက်သုံးတန်တွင် ထမင်းစားဆောင်၊ မီးဖိုဆောင်နှင့် မုန့်ဖုတ်ဆောင်၊ အရက်ချက်ဆောင် တို့ဖြင့် ဝိုင်းရံထားသည်။ ခါးဖုဖြူများကို အပြည့်အမောက် တင်ဆောင်လာသော လှည်းတစ်စင်းက မြေကွက်လပ်တွင် ရပ်ထားပြီး လှည်းပေါ်မှ ချရန် စောင့်ဆိုင်းနေသည်။ ဖိလစ်က မီးဖိုဆောင် တံခါးဝရှိ လှေကားထစ် ပေါ်သို့ လှမ်းတက်ကာ အထဲသို့ ဝင်လိုက်သည်။

ပတ်ဝန်းကျင် လေထုက သူ့ကို လက်သီးနှင့် လှမ်းထိုးလိုက်သလို ဆီးကြိုလိုက်သည်။ လေထုက ပူလောင်နေပြီး ချက်ပြုတ်ထားသော ငါးနံ့ဖြင့် ပြည့်နှက်နေသည်။ ဒယ်အိုးမှ စည်းချက်မကျသော အသံကျယ်ကျယ် နှင့် အော်ဟစ် ခိုင်းစေနေသော အသံများက ဆူညံနေသည်။ အပူရှိန်နှင့် အလျင်လိုမှုကြောင့် တကိုယ်လုံး နီရဲနေသော ထမင်းချက် သုံးယောက်က အကူ ခြောက်ယောက် ခုနှစ်ယောက်တို့၏ အကူအညီဖြင့် ညစာအတွက် ပြင်ဆင်နေကြသည်။ အခန်း၏ တစ်ဖက်တစ်ချက်တွင် ကျယ်ပြန့်သော မီးဖိုကြီးတစ်ခုစီ ရှိပြီး နှစ်ခုစလုံးမှာ မီးလျှံ အရှိန်တညီးညီး တောက်လောက်နေကြသည်။ မီးဖိုတစ်ခုစီတွင် ငါး အကောင်နှစ်ဆယ် သို့ နှစ်ဆယ်ကျော်ကို တံစို့ဖြင့် ထိုး၍ ချက်ပြုတ်ထားကာ ချွေးပျံနေသော ကောင်လေးတစ်ယောက်စီက လှည့်နေကြသည်။

ငါး၏ အနံ့က ဖိလစ်ကို သွားရည်ယိုစေသည်။ မုန်လာဥနီများကို မလှီးဖြတ်ပဲ ထည့်ပြုတ်ထားသော သံအိုးအကြီးကြီးကို မီးတောက်များပေါ်တွင် ချိတ်ဆွဲထားသည်။ လူငယ်နှစ်ယောက်က စဉ်းနှီးတုံး တစ်ခု ဘေးတွင် ရပ်နေကာ တစ်ကိုက်ခန့် ရှည်သော ပေါင်မုန့်ဖြူ ရှည်မျောမျောကို သစ်သား ပန်းကန်အတွင်း ထည့်စားနိုင်သော အနေအထား ရောက်အောင် ခပ်ထူထူ လှီးဖြတ် နေကြသည်။ ထိုသို့ ရှုပ်ရှက်ခတ်နေသာ အရာကို အုပ်ထိန်းကြည့်ရှု နေသူမှာ ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မီးဖိုဆောင်ထိန်း  ဖြစ်သူ ဖိလစ်နှင့် အသက်ရွယ်တူခန့် ဖြစ်သော ဘရာသာ မိလိယပ်စ် ဖြစ်သည်။ သူသည် ခွေးခြေခုံ အမြင့်တစ်လုံးပေါ်တွင် ထိုင်နေကာ သူ့ရှေ့တွင် ဝရုန်းသုန်းကား ဖြစ်နေသော အဖြစ်များကို သူ၏ အတွေ့အကြုံရှိသော အမြင်အရ စနစ်တကျနှင့် လုံးဝ ဥသုံ အစီအစဉ်တကျ ဖြစ်နေသည့် ပမာ အေးအေးဆေးဆေး အပြုံးမပျက် ကြည့်ရှုနေသည်။ သူက ဖိလစ်ကို ပြုံးပြရင်း လှမ်းပြောသည်။ "ချိစ်အတွက် ကျေးဇူးတင်ပါတယ်။"

"အား။ ဟုတ်ကဲ့။" ဖိလစ်အနေနှင့် ထိုအကြောင်းကို မေ့နေသည်။ သူရောက်လာသည့် အချိန်မှ စ၍ အဖြစ်အပျက် အများအပြား ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ "အဲဒီချိစ်က မနက်ခင်းမှာ ညှစ်ထားတဲ့ နွားနို့တွေနဲ့ ချည်းပဲ လုပ်ထားသည်။ ခင်ဗျား အနေနဲ့ အရသာ နည်းနည်း ကွာတာ တွေ့လိမ့်မယ်။"

"ကျွန်တော်တော့ သွားရည်ယိုနေပြီ။ ဒါနဲ့ ခင်ဗျားကို ကြည့်ရတာ စိတ်ညစ်ညူး နေသလိုပဲ။ တစ်ခုခု ဖြစ်ခဲ့လို့လား။"

"ဘာမှ မဟုတ်ပါဘူး။ အင်ဒရူးနဲ့ စကား ကြမ်းကြမ်းတမ်းတမ်း ပြောလာလို့ပါ။ " ဖိလစ်က အင်ဒရူးကို ခေါက်ထားလိုက်စမ်းပါ ဆိုသော ပုံစံမျိုး လက်ဟန်ခြေဟန်ဖြင့် ပြရင်း ပြောလိုက်သည်။ "ခင်ဗျားရဲ့ မီးဖိုထဲက ပူနေတဲ့ ကျောက်တုံး တစ်တုံးလောက် ယူပါရစေ။"

"ယူပါ။ ယူပါ။ "

မီးဖိုဆောင်ရှိ မီးဖိုထဲတွင် ကျောက်တုံးအချို့ အမြဲတမ်း ရှိနေတတ်သည်။ ရေ သို့မဟုတ် ဟင်းချိုနည်းနည်းကို အလျှင်အမြန် အပူပေးရာတွင် အသုံးပြုရန် အဆင်သင့် ရှိနေတတ်သည်။ ဖိလစ်က ရှင်းပြသည်။ "တံတားပေါ်မှာ ရှိတဲ့ ဘရာသာပေါလ်မှာ အအေးဒဏ်ကြောင့် ကိုက်ခဲနေတယ်။ ရီမီဂျီးယပ်စ်က သူ့ကို မီးဖိုပေးမှာ မဟုတ်ဘူး။" သူက လက်တံရှည်သော မီးညှပ်တစ်ခုကို ကောက်ယူလိုက်ပြီး မီးဖိုထဲမှ ပူနေသော ကျောက်တုံးတစ်ထုံးကို ဆွဲထုတ်ယူလိုက်သည်။

မိလိယပ်စ်က ဘီဒိုကို ဖွင့်လိုက်ပြီး ယခင်က အေပရွန် တစ်ခု အဖြစ် အသုံးပြုထားသော သားရေစ အဟောင်းတစ်ခုကို ထုတ်ယူလိုက်သည်။ "ဒီမှာ ဒါနဲ့ပတ်လိုက်။"

"ကျေးဇူးပဲ။" ဖိလစ်က ပူနေသော ကျောက်တုံးကို သားရေစ၏ အလယ်ခေါင်သို့ ချထားလိုက်ပြီး အစွန်းဘက်မှ သတိထား၍ ကိုင်လိုက်သည်။

"မြန်မြန်လုပ်။ ညစာက အဆင်သင့် ဖြစ်နေပြီ။" ဟု မိလိယပ်စ်က ပြောသည်။

ဖိလစ်က မီးဖိုဆောင်တွင်းမှ လှစ်ခနဲ ထွက်ခွာသွားသည်။ သူက မီးဖိုဆောင် ကွက်လပ်ကို ဖြတ်လိုက်ပြီး တံခါးဝသို့ သို့ ဦးတည်လိုက်သည်။ သူ၏ ဘယ်ဘက် အနောက်ဘက် တံတိုင်း၏ အတွင်းဘက်တွင် ကြိတ်စက်ကလေး တစ်လုံး ရှိသည်။ ပရိုင်ရော်ရီ၏ အပေါ်ဘက်တွင် လွန်ခဲ့သော နှစ်များစွာကပင် တူးမြောင်းတစ်ခုကို တူးထားပြီး မြစ်မှ ရေကို ကြိတ်စက်၏ကန်အတွင်းသို့ သွယ်ယူထားသည်။ ကြိတ်စက်မှ ဘီးကို မောင်းနှင်ပြီးနောက် ရေများကို မြေအောက်ရှိတူးမြောင်းမှ တဆင့် အရက်ချက်ရုံ၊ မီးဖိုဆောင်နှင့် ဘုန်းကြီးများ အစားမစာမီ လက်ဆေးရာ အမိုးခုံးလျှောက်လမ်းရှိ ရေပန်းတို့ကို ဖြတ်သန်း၍ အဆောင်နှင့် ကပ်လျှက် အိမ်သာ ရှိရာသို့ သွယ်ယူထားသည်။ ထိုမှတဆင့် တူးမြောင်းမှာ တောင်ဘက်သို့ လှည့်၍ မြစ်ရှိရာသို့ ပြန်ဆက်ထားသည်။ အစောပိုင်း ပရိုင်ရော်များထဲမှ တစ်ဦးဦးမှာ အလွန် ထက်မြက်သော စီမံခန့်ခွဲတတ်သူ တစ်ဦး ဖြစ်လိမ့်မည်။

မြင်းဇောင်း၏ အပြင်ဘက်တွင် ညစ်ပတ်နေသော ကောက်ရိုးများ အပုံလိုက်ရှိနေသည်ကို ဖိလစ်သတိပြုမိသည်။ မြင်းထိန်း နှစ်ယောက်က သူစေခိုင်းထားခဲ့သည့် အတိုင်း မြင်းဇောင်းအကန့်များမှ အညစ်အကြေးများကို ဖယ်ထုတ်နေကြသည်။ ဖိလစ်က တံခါးပေါက်ဝကို ဖြတ်ထွက်လိုက်ပြီး ရွာကို ဖြတ်၍ တံတားရှိရာသို့ ရှောက်လာခဲ့သည်။

ဝီလီယမ် ဘူးဗစ် လေးကို ဆုံးမလိုက်တာ ငါ လွန်ကျူး သွားသလား ဟု တဲစုတ်ကလေးများ ကြားမှ ဖြတ်သန်းသွားရင်း သူ့ဘာသာ ပြန်၍ မေးခွန်း ထုတ်နေမိသည်။ ပြန်စဉ်းစားရာတွင် သူမလွန်ဟု ထင်သည်။ တကယ်တမ်းတော့ ဝတ်ပြုပွဲ အတွင်း ထိုသို့ အနှောင့်အယှက် ပေးခြင်းကို လျစ်လျူရှုထားသည်က သာလျှင် မှားသည်။

သူ တံတားရှိရာသို့ ရောက်လာပြီး သူ၏ ခေါင်းကို ပေါလ်၏ အမိုးအကာ ကလေး အတွင်းသို့ ဝင်လိုက်သည်။ "ခင်ဗျားရဲ့ ခြေထောက်ကို ဒီပေါ်မှာ နွေးအောင် လုပ်လိုက်ပါ။" သူက ပြောရင်း သားရေဖြင့် ပတ်ထားသော ပူနေသည့် ကျောက်တုံးကို လှမ်းပေးလိုက်သည်။ "နည်းနည်း အေးသွားရင် သားရေစကို ဖြုတ်ပြီး ခင်ဗျားရဲ့ ခြေထောက်ကို ကျောက်တုံးပေါ်ကို ဒီအတိုင်း တင်ထားလိုက်ပါ။ ညနက်တဲ့ အထိတော့ ခံလိမ့်မယ်။"

ဘရာသာပေါလ်က သနားစဖွယ်ပင် သူ့ကို ကျေးဇူးတင်ရှာသည်။ သူက ကြိုးသိုင်းဖိနပ်ကို ချွတ်လိုက်ပြီး သူ့ခြေထောက်ကို သားရေထုပ်ပေါ်သို့ ချက်ချင်း တင်လိုက်သည်။ "အကိုက်အခဲတွေ လျော့သွားတာ ချက်ချင်း သိသာတယ်။" ဟု သူကပြောသည်။

"တကယ်လို့ ခင်ဗျား မီးဖိုဆောင်ထဲက မီးထဲမှာ ဒီည ပြန်ထည့်ထားမယ်ဆိုရင် မနက်ကျရင် ပြန်ပြီး ပူနေလောက်ပြီ။" ဟု ဖိလစ်က ပြောလိုက်သည်။
"ဘရာသာ မိလိယပ်စ်က စိတ်မခု လောက်ပါဘူးနော်။" ပေါလ်က စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။
"ကျွန်တော် အာမခံပါတယ်။"
"ခင်ဗျား ကျွန်တော့် အပေါ် အတော်ကောင်းတာပဲ။ ဘရာသာ ဖိလစ်။"
"ဒါ ဘာမှ မဟုတ်ပါဘူး။" ဖိလစ်က ပေါလ်၏ ကျေးဇူးစကားများ ရှက်စရာ ကောင်းလောက်အောင် ဖြစ်မလာခင် ထွက်လာခဲ့သည်။ တကယ်တော့ ဒါက ပူနေတဲ့ ကျောက်တုံးလေး တစ်တုံး ပါပဲ။

သူက ပရိုင်ရော်ရီ ရှိရာသို့ ပြန်လာခဲ့သည်။ သူက အမိုးခုံးလျှောက်လမ်းထဲသို့ ဝင်လိုက်ပြီး တောင်ဘက်လမ်းမှ ကျောက်သား ဇလုံတွင် လက်များကို ဆေးကြောလိုက်ကာ ထမင်းစားဆောင် အတွင်းသို့ ဝင်လာခဲ့သည်။ ဘုန်းကြီး တစ်ပါးက စာဖတ် စားပွဲစောင်း တစ်ခုတွင် စာကို ကျယ်လောင်စွာ ဖတ်နေသည်။ တကယ်တော့ ညစာကို စာဖတ်နေသံမှ လွဲ၍ တိတ်ဆိတ်စွာ စားရန် ဖြစ်သည်။ သို့သော်လည်း ဘုန်းကြီး အပါး လေးဆယ် စားနေသော အသံက နောက်ခံ အသံတစ်ခုအဖြစ် အစဉ်တစိုက် ဖြစ်ပေါ်နေရုံသာမက စည်းမျဉ်းစည်းကမ်း အနေနှင့် မပြောရသော်လည်း တိုးတိုးတိတ်တိတ် စကားပြောသံ အချို့က ထွက်ပေါ်နေသည်။ ဖိလစ်က စားပွဲရှည် တစ်ခုမှ လွတ်နေသော တစ်နေရာသို့ ဝင်ထိုင်လိုက်သည်။ သူ၏ ဘေးတွင် ထိုင်နေသော ဘုန်းကြီးက အကြီးအကျယ် မြိန်ရည်ရှက်ရည် စားနေသည်။ သူနှင့် ဖိလစ် မျက်လုံးချင်း ဆုံမိရာတွင် သူက အသံတိုးတိုးဖြင့် ပြောသည်။ "ဒီနေ့ ငါး က လတ်ဆတ်တယ်။"

ဖိလစ်က ခေါင်းငြိမ့်လိုက်သည်။ သူလည်း မီးဖိုထဲတွင် မြင်ခဲ့သည်။ သူ၏ ဗိုက်အတွင်းမှ တကျုတ်ကျုတ် မည်လာသည်။

ဘုန်းကြီးက ထပ်ပြောသည်။ "တောအုပ်ထဲက ခင်ဗျားရဲ့ ဘုရားကျောင်းမှာ လတ်ဆတ်တဲ့ ငါးတွေ နေ့တိုင်း စားရတယ်လို့ ကျွန်တော်တို့ ကြားမိတယ်။" သူ့အသံတွင် အားကျသံ ပေါက်နေသည်။

ဖိလစ်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။ "တခြားနေ့တွေတော့ ကျွန်တော် တို့မှာ အသားပဲ ရှိတာပါ။" သူက တိုးတိုး ပြန်ပြောလိုက်သည်။

ဘုန်ကြီးက ပို၍ အားကျသည့် ပုံပေါ်လာသည်။ "ဒီမှာတော့ ငါးခြောက်ပဲ။ တစ်ပတ်ကို ခြောက်ကြိမ်။"

အစေခံတစ်ဦးက ပေါင်မုန့်အထူ တစ်လုံး ပါသော သစ်သား ပန်းကန်ပြားကို ဖိလစ်ရှေ့တွင် ချလိုက်ပြီး ဘရာသာ မိလိယပ်စ်၏ ဟင်းခတ် အမွှေးအကြိုင်များဖြင့် မွှေးကြိုင်နေသော ငါးကို အပေါ်တွင် တင်ပေးလိုက်သည်။ ဖိလစ် သွားရည်ယိုလာမိသည်။ သူက ငါးကို သူ၏အစားအသောက် ဓားဖြင့် လှီးဖြတ်တော့မည့် ဆဲဆဲတွင် စားပွဲ၏ အစွန်းဘက်မှ ဘုန်းကြီး တစ်ပါးက မတ်တပ် ထရပ်လိုက်ပြီး သူ့ကို လက်ညှိုးဖြင့် လှမ်း၍ ညွှန်လိုက်သည်။ သူသည် စည်းကမ်းထိန်းသိမ်းရန် တာဝန်ရှိသော စည်းကမ်းထိန်းသိမ်းရေးမှူး ဖြစ်သည်။

ဖိလစ်က ဘာဖြစ်ပြန်ပြီလဲဟု တွေးမိသည်။

စည်းကမ်းထိန်းသိမ်းရေးမှူးက တိတ်ဆိတ်စွာ နေရမည် ဆိုသော စည်းကမ်းကို ချိုးဖောက်လိုက်သည်။ သူ့အနေနှင့်တော့ ချိုးဖောက်ပိုင်ခွင့် ရှိသည် မဟုတ်လား။ "ဘရာသာ ဖိလစ်"

အခြားသော ဘုန်းကြီးများက စားလက်စကို ရပ်လိုက်ကြပြီး အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဖိလစ်က သူ၏ ဓားကို ငါးပေါ်တွင် ရပ်တန့်လိုက်ပြီး ဘာပြောမလဲဟာ မော့ကြည့်လိုက်သည်။

စည်းကမ်းထိန်းသိမ်းရေးမှူးက ပြောသည်။ "စည်းကမ်းအရ နောက်ကျပြီးမှ လာတဲ့သူ ညစာစားခွင့် မရှိဘူး။"

ဖိလစ် သက်ပြင်းချလိုက်သည်။ ဒီနေ့အတွက်တော့ သူဘာလုပ်လုပ် အဆင်မပြေပေ။ သူက ဓားကို လွှဲဖယ်လိုက်ပြီး သစ်သားပန်းကန်နှင့် ငါးကို အစေခံအား ပြန်ပေးလိုက်ကာ သူ၏ ခေါင်းကို ညွှတ်၍ စာဖတ်နေသည်ကို နားထောင် နေလိုက်သည်။

ညစာစားပြီး၍ နားနေချိန် ရောက်သောအခါတွင် ဖိလစ်သည် မီးဖိုဆောင် အောက်ထပ်ရှိ စတိုခန်းသို့ သွားရောက်ကာ  ပစ္စည်းထိန်း ဖြစ်သူ ခေါင်းဖြူ ကတ်ဘတ် နှင့် သွား၍ စကားပြောနေလိုက်သည်။ စတိုးခန်းမှာ ကြီးမား၍ မှောင်မိုက်နေသော မြေအောက်ခန်းတစ်ခု ဖြစ်ပြီး တုတ်ခိုင်တိုတောင်းသော တိုင်လုံးများနှင့် ပြတင်းပေါက် သေးသေးကလေးများ ရှိသည်။ လေထုမှာ ခြောက်သွေ့နေပြီး စတိုခန်း၏ အနံ့များဖြစ်သော ပျားရည်နှင့် ဗျစ်ပွင့်၊ ပန်းသီးအိုနှင့် ဆေးမြစ်ခြောက် ၊ချိစ်နှင့် ရှာလကာရည် အနံများဖြင့် ပြည့်နှက်နေသည်။ ဘရာသာ ကတ်ဘတ်၏ အလုပ်မှာ ဝတ်ပြုရန်အတွက် အချိန်များများ မရသဖြင့် သူ့အား အမြဲတစေ ဤနေရာတွင် တွေ့ရနိုင်သည်။ သူသည် လိမ္မာပါးနပ်ပြီး၊ နှိမ့်ချစွာ နေတတ်သော သူတစ်ဦးဖြစ်သည့်အပြင် တရားဓမ္မတွင်လည်း အနည်းငယ်သာ စိတ်ဝင်စားသူ ဖြစ်သဖြင့် ဤအလုပ်မှာ သူ၏ ပုံစံနှင့် ကိုက်ညီသည်။ ပစ္စည်းထိန်းမှာ ကျက်သရေခန်းမှူး၏ အလုပ်ကဲ့သို့ပင် ဖြစ်ပြီး သူက အသုံးအဆောင်များနှင့် ပတ်သက်၍ တာဝန်ယူရသည်။ ကတ်ဘတ် အနေနှင့် ဘုန်းကြီးကျောင်း၏ယာ​မြေများ နှင့် လယ်တောများမှ ထွက်သော ပစ္စည်းများကို စုဆောင်းရပြီး ဈေးသို့သွား၍ ဘုန်းကြီးများနှင့် သူတို့၏ ဝန်ထမ်းများ ကိုယ်တိုင် မထုတ်လုပ်နိုင်သော ပစ္စည်းများကို ဝယ်ခြမ်းကာ ဘုန်းကြီးများ လိုအပ်သည့် အသုံးအဆောင် ဟူသ၍ကို ပံ့ပိုးပေးရသည်။ ထိုအလုပ်မှာ စနစ်တကျ ကြိုတင်တွေးဆခြင်းနှင့် တွက်ချက်ခြင်း စသည့် အရည်အချင်းများ ရှိရန် လိုအပ်သည်။ ကတ်ဘတ်အနေနှင့် တစ်ယောက်တည်း လုပ်ရန် လိုအပ်သည် မဟုတ်ပေ။ မီးဖိုဆောင်ထိန်း မိလိယပ်စ်က အစားအသောက်များ ပြင်ဆင်ရန် အတွက် တာဝန်ရှိပြီး ဘုန်းကြီးများ၏ အဝတ်အထည်များကို ထိန်းသိမ်းရန် ချိန်ဘာလိန် တာဝန်ရှိသော ဘုန်းကြီးက တာဝန်ယူရသည်။ ထိုဘုန်းကြီးနှစ်ယောက်မှာ ကတ်ဘတ်၏ ညွှန်ကြားမှုကို နာခံရသူများဖြစ်သည်။ သူ၏ အောက်တွင် အမည်အားဖြင့် ရှိသော်လည်း သူတို့ဘာသာ လွတ်လပ်စွာ လုပ်ကိုင်နိုင်သော အခြားတာဝန်ရှိသူ သုံးဦး ရှိသေးသည်။ ဧည့်သည်မှူး ဘုန်းကြီး၊ အသက်အရွယ်ကြီးသော ဘုန်းကြီးများနှင့် နာမကျန်းသော ဘုန်းကြီးများကို သီးသန့် အဆောက်အဦး တစ်ခုတွင် စောင့်ရှောက်ရသော ဆေးရုံမှူး ဘုန်းကြီး နှင့် အော်လ်မွန်နာ ဘုန်းကြီး တစ်ဦးတို့ ရှိသည်။ ထိုသို့ သူ့အောက်တွင် လုပ်နေသောသူများ ရှိသော်လည်း ကတ်ဘတ်၏ အလုပ်ဝတ္တရားများမှာ ပြီးပြည့်စုံအောင် လုပ်နိုင်ရန် ခက်ခဲလှသည်။ သို့သော်လည်း သူသည် အားလုံးကို သူ့ခေါင်းထဲတွင် ပင်မှတ်ထားပြီး မှင် နှင့် သားရေပြားကို ဖြုန်းတီးပစ်ရမည်မှာ နှမြောစရာ ကောင်းလှသည်ဟု ပြောလေ့ ရှိသည်။ ဖိလစ် အနေနှင့် ကတော့ ကတ်ဘတ်သည် ကောင်းကောင်းရေးတတ်ဖတ်တတ်အောင် သင်ကြားထားခြင်းမရှိဟု သံသယရှိသည်။ ကတ်ဘတ်၏ ဆံပင်များက ငယ်စဉ်ကပင် ဖြူနေသဖြင့် သူ၏ နာမည်တွင် ခေါင်းဖြူဟု ထည့်ခေါ်ကြသည်။ ယခုအခါတွင် သူသည် အသက်ခြောက်ဆယ်ကျော်ပြီ ဖြစ်ပြီး သူ၏ ခေါင်းတွင်ကျန်ရှိသော ဆံပင်မှာ သူ၏ ထိပ်ပြောင်ခြင်းအစား ကျန်ရှိသော နားသယ်နှင့် နှာခေါင်းနားတွင် ရှိသော အမွှေး အဖုတ်ကလေးများ အဖြစ်သာ ကျန်တော့သည်။ ဖိလစ်အနေနှင့်လည်း သူ၏ ပထမဆုံး ဘုန်းကြီးကျောင်းတွင် ဆယ်လာရာ အဖြစ် လုပ်ကိုင်ခဲ့ဖူးသဖြင့် ကတ်ဘတ်၏ ပြသနာများကို နားလည်ပြီး သူ၏ မကျေနပ်ချက်များကို ကိုယ်ချင်းစာနိုင်သည်။ ထို့အတူပင် ကတ်ဘတ်ကလည်း ဖိလစ်ကို နှစ်သက်သည်။ ယခု အခါတွင် ဖိလစ် ညစာ မစားလိုက်ရ ဆိုသည်ကို သိသဖြင့် စည်ပိုင်းအတွင်းမှ သစ်တော်သီး ဒါဇင်ဝက်ခန့်ကို နှိုက်ယူ ပေးလိုက်သည်။ ထိုသစ်တော်သီးများမှ ရှုံ့တွနေသော်လည်း အရသာရှိသည်။ ဖိလစ်က ထိုသစ်တော်သီးများကို ကျေးဇူးတင်စွာဖြင့် စားနေစဉ် ကတ်ဘတ်က ဘုန်းကြီး​ကျောင်း၏ဘဏ္ဍာရေး နှင့် ပတ်သက်ပြီး မကျေမနပ် ရေရွတ်လျှက် ရှိသည်။

"ပရိုင်ရော်ရီမှာ အကြွေးတင်နေတယ် ဆိုတာ ကျွန်တော်တော့ စဉ်းစားလို့ မရဘူး။" ဖိလစ်က  ပါးစပ်တွင်း သစ်သီးများ ပလုပ်ပလောင်းဖြင့် ပြန်ပြောလိုက်သည်။

"တကယ်တော့ မတင်သင့်ဘူး။ အရင်ကထက်စာရင် မြေ​တွေလည်း ပိုင်တာ ပိုများတယ်။ ဆယ်ပုံတစ်ပုံ အခွန်ကောက်လို့ ရလာတဲ့ လက်အောက်ခံ ဘုရားကျောင်းတွေလည်း အရင်ကထက် ပိုများလာတယ်။""
"အဲဒါဆို ကျွန်တော်တို့ ဘာလို့ မချမ်းသာတာလဲ။"

"ခင်ဗျားလည်း ဒီမှာရှိတဲ့ စနစ်ကို သိတာပဲ။ ဘုန်းကြီးကျောင်းရဲ့ ပိုင်ဆိုင်မှုတွေက ဘုန်းကြီးကျောင်းက လက်အောက်ခံ အရာရှိတွေကြားမှာ ခွဲဝေပေးထားတယ်။ ကျက်သရေခန်းမှူး မှာလည်း သူ့မြေတွေ ရှိတယ်။ ကျွန်တော့်မှာလည်း မြေတွေရှိတယ်။ သာမဏေမှူး၊ ဧည့်သည်မှူး၊ ဆေးရုံမှူးနဲ့ အော်လ်မွန်နာ မှာလည်း နည်းနည်းပေမယ့် သူတို့ ဝင်ငွေနဲ့ သူတို့ ရှိတယ်။ ကျန်တဲ့ဟာတွေက ပရိုင်ရော်က ပိုင်တယ်။ လူတိုင်းမှာ သူတို့ပိုင်ဆိုင်မှုက ရတဲ့ ဝင်ငွေနဲ့ သူတို့ လိုအပ်တာ အတွက် သုံးကြတယ်။"

"အဲဒါက ဘာမှားနေလို့လဲ။"

"ကောင်းပြီ။ ဒီပိုင်ဆိုင်မှုတွေ အားလုံးက ဂရုစိုက်ဖို့လိုတယ်။ ဥပမာအားဖြင့် ပြောရမယ် ဆိုရင် ကျွန်တော်တို့မှာ မြေအချို့ ရှိတယ် ဆိုပါစို့။ အဲဒီမြေတွေကို အခကြေးငွေနဲ့ ငှားမယ် ဆိုပါစို့။ ကျွန်တော်တို့ အနေနဲ့ ဈေးအမြင့်ဆုံး ပေးတဲ့သူကို ငှားလိုက်ပြီး ပိုက်ဆံချည်း သက်သက်ယူတာမျိုး မလုပ်သင့်ဘူး။ ကျွန်တော် တို့ အနေနဲ့ လူကောင်းကောင်းကို ရှာဖို့သင့်တယ်။ ပြီးတော့ သူ့အနေနဲ့ ယာမြေကို ကောင်းကောင်း ဂရုစိုက်မစိုက် စောင့်ကြည့်သင့်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် စားကျက်​တွေမှာ ရေဝပ်မယ်။ မြေဆီတွေက မကောင်းတော့ဘူး။ အဲဒါဆိုရင် ငှားလုပ်တဲ့သူက ငှားခ မပေးနိုင်တော့တဲ့ အတွက် မြေကို ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ ပြန်အပ်မယ်။ လယ်တောကို ဥပမာ ကြည့်မယ် ဆိုရင် ကျွန်တော်တို့ ဝန်ထမ်းတွေက စိုက်ပျိုးမယ်။ ဘုန်းကြီးတွေက ကြီးကြပ်မယ်။ တကယ်လို့ လယ်တောက ထွက်သမျှ ကို လာယူဖို့ သက်သက်က လွဲပြီး ဘယ်သူမှ သွားမကြည့်ဘူး ဆိုရင် ဘုန်းကြီးတွေလည်း အလုပ်မလုပ်ချင်တော့ဘဲ အကျင့်ပျက် လာမယ်။ ဝန်ထမ်းတွေကလည်း သီးနှံတွေကို ခိုးမယ်။ လယ်တော အနေနဲ့ တစ်နှစ်ထက်တစ်နှစ် အထွက်နည်းလာမယ်။ ဘုရားကျောင်းတွေကိုလည်း ကြည့်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့အနေနဲ့ ဆယ်ပုံတစ်ပုံ အခွန်ကောက်ရုံသက်သက် မလုပ်သင့်ဘူး။ ကျွန်တော်တို့အနေနဲ့ လက်တင်စာ ကောင်းကောင်းတတ်တဲ့ မြင့်မြတ်တဲ့ အကျင့်အကြံနဲ့ နေတဲ့ တရားဟောဘုန်းကြီး ကောင်းကောင်း တစ်ပါး ထားသင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် လူတွေက အိမ်ထောင်ပြုကြ၊​သားမွေးကြ ၊ သေလိုက်ကြ၊ သူတို့ရဲ့ ပေးစရာ အခွန်တွေကို လိမ်လိုက်ကြနဲ့ ဘုရားကျောင်းတော်ရဲ့ ကောင်းချီးပေးမှုကို မရဘဲ ဘုရားမဲ့တဲ့ အခြေအနေကို ရောက်လာမယ်။ "

"လက်အောက်ခံ အရာရှိတွေ​အနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဂရုတစိုက် စီမံခန့်ခွဲသင့်တယ်။" ဖိလစ်က နောက်ဆုံး သစ်တော်သီးကို စားရင်း ပြောလိုက်သည်။

ကတ်ဘတ်က ဝိုင်တစ်ခွက်ကို စည်ပိုင်းအတွင်းမှ ခပ်လိုက်သည်။ "သူတို့ လုပ်သင့်တာပေါ့။ ဒါပေမယ့်လည်း သူတို့ စိတ်ထဲမှာက တခြားဟာတွေရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သာမဏေမှူးက လယ်စိုက်တာနဲ့ ပတ်သက်ပြီး ဘာသိမှာလဲ။ ဆေးရုံမှူးက မြေကွက်ကို စီမံခန့်ခွဲဖို့ ဘယ်လို စွမ်းနိုင်မှာလဲ။ ဒါပေမယ့် ပရိုင်ရော်ကောင်းကောင်း ရှိရင် သူတို့ကို သူတို့ရဲ့ အရင်းအမြစ် တွေကို စိစိစစ်စစ် လုပ်ဖို့ အတိုင်းအတာ တစ်ခုအထိ တွန်းအားပေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ပရိုင်ရော် ကောင်းကောင်း မရှိခဲ့တာ ၁၃ နှစ် ရှိပြီ။ အခုတော့ ကျွန်တော်တို့မှာ ကက်သီဒရယ် ဘုရားကျောင်းကြီးကို ပြင်ဖို့ ပိုက်ဆံ မရှိတော့ဘူး။ တစ်ပတ်မှာ ခြောက်ရက် ငါးခြောက်စားနေရတယ်။ ကျောင်းမှာလည်း ဘုန်းကြီး အသစ်တွေ မရှိသလောက် ဖြစ်နေပြီ။ တည်းခိုဆောင်ကိုလည်း ဘယ်သူမှ မလာကြတော့ဘူး။"

ဖိလစ်က သူ၏ ဝိုင်ခွက်ကို စိတ်ညစ်ညူး တိတ်ဆိတ်စွာနှင့် တစိမ့်စိမ့် သောက်နေမိသည်။ ဘုရားသခင်၏ ပိုင်ဆိုင်မှုများ မယုံနိုင်လောက်အောင် အလဟသ ဖြစ်နေမှုကို သူ့အနေနှင့် အေးဆေးစွာ တွေးတောရန် ခက်ခဲလှသည်။ သူ့စိတ်ထဲတွင် ရှိသည်က တာဝန်ရှိသူ မည်သူကို မဆို ဆွဲကိုင်၍ ဖြစ်ပျက်နေသည်ကို သိမြင်လာသည် အထိ ကိုင်လှုပ်ချင် မိသည်။ အခု ကိစ္စတွင်တော့ တာဝန်ရှိသူက ပူဇော်ရာ စင်မြင့်၏ အနောက်ရှိ အခေါင်းထဲတွင် လဲလျောင်းနေပြီ ဖြစ်သည်။ ထို့အတွက် မျှော်လင့်ချက်ကလေး တစွန်းတစတော့ ရှိသေးသည်ဟု ပြောရမည်။

"မကြာခင် ကျွန်တော်တို့မှာ ပရိုင်ရော် အသစ် ရတော့မှာပဲ။ သူက အားလုံးကို ပြန်ကောင်းသွားအောင် လုပ်ပေးနိုင်မှာပေါ့။" ဖိလစ်က ပြောသည်။

ကတ်ဘတ်က သူ့အား အထူးအဆန်းလို့ လှမ်းကြည့်သည်။ "ရီမီဂျီးယပ်စ် လား။ ပြန်ကောင်းသွားအောင် လုပ်နိုင်မတဲ့လား။"

ဖိလစ်အနေနှင့် ကတ်ဘတ် ဘာကို ဆိုလိုချင်သည်ကို မသေချာပေ။ "ရီမီဂျီးယပ်စ်က ပရိုင်ရော် အသစ်ဖြစ်မှာ မဟုတ်လား။ ဟုတ်တယ်မဟုတ်လား။"

"သူဖြစ်ဖို့တော့ များတယ်။"

ဖိလစ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ "သူကလည်း ပရိုင်ရော်ဂျိမ်းထက် ပိုကောင်းတာမှ မဟုတ်တာ။ ဘရာသာတွေက သူ့ကို ဘာလို့ မဲပေးရမှာလဲ။"

"ကောင်းပြီ။ သူတို့က လူစိမ်းတွေကို သံသယရှိတယ်။ အဲဒီအတွက် သူတို့မသိတဲ့သူကို သူတို့ မဲပေးကြမှာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ထဲက တစ်ယောက်ယောက် ဖြစ်ဖို့လိုတယ်။ ရီမီဂျီးယပ်စ်က လက်ထောက် ပရိုင်ရော်လည်း ဖြစ်တယ်။ ဒီမှာ ဝါအကြီးဆုံး ဘုန်းကြီးလည်း ဖြစ်တယ်။"

"ဒါပေမယ့် ဝါအကြီးဆုံး ဘုန်းကြီးကို ရွေးရမယ်လို့ ဘယ်စည်းကမ်းချက်မှာမှ ပြောမထားဘူး မဟုတ်လား။"

ဖိလစ်က ကန့်ကွက်လိုက်သည်။ "ရွေးရမယ့်သူက တခြား အရာရှိတွေထဲက တစ်ယောက်ယောက် ဖြစ်နိုင်တယ်။ ခင်ဗျားလည်း ဖြစ်နိုင်တာပဲ။"

ကတ်ဘတ်က ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်တော်ကိုမေးပြီးပြီ။ ဒါပေမယ့် ကျွန်တော်ငြင်းလိုက်တယ်။"
"ဘာလို့ငြင်းလိုက်တာလဲ။"

"ဖိလစ်။ ကျွန်တော်က အသက်ကြီးပြီ။ အခုလုပ်နေတဲ့ အလုပ်တောင်မှ အမြဲတမ်းလုပ်နေကျမို့လို့ အလိုအလျောက် လုပ်နိုင်နေတာ။ မဟုတ်ရင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီထက်ပိုပြီး တာဝန်ယူရရင် ကျွန်တော့်အတွက် များလွန်းတယ်။ ကျွန်တော့်မှာ ဒီလောက် ပစ္စလက္ခတ် ဖြစ်နေတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို တာဝန်ယူပြီး ပြင်ဆင်ပြောင်းလဲဖို့ အတွက် အင်အား မရှိတော့တာ သေချာတယ်။ နောက်ဆုံးတော့ ကျွန်တော်လည်း ရီမီဂျီးယပ်စ်နဲ့ ဘာမှ မထူးဘူး။"

ဖိလစ်အနေနှင့် မယုံနိုင်သေးပေ။ "တခြားသူတွေ ရှိသေးတယ်လေ။ ကျက်သရေခန်းမှူးရှိတယ်။ စည်းကမ်းထိန်းသိမ်းရေးမှူး ရှိတယ်။ သာမဏေမှူးရှိတယ်။"

"သာမဏေမှူးကလည်း ကျွန်တော့်လိုပဲ အသက်ကြီးပြီး ကျွန်တော့်ထက်ပို ပင်ပန်းနေပြီ။ ဧည့်သည်မှူးက အစားကြီးပြီး အရက်ပဲမူးနေတာ။ ကျက်သရေခန်းမှူးနဲ့ စည်းကမ်းထိန်းသိမ်းရေးမှူးက ရီမီဂျီးယပ်စ်ကို မဲပေးဖို့ အာမခံထားကြတယ်။ ဘာဖြစ်လို့လဲ။ ကျွန်တော်မသိဘူး။ ဒါပေမယ့် စဉ်းစားလို့ ရတယ်။ ရီမီဂျီးယပ်စ်က သူတို့ရဲ့ ထောက်ခံမှု အတွက် ဆုလာဘ်တစ်ခု အနေနဲ့ ကျက်သရေခန်းမှူးကို လက်ထောက် ပရိုင်ရော် အနေနဲ့ ရာထူးတိုးပေးမယ်။ စည်းကမ်းထိန်းသိမ်းရေးမှူးကို ကျက်သရေခန်းမှူး အနေနဲ့ ရာထူးတိုးပေးမယ်လို့ ကတိပေးထားမယ်။"

ဖိလစ်က ဂျုံမှုန့်အိတ်များပေါ်တွင် ထိုင်ချ၍ ထိုင်စရာ နေရာယူလိုက်သည်။ "ခင်ဗျားပြောတာက ရီမီဂျီးယပ်စ် အနေနဲ့ ရွေးကောက်ပွဲ အတွက် လက်ဝါးချင်း ရိုက်ထားပြီးပြီ ဆိုတဲ့ သဘောပေါ့။"

ကတ်ဘတ်က ချက်ချင်း ပြန်မဖြေပေ။ သူက ထိုင်နေရာမှ ထ၍ စတိုခန်း၏ အခြားတစ်ဖက်သို့ လျှောက်သွားသည်။ ထိုနေရာတွင် သူတန်းစီ နေရာချထားသော သစ်သားစည် အပြည့် ငါးရှဉ့်များ၊ သန့်ရှင်းသော ရေတစ်စည်နှင့် သုံးပုံ တစ်ပုံခန့် ဖြည့်ထားသော ဆားရည်တစ်စည်တို့ ရှိသည်။ "ကျွန်တော့်ကို ကူပါဦး"ဟု သူက ပြောသည်။ သူက ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး ရေထဲမှ ငါးရှဉ့်တစ်ကောင်ကို ရွေးလိုက်ကာ ငါးရှဉ့်၏ ခေါင်းကို ကျောက်သား ကြမ်းပြင်ဖြင့် ရိုက်လိုက်ပြီး ဗိုက်ကို ဓားဖြင့် ခွဲပြီး ရှင်းလိုက်သည်။။ ထို့နောက် သူက အားအင်ချိနဲ့စွာ လှုပ်ခါယမ်းနေဆဲ ဖြစ်သော ငါးရှဉ့်ကို ဖိလစ်အား လှမ်းပေးလိုက်ပြီး  "ရေပုံးထဲမှာ ဆေးပြီး ရေစည်ထဲကို ထည့်လိုက်ပါ။" ဟု သူက ပြောသည်။

"ဒီငါးရှဉ့်တွေက အီစတာပွဲ အကြို ဥပုသ်စောင့်ရင် ငါတို့ကို စားချင်စိတ် လျော့စေလိမ့်မယ်။"

ဖိလစ်က မသေမရှင် ဖြစ်နေသော ငါးရှဉ့်ကို ရေပုံးထဲတွင် တတ်နိုင်သမျှ သန့်စင်ဆေးကြော လိုက်ပြီး ဆားရည် အတွင်းသို့ ပစ်ထည့်လိုက်သည်။

ကတ်ဘတ်က နောက်ထပ် ငါးရှဉ့်တစ်ကောင်ကို ဗိုက်ခွဲရင်း ပြောသည်။ "ဖြစ်နိုင်ခြေ နောက်တစ်ခု ရှိသေးတယ်။ ပြင်ဆင်ရေးသမား ပရိုင်ရော် တစ်ယောက်။ သူ့ရဲ့ အဆင့်က လက်ထောက် ပရိုင်ရော်ထက် နိမ့်ပေ့မယ့် ကျက်သရေခန်းမှူး တို့ ပစ္စည်းထိန်း တို့နဲ့ အဆင့်အတူတူ ဖြစ်မယ့် ရွေးကောက်ခံ ဘုန်းကြီးတစ်ယောက်ပေါ့။"

ဖိလစ်က ငါးရှဉ့်ကို ရေပုံးအတွင်း ဗွမ်းကနဲ ပစ်ထည့်ရင်း မေးလိုက်သည်။ "ဘယ်သူလဲ။"
"ခင်ဗျားပေါ့။"
"ကျွန်တော်။" ဖိလစ်သည် အလွန်အံ့အားသင့် သွားသဖြင့် ငါးရှဉ့်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ တကယ်တမ်းတော့ ရာထူး အဆင့်အတန်းအရ သူသည်လည်း ပရိုင်ရော်ရီ၏ အရာရှိ တစ်ယောက် ဖြစ်သော်လည်း သူ့အနေနှင့် ကျက်သရေခန်းမှူးစသော အခြားသူများက သူ့ထက်စာလျှင် အလွန်အသက်ကြီးကြသဖြင့် သူတို့နှင့် အဆင့်အတူတူ ဖြစ်သည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ "ကျုပ်က အရမ်းငယ်လွန်းတယ်။"

"စဉ်းစားပါဦး။ ခင်ဗျားရဲ့ တစ်ဘဝလုံးကို ဘုန်းကြီးကျောင်းတွေမှာပဲ ကုန်ဆုံးခဲ့တယ်။ ခင်ဗျားဟာ အသက် ၂၁နှစ်မှာ ပစ္စည်းထိန်း ဖြစ်နေပြီ။ ခင်ဗျားဟာ ဘုရားကျောင်း သေးသေးကလေးတစ်ခုရဲ့ ပရိုင်ရော် အဖြစ် ၄-၅ နှစ်လောက် လုပ်ခဲ့ပြီးပြီ။ အဲဒီမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။ အဲဒီတော့ အားလုံးအတွက် ရှင်းနေတာက ဘုရားသခင်ရဲ့ လက်ဟာ ခင်ဗျား အပေါ်မှာ ရှိနေတယ် ဆိုတာပဲ။" ဟု ကတ်ဘတ်က ပြောသည်။

ဖိလစ်က လွတ်သွားသော ငါးရှဉ့်ကို ပြန်ဖမ်းလိုက်ပြီး ဆားရည် ထည့်ထားသော သစ်သားစည် အတွင်းသို့ ချလိုက်သည်။ ဘုရားသခင်ရဲ့ လက်က ကျုပ်တို့ အားလုံး အပေါ်မှာ ရှိတာပဲ။ သူက ဘာမှ အာမခံချက် မပေးဘဲ ပြောလိုက်သည်။ သူ့အနေနှင့် ကတ်ဘတ်၏ အကြံပြုချက်ကြောင့် ကြက်သေသေသွား မိသည်။ သူ့အနေနှင့် တက်ကြွသော ပရိုင်ရော် အသစ်တစ်ယောက်ကို လိုချင်မိသော်လည်း ထိုနေရာတွင် သူလုပ်ရလိမ့်မည်ဟု မတွေးဖူးခဲ့ချေ။ "ကျွန်တော်က ရီမီဂျီးယပ်ထက်စာရင် ပိုကောင်းတဲ့ ပရိုင်ရော် တစ်ယောက် ဖြစ်နိုင်တယ် ဆိုတာတော့ အမှန်ပဲ။" သူက စဉ်းစဉ်းစားစား ပြောလိုက်သည်။

ကတ်ဘတ်က ကျေနပ်သွားပုံ ပေါ်သည်။ "ခင်ဗျားမှာ အမှားရှိတယ် ဆိုရင်တောင် အဲဒါခင်ဗျားရဲ့ ရိုးစင်းမှုကြောင့်ပဲ ဖြစ်လိမ့်မယ်။"

ဖိလစ် အနေနှင့် သူ့ဘာသာ ရိုးစင်းသည်ဟု မထင်မိချေ။ "ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ။"

"ခင်ဗျားက လူတွေရဲ့ အခြေခံ စိတ်ရဲ့ စေ့ဆော်အားကို မကြည့်ဘူး။ ကျွန်တော်တို့ အများစုက ကြည့်ကြတယ်။ ဥပမာ အားဖြင့် ပြောရရင် ဘုန်းကြီးကျောင်း တစ်ကျောင်းလုံးက ခင်ဗျားဟာ ရွေးချယ်ခံမယ့် ဘုန်းကြီးတစ်ပါး ဖြစ်ပြီး ခင်ဗျားဒီကိုလာတာ သူတို့ကို မဲလာဆွယ်တာလို့ တစ်ထစ်ချ တွေးထားကြတယ်။ "

ဖိလစ် ဒေါသထွက်သွားသည်။  "သူတို့က ဘာလို့ အဲဒီလို ပြောကြတာလဲ။"

"ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေကို နိမ့်ကျတဲ့ သံသယစိတ်ရှိတဲ့ အမြင်နဲ့ ကြည့်ကြည့် စမ်းပါ။ ခင်ဗျားဟာ ပရိုင်ရော်ဂျိမ်း ကွယ်လွန်ပြီး ရက်အနည်းငယ် အတွင်းမှာ ရောက်လာတယ်။ ဒီမှာ ခင်ဗျားဆီကို လျို့ဝှက်သတင်းပို့ဖို့ လူတစ်ယောက်ကို ကြိုတင်စီစဉ် ထားသလိုပဲ။"

"ဒါပေမယ့် ကျွန်တော် အဲဒီလို စီစဉ်လိမ့်မယ်လို့ သူတို့ ဘာလို့ တွေးကြည့်ကြတာလဲ။"

"သူတို့မသိဘူး။ ဒါပေမယ့် ခင်ဗျားက သူတို့ထက် ပိုတော်တယ် ဆိုတာတော့ သူတို့ ယုံတယ်။" ကတ်ဘတ်က ငါးရှဉ့်များကို ဆက်လက်၍ ဗိုက်ခွဲနေသည်။ "ခင်ဗျားဒီနေ့ လုပ်ဆောင်ခဲ့တာတွေကို ကြည့်ဦး။ ခင်ဗျား ဝင်လာပြီး မြင်းဇောင်းကို အညစ်အကြေးတွေ ရှင်းခိုင်းတယ်။ ဝတ်ပြုဆုတောင်း အစည်းအဝေးကြီးမှာလည်း ဆော့နေတဲ ဘုန်းကြီးတွေ ကိစ္စ ဝင်ရှင်းတယ်။ နောက်ပြီး ဝီလီယမ် ဘူးဗစ်ကိုလည်း တခြားဘုန်းကြီးကျောင်းကို ပြောင်းဖို့ ကိစ္စ ပြောတယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်းကနေ အခြားတစ်ကျောင်းကို ပြောင်းပေးဖို့ဆိုတာ ပရိုင်ရော်မှာပဲ ရှိတဲ့ အခွင့်အရေး ဆိုတာ အားလုံး သိကြတယ်။ ခင်ဗျား တံတားပေါ်မှာ ရှိနေတဲ့ ဘရာသာပေါလ်ဆီကို ပူနေတဲ့ ကျောက်တုံး ပို့ပေးတာကလည်း ရီမီဂျီးယပ်စ်ကို သွယ်ဝိုက်သောနည်းနဲ့ ဝေဖန်တာပဲ။ နောက်ဆုံး တစ်ခုကတော့ ခင်ဗျား မီးဖိုဆောင်အတွက် အရသာရှိတဲ့ ချိစ်ကို ယူလာပေးတာပဲ။ ကျွန်တော်တို့ အားလုံး ညစာစားအပြီးမှာ အမြည်းစားလိုက်ရတယ်။ ဘယ်သူကမှ အဲဒီချိစ် ဘယ်ကလာတယ် မပြောပေမယ့် ကျွန်တော်တို့အားလုံး အတွက်တော့ ဒီချိစ်ရဲ့ အရသာဟာ တောအုပ်ထဲက စိန့်ဂျွန် ဘုရားကျောင်းက လာတယ်ဆိုတာ မမှားနိုင်ဘူး။"

ဖိလစ်အနေနှင့် သူ၏ လုပ်ဆောင်ချက်များကို အလွန်မှားယွင်းစွာ အဓိပ္ပာယ်ကောက် ကြသည့် အတွက် ရှက်သွားမိသည်။ "ဘယ်သူမဆို ဒီအလုပ်တွေကို လုပ်နိုင်ကြတာပဲ။"

"ဝါကြီးတဲ့ ဘယ်ဘုန်းကြီးမဆို အဲဒီအထဲက တစ်ခုခုတော့ လုပ်ကြမှာပါ။ ဒါပေမယ့် ဘယ်သူကမှတော့ အဲဒီအလုပ် အားလုံးကို လုပ်မှာ မဟုတ်ဘူး။ ခင်ဗျားက ဝင်လာပြီး အားလုံးကို ထိန်းလိုက်တယ်။ ခင်ဗျားက ဒီနေရာကို စတင်ပြီး ပြုပြင်ပြောင်းလဲနေပြီ။ အဲဒါကြောင့်လည်း ရီမီဂျီးယပ်စ်ရဲ့ ဘက်တော်သားတွေက ခင်ဗျားကို ပြန်ပြီး ရန်လုပ်နေကြတာပေါ့။ အဲဒါကြောင့်လည်း ကျက်သရေခန်းမှူး အင်ဒရူးက ခင်ဗျားကို အမိုးခုံးစင်္ကြန်အောက်မှာ ဒေါသတကြီးနဲ့ ရန်တွေ့တာပေါ့။ "

"အခုမှပဲ သဘောပေါက်တယ်။ ကျွန်တော်က သူဘာလို့ အဲဒီလို ဖြစ်သွားလဲလို့ တွေးနေတာ။" ဖိလစ်က ငါးရှဉ့်ကို ရေဆေးရင်း တွေးဆစွာ ပြောလိုက်သည်။ "စည်းကမ်းထိန်းသိမ်းရေးမှူးက ကျွန်တော့်ကို ညစာ မစားရအောင် လုပ်တာလဲ ဒီအကြောင်းကြောင့်ပဲ ဖြစ်မယ်လို့ ထင်တယ်။ "

"သိပ်မှန်တာပေါ့။ ဘုန်းကြီးတွေရဲ့ ရှေ့မှာ ခင်ဗျားကို အရှက်ကွဲစေမယ့် နည်းလမ်းတစ်ခုပေါ့။ ကျွန်တော်တော့ အဲဒီ လုပ်ဆောင်ချက် နှစ်ခုစလုံးက သူတို့ကို ပြန်ထိတယ်လို့ ကျုပ်ထင်တယ်။ ဒါနဲ့ အဲဒီ အပြစ်နှစ်ခု စလုံးက တရားမျှတမှု မရှိဘူး။ ဒါပေမယ့် ခင်ဗျားက နှစ်ခုစလုံးကို ကျက်သရေရှိရှိ တုံ့ပြန်ခဲ့တယ်။ တကယ်တော့ ခင်ဗျား သူတော်စင်တစ်ယောက်လိုပဲ လုပ်ဆောင်နိုင်ခဲ့တယ်။"

"ကျွန်တော်က အဲဒီလိုမျိုး ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ "

"သူတော်စင်တွေကလည်း အဲဒီလို ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူး။ ဟော ကိုးနာရီ ခေါင်းလောင်းထိုးပြီ။ ခင်ဗျား ကျန်တဲ့ ငါးရှဉ့်တွေကို ကျုပ်နဲ့ပဲ ထားခဲ့တော့။ ဝတ်ပြုအစည်းအဝေး ပြီးရင် စာဖတ်ချိန် ရောက်ပြီ။ အမိုးခုံးစင်္ကြန်အောက်မှာ ဆွေးနွေးဖို့ ခွင့်ပြုထားတယ်။ ဘရာသား အတော်များများက ခင်ဗျားနဲ့ စကားပြောချင်လိမ့်မယ်။"

"အဲဒီလောက် အမြန်ကြီး မဟုတ်ဘူးလေ။" ဖိလစ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "လူတွေက ကျွန်တော့်ကို ပရိုင်ရော် ဖြစ်ချင်တယ်လို့ သေချာပေါက် ထင်ကြတာက ကျွန်တော် ဝင်အရွေးခံလိမ့်မယ်လို့ မဆိုလိုဘူးလေ။" သူသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် အလားအလာကြောင့် စိုးရွံ့နေပြီး သူ ကောင်းမွန်စွာ စီမံခန့်ခွဲထားသော တောအုပ်အတွင်းမှ ဘုရားကျောင်းကလေးကို စွန့်ခွာပြီး ဖြေရှင်းရန် ခက်ခဲလှသော ကင်းဘရစ်ချ် ပရိုင်ရော်ရီမှ အလုပ်များကို တကယ် တာဝန် ယူချင်သလား ဆိုသည်ကို မသေချာ ဖြစ်နေသည်။ "ကျွန်တော် အချိန်ယူပြီး စဉ်းစားရဦးမယ်။" ဟု သူက ခွင့်ပန်လိုက်သည်။

"ကျွန်တော်သိပါတယ်။" ကတ်ဘတ်က သူ၏ ကိုယ်ကို မတ်လိုက်ပြီး ဖိလစ်၏ မျက်လုံးများအား စိုက်ကြည့်လိုက်သည်။

"ခင်ဗျား စဉ်းစားနေတဲ့ အချိန်မှာ သတိရဖို့က ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာက မကောင်းမှုဆိုတာ လူတိုင်းသိကြပေမယ့် လူတစ်ယောက်ဟာ အလွန်အမင်းနှိမ့်ချလွန်းတာလည်း ဘုရားသခင်ရဲ့ ဆန္ဒကို စိတ်ပျက်စရာ ဖြစ်အောင် လုပ်တာပဲ ဆိုတာပါပဲ။ "

ဖိလစ်က ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်တော် အဲဒီအချက်ကို သတိရမှာပါ။ ကျေးဇူးတင်ပါတယ်။"

သူသည် စတိုခန်းမှ ထွက်လာခဲ့ပြီး အမိုးခုံးစင်္ကြန်အောက်သို့ အလျှင်အမြန် လာခဲ့သည်။ အခြားသော ဘုန်းကြီးများ ဘုရားကျောင်း အတွင်း စီတန်းဝင်နေသော လူတန်းထဲသို့ ဝင်ပေါင်းလိုက်ချိန်တွင် သူ၏ စိတ်တို့က ရှုပ်ထွေးနေသည်။ သူ့အနေနှင့် ကင်းဘရစ်ချ် ၏ ပရိုင်ရော်တစ်ယောက် ဖြစ်ရမည့် အလားအလာအတွက် အလွန်အမင်း စိတ်လှုပ်ရှားနေကြောင်း ခံစားသိရှိလိုက်သည်။ သူ့အနေနှင့် ပရိုင်ရော်ရီ နှစ်ပေါင်းများစွာ ဖြစ်ကတတ်ဆန်း အလုပ်လုပ်နေသည်ကို ဒေါသထွက်ခဲ့ဖူးသည်။ ယခု အခါတွင်တော့ သူ့တွင် ထိုအရာအားလုံးကို ပြန်လည်တည့်မတ်ရန်အတွက် သူ့တွင် အခွင့်အရေးတစ်ခု ရှိလာပြီ ဖြစ်သည်။ ရုတ်တရက် ဆိုသလိုပင် သူလုပ်နိုင်ပါ့မလား ဆိုသည်ကို မသေမချာ ဖြစ်လာသည်။ ယခုအလုပ်မှာ ဘာလုပ်ရမလဲ ကြည့်၍ ဘယ်လိုလုပ်ရမလဲ ဆိုသည်ကို အမိန့်ပေးစေခိုင်းရုံမျှ မဟုတ်ပေ။ လူတွေကို ဆွဲဆောင် စည်းရုံးရမည်။ မြေယာပိုင်ဆိုင်မှုများကို စီမံခန့်ခွဲရမည်။ ပိုက်ဆံရှာရမည်။ ထိုအလုပ် အတွက် ပညာရှိသော ဦးခေါင်း လိုသည်။ တာဝန်မှာ အလွန်ကြီးလှသည်။

ယခင် အချိန်များကလိုပင် ဘုရားရှိခိုးကျောင်းက သူ့စိတ်အား ငြိမ်းချမ်းစေခဲ့သည်။ ဒီမနက် ဘရုတ်ဘရက် ဖြစ်သွားပြီးသည့်နောက်တွင် ဘုန်းကြီးများက တိတ်ဆိတ်ပြီး တည်ကြည်နေကြသည်။ သူသည် ဝတ်ပြု အစည်းအဝေးမှ ကြားနေကြ စာပိုဒ်များကို နားထောင်နေရင်း နှစ်ပေါင်းများစွာ ရေရွတ်လာသော ပြန်လည်ဖြေကြားမှုများကို တိုးညင်းစွာ ပြန်လည် ရွတ်ဆိုရေရင်း သူ၏ စိတ်ထဲတွင် ရှင်းလင်းစွာ ပြန်လည် တွေးတော လာနိုင်ခဲ့သည်။

ငါ ကင်းဘရစ်ချ်ရဲ့ ပရိုင်ရော် ဖြစ်ချင်သလား ဟု သူ့ဘာသာ ပြန်၍ မေးခွန်းထုတ်မိသည့်အခါ ဖြစ်ချင်တယ် ဆိုသော အဖြေက အလျှင်အမြန် ထွက်လာသည်။ ယိုယွင်းနေသော ဘုရားကျောင်းကို ဦးဆောင်ဖို့၊ ပြန်လည်ပြင်ဆင်ပြီး ဆေးပြန်သုတ်ကာ ဘုန်းကြီး တစ်ရာခန့်၏ သီချင်းသံ၊ ဘုရားရှိခိုးနေသူ တစ်ထောင်ခန့်က ငါတို့၏ အဖဘုရားသခင် ဆိုသော အသံတို့ဖြင့် ပြည့်လျှံ သွားစေဖို့ စသည်တို့နှင့်ပင် ဒီအလုပ်ကို သူလိုချင်မိသည်။ ထို့ပြင် နောက်တစ်ကြိမ် ကောင်းမွန်စွာ ပြန်ဖြစ်လာရန်နှင့် ထုတ်ကုန်တိုးလာရန် အတွက် ပြန်လည်၍ စီမံခန့်ခွဲရမည့် ပြန်လည်၍ အသက်သွင်းရမည့် ဘုရားကျောင်း၏ ပိုင်ဆိုင်မှုများလည်း ရှိသေးသည်။ သူ့အနေနှင့် ကောင်လေးတစု အမိုးခုံးစင်္ကြန်၏ အစွန်းတွင် ရေးဖို့ ဖတ်ဖို့ သင်ကြားနေသည်ကို မြင်ချင်သည်။

တခြား အကြောင်းအချက်တွေရော ရှိသေးသလားဟု သူမေးခွန်း ထုတ်မိပြန်သည်။ သူ့ကိုယ်သူ ပရိုင်ရော် အဖြစ် ပုံဖော်ကြည့်ပြီး ဘုရားသခင်၏ ဂုဏ်ကျက်သရေ အတွက် ဤသို့သော ဖွံ့ဖြိုးတိုးတက်မှုများကို ပြုနေချိန်တွင် သူ၏ နှလုံးသားထဲတွင်ရော ဂုဏ်ယူဝင်ကြွားမှု ရှိသေးသည်လား ဟု မေးမိသည်။

အဖြေကတော့ ရှိတယ် ဟုပင် ဖြစ်သည်။

ဘုရားကျောင်း၏ အေးမြပြီး မြင့်မြတ်သော ပတ်ဝန်းကျင်တွင် သူ့ဘာသာသူ လှည့်ဖြား၍ မရနိုင်ပေ။ သူ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ ဂုဏ်ကျက်သရေ အတွက် ဖြစ်သော်လည်း ဖိလစ်၏ ဂုဏ်ကျက်သရေကလည်း သူ့ကို ကျေနပ်နှစ်သိမ့်စေသည်။

 သူ့အနေနှင့် ဘယ်သူမှ စောဒကတက်၍ မရနိုင်သော အမိန့်များကို ပေးနေရသည်ကို ကြိုက်သည်။ ဆုံးဖြတ်ချက်များ ချနေသော၊ တရားမျှတအောင် စီရင်ပေးနေသော၊ အကြံဉာဏ်များ တိုက်တွန်းမှုများ ပေးနေသော၊ အပြစ် ဝန်ခံမှု များ လွတ်ငြိမ်းခွင့်များ ပေးနေသော သူ၏ ပုံကို မြင်ယောင်ကြည့်သောအခါ သင့်လျော်သည်ဟု မြင်မိသည်။ သူ့အနေနှင့် လူအများက "ဂွင်နက်က ဖိလစ်က ဒီနေရာကို ပြုပြင်ပြောင်းလဲခဲ့တယ်။ သူတာဝန်မယူခင် အချိန်အထိ ဒီနေရာက ဖြစ်ကတတ်ဆန်း ဖြစ်နေတာ။ အခုတော့ ကြည့်စမ်း။" ဟု ပြောနေသည်ကို စိတ်ကူးယဉ် ကြည့်မိသည်။

သို့သော်လည်း သူကောင်းကောင်း လုပ်နိုင်လိမ့်မည်ဟု ထင်သည်။ ဘုရားသခင်က ငါ့ကို မြေယာပိုင်ဆိုင်မှုတွေ စီမံခန့်ခွဲဖို့၊ လူစုလူဝေးကို ဦးဆောင်ဖို့ ဦးနှောက်တစ်ခု ပေးထားသည်။ ငါ့ အနေနဲ့ ဂွင်နက်မှာ ပစ္စည်းထိန်း ဖြစ်ခဲ့သလို တောအုပ်ထဲက စိန့်ဂျွန်ဘုရားကျောင်းမှာ ပရိုင်ရော် လုပ်ခဲ့သလို အဲဒါမှန်ကြောင်း သက်သေပြရမယ်။ ငါ ဦးဆောင်လုပ်ကိုင်တဲ့ အခါမှာ ဘုန်းကြီးတွေ ပျော်ရမယ်။ ငါ့ရဲ့ ပရိုင်ရော်ရီမှာ အသက်ကြီးတဲ့သူတွေ အအေးကြောင့် ကိုက်ခဲတာမျိုး အသက်ငယ်တဲ့ ဘုန်းကြီးတွေ အလုပ်မရှိလို့ စိတ်ပျက်တာမျိုး မဖြစ်စေရဘူး။ ငါ့အနေနဲ့ လူတွေကို စောင့်ရှောက်ရမယ်။ ဂွင်နက်နဲ့ တောအုပ်ထဲက စိန့်ဂျွန် ဘုရားကျောင်းက ကင်းဘရစ်ချ်နဲ့ ယှဉ်ရင်တော့ ပိုပြီး လွယ်ကူတာ အမှန်ပဲ။ ဂွင်နက်က နေရာက အရင်ကတည်းက ကောင်းခဲ့တဲ့ နေရာ။ တောအုပ်ထဲက ဘုရားကျောင်းက သူလွှဲယူလိုက်တဲ့ အချိန်မှာ ဒုက္ခများနေတာ ပေမယ့် အဲဒီနေရာ က သေးသေးလေးနဲ့ ထိန်းချုပ်ဖို့ လွယ်တဲ့နေရာ။ ကင်းဘရစ်ချ်ကို ပြုပြင် ပြောင်းလဲဖို့က တစ်သက်တာလုံး စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေမယ့် အလုပ်မျိုး။ မြေဘယ်လောက် ရှိသလဲ။ ဘယ်မှာ ရှိတာလဲ။ အဲဒီမြေပေါ်မှာ တောအုပ်လား စားကျက်လား ဂျုံခင်းလား ဘာတွေ ရှိသလဲ။ စတာမျိုး အရင်းအမြစ်တွေ ဘယ်လောက် ရှိသလဲ သိဖို့တောင် ရက်သတ္တပတ်ပေါင်း များစွာ လိုမယ်။ ပြန့်ကျဲနေတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့၊ ဘာမှားနေသလဲ သိအောင်လုပ်ပြီး မှန်အောင်လုပ်ဖို့၊ အစိတ်အပိုင်းတွေ အားလုံးကို စုစည်းပြီး ဖွံ့ဖြိုးအောင် လုပ်ဖို့ ဆိုတာ နှစ်ပေါင်းမျာစွာ ကြာလိမ့်မယ်။ တောအုပ်ထဲက ဘုရားကျောင်းမှာ သူ လုပ်ဖို့ လိုတာက တစ်ဒါဇင်လောက် ရှိတဲ့ လူငယ်တွေကို လယ်ကွက်ထဲမှာ အလုပ်ကြိုးကြိုးစားစား လုပ်အောင် လုပ်ဖို့ နဲ့ ဘုရားကျောင်းထဲမှာ စူးစူးစိုက်စိုက် ဘုရားရှိခိုးဖို့ပါပဲ။

ကောင်းပြီ။ ငါ့ရဲ့ ရည်ရွယ်ချက်က မသန့်စင်ဘူး။ ငါ့ရဲ့ စွမ်းဆောင်နိုင်မှုက သံသယ ဖြစ်စရာ ရှိတယ် ဆိုပါစို့ ဟု သူဝန်ခံရင်း တွေးမိသည်။ ငါ့အနေနဲ့ ရွေးကောက်ပွဲ မဝင်ဘဲ နေနိုင်တယ်။ အနည်းဆုံးတော့ ဝင်ကြွားမှုကြောင့် ဖြစ်လာတဲ့ အပြစ်ကို သေချာပေါက် ရှောင်နိုင်မယ်။

ဒါပေမယ့် ကတ်ဘတ် ပြောခဲ့တဲ့ စကားက ဘာလဲ။ "လူတစ်ယောက်ဟာ အလွန်အမင်းနှိမ့်ချလွန်းတာလည်း ဘုရားသခင်ရဲ့ ဆန္ဒကို စိတ်ပျက်စရာ ဖြစ်အောင် လုပ်တာပဲ။" ဆိုတာ။

ဘုရားသခင်က ဘာကိုလိုချင်တာလဲဟု သူ့ဘာသာသူ နောက်ဆုံး ပြန်မေးမိသည်။ သူ ရီမီဂျီးယပ်စ်ကို လိုချင်တာလား။

ရီမီဂျီးယပ်စ်ရဲ့ စွမ်းဆောင်နိုင်မှုက ငါ့ထက်နည်းတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကလည်း သူ့လောက် မစင်ကြယ်ဘူး။ တခြား အရွေးခံမယ့်သူ မရှိဘူးလား။ အခုတော့ မရှိဘူး။ ဘုရားသခင်က တတိယ ဖြစ်နိုင်ခြေတစ်ခုကို ဖော်ထုတ် မပြမချင်း ငါတို့ အနေနဲ့ စွဲမှတ်ထားရမှာက ရွေးချယ်စရာက ငါနဲ့ ရီမီဂျီးယပ်စ် နှစ်ယောက်ကြားမှာ ရှိတယ် ဆိုတာပါပဲ။ ရီမီဂျီးယပ်စ်က ပရိုင်ရော်ဂျိမ်း နာမကျန်း ဖြစ်နေတုန်းက သူဒီနေရာကို အုပ်ချုပ်သလိုပဲ ဆက်ပြီး အုပ်ချုပ်မယ်ဆိုတာ အထင်အရှားပါပဲ။ ဆိုလိုတဲ့ အဓိပ္ပာယ်က သူ့အနေနဲ့ ပျင်းရိနေမယ်။ ဂရုမစိုက်ပဲထားမယ်။ ဆက်ပြီး ယိုယွင်းတာကို ကြည့်နေမယ် ဆိုတဲ့ သဘောပါပဲ။ ငါကရော။ ငါ့မှာ ဂုဏ်ယူမှု အပြည့်ရှိတယ်။ ငါ့ရဲ့ ပါရမီက သက်သေမပြရသေးဘူး။ ဒါပေမယ့် ငါ ဒီဘုန်းကြီးကျောင်းကို ပြုပြင်ပြောင်းလဲမယ်။ တကယ်လို့ ဘုရားသခင်က ငါ့ကိုခွန်အား ပေးမယ်ဆိုရင် ငါအောင်မြင်မှာပဲ။
ကောင်းပြီ။ အဲဒါဆို။ ဝတ်ပြုဆုတောင်းပွဲက ပြီးဆုံးတော့မယ် ဖြစ်သလို သူက ဘုရားသခင်ကို ပြောလိုက်သည်။ ကောင်းပြီ။ ကျွန်တော် အဲဒါဆိုရင် ရွေးကောက်ခံမယ့် သူအဖြစ် လက်ခံမယ်။ ကျွန်တော့်မှာ ခွန်အားရှိသမျှ ဒီရွေးကောက်ပွဲကို နိုင်အောင် လုပ်မယ်။ တကယ်လို့ သင် ကျွန်တော့် ကို သင်မပြောပြချင်တဲ့ အကြောင်းအချက်တစ်ခုအတွက် မလိုအပ်ဘူး ဆိုရင်လည်း သင့်အနေနဲ့ ကျွန်တော့်ကို ဖြစ်နိုင်တဲ့ နီးနဲ့ တားဖို့ပဲ ရှိတယ်။

ဖိလစ်သည် ဘုန်းကြီးကျောင်းတွင် နှစ်ဆယ့်နှစ် နှစ်မျှ နေခဲ့ဖူးသော်လည်း သူ့အနေနှင့် အသက်ရှည်သော ပရိုင်ရော်များ အောက်တွင်သာ နေခဲ့ဖူးသဖြင့် ရွေးကောက်ပွဲအကြောင်း မသိပေ။ ဤပွဲသည် ဘုန်းကြီးကျောင်းတွင်း ဘဝတွင် သီးခြားဖြစ်နေသော  ပွဲတစ်ခုဖြစ်သည်။ မဲပေးရာတွင် ဘရာသာများ အနေနှင့် မည်သူ့ အမိန့်ကိုမျှ နာခံရန် မလိုဘဲ ရုတ်တရက် ဆိုသလို အားလုံး ညီတူမျှတူ ဖြစ်သွားသည်။

 ဒဏ္ဍာရီတွေသာ မှန်ခဲ့မည် ဆိုလျှင် တစ်ချိန်တစ်ခါက ဘုန်းကြီးများသည် အရာအားလုံးတွင် ညီတူညီမျှ ဖြစ်ကြသည်။ ယောက်ျားတစ်စုသည် ရမ္မက်သွေးသားတို့၏ ကမ္ဘာကို ကျောခိုင်းရန် ဆုံးဖြတ်ပြီး တောရိုင်းမြေထဲတွင် သူတို့ ဘုရားရှိခိုးရန် နှင့် မိမိဘာသာ ချုပ်တီးနေနိုင်ရန် ကျောင်းသင်္ခမ်း တစ်ခု တည်ဆောက်ခဲ့ကြသည်။ သူတို့သည် ဖုန်းဆိုးမြေ တစ်ခုကို ရယူပြီး သစ်တောများကို ရှင်းလင်း၍ ညွန်များကို ဖောက်ထုတ်ကြသည်။  မြေကြီးများကို ပြင်ဆင်၍ သူတို့၏ ဘုရားကျောင်းကို အတူတကွ ဆောက်ခဲ့ကြသည်။ ထိုအချိန်များက သူတို့သည် ညီအစ်ကို များကဲ့သို့ပင် ဖြစ်သည်။ ပရိုင်ရော် ဆိုသည်မှာ ဘွဲ့၏ အဓိပ္ပာယ် အရေးကြီးသူ ဟု အဓိပ္ပာယ် အတိုင်း ညီမျှသူများထဲမှ ပထမဆုံး အရေးကြီးသူ ဖြစ်သည်။သူတို့သည် စိန့် ဘယ်နဒစ်၏ စည်းမျဉ်းများကို နာခံပါမည်ဟု ကျိန်ဆိုကြသည်။ ဘုန်းကြီးကျောင်း အရာရှိများကို နာခံပါမည်ဟု ကျိန်ဆိုကြသည် မဟုတ်ပေ။ သို့သော်လည်း အခုအခါ ထိုသို့ ရှေးဦးပိုင်း ဒီမိုကရေစီမှ ကျွင်းကျန်ခဲ့သည်က ပရိုင်ရော်နှင့် ကျောင်းထိုင်ဘုန်းကြီး ရွေးကောက်ပွဲပင် ဖြစ်သည်။

အချို့သော ဘုန်းကြီးများက သူတို့၏ လုပ်ပိုင်ခွင့်နှင့် နေသားတကျ မရှိပေ။ သူတို့က ဘယ်လို မဲပေးရမည် ဆိုသည်ကို ပြောစေချင်ကြသည်။ သို့မဟုတ် သူတို့က ဆုံးဖြတ်ချက်ကို ဝါကြီးသော ဘုန်းကြီးများ အစုအဝေးသို့ လွှဲပေးချင် ကြသည်။ တစ်ချို့က အခွင့်အရေးကို အလွဲသုံးစား လုပ်ပြီး ရိုင်းချင်ကြသည် သို့မဟုတ် သူတို့၏ ထောက်ခံမှုအတွက် တစ်ခုခု ပြန်တောင်းဆိုချင် ကြသည်။ အများစုမှာ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချနိုင်ဖို့ အတွက် စိတ်ပူပန်နေကြသည်သာ ဖြစ်သည်။

ထိုနေ့ ညနေပိုင်းက အမိုးခုံး စင်္ကြန်အောက်တွင် ဖိလစ်က သူတို့ အတော်များများနှင့် တစ်ယောက်ချင်း ဖြစ်စေ အစုအဖွဲ့ အလိုက် ဖြစ်စေ စကားပြောဖြစ်သည်။ သူက သူတို့အား သူ ဒီအလုပ်ကို လိုချင်ကြောင်း၊ သူသည် အသက်ငယ်သော်လည်း ရီမီဂျီးယပ်စ်ထက် ပိုကောင်းအောင် လုပ်နိုင်မည်ဟု ထင်ကြောင်း ပွင့်လင်းစွာ ပြောသည်။ သူတို့မေးသော မေးခွန်းများကို ပြန်ဖြေပေးသည်။ အများစုမှာ အစားအသောက် ခွဲဝေမှု ဆိုင်ရာ မေးခွန်းများပင် ဖြစ်သည်။ စကားပြောပြီးသည့် အခါတိုင်း သူအဆုံးသတ် အနေဖြင့် "ကျွန်တော်တို့ တစ်ဦး တစ်ယောက်ချင်း စဉ်းစားပြီး ဘုရားသခင်ကို တိုင်တည်ပြီး ဆုံးဖြတ်ကြမယ် ဆိုရင် ဘုရားသခင်က ရလာဒ်ကို ကောင်းချီးပေးမှာပါ။" ဟု ပြောသည်။ ထိုစကားမှာ ပညာရှိသော စကားဖြစ်ပြီး သူကိုယ်တိုင်လည်း ယုံကြည်သည်။

နောက်တစ်နေ့မနက်တွင် မီးဖိုဆောင်မှူး မိလိယပ်စ်က သူတို့နှစ်ဦး အတူ ပေါင်မုန့်ကြမ်းနှင့် ဘီယာနည်းနည်းကို နံနက်စာ အဖြစ် စားနေချိန် မီးဖိုဆောင် အကူ ကောင်လေးများက မီးတောက်ကို အရှိန်ပြင်းအောင် လုပ်နေချိန်တွင် သူ့ကို ပြောသည်။ "ကျွန်တော်တို့ နိုင်တော့မယ်။"

ဖိလစ်က ပေါင်မုန့် မည်းမည်း ကြမ်းကြမ်း၏ တစ်ပိုင်းကို ကိုက်ဖဲ့လိုက်ပြီး တစ်ငုံစာ ဘီယာနှင့် ပျော့သွားအောင် လုပ်လိုက်သည်။ မိလိယပ်စ်သည် ထက်မြက်သော၊ ပျော်ရွှင်တက်ကြွသော လူငယ်တစ်ဦး ဖြစ်ပြီး ကတ်ဘတ်၏ လက်ရင်းတပည့်နှင့် ဖိလစ်ကို အားကျသူ ဖြစ်သည်။ သူ့တွင် နက်မှောင်ဖြောင့်တန်းသော ဆံပင်များ ရှိပြီး သေးငယ်သော မျက်နှာပေါ်မှာ သပ်ရပ်ပြီး ပုံစံကျသော အသွင်အပြင်ရှိသည်။ ကတ်ဘတ်ကဲ့သို့ပင် သူသည် ဘုရားသခင် အတွက် လက်တွေ့ကျကျ အလုပ်လုပ်ပေးသူ တစ်ဦးဖြစ်ပြီး ဝတ်ပြုဆုတောင်းပွဲ အတော်များများကို မတက်ဖြစ်သူ ဖြစ်သည်။။ ဖိလစ်က သူ၏ အကောင်းမြင်မှု အတွက် သံသယဖြစ်မိသည်။ "ခင်ဗျား ဘာဖြစ်လို့ အဲဒီလို ကောက်ချက်ချနိုင်သလဲ။" ဟု ဖိလစ်က မယုံကြည်နိုင်သလို မေးလိုက်သည်။

"ကတ်ဘတ်ရဲ့ ဘက်က လူတွေ အားလုံးက ခင်ဗျားကို ထောက်ခံတယ်။ ဝတ်ရုံမှူးရယ်၊ ဆေးရုံမှူးရယ်၊ သာမဏေမှူးရယ်၊ ကျွန်တော်ရယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အားလုံးက ခင်ဗျားက ပစ္စည်းတွေ ကောင်းကောင်းပံ့ပိုးပေးနိုင်တဲ့သူ ဆိုတာ သိလို့။ အခုလက်ရှိ အုပ်ချုပ်မှုအောက်မှာ ပစ္စည်းပံ့ပိုးမှုက အဓိက ပြသနာပဲ။ တခြား ရိုးရိုးဘုန်းကြီးတွေကလည်း ဒီအတွက် ခင်ဗျားကို မဲပေးမှာပဲ။ သူတို့ကလည်း ခင်ဗျားဟာ ပရိုင်ရော်ရီရဲ့ ကြွယ်ဝမှုကို ပိုကောင်းအောင် စီမံခန့်ခွဲနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီအတွက် သူတို့ ပိုပြီး သက်တောင့်သက်သာ နေနိုင်မယ်။ အစားလည်း ပိုပြီးကောင်းကောင်းစားရမယ်။"

ဖိလစ်က မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်တော် ဘယ်သူ့ကိုမှ တလွဲမတွေး စေချင်ဘူး။ ကျွန်တော် ပထမဆုံး လုပ်မယ့် အလုပ်က ဘုရားကျောင်းကို ပြင်ဆင်ဖို့နဲ့ ဝတ်ပြုပွဲတွေကို ပိုကောင်းလာအောင် လုပ်ဖို့။ ဒါက အစားအသောက် ထက် ပိုပြီး အရေးကြီးတယ်။"

"ဟုတ်တယ်။ ဒါကို သူတို့ သိပါတယ်။" မိလိယပ်စ်က ခဏမျှ ဆိုင်းလိုက်ပြီးမှ ဆက်ပြောသည်။ အဲဒါကြောင့်လည်း တည်းခိုဆောင်မှူး နှင့် တခြား တစ်ယောက်နှစ်ယောက်က ရီမီဂျီးယပ်စ်ကိုပဲ မဲပေးကြမှာ။ သူတို့ အနေနဲ့ ပစ္စလက္ခတ် အုပ်ချုပ်ရေး နဲ့ အေးအေးဆေးဆေး ဘဝကိုပဲ​ ပိုပြီး နှစ်သက်ကြတာ။ တခြားသူ့ကို ထောက်ခံတဲ့သူတွေ သူ့ရဲ့ ဘက်တော်သားတွေ။ သူ အုပ်ချုပ်တဲ့ အချိန်ကျရင် အထူးအခွင့် အရေးတွေကို မျှော်မှန်းလို့။ ကျက်သရေခန်းမှူး၊​ စည်းကမ်းထိန်းသိန်းရေးမှူး၊​ ဘဏ္ဍာထိန်း စတဲ့ သူတွေပေါ့။ ဂီတမှူးကတော့ ကျက်သရေခန်းမှူးရဲ့ သူငယ်ချင်းပဲ။ ဒါပေမယ့် ခင်ဗျားက စာကြည့်တိုက်မှူး တစ်ယောက် ခန့်ပေးပါမယ်လို့ ကတိပေးရင် ကျွန်တော်တို့ ဘက်ကို ပါလာနိုင်တယ်။"

ဖိလစ်က ခေါင်းငြိမ့်လိုက်သည်။ ဂီတမှူးသည် ဂီတနှင့် ပတ်သက်ပြီး တာဝန်ရှိသူ ဖြစ်ပြီး သူ့အနေနှင့် ဂီတအပြင် စာအုပ်များကို ထိန်းသိမ်း စောင့်ရှောက်ရသော အလုပ်ကို အပိုမလုပ်သင့်ဟု ခံစားချက်ရှိသူ ဖြစ်သည်။ "အဲဒါက ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းတဲ့ အကြံပဲ။" ဟု ဖိလစ်က ပြောသည်။ "ကျွန်တော်တို့ စာအုပ်တွေ ထပ်ပြီး စုဆောင်းဖို့ စာကြည့်တိုက်မှူး တစ်ယောက်တော့ လိုတာပဲ။ "

မိလိယပ်စ်က သူ၏ခွေးခြေပေါ်မှ ထလိုက်ပြီး မီးဖိုချောင်သုံး ဓားကို သွေးနေသည်။ သူ့တွင် ခွန်အား အလွန်များပြားသဖြင့် သူ့လက်များနှင့် တစ်ခုခု လုပ်နေမှ ရမည်ဟု ဖိလစ် တွေးမိသည်။ "ဒီမှာ မဲပေးနိုင်တဲ့ ဘုန်းကြီး ၄၄ ပါး ရှိတယ်။" မိလိယပ်စ်က ပြောသည်။ တကယ်တော့ ၄၅ ပါး ရှိသည် ဖြစ်သော်လည်း တစ်ယောက်က ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။  "ကျွန်တော် ခန့်မှန်းနိုင်သလောက် ဆိုရင် ကျွန်တော်တို့ဘက်မှာ ၁၈ ယောက် ရှိတယ်။ ရီမီဂျီးယပ်စ် ဘက်မှာ ၁၀ ယောက် ရှိတယ်။ ၁၆ ယောက်က ဘယ်ဘက်ကို မဲပေးမယ် မသိဘူး။ ကျွန်တော်တို့ဘက်က မဲအရေအတွက် သာဖို့ ၂၃ ​ယောက် ရှိရမယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က ဟိုဘက်ဒီဘက် ယိမ်းနိုင်တဲ့သူတွေထဲက ကျွန်တော်တို့ ဘက်ကို ၅ ယောက်ပါဖို့ လိုတယ်။"

"ခင်ဗျားက အဲဒီလို တွက်လိုက်တော့လည်း လွယ်လွယ်လေးပဲ။"ဟု ဖိလစ်က ပြောသည်။ "ကျွန်တော်တို့မှာ အချိန်ဘယ်လောက် ရှိသေးလဲ။"

"​ပြောလို့ မရဘူး။ ဘရာသာတွေက ရွေးကောက်ပွဲကို လုပ်ရတာ။ ကျွန်တော်တို့ လုပ်တာ သိပ်စော သွားရင်လည်း ဘစ်ရှော့က ကျွန်တော်တို့ ရွေးတဲ့သူကို အတည်ပြုဖို့ ငြင်းနိုင်တယ်။ ကျွန်တော်တို့ ဘက်က သိပ်ကြာသွားရင်လည်း သူက ရွေးကောက်ပွဲလုပ်ဖို့ အမိန့်ပေးလိမ့်မယ်။ သူ့ဘက်ကလည်း ရွေးကောက်ခံမယ့်သူ တစ်ယောက်ကို အဆိုပြုခွင့် ရှိတယ်။ အခု အချိန်ထိတော့ သူ့အနေနဲ့ ပရိုင်ရော် အဟောင်း ကွယ်လွန်သွားတာကို သိပုံ မရသေးဘူး။"

"အဲဒါဆိုရင်လည်း ကြာနိုင်သေးတာပေါ့။ "

"ဟုတ်တယ်။ ကျွန်တော်တို့ဘက်က မဲအများစု ရှိတယ်လို့ ယုံကြည်တယ် ဆိုရင် ခင်ဗျား အနေနဲ့ ခင်ဗျားရဲ့ ဘုရားကျောင်းကို ပြန်သွားတော့။ အားလုံးပြီးတဲ့ အထိ ဒီကနေ ရှောင်နေပေတော့။"

ဖိလစ်က သူ၏ အကြံပေးချက်ကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ။ "

"ရင်းနှီးမှုက မလေးမခန့်မှုကို ဖြစ်စေတယ်။ " မိလိယပ်စ်က သူ သွေးထားသော ဓားကို စိတ်ပါလက်ပါ ဝှေ့ယမ်းလိုက်သည်။

"ကျွန်တော် ခင်ဗျားကို မလေးမစား လုပ်သလို ဖြစ်သွားရင် ခွင့်လွှတ်ပါ။ ဒါပေမယ့် ခင်ဗျားမေးလို့ ပြောရတာပါ။ အခု အချိန်မှာ ခင်ဗျားမှာ ပုံရိပ်ကောင်း တစ်ခု ရှိတယ်။ ခင်ဗျားဟာ အထူးသဖြင့် ကျွန်တော်တို့လို ငယ်ရွယ်တဲ့ ဘုန်းကြီးတွေ​အတွက်တော့ အဝေးက စင်ကြယ်တဲ့ ပုံရိပ်တစ်ခုပဲ။ ခင်ဗျားဟာ ဘုရားကျောင်းလေးမှာ အံဩဘနန်း ကိစ္စတွေကို လုပ်ပြခဲ့တယ်။ ပြုပြင်ပြောင်းလဲပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင် လုပ်ခဲ့တယ်။ ခင်ဗျားဟာ စည်းကမ်းကြီးတဲ့သူပေမယ့် ခင်ဗျားရဲ့ ဘုန်းကြီးတွေကို ကောင်းကောင်း စားရအောင် လုပ်ပေးတယ်။ ခင်ဗျားဟာ မွေးရာပါ ခေါင်းဆောင်ပဲ။ ဒါပေမယ့် ခင်ဗျား ခေါင်းကို ညွှတ်ပြီး အငယ်ဆုံး သာမဏေ တစ်ယောက်လို ဝေဖန်တာကို ခံနိုင်တယ်။ ခင်ဗျားဟာ စာပေကျမ်းဂန်တွေလည်း သိပြီးတော့ နိုင်ငံအတွင်းမှာ အကောင်းဆုံး ချိစ်ကိုလည်း လုပ်နိုင်တယ်။"

"ဒါကတော့ ခင်ဗျား ပိုပြီးပြောနေတာပဲ။"

"အများကြီး မပိုပါဘူး။"
"ကျွန်တော့်ကို လူတွေ​ အဲဒီလို ထင်ထားလိမ့်မယ်ဆိုတာ ယုံနိုင်စရာ မရှိဘူး။ သဘာဝ မကျဘူး။ "
 တကယ်လည်း သဘာဝ မကျပါဘူး။ မိလိယပ်စ်က ပုခုံးကို အသာတွန့်ပြီး အသိအမှတ် ပြုလိုက်သည်။ တကယ်လို့ သူတို့ ခင်ဗျား အကြောင်းကို သိလာကြပြီ ဆိုရင် အဲဒီလို ထင်ကြတော့မှာ မဟုတ်ဘူး။ ခင်ဗျား ဒီမှာနေမယ် ဆိုရင် အဲဒီ ပုံရိပ်ကောင်း ပျောက်သွားမယ်။ သူတို့ ခင်ဗျား သွားကြားထိုးတာ၊ တင်ပါးကုတ်တာတွေက အစ မြင်ကြမယ်။ ခင်ဗျား အိပ်ရင်ဟောက်တာ၊ လေလည်တာကို ကြားကြမယ်။ သူတို့ အနေနဲ့ ခင်ဗျား စိတ်အခန့်မသင့် တဲ့ အချိန်၊ ခင်ဗျားရဲ့ မာနကို ထိပါးတဲ့ အချိန်၊ ခင်ဗျား ခေါင်းကိုက်တဲ့ အချိန် ဘယ်လို ပုံစံလဲ ဆိုတာ သိလာကြမယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့ အဲဒီလို ဖြစ်တာကို မလိုချင်ဘူး။ သူတို့ရဲ့ စိတ်ထဲမှာ ခင်ဗျားရဲ့ ပုံရိပ်က တောက်ပနေတုန်း အားလုံး ပြည့်ဝနေတုန်း သူတို့ အနေနဲ့ ရီမီဂျီးယပ်စ် အမှားကြီးတွေ လုပ်တာ၊ ကောင်းကောင်း စီမံခန့်ခွဲမှု မလုပ်နိုင်တာတွေကို နေ့တိုင်း မြင်စမ်းပါစေ။"

"အဲဒါမျိုးတော့ ကျွန်တော် မကြိုက်ဘူး။" ဖိလစ်က စိတ်အနှောင့်အယှက် ဖြစ်သံဖြင့် ပြောသည်။ "အဲဒါ လိမ်လည်ကောက်ကျစ်တာလို့ ခံစားရတယ်။"
"ဘာမှ မရိုးသားတာ ပါတာ မဟုတ်ပါဘူး။" ဟု မိလိယပ်စ်က ကန့်ကွက်သည်။ "အဲဒါက ခင်ဗျား ပရိုင်ရော် ဖြစ်တဲ့ အချိန်မှာ ဘုရားသခင်ရဲ့ အမှုတော်ကို ဘယ်လိုထမ်းမယ်။ ရီမီဂျီးယပ်စ်က ဘယ်လို ဆိုးဆိုးရွားရွား အုပ်ချုပ်မယ် ဆိုတာရဲ့ တကယ့် ပုံရိပ်ပဲလေ။"

ဖိလစ်က သူ့ခေါင်းကို ခါလိုက်သည်။ "ကျွန်တော်ကတော့ နတ်သားတစ်ပါးလို ဟန်ဆောင်ဖို့ ငြင်းတယ်။ ကောင်းပြီ။ ကျွန်တော် ဒီမှာတော့ မနေဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် တောထဲကို ပြန်ရမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဘရာသာတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့လိုတယ်။ ကျွန်တော်တို့က သူတို့က မှားနိုင်တဲ့၊ မပြည့်ဝတဲ့ ၊​ သူတို့ရဲ့ အကူအညီနဲ့ ဆုတောင်းတွေ လိုတဲ့ လူတစ်ယောက်ကို ရွေးခိုင်းတာ။"
"သူတို့ကို အဲဒီလို ပြောလိုက်စမ်းပါ။" မိလိယပ်စ်က စိတ်အားထက်သန်စွာ ပြောသည်။ "ဒါအကောင်းဆုံးပဲ။ သူတို့ ကြိုက်မှာ အမှန်ပဲ။"

သူကတော့ ဘယ်လိုပြောပြော ရမှာ မဟုတ်ဘူးဟု ဖိလစ်တွေးမိသည်။ သူက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။ "ဟိုဘက်ဒီဘက် ယိမ်းနိုင်တဲ့ သူတွေ အပေါ် ခင်ဗျား ဘယ်လိုထင်သလဲ။ ဆုံးဖြတ်ချက် မချရသေးတဲ့ ဘရာသာတွေပေါ့။"

"သူတို့က ရှေးရိုးစွဲတွေ။" မိလိယပ်စ်က တုံ့ဆိုင်းမနေဘဲ ပြန်ပြောသည်။ "သူတို့က ရီမီဂျီးယပ်စ်ကို အသက်ကြီးတဲ့ သူ၊ နည်းနည်းပဲ အပြောင်းအလဲ လုပ်မယ့်သူ၊ ဘာလုပ်မယ် ဆိုတာ ခန့်မှန်းလို့ ရတဲ့သူ၊ အခု အချိန်မှာ အုပ်ချုပ်နေတဲ့ သူ အဖြစ် မြင်တယ်။"

ဖိလစ်က သဘောတူသည့် အနေနှင့် ခေါင်းငြိမ့်ပြသည်။ "သူတို့က ကျွန်တော့်ကို သတိထားပြီး ကြည့်ကြမယ်။ ကိုက်နိုင်တဲ့ အစိမ်းသက်သက် ခွေးတစ်ကောင်နဲ့ တွေ့သလိုပေါ့။ "

ချက်ပတာစုဝေးပွဲ အတွက် ခေါင်းလောင်းက မြည်လာခဲ့သည်။ မိလိယပ်စ်က သူ၏ နောက်ဆုံး ဘီယာကို မျိုချလိုက်သည်။ အခု ခင်ဗျားကို သူတို့ တစ်နည်းတစ်ဖုံ တိုက်ခိုက်ကြလိမ့်မယ် ဖိလစ်။ ဘယ်လိုပုံစံမျိုးနဲ့ လာမယ်ဆိုတာတော့ ကျွန်တော် မခန့်မှန်း နိုင်ဘူး။ ဒါပေမယ့် သူတို့က ခင်ဗျားကို လူငယ်စိတ် မပျောက်သေးတဲ့သူ၊ အတွေ့အကြုံ မရှိတဲ့သူ၊ ခေါင်းမာတဲ့သူ၊ စိတ်မချရတဲ့သူ တစ်ယောက် အဖြစ် ပုံဖော်ဖို့ ကြိုးစား ကြလိမ့်မယ်။ ခင်ဗျားအနေနဲ့ တည်တည်ငြိမ်ငြိမ်၊ သတိကြီးကြီး၊ ခေါင်းအေးအေးနဲ့ ပုံ ပေါက်အောင် နေရမယ်။ ဒါပေမယ့် ခင်ဗျားကို ကာကွယ်ဖို့ ကျွန်တော်နဲ့ ကတ်ဘတ်ရဲ့ တာဝန်ထားပါ။"

ဖိလစ်အနေနှင့် စိတ်ထဲတွင် လေးလံသလို ခံစားလာရသည်။ ဤ အရာမှာ ပုံစံ အသစ်တစ်မျိုး ဖြစ်သည်။ သူ လုပ်သမျှ အရာ အားလုံးကို လုပ်သင့်မလုပ်သင့် ဝေခွဲရန်နှင့် အခြားသူများက မည်သို့မည်ပုံ အဓိပ္ပာယ်ဖွင့် ကောက်ချက်ချ ကြမည်ကို တွက်ချက်ရန် ဖြစ်သည်။ နည်းနည်းတော့ သဘောမတူသည့် အသံဖြင့် သူက ပြောလိုက်သည်။ "ပုံမှန်အားဖြင့်တော့ ကျွန်တော့် အနေနဲ့ ဘုရားသခင်က ကျုပ်ရဲ့ အပြုအမူကို ဘယ်လိုမြင်မလဲ ဆိုတာပဲ တွေးပါတယ်။"

"ကျွန်တော် သိတယ်။ ကျွန်တော် သိတယ်။ " မိလိယပ်စ်က စိတ်မရှည်သည့် အသံဖြင့် ပြောသည်။ "ဒါပေမယ့် ရိုးရှင်းတဲ့ သူတွေက ခင်ဗျားရဲ့ အပြုအမူတွေကို မှန်မှန်ကန်ကန်မြင်အောင် ပြတာတော့ အပြစ် မဟုတ်ပါဘူး။ "

ဖိလစ်က မျက်မှောင်ကြုတ်လိုက်သည်။ မိလိယပ်စ် ပြောသမျှ သည် စိတ်ပျက်စရာ ကောင်းလောက်အောင်ပင် လက်ခံနိုင်ဖွယ် ဖြစ်နေသည်။

သူတို့သည် မီးဖိုးဆောင်မှ ထွက်ခွာခဲ့ကြပြီး ထမင်းစားဆောင်ကို ဖြတ်၍ အမိုးခုံး စင်္ကြန်အောက်သို့ လာခဲ့ကြသည်။

ဖိလစ် အနေနှင့် အလွန်အမင်း စိတ်လှုပ်ရှား နေသည်။ တိုက်ခိုက်မှု။ တိုက်ခိုက်မှု တစ်ခု ဆိုတာ ဘာကို ဆိုလိုတာလဲ။ သူတို့ သူ့အကြောင်း မဟုတ်တာ ပြောကြမှာလား။ သူ ဘယ်လို တုံ့ပြန်ရမလဲ။ တကယ်လို့ လူတွေက သူ့အကြောင်း မဟုတ်တာ ပြောရင် သူဒေါသ ဖြစ်မှာပဲ။ အဲဒါဆိုရင် တည်တည်ငြိမ်ငြိမ် ပုံစံပေါက်ဖို့၊ ရှေးရိုးစွဲပုံ ပေါက်ဖို့ နဲ့ တခြား အရာတွေ အတွက် သူ့ဒေါသကို ချိုးနှိမ်ရမလား။ တကယ်လို့ သူ အဲဒီလို လုပ်တယ်ဆိုရင် ဘရာသာတွေက မဟုတ်တာတွေကို အဟုတ် ထင်ကြမှာလား။ သူ့အနေနှင့် သူ့ပုံစံ အတိုင်းပဲ နေမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ နည်းနည်းတော့ ပိုပြီး လေးနက်တဲ့ ပုံစံ ဂုဏ်သိက္ခာရှိတဲ့ ပုံစံ ပေါက်အောင် နေရမည်။

ချက်ပတာ စုဝေးဆောင်သည် အမိုးခုံးစင်္ကြန်၏ အရှေ့ဘက် လျှောက်လမ်းနှင့် တွဲထားသော သေးငယ်သည့် ဝိုင်းဝိုင်းစက်စက် အဆောက်အဦးကလေး ဖြစ်သည်။  ထိုနေရာတွင် အလယ်ကို စက်ဝိုင်းပုံ စုနေသော ခုံတန်းလျား များဖြင့် စီစဉ်တည်ဆောက်ထားသည်။ ထိုနေရာတွင် မီးဖိုမထားသဖြင့် မီးဖိုနှင့် စာလျှင် အေးစက်နေသည်။ မျက်စိနှင့် တန်းတန်းနေရာ ၏ အထက်တွင် ရှိသော ပြတင်းပေါက်ရှည်များမှ အလင်းရောင် ဝင်ရောက်နေသဖြင့် အခန်းထဲရှိ တခြား ဘုန်းကြီးများမှ လွဲ၍ ကြည့်စရာ မရှိပေ။

ဖိလစ်သည် ထိုပြိုင်ပွဲသို့ ဝင်ရောက် လာခဲ့ပြီ ဖြစ်သည်။ ဘုန်းကြီးကျောင်း တစ်ခုလုံးနီးပါး ရှိနေကြသည်။ သူတို့၏ အသက်အရွယ်မှာ ၁၇ နှစ်မှ အသက် ၇၀ အထိ အရွယ်စုံ ဖြစ်ပြီး အရပ်ရှည်သူ၊ အရပ်ပုသူ၊ အသားမည်းသူ။ အသားလတ်သူ စသည်ဖြင့် အစုံ ပါဝင်ကြသည်။ သူတို့အားလုံးသည် အရောင်ချွတ် မထားသော သိုးမွှေးဖြင့် ယက်လုပ်ထားသော အိမ်တွင်းဖြစ် ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သားရေ​ကြိုးသိုင်းဖိနပ်များကို ဝတ်ဆင်ထားကြသည်။ တည်းခိုဆောင်မှူးသည် ထိုနေရာတွင် ရှိနေပြီး သူ၏လုံးဝိုင်းနေသော ဝမ်းဗိုက်နှင့် နီနေသော နှာခေါင်းတို့က သူ၏ တာဝန် လစ်ဟင်းမှုများကို ပြနေသည်။ ဧည့်သည်တွေ ရှိခဲ့ရင်တော့ ခွင့်လွှတ်နိုင်တဲ့ လစ်ဟင်းမှုပေါ့ ဟု ဖိလစ် တွေးမိသည်။ ထို့အပြင် ခရစ်စမတ် နှင့် အီစတာ အပြီး ခုနစ်ရက်မြောက် ဝှစ်ဆန်းပွဲတို့တွင် ဘုန်းကြီးများကို ဝတ်ရုံလဲရန်နှင့် ဆံသရန် အတင်းအကြပ် စေခိုင်းလေ့ ရှိသော ဝတ်ရုံမှူးလည်း ရှိသည်။ (ထိုအချိန်တွင် ရေချိုးရန် တိုက်တွန်းလေ့ ရှိသော်လည်း မလုပ်မဖြစ် မဟုတ်ပေ။) တခြား တစ်ဖက်ရှိ နံရံကို မှီနေသူမှာ အသက်အကြီးဆုံး ဘရာသာ ဖြစ်သည်။ ခန္ဓာကိုယ် သေးငယ်ပြီး၊ စဉ်းစားဉာဏ် ရှိကာ၊ အလွယ်တကူ စိတ်လှုပ်ရှားလေ့ မရှိသော အသက်ကြီးကြီး ပုဂ္ဂိုလ် ဖြစ်ပြီး သူ၏ ဆံပင်များမှာ မဖြူပဲ ညိုနေသေးသည်။ သူသည် စကား ပြောခဲသော်လည်း ပြောလျှင် ထိထိမိမိ ပြောတတ်သည်။ သူအနှေင့် အလွန်ရိုးရိုးကုပ်ကုပ် မနေပါက ပရိုင်ရော်တစ်ယောက် ဖြစ်လာနိုင်သူ ဖြစ်သည်။ ထို့အပြင် ကျီးကန်းတောင်းမှောက် အကြည့်များနှင့် အငြိမ်မနေသော လက်များ ရှိသည့် ဘရာသာ ဆိုင်မွန် လည်း ရှိသည်။ သူသည် မိလိယပ်စ်၏ တိုးတိုးတိတ်တိတ် ပြောစကားအရ မစင်ကြယ်သော အပြစ်များကို မကြာခဏ ဝန်ခံတတ်လေ့ ရှိသဖြင့် သူသည် အပြစ်လုပ်သည်နှင့် စာလျှင် ဝန်ခံရသည်ကို ပိုပြီးနှစ်ခြိုက်သည်ဟု ထင်ရသည်။ ထို့အပြင် တည်ငြိမ်စွာ ထိုင်နေသော ဝီလီယမ် ဘူးဗစ် ရှိသည်။ မသန်စွမ်းသည့် ပုံ ပေါက်မနေသော ဘရာသာပေါလ် ရှိသည်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားဟန် ရှိသော ခေါင်းဖြူ ကတ်ဘတ် ရှိသည်။ ခန္ဓာကိုယ် သေးငယ်သော ဘဏ္ဍာရေးမှူး ဂျွန်စမောလ် ရှိသည်။ ကြင်နာမှု ကင်းမဲ့သော စကားပြောဟန်နှင့် မနေ့ညက ဖိလစ်၏ ညစာကို ငြင်းပယ်ခဲ့သော စည်းကမ်းထိန်းသိမ်းရေးမှူး ပီးယား ရှိသည်။ ဖိလစ်က ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူတို့အားလုံး သူ့ကို ကြည့်နေသည်ကို တွေ့ရသဖြင့် သူ ရှက်ရွံ့စွာ မျက်လွှာချလိုက်သည်။

ရီမီဂျီးယပ်စ်က ကျက်သရေခန်းမှူး အင်ဒရူးနှင့် အတူ ဝင်လာပြီး ဂျွန်စမောလ်နှင့် ပီးယားတို့ အနီးတွင် ဝင်ထိုင်လိုက်ကြသည်။  သူတို့သည် အစုဖွဲ့ထားသည်ကို ဟန်ဆောင်ပန်ဆောင် လုပ်နေမည် မဟုတ်ဟု ဖိလစ်တွေါ်မိသည်။

ချက်ပတာ စုဝေးပွဲကို သူတော်စင် ဆိုင်မီယွန် စတိုင်လိုက် အကြောင်း ဖတ်ကြား၍ စလိုက်သည်။ ယနေ့သည် သူ၏ စားပွဲနေ့ဖြစ်သည်။ သူသည် သူ၏ဘဝ အတော်များများကို တိုင်လုံး တစ်လုံးပေါ်တွင်သာ အချိန်ကုန်ခဲ့သည်။ သူ၏ စွန့်လွှတ်နိုင်စွမ်း အတွက် သံသယ ဖြစ်ဖွယ် မရှိချေ။ ဖိလစ်တွင် သူ၏ ဘာသာရေးဆိုင်ရာ လူသိရှင်ကြား ပြောကြားချက်နှင့် ပတ်သက်၍ လျို့ဝှက်သော သံသယ တစ်ခု စိတ်ထဲတွင် အမြဲတမ်း ဖြစ်နေတတ်သည်။ လူတွေ သူ့ကို ဝိုင်းအုံပြီး လာကြည့်ကြတာ စိတ်ဓာတ်အားဖြင့် တက်ကြွချင်လို့လား အထူးအဆန်းမို့ လာကြည့်ကြတာလားဟူ၍ ဖြစ်သည်။

ဘုရားရှိခိုး အပြီးတွင် စိန့်ဘယ်နဒစ်၏ စာအုပ်မှ အခန်းတစ်ခန်းကို ဖတ်ကြားသည်။ နေ့တိုင်း အစည်းအဝေးပွဲတွင် တစ်ခန်းကျ ဖတ်ကြားရာမှ ဤ အဆောက်အဦးကလေးနှင့် ဤအစည်းအဝေးကို ချက်ပတာဟု အမည်ရခဲ့ဖြင်း ဖြစ်သည်။ ရီမီဂျီးယပ်စ်က စာဖတ်ရန် မတ်တပ်ရပ်လိုက်သည့်အခါ သူ၏ ရှေ့ရှိ စာအုပ်ဖြင့် ခေတ္တမျှ ဆိုင်းနေစဉ် အတွင်း ဖိလစ်က သူ၏ သဏ္ဌာန်ကို သူ၏မျက်လုံးထဲတွင် ပြိုင်ဖက်တစ်ယောက် အနေနှင့် ပထမဆုံး အကြိမ် စိတ်ဝင်စားစွာ ကြည့်မိသည်။ ရီမီဂျီးယပ်စ်သည် သွက်လက် ထိရောက်စွာ စကားပြောခြင်း လှုပ်ရှားခြင်းတို့ ပြုလုပ်လျှက် ရှိသဖြင့် သူ၏ ပုံစံမှာ ကျွမ်းကျင်လိမ္မာသူ တစ်ယောက်၏ ပုံစံမျိုး ဖြစ်နေပြီး သူ၏နဂိုရ်ပုံစံ နှင့် လုံးဝကွဲပြားခြားနား နေသည်။ သေသေချာချာ လေ့လာ ကြည့်ပါက အပေါ်ယံ မျက်နှာပြင်အောက်တွင် ဘာရှိနေသည် ဆိုသည့် သဲလွန်စများကို ဖော်ထုတ်ပြသနေသည်။ သူ၏ ထူးကဲသော မျက်လုံးပြာများမှာ စိတ်ပူပန်နေသလို အလျှင်အမြန် တစ်ဖက်မှ တစ်ဖက်သို့ ရွေ့လျားနေကြပြီး သူ၏ အားလျော့နေသော ပါးစပ်များမှာ သူစကားမပြောမီ အချိန်တွင် နှစ်ကြိမ် သုံးကြိမ်မျှ တုံ့ဆိုင်းနေသည်။ သူ၏ ပုံစံမှာ တည်ငြိမ်နေသော်လည်း လက်သီးများကို ဆုပ်လိုက် ဖြတ်လိုက် ဆက်တိုက်ပြုလုပ်နေသေည်။ သူ၏တန်ခိုးအာဏာမှာ မာနကြီးခြင်း၊​ စိတ်တိုတောင်းခြင်း၊ တစ်ဖက်သားကို ဂရုမစိုက်ခြင်း စသည့်နည်းများဖြင့် ငယ်သားများကို ဆက်ဆံခြင်းဖြင့် ရရှိလာခြင်း ဖြစ်သည်။

ဖိလစ်က ချက်ပတာ စုဝေးပွဲတွင် ဘာကြောင့် သူ့ဘာသာသူ စာဖတ်ရသလဲဟု နားမလည်နိုင်အောင် ဖြစ်နေမိသည်။ ခဏမျှ အကြာတွင် သူ သဘောပေါက်လာသည်။ "နှိမ့်ချခြင်းရဲ့ ပထမဆုံး အရေးကြီးတဲ့ အချက်က ချက်ခြင်း နာခံခြင်းပဲ။" ဟု ရီမီဂျီးယပ်စ်က ဖတ်ကြားသည်။ သူသည် အားလုံးကို သူ၏ ဝါကြီးခြင်း နှင့် သူတို့၏ နာခံခြင်းကို သတိပေးရန် နာခံခြင်းနှင့် ဆိုင်သော အခန်း ငါးကို ရွေးချယ်ထားသည်။ ထိုအရာမှာ ခြောက်လှန့်လိုသော နည်းစနစ် တစ်ခုပင် ဖြစ်သည်။ ရီမီဂျီးယပ်စ်သည် ကောက်ကျစ်သူ ဖြစ်သည်။ "သူတို့ဟာ သူတို့ရဲ့ ကိုယ်နေချင်သလို နေထိုင်ကြတာ မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ ပျော်ရွှင်မှုတွေ နောက်ကို လိုက်ကြရတာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ရဲ့ ဘုန်းကြီးကျောင်းတွေမှာ တခြားသူ ပေးအပ်တဲ့ အမိန့်နဲ့ ညွှန်ပြတဲ့ လမ်းစဉ် အတိုင်း နားထောင်ရတယ်။ သူတို့ရဲ့ ဆန္ဒကို ကျောင်းထိုင်ဘုန်းကြီးက ကြပ်မတ်ပေးရမယ်။" ဟု သူက ဖတ်ကြားသည်။ "ဒီလို ပြုမူတာဟာ ကျွန်ုပ်တို့ ဘုရားသခင် ပြောတဲ့ 'ငါ ဒီကိုလာတာ ငါ့ဆန္ဒအရ မဟုတ်ဘူး။ ငါ့ကိုလွှတ်လိုက်တဲ့သူရဲ့ ဆန္ဒအရ လာတယ်' ဆိုတဲ့အတိုင်း ပြုမူတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး။" ရီမီဂျီးယပ်က ကြိုတင်တွေးထင် ထားသည့် အတိုင်းပင် တိုက်ခိုက်ရန် မောင်းတင်လိုက်သည်။ ဤပြိုင်ပွဲတွင် သူသည် ရှိပြီးသား အခွင့်အာဏာကို ကိုင်စွဲတိုက်ခိုက်မည် ဖြစ်သည်။

ချက်ပတာ စုဝေးပွဲ အပြီးတွင် နာရေးကိစ္စက ဆက်လာသည်။ ဒီနေ့ ဆုတောင်းသမျှ အားလုံးသည် ပရိုင်ရော် ဂျိမ်းစ်၏ ဝိဉာဉ်အတွက် ဖြစ်သည်။ ချက်ပတာ စုဝေးပွဲ၏ အမြူးကြွဆုံးသော အပိုင်းကို နောက်ဆုံးအပိုင်းမှသာ လာသည်။ လုပ်ငန်းကိစ္စများ ဆွေးနွေးခြင်း၊ အမှားများကို ဝန်ခံခြင်း နှင့် မဟုတ်တာ လုပ်ခဲ့သည်များကို စွပ်စွဲခြင်းတို့ ဖြစ်ကြသည်။

ရီမီဂျီးယပ်စ်က "မနေ့က ဝတ်ပြုဆုတောင်းပွဲကြီးမှာ အနှောက်အယှက် ဖြစ်စရာ တစ်ခု ဖြစ်ခဲ့တယ်။" ဟု စပြောရင်း ဖွင့်လိုက်သည်။

ဖိလစ်က လုံးဝနီးပါး စိတ်သက်သာရာ ရသွားသည်။ အခုတော့ သူ့ကို ဘယ်လို တိုက်ခိုက်တော့မည် ဆိုသည်ကို သူသိလေပြီ။ သူ့အနေနှင့် မနေ့က သူလုပ်ခဲ့သည့် အလုပ်မှာ မှန်သလား မသေချာသော်လည်း သူဘာကြောင့် လုပ်ခဲ့သည် ဆိုသည်ကို သိပြီး သူ့ဘာသာသူ ခုခံရန် အသင့်ဖြစ်နေပြီး ဖြစ်သည်။

ရီမီဂျီးယပ်စ်က ဆက်ပြောသည်။ "ကျွန်တော်ကတော့ ရှိမနေခဲ့ဘူး။ ကျွန်တော်က ပရိုင်ရော်ရဲ့ အိမ်မှာ အရေးကြီး အလုပ်ကိစ္စတွေနဲ့ ပိတ်မိနေခဲ့တယ်။ ဒါပေမယ့် ကျက်သရေခန်းမှူးက ဘာဖြစ်ခဲ့သလဲဆိုတာ ကျွန်တော့်ကို ပြောပြတယ်။ "

သူ့စကားကို ခေါင်းဖြူ ကတ်ဘတ်က ဖြတ်ပြောသည်။ "အဲဒီ အတွက်တော့ ကိုယ့်ဘာသာ အပြစ်မတင်ပါနဲ့ ဘရာသာ ရီမီဂျီးယပ်စ်။ သူက နှစ်သိမ့်သည့် လေသံဖြင့် ပြောလေသည်။ တကယ်တော့ ကျွန်တော်တို့လည်း သိပါတယ်။ ဝတ်ပြု ဆုတောင်းပွဲကြီးက ဘုန်းကြီးကျောင်းရဲ့ လုပ်ငန်းတွေ ထက် ပိုပြီး အရေးကြီးတယ် ဆိုတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ချစ်တဲ့ ပရိုင်ရော် ကွယ်လွန်သွားတဲ့ အတွက် ခင်ဗျား အနေနဲ့ ခင်ဗျား ကျွမ်းကျင်လိမ္မာတဲ့ အလုပ်တွေ အပြင် တခြား အလုပ်တွေ အများကြီးကို လုပ်နေရတယ် ဆိုတာကိုလည်း နားလည်ပါတယ်။ အဲဒီ အတွက် အပြစ်ကို ဝန်ခံစရာ အကြောင်း မရှိဘူးလို့ ကျွန်တော်တို့ အားလုံး သဘောတူတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အတော်ဉာဏ်များတဲ့ အဘိုးကြီးပဲ ဟု ဖိလစ် တွေးမိသည်။ တကယ်တော့ ရီမီဂျီးယပ်စ်မှာ အမှားကို ဝန်ခံရန် ရည်ရွယ်ချက် မရှိပေ။ သို့သော်လည်း ကတ်ဘတ်က သူ့ကို ခွင့်လွှတ်လိုက်သည်။ ထို့အတွက် လူတိုင်းက သူ့အမှားကို တကယ် ဝန်ခံသည်ဟု ထင်သွားစေသည်။ အခု အချိန်တွင် ဖိလစ်အနေနှင့် အမှားကို ကျူးလွန်မိသည် ဆိုစေကာမူ သူ့ကို ရီမီဂျီးယပ်စ်နှင့် တန်းတူ ဖြစ်သွားစေသည်ထက် မပိုပေ။ ထိုမျှသာ မက ကတ်ဘတ်က ရီမီဂျီးယပ်စ် အနေနှင့် ပရိုင်ရော်၏ တာဝန်များကို ထမ်းဆောင်ရန် ခက်ခဲနေသည် ဆိုသော အကြံပြုချက်ကိုလည်း မသိမသာ ထည့်သွင်းပြောကြား သွားခဲ့သည်။ ကတ်ဘတ်အနေနှင့် ရီမီဂျီးယပ်စ်၏ အခွင့်အာဏာကို ကြင်နာဟန်ပြုသော စကားအနည်းငယ်ဖြင့် လုံးဝ မှေးမှိန်အောင် ပြုနိုင်ခဲ့သည်။ ရီမီဂျီးယပ်စ်သည် ဒေါပွသွားပုံရသည်။ ဖိလစ်က အောင်ပွဲ၏ အရိပ်အယောင်များ သူ၏ လည်ချောင်းအား ရစ်ပတ်လိုက်သည်ဟု ခံစားမိသည်။

ကျက်သရေခန်းမှူး အင်ဒရူးက ကတ်ဘတ်အား စွပ်စွဲသည့် အကြည့်ဖြင့် စူးစိုက်ကြည့်သည်။ "ကျွန်တော်တို့ ကြည်ညိုရတဲ့ ဆပ်ပရိုင်ရော်ကို ကျွန်တော်တို့ထဲက ဘယ်သူမှ ဝေဖန်ဖို့ ဆန္ဒမရှိဘူး လို့ ယုံကြည်ပါတယ်။" ဟု သူက ပြောသည်။ "အနှောင့်အယှက် လို့ ပြောခဲ့တဲ့ အရာက ကျွန်တော်တို့ ဆီကို တောအုပ်ထဲက စိန့်ဂျွန် ဘုရားကျောင်းကလေးက လာလည်တဲ့ ဘရာသာ ဖိလစ်ကြောင့် ဖြစ်ရတာပါ။ ဖိလစ်က ဝီလီယမ် ဘူးဗစ်ကလေးကို ကျွန်တော် ဝတ်ပြုပွဲ လုပ်နေတဲ့အချိန် ခုံတန်းကနေ လက်ဝါးကပ်တိုင် ကန့်လန့်ဖြတ် နေရာက တောင်ဘက် အဆောင်ကို ခေါ်သွားခဲ့ပြီး အဲဒီမှာ သူ့ကို ဆုံးမခဲ့တယ်။"

ရီမီဂျီးယပ်စ်က သူ၏မျက်နှာတွင် စိတ်မကောင်းစွာ ဝေဖန်ချင်ဟန် ဆောင်လိုက်သည်။ "ကျွန်တော်တို့ အားလုံး သဘောအရတော့ ဖိလစ် အနေနဲ့ ဝတ်ပြုပွဲ ပြီးတဲ့ အထိစောင့်သင့် ပါတယ်။"

ဖိလစ်က အခြားသော ဘုန်းကြီးများ၏မျက်နှာသွင်ပြင်ကို အကဲခတ်လိုက်သည်။ သူတို့မျက်နှာမှာ ပြောစကားကို သဘောတူဟန် မပြသလို သဘောမတူဟန်လည်း မပြချေ။ သူတို့၏ ပုံစံမှာ ဖြစ်ပျက်နေသမျှတွင် ဘယ်သူမှန်သည် ဘယ်သူမှားသည် မရှိပဲ ဘယ်သူနိုင်မည်ဆိုသည်ကိုသာ စိတ်ဝင်စားနေသော ပြိုင်ပွဲတစ်ပွဲ၏ ပွဲကြည့်ပရိသတ်များ ပမာ စောင့်ကြည့်နေကြသည်။

ဖိလစ် အနေနှင့် ကန့်ကွက်ချင်သည်။ တကယ်လို့ ငါ စောင့်နေခဲ့ရင် ကပျက်ကချော် အပြုအမူတွေက ဝတ်ပြုပွဲ တစ်ခုလုံးမှာ ဆက်ဖြစ်နေမှာပေါ့။ သို့သော်လည်း သူသည် မိလိယပ်စ်၏ အကြံပြုချက်ကို သတိရပြီး တိတ်ဆိတ်စွာပင် နေလိုက်သည်။ ထိုအခါ မိလိယပ်စ်က သူ့အစား ဝင်ပြောသည်။ "ကျွန်တော်လည်း ဝတ်ပြုဆုတောင်းပွဲကြီးကို မတက်ဖြစ်ပါဘူး။ ဝတ်ပြုဆုတောင်းပွဲကြီးက ညစာမစားခင် လုပ်တာဆိုတော့ ကျွန်တော် ကံဆိုးစွာနဲ့ မကြာခဏ ပျက်ကွက်လေ့ ရှိပါတယ်။ အဲဒီအတွက် ဘရာသာ ဖိလစ် ဒီလိုမလုပ်ခင် အချိန် ခုံတန်းတွေ နေရာမှာ ဘာဖြစ်နေတယ်ဆိုတာ ဘရာသာ အင်ဒရူးအနေနဲ့ပြောပြကောင်း ပြောပြ နိုင်ပါလိမ့်မယ်။ အားလုံးဟာ အစီအစဉ် တကျနဲ့ နေသားတကျ ဖြစ်နေတာပါလား။"

"လူငယ်တွေ​ မငြိမ်မသက်နဲ့ လှုပ်လှုပ်ရွရွ ဖြစ်နေကြတယ်။" ကျက်သရေခန်းမှူးက စိတ်မရှည်သလို ပြန်ပြောလိုက်သည်။ "ကျွန်တော့် အနေနဲ့ သူတို့ကို နောက်မှမှ ပြောဖို့ ရည်ရွယ်ထားပါတယ်။"

"ခင်ဗျားအနေနဲ့ ဝတ်ပြုပွဲမှာ အာရုံရောက်နေတာ ဆိုတော့ အသေးစိတ်ကို ခင်ဗျား အနေနဲ့ ဝါးတားတား ဖြစ်နေလိမ့်မယ် ဆိုတာ နားလည် ပေးနိုင်ပါတယ်။" မိလိယပ်စ်က သဘောကောင်းစွာ ပြောလိုက်သည်။ "ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့မှာ ကပျက်ကချော် အပြုအမူတွေကို ထိန်းသိမ်းရမယ့် တာဝန် အဓိကရှိတဲ့ စည်းကမ်းထိန်းသိမ်းရေးမှူး ရှိနေပါတယ်။ ဘရာသာ ပီယဲ။ ခင်ဗျား ဘာမြင်သလဲ​ဆိုတာ ကျွန်တော်တို့ကို ပြောပြပါ။"

စည်းကမ်းထိန်းသိမ်းရေးမှူးက မလိုလားသောဟန် ပြသည်။ "ကျက်သရေခန်းမှူးက ခင်ဗျားကို ခုနပြောခဲ့တဲ့ အတိုင်းပဲ။"

မိလိယပ်စ်က ပြောသည်။ "ကျွန်တော်တို့ အနေနဲ့ ဘရာသာ ဖိလစ်ကို အသေးစိတ်ကို မေးရမယ့်ပုံပဲ။ "

မိလိယပ်စ်သည် အလွန်ပါးနပ်သူ ဖြစ်သည်ဟု ဖိလစ် တွေးမိသည်။ သူ့အနေနှင့် ကျက်သရေခန်းမှူးရော စည်းကမ်းထိန်းသိမ်းရေးမှူးပါ ဘုန်းကြီးငယ်များ ဝတ်ပြုပွဲ အတွင်း ဘာလုပ်နေကြသည်ကို မမြင်ကြောင်း အခိုင်အမာ သက်သေထူခဲ့ပြီး ဖြစ်သည်။ ဖိလစ် အနေနှင့် မိလိယပ်စ်၏ သရုပ်ခွဲ စကားပြော အတတ်ကို လေးစားသော်လည်း သူ့အနေနှင့် ကစားပွဲတွင် ပါဝင်လိုစိတ် မရှိပေ။ ပရိုင်ရော်ကို ရွေးချယ်ခြင်းမှာ ဉာဏ်ပညာ ပြိုင်ပွဲ မဟုတ်ပေ။ ဘုရားသခင်၏ ဆန္ဒကို သိရှိရန် ရှာဖွေသည့် ကိစ္စသာလျှင် ဖြစ်သည်။ သူ တုံ့ဆိုင်းသွားသည်။ မိလိယပ်က သူ့အား ဒါခင်ဗျားရဲ့ အခွင့်အရေးပဲ ဆိုသော ပုံစံမျိုးဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ဖိလစ်သည် အကြောမာသူ ဖြစ်သည်။ သူ့အား တစ်စုံ တစ်ယောက်က ကိုယ်ကျင့်သိက္ခာဆိုင်ရာ ကိစ္စတွင် ဝေခွဲ မရနိုင်သော အခြေအနေတစ်ခုသို့ တွန်းပို့လိုက်သည်မှာ အထင်းသားပင် ဖြစ်သည်။ သူက မိလိယပ်စ်၏ မျက်လုံးထဲသို့ စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ဘရာသာတွေ ပြောပြခဲ့တဲ့ အတိုင်းပါပဲ။"

မိလိယပ်စ် မျက်နှာပျက် သွားသည်။ သူက ဖိလစ်ကို မယုံနိုင်သည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ဘာပြောရမည် မသိ ဖြစ်သွားသည်ကို အရှင်းသား မြင်နိုင်သည်။ ဖိလစ်အနေနှင့် သူ့အား စိတ်ဓာတ်ကျ စေခဲ့သည့် အတွက် အပြစ်ရှိသလို ခံစားရသည်။ သူ အရမ်းဒေါပွ မနေဘူး ဆိုရင် ငါသူ့ကို ပြီးမှ ရှင်းပြမယ်ဟု သူတွေးမိသည်။

ရီမီဂျီးယပ်စ်က စွပ်စွဲမှုကို ဆက်လက်ပြုလုပ်တော့မည့် အချိန်တွင် တခြားသော အသံတစ်ခုက ပြောလိုက်သည်။ "ကျွန်တော့် အမှားကို ဝန်ခံချင်ပါတယ်။ "

အားလုံးက ကြည့်လိုက်သည်။ ထိုသူမှာ နဂိုရ် အပြစ်ကျူးလွန်ခဲ့သူ ဝီလီယမ် ဘူးဗစ် ဖြစ်ပြီး မတ်တပ်ရပ်၍ ရှက်ရွံ့သည့် မျက်နှာထားနှင့် ဖြစ်သည်။ "ကျွန်တော် ဖုန်မှုန့်တွေကို လုံး သာမဏေမှူးကို ပစ်ပေါက်ပြီး ရယ်နေခဲ့ပါတယ်။" သူက တိုးညှင်း ပြတ်သားသော အသံဖြင့် ပြောသည်။ "ဘရာသာဖိလစ်က ကျွန်တော့်ကို အရှက်ရစေခဲ့ပါတယ်။ ကျွန်တော် ဘုရားသခင်ရဲ့ ခွင့်လွှတ်မှု အတွက် တောင်းပန်ပါတယ်။ ဘရာသာ တွေ အနေနဲ့ ကျွန်တော့်ကို အပြစ်ပေးပါ။" သူက ရုတ်တရက် ထိုင်ချလိုက်သည်။

ရီမီဂျီးယပ်စ် အနေနှင့် ဘာမျှ မတုံ့ပြန်နိုင်ခင် အခြေအနေတွင် အခြားသော လူငယ်တစ်ယောက်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ ကျွန်တော်လည်း အပြစ်ကို ဝန်ခံချင်ပါတယ်။ ကျွန်တော်လည်း အဲဒီလို လုပ်ခဲ့ပါတယ်။ ကျွန်တော့်ကို အပြစ်ပေးပါ။ သူက ထိုင်ချလိုက်သည်။ ထိုသို့သော အပြစ်ရှိသည့် စိတ်ခံစားမှု၏ စွဲကပ်မှုမှာ ကူးစက်မြန်လှသည်။ တတိယမြောက် ဘုန်းကြီး က အပြစ်ဝန်ခံသည်။ ထို့နောက် စတုတ္ထမြောက် နှင့် ပဉ္စမမြောက် ဘုန်းကြီးများဆီ ဆက်သွားသည်။

ဖိလစ်ဘက်က ချုပ်ထိန်းလိုက်သော်လည်း အမှန်တရားမှာ ပေါ်လွင်သွားသည်။ သူ့အနေနှင့် စိတ်ကျေနပ်သွားသည်မှာ မည်သို့မျှ မတတ်နိုင်ပေ။ မိလိယပ်စ်မှ အောင်ပွဲခံသည့် အပြုံးကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးစားနေရသည်ကို သူမြင်ရသည်။ အပြစ်ဝန်ခံမှု အရ ကျက်သရေခန်းမှူး နှင့် စည်းကမ်းထိန်းသိမ်းရေးမှူးတို့ မျက်စိရှေ့တွင် အသေးစား အဓိကရုဏ်းတစ်ခု ဖြစ်နေသည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိတော့ပေ။

အလွန်မကျေမနပ်ဖြစ်နေသော ရီမီဂျီးယပ်စ်က အပြစ်ကျူးလွန်သူများကို တစ်ပတ်တာမျှ လုံးဝ စကားမပြောဘဲ နေရန် အပြစ်ပေးသည်။ သူတို့ အနေနှင့် မည်သူ့ကိုမျှ စကားပြော၍ မရသလို သူတို့ကိုလည်း မည်သူမျှ စကားမပြောရပေ။  တကယ်တော့ ထိုအပြစ်ပေးမှုမှာ ထင်ထားသည်ထက် ပို၍​ကြမ်းတမ်းသည်။ ဖိလစ်အနေနှင့် ငယ်စဉ်က ခံစားခဲ့ရဖူးသည်။ တစ်ရက်တာမျှ သီးသန့်နေရခြင်းသည် ကြမ်းတမ်းလွန်းလှသည်။ တစ်ပတ်လုံး ဆိုသည်ကတော့ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည်။

သို့သော်လည်း ရီမီဂျီးယပ်စ် အနေနှင့် သူဆင်သည့် အကွက် လွဲချော်သွားခဲ့သည့်အတွက် ဒေါသကို ထွက်ပေါက်ပေးခြင်းမျှသာ ဖြစ်သည်။ သူတို့ အပြစ်ဝန်ခံလိုက်သည့် အခါ အပြစ်ပေးခြင်းသည် ထိုနေရာတွင် ဖိလစ်လုပ်ခဲ့သည်မှာ မှန်သည် အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သော်လည်း သူ့အနေနှင့် အပြစ်ပေးရုံမှ လွဲ၍ တခြား ရွေးချယ်စရာ လမ်းမရှိတော့ပေ။ သူ၏ ဖိလစ် အပေါ် တိုက်ခိုက်မှုက အကြီးအကျယ် လွဲမှားသွားခဲ့ပြီး ဖိလစ် အောင်ပွဲခံ သွားခဲ့သည်။ 

ရုတ်တရက် အပြစ်ရှိသလို ခံစားရသော်လည်း ထိုအချိန်တွင် သူကျေနပ် နှစ်သိမ့် မိသည်။

သို့သော်လည်း ရီမီဂျီးယပ်စ်၏ အရှက်ကွဲမှုမှာ မပြီးဆုံးသေးပေ။

ကတ်ဘတ်က ထပ်ပြောသည်။ "တခြား စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတစ်ခုကို ကျွန်တော်တို့ ဆွေးနွေးသင့်တယ်။ အဲဒါက ဝတ်ပြုဆုတောင်းပွဲကြီး အပြီးမှာ အမိုးခုံး စင်္ကြန်အောက်မှာ ဖြစ်သွားခဲ့တယ်။" ဖိလစ်အနေနှင့် ဘာတွေများ ဆက်လာလေဦးမလဲဟု မတွေးတတ်အောင် ဖြစ်မိသည်။ "ဘရာသာ အင်ဒရူးက ဘရာသာဖိလစ်ကို ထိပ်တိုက်တွေ့ပြီး သူ့လုပ်ရပ်မှားကြောင်း စွပ်စွဲခဲ့တယ်။" သူလုပ်ခဲ့တယ် ဆိုတာ လူတိုင်းသိတာပဲ ဟု ဖိလစ် တွေးမိသည်။ ကတ်ဘက်က ဆက်ပြောသည်။ "အခု ကျွန်တော်တို့ သိထားတာက အဲဒီလို စွပ်စွဲဖို့ အချိန်နဲ့ နေရာဟာ အခု ချက်ပတာ စုဝေးပွဲလို အချိန်နဲ့ နေရာပဲ။ ကျွန်တော်တို့ရဲ့ အစဉ်အဆက် လူကြီးတွေက ဘာလို့ ဒီလို ညွှန်ကြားခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းပြချက် ကောင်းကောင်း ရှိတယ်။ ဒေါသတွေဟာ ညဖက်မှာ ငြိမ်းအေး သွားနိုင်တယ်။ အဲဒီအတွက် စိတ်မကျေနပ်မှုတွေကို နောက်တစ်နေ့မနက် အေးချမ်းပြီး သင့်တင့်တဲ့ အခြေအနေမှာ ဆွေးနွေးနိုင်တယ်။ အဖွဲ့အစည်း တစ်ခုလုံးက ပြသနာကို ဖြေရှင်းဖို့ အတွက် အားလုံး ဝိုင်းဝန်းစဉ်းစားပြီး ဖြေရှင်းနိုင်တယ်။ အင်ဒရူးက ဒီလို သင့်တင့်လျောက်ပတ်တဲ့ စည်းမျဉ်းကို ချိုးဖောက်တယ်။ အမိုးခုံးစင်္ကြန်အောက်မှာ မြင်မကောင်း ရှုမကောင်း လုပ်တယ်။ လူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ရမ်းရမ်းကားကား စကားပြောတယ်။ အဲဒီလို မသင့်တော်တဲ့ အပြုအမူကို ခွင့်လွှတ်လိုက်မယ် ဆိုရင် သူတို့ လုပ်ခဲ့တာ အတွက် အပြစ်ပေးခံရတဲ့ ဘရာသာ အငယ်တွေ အတွက် မမျှတသလို ဖြစ်မယ်။"

ထိုစကားမှာ မညှာမတာ တိုက်ခိုက်ခြင်း ဖြစ်သည့် အပြင် အလွန် ထိရောက်သည် ဟု ဖိလစ် ပျော်ရွှင်စွာ တွေးလိုက်မိသည်။ ဖိလစ် အနေနှင့် ဝီလီယမ်ကို ဝတ်ပြုပွဲ အတွင်း ခုံတန်းလျားများ ဆီမှ ခေါ်သွားသည်မှာ သင့်တော်သလား ဆိုသည့် မေးခွန်းကို အမှန်တကယ် မဆွေးနွေး ဖြစ်တော့ပေ။ ထိုမေးခွန်းကို မေးရန် ကြံသမျှတိုင်း စွပ်စွဲသူ၏ အပြုအမူအား ပြန်လည် မေးခွန်းထုတ်သည့် အခြေအနေသို့ ပြောင်းလဲပစ်ခဲ့သည်။ အင်ဒရူး၏ ဖိလစ် အပေါ်စွပ်စွဲမှုမှာ စိတ်ရင်းမှန်ကန်မှု မရှိသည့် အတွက် ထိုသို့သာလျှင် ဖြစ်သင့် ပေသည်။ သူတို့ထဲတွင် ကတ်ဘတ်နှင့် မိလိယပ်စ်တို့က ရီမီဂျီးယပ်စ် နှင့် သူ၏ အဓိက မဟာမိတ် နှစ်ဦး ဖြစ်သော အင်ဒရူးနှင့် ပီယား တို့အား သိက္ခာကျဆင်းစေခဲ့သည်။

အင်ဒရူး၏ ပုံမှန် နီရဲနေသော မျက်နှာက ဒေါသကြောင့် ကြက်သွေးရောင် ဖြစ်နေပြီး ရီမီဂျီးယပ်စ်၏ ပုံစံမှာ သွေးပျက်လုနီးနီး ဖြစ်နေသည်။ ဖိလစ် အနေနှင့် ကျေနပ်သည်။ ဖြစ်သမျှမှာ သူတို့နှင့် ထိုက်တန်သည်သာ ဖြစ်သည်။ အခုတော့ သူတို့၏ အရှက်ကွဲမှုမှာ အလွန်အကျူး ဖြစ်လာသဖြင့် အန္တရာယ် တစ်ခု ဖြစ်လာနိုင်သည်ဟု ဖိလစ် စိုးရိမ်မိသည်။  "ဝါငယ်တဲ့ ဘရာသာတွေ အနေနဲ့ ဝါကြီးတဲ့ ဘရာသာတွေ အတွက် အပြစ်ပေးမှုကို ဆွေးနွေးရမယ် ဆိုတာ မသင့်လျော်ပါဘူး။ " ဟု သူက ပြောလိုက်သည်။  "ဆပ်ပရိုင်ရော် အနေနဲ့ ဒီကိစ္စကို သီးသန့် ဖြေရှင်းပါစေ။ " သူလှည့်ကြည့်လိုက်သော အခါတွင် ဘုန်းကြီးများက သူ၏ သဘောထားကြီးမှုကို သဘောတူကြောင်း တွေ့လိုက်ရသည်။ သူသိလိုက်သည်မှာ မထင်မှတ်ဘဲ သူ နောက်ထပ် အမှတ်တစ်မှတ် ရလိုက်ပြီ ဟူ၍ ဖြစ်သည်။

 အခုတော့ အားလုံးလွန်မြောက်သွားပြီ ထင်ရသည်။ စည်းဝေးပွဲ တစ်ခုလုံး၏ စိတ်ဝင်စားမှုမှာ ဖိလစ် အပေါ်တွင်သာ ရှိသည်။ အခုတော့ သူ့အနေနှင့် မတင်မကျ ဖြစ်နေသူ အားလုံးကို သူ့ဘက်ပါအောင် စည်းရုံးနိုင်လိုက်ပြီဟု ထင်မိသည်။ ထိုအချိန်တွင် ရီမီဂျီးယပ်စ်က ဆက်ပြောသည်။  "ကျွန်တော် ပြောစရာ ကိစ္စတစ်ခု ရှိသေးတယ်။ "

ဖိလစ်က ဆပ်ပရိုင်ရော်၏ မျက်နှာကို အကဲခတ်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံ ရသည်။ ဖိလစ်က ကျက်သရေခန်းမှူး အင်ဒရူးနှင့် စည်းကမ်းထိန်းသိမ်းရေးမှူး ပီယားတို့ကို တစ်ချက်မျှ ကြည့်လိုက်ချိန်တွင် သူတို့ နှစ်ဦးစလုံးလည်း အံ့အားသင့်နေပုံရသည်။ အခုပြောမည့် ကိစ္စမှာ ကြိုတင်ပြင်ဆင်ထားပုံ မရပေ။ ရီမီဂျီးယပ်စ် အနေနှင့် ရာထူးကို သူ့အားပေးရန် မေတ္တာရပ်ခံခြင်းလည်း ဖြစ်နိုင်သည်။

 "ဘစ်ရှော့ အနေနဲ့ ကျုပ်တို့ စဉ်းစားနိုင်ဖို့ အတွက် အရွေးခံမယ့်သူတွေကို တင်သွင်းခွင့် ရှိတယ် ဆိုတာ ခင်ဗျားတို့ အတော်များများ သိကြမှာပါ။ " ရီမီဂျီးယပ်စ်က စပြောသည်။  "သူ့အနေနဲ့ ကျွန်တော်တို့ ရွေးထားတဲ့သူကိုလည်း အတည်ပြုဖို့ ငြင်းပယ်နိုင်တယ်။ အဲဒီလို အခွင့်အာဏာကို ခွဲခြားထားတဲ့ အတွက် ဘစ်ရှော့နဲ့ ဘုန်းကြီးကျောင်းကြားမှာ အငြင်းပွားမှုတွေ ဖြစ်လာနိုင်တယ် ဆိုတာ အသက်ကြီးတဲ့ ဘရာသာတွေတော့ ကြုံဖူးကြမှာပါ။ နောက်ဆုံးမှာတော့ ဘစ်ရှော့ အနေနဲ့လည်း သူ့ရွေးထားတဲ့သူကို ကျွန်တော်တို့ လက်ခံဖို့အတွက် အတင်းအကြပ် မလုပ်နိုင်ဘူး။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ရဲ့လူကို အတင်းအဓမ္မ တင်သွင်းလို့ မရဘူး။ တကယ်လို့ အဲဒီလို ပဋိပက္ခတွေ ဖြစ်လာခဲ့ရင် ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းဖို့ လိုလာတယ်။ အဲဒီလို ဖြစ်လာတဲ့ အခါမှာ ရလာဒ်ဟာ ဘရာသာတွေရဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုနဲ့  ညီညွတ်မှု အပေါ်မှာ မူတည်သွားပြီ။ အထူးသဖြင့် ညီညွတ်မှုပဲ။"

ဖိလစ်အနေနှင့် ထိုကိစ္စနှင့် ပတ်သက်ပြီး စိတ်ထဲတွင် မ​သက်မသာ ခံစားရသည်။ ရီမီဂျီးယပ် အနေနှင့် သူ၏ ဒေါသကို ချုပ်ထိန်းပြီး နောက်တစ်ကြိမ် အေးဆေးစွာနှင့် ထောင်လွှားမှု ပြုလာခဲ့ပြန်ပြီ ဖြစ်သည်။ ဖိလစ်အနေနှင့် ဘာဆက်ပြီး လာမည် ဆိုသည်ကို မသိသော်လည်း သူ့စိတ်ထဲတွင် ရှိသည့် အောင်ပွဲခံသည့် ခံစားမှုမှာ အငွေ့ပျံ သွားခဲ့ပြီ ဖြစ်သည်။

 "ဒါတွေကို ဒီနေ့ပြောနေရတဲ့ အကြောင်းကတော့ ကျွန်တော် သတိထားမိတဲ့ အရေးကြီးတဲ့ သတင်း အချက်အလက် နှစ်ခုကြောင့်ပဲ။ " ရီမီဂျီးယပ်စ်က ဆက်ပြောသည်။  "ပထမ တစ်ချက်က ဒီအခန်းထဲမှာ ကျွန်တော်တို့ထဲက တစ်ယောက်ထက်ပိုတဲ့ အရွေးခံမယ့်သူကို တင်သွင်းကောင်း တင်သွင်းနိုင်တယ်ဆိုတဲ့ အချက်ပဲ။ " ဒီအကြောင်းနှင့် ပတ်သတ်၍ မည်သူမျှ အံ့ဩလိမ့်မည် မဟုတ်ဟု ဖိလစ်တွေးမိသည်။  "ဒုတိယ တစ်ချက်ကတော့ ဘစ်ရှော့ကလည်း တခြား အရွေးခံမယ့်သူတစ်ယောက်ကို တင်သွင်းမယ် ဆိုတာပဲ။ "

ထိုအချိန်တွင် စကားကို သိသိသာသာ တုံ့ဆိုင်းလိုက်သည်။ ဒီသတင်းသည် နှစ်ဘက်စလုံးအတွက် သတင်းဆိုးပင် ဖြစ်သည်။

တစ်စုံတစ်ယောက်က ထမေးလိုက်သည်။ "ဘစ်ရှော့က ဘယ်သူ့ကို တင်သွင်းချင်တာလဲ ဆိုတာ သိလား။"

"သိတယ်။" ထိုအချိန်တွင် ဖိလစ်အနေနှင့် ထိုသူသည် လိမ်နေသည်ဆိုသည်ကို သေချာပေါက် ခံစားမိလိုက်သည်။

"ဘစ်ရှော့ ရွေးထားတဲ့သူက နယူးဘာရီက အော့စဘတ်ပဲ။ "

ဘုန်းကြီး တစ်ဦးနှစ်ဦးတို့ သက်ပြင်းချလိုက်ကြသည်။ သူတို့အားလုံး တုန်လှုပ်ခြောက်ချား သွားကြသည်။ သူတို့သည် အော့စဘတ်ကို သိကြသည်။ သူသည် ကင်းဘရစ်ချ်တွင် စည်းကမ်းထိန်းသိမ်းရေးမှူး ခဏတာမျှ လုပ်ခဲ့ဖူးသည်။ သူသည် ဘစ်ရှော့၏ တရားမဝင် သား တစ်ဦး ဖြစ်ပြီး ဘုရားကျောင်းကို သူ့အတွက် ပျင်းရိစွာနှင့် ပေါများစွာ နေထိုင်နိုင်သည့် နေရာတစ်ခု သက်သက် အဖြစ်သာ သဘောထားသူ ဖြစ်သည်။ သူသည် ဘုန်းကြီးတစ်ယောက် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို စောင့်ထိန်းရန် လုံးဝ ကြိုးစားလေ့ ရှိသူ မဟုတ်ပေ။ ထင်သာမြင်သာ မရှိသော အကြောင်းပြချက် တို့ကို ပေး၍ သူ့အဖေ၏ အရှိန်အဝါ အပေါ်မှီခိုကာ လွတ်အောင်ရှောင် တတ်သူ ဖြစ်ပေသည်။ သူ ပရိုင်ရော် တစ်ယောက် အဖြစ် ဖြစ်လာနိုင်ခြေမှာ ရီမီဂျီးယပ်စ်၏ မိတ်ဆွေ များ အတွက်ပက် ကြောက်မက်ဖွယ် ကိစ္စတစ်ခု ဖြစ်သည်။ ဧည့်သည်မှူး နှင့် ကိုယ်ကျင့်တရား အားဖြင့် မည်သို့မျှ ပြင်ဆင်၍ မရနိုင်သော သူ၏ ခရိုနီ တစ်ဦး နှစ်ဦးသာလျှင် လျော့ရဲသော စည်းကမ်းနှင့် လျစ်လျူပြုထားသော အပြစ်ပေးမှု တို့ရှိသော အုပ်ချုပ်ရေးကို မျှော်ကိုး၍ အော့စဘတ်ကို နှစ်ခြိုက်ကြပေမည်။

ရီမီဂျီးယပ်စ်က စိတ်အားထက်သန်စွာ ဆက်ပြောသည်။ "ဘရာသာတို့။ အကယ်၍​ ကျွန်တော်တို့ အရွေးခံမယ့်သူ နှစ်ယောက်ကို အဆိုပြုတယ် ဆိုရင် ဘစ်ရှော့က ကျွန်တော်တို့ သွေးကွဲနေပြီး အားလုံး တညီတညွတ်တည်း မဆုံးဖြတ်နိုင်ဘူး။ သူ့အနေနဲ့ ကျွန်တော်တို့ အတွက် ဆုံးဖြတ်ပေးရမယ်။ ကျွန်တော်တို့ အနေနဲ့ သူ့ရဲ့ ရွေးချယ်မှုကို လက်ခံရလိမ့်မယ်လို့ ပြောကောင်းပြောလာနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့ အော့စဘတ်ကို ဆန့်ကျင်ချင်တယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ အရွေးခံမယ့်သူ တစ်ယောက်ကိုပဲ ကောင်းကောင်း ရှေ့တန်းတင်ရလိမ့်မယ်။ ဒီမှာ ကျွန်တော် ထပ်ပြောချင်တာက အသက်ငယ်လို့ အတွေ့အကြုံ မရှိလို့ ဆိုပြီး အပြစ်ရှာလို့ မရနိုင်တဲ့ အရွေးခံသူ တစ်ယောက်ကိုပဲ အသေအချာ ရွေးရလိမ့်မယ်။"

သူပြောသည့် စကားကို သဘောတူသည့် တီတိုး အသံများ ထွက်လာကြသည်။ ဖိလစ် အနေနှင့် အကြီးအကျယ် စိတ်ဓာတ်ကျသွားသည်။ သိပ်မကြာသေးခင် အချိန်က သူ့အနေနှင့် အောင်ပွဲရမည်မှာ သေချာသလောက် ရှိသော်လည်း သူ လက်ဆုပ်လက်ကိုင် ပြုထားရာမှ ဆွဲလု ခံခဲ့ရပြီ ဖြစ်သည်။ ယခု အခါတွင် ဘုန်းကြီးများ အားလုံးက ရီမီဂျီးယပ်စ်သည် သူတို့အတွက် စိတ်ချရသော အရွေးခံမည့်သူ၊ တညီတညွတ်တည်း အရွေးခံမည့်သူ၊​ အော့စဘတ်အား အနိုင်ယူမည့်သူ အနေနှင့် သူ့ဘက်သို့ ပါသွားကြလေပြီ။ ဖိလစ်အနေနှင့် ရီမီဂျီးယပ်စ်သည် အော့စဘတ်နှင့် ပတ်သက်၍ လိမ်နေသည် ဆိုသည်ကို အသေအချာ ခံစားမိသည်။ သို့သော်လည်း ဘာမှ မထူးပေ။ ဘုန်းကြီးများ အားလုံးသည် အခုအခါ ထိတ်လန့်နေကြပြီး သူတို့သည် ရီမီဂျီးယပ်စ်ကို ကျောထောက်နောက်ခံ ပေးကြပေလိမ့်မည်။ ထိုအတွက် အဓိပ္ပာယ်မှာ ကင်းဘရစ်ချ် ပရိုင်ရော်ရီ အနေနှင့် ဆက်လက်ပြီး နှစ်ပေါင်းများစွာ ယိုယွင်းသွားဦးမည် ဟူ၍ ဖြစ်သည်။

မည်သူကမျှ ပြန်မပြောနိုင်ခင်မှာပင် ရီမီဂျီးယပ်စ်က ပြောသည်။ "ကျွန်တော်တို့ အခုလူစု ခွဲကြပါစို့။ ဒီနေ့ ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းနေချိန်မှာ ဒီပြသနာကို တွေးတောရင်း ဆုတောင်းကြပါစို့။" သူက မတ်တပ်ထပြီး ထွက်သွားသည်။ သူ့နောက်မှ အင်ဒရူး၊ ပီယားနှင့် ဂျွန်စမောလ်တို့က လိုက်သွားကြသည်။ ထိုသုံးဦးမှာ ကြက်သေသေ ​နေပုံ ရသော်လည်း အောင်ပွဲခံသည့် ပုံ ပေါက်နေသည်။

သူတို့ထွက်သွားပြီးသည့် နောက်တွင် ကျန်ရှိ သောသူများ ကြားတွင် စီစီညံညံ ပြောဆိုမှုတစ်ခု ဖြစ်လာသည်။ မိလိယပ်စ်က ဖိလစ်ကို ပြောသည်။ "ရီမီဂျီးယပ်စ် အနေနဲ့ ဒီလို လှည့်စားမှု တစ်ခုကို ကြိုတင် ပြင်ဆင်ထားလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး။"

"သူလိမ်နေတာ။" ဖိလစ်က ခါးသီးစွာ ပြောသည်။ "ကျွန်တော် အသေအချာ သိတယ်။ "

ကတ်ဘတ်က သူတို့ စကားဝိုင်းထဲ ဝင်လာပြီး ဖိလစ်၏ မှတ်ချက်ကို ကြားလိုက်သည်။ "သူ လိမ်နေတာ ဆိုလည်း ဘာမှ မထူးဘူး မဟုတ်လား။ ဟုတ်တယ်နော်။" သူက ပြောသည်။ " ခြိမ်းခြောက်မှုနဲ့တင် လုံလောက်တယ်။"

"နောက်ဆုံးတော့ အမှန်တရား ဆိုတာ ပေါ်လာမှာပါ။" ဖိလစ်က ပြောသည်။

"အမှန်တော့ မဟုတ်ဘူး။" မိလိယပ်စ်က ပြန်ပြောသည်။ "တကယ်လို့ ဘစ်ရှော့က အော့စဘတ်ကို အဆိုမပြုဘူး ဆိုပါတော့။ ရီမီဂျီးယပ်က ညီညွတ်နေတဲ့ ပရိုင်ရော်ရီနဲ့ ဖြစ်လာမယ့် တိုက်ပွဲတစ်ခုကြောင့် ဘစ်ရှော့က အရှုံးပေးသွားတယ်လို့ ပြောလိုက်ရုံပဲ။"

"ကျွန်တော်ကတော့ အရှုံးပေးဖို့ အသင့်မဖြစ် သေးဘူး။" ဖိလစ်က ခေါင်းမာစွာ ပြောသည်။

မိလိယပ်စ်က ပြောသည်။ "ကျွန်တော်တို့ ဘာလုပ်ရဦးမှာလဲ။"

"ကျွန်တော်တို့ အနေနဲ့ အမှန်ကို သိအောင် လုပ်ရမယ်။" ဟု ဖိလစ်က ပြောသည်။

"ကျွန်တော်တို့ မသိနိုင်ဘူး။" ဟု မိလိယပ်စ်က ပြန်ပြောသည်။

ဖိလစ်က ပြန်စဉ်းစားလိုက်သည်။ စိတ်ပျက်လက် ဖြစ်စရာများက နာကျင်စရာ ကောင်းလှသည်။ "ကျွန်တော်တို့ မေးလိုက်ရုံပဲ မဟုတ်လား။" သူက ပြောသည်။

"မေးရမယ်။ ခင်ဗျား ဘာကို ဆိုလိုတာလဲ။"

"ဘစ်ရှော့ကို ခင်ဗျား ရည်ရွယ်ထားတာ ဘာလဲ မေးလိုက်ရုံပေါ့။"

"ဘယ်လို မေးရမှာလဲ။"

"ကျွန်တော်တို့ အနေနဲ့ ဘစ်ရှော့ရဲ့ နန်းတော်ကို စာချွန်လွှာ ပို့လို့ ရတယ် မဟုတ်လား။ ဟုတ်လား။" ဖိလစ်က သူ့အတွေးကို ပါးစပ်မှ ကျယ်လောင်စွာ ထုတ်ပြောမိသည်။ သူက ကတ်ဘတ်ကို ကြည့်လိုက်သည်။

ကတ်ဘတ်သည် အမြော်အမြင် ရှိသူ ဖြစ်သည်။ "ဟုတ်တယ်။ ကျွန်တော် စေတမာန်တွေ အမြဲတမ်း ပို့လွှတ်နေတာပဲ။ နန်းတော်ကို ကျွန်တော် တစ်ယောက် ပို့ပေးလို့ ရတယ်။"

မိလိယပ်စ်က သရော်တော်တော် ဝင်ပြောသည်။ "နောက်ပြီး ဘစ်ရှော့ကို ခင်ဗျား ရည်ရွယ်ထားတာ ဘာလဲ မေးရမယ်။"

ဖိလစ် မျက်မှောင်ကြုတ်လိုက်သည်။ ဤအရာသည် ပြသနာပင် ဖြစ်သည်။

ကတ်ဘတ်က မိလိယပ်စ် ပြောသည်ကို သဘောတူသည်။ "ဘစ်ရှော့က ကျွန်တော်တို့ကို ပြောမှာ မဟုတ်ဘူး။" ဟု သူက ပြောသည်။

ဖိလစ် ခေါင်းထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာသည်။ သူသည် မျက်မှောင်ကြုတ်ထားသည်ကို ဖြေလျှော့လိုက်ပြီး အဖြေတွေ့သွားသည့်ပမာ သူ၏ လက်ဖဝါးကို စိတ်လှုပ်ရှားစွာ လက်သီးဖြင့် ထိုးလိုက်သည်။ "မဟုတ်ဘူး။" သူက ပြောသည်။ "ဘစ်ရှော့က ကျွန်တော်တို့ကို မပြောပေမယ့် ဘစ်ရှော့ရဲ့ လက်ထောက်က ပြောလိမ့်မယ်။"

ထိုညတွင် ဖိလစ်သည် စွန့်ပစ်ထားခြင်း ခံခဲ့ရသည့် ကလေးငယ် ဂျိုနသန် အကြောင်း အိပ်မက်မက်သည်။  သူ၏ အိပ်မက် ထဲတွင် ကလေးငယ်သည် တောအုပ်ထဲမှ စိန့်ဂျွန် ဘုရားကျောင်း၏ ဆင်ဝင်အောက်တွင် ရှိနေပြီး ဖိလစ်က အထဲတွင် ရှိနေကာ မနက်စာ မတိုင်မီ ဝတ်ပြုဆုတောင်း အစည်းအဝေးအတွက် ဝတ်ပြုစာကို ဖတ်ကြားနေသည်။ ထိုအချိန်တွင် ဝံပုလွေ တစ်ကောင်က သစ်တောအုပ် အတွင်းမှ ခိုးကြောင်ခိုးဝှက် ထွက်လာကာ မြွေတစ်ကောင် ကဲ့သို့ လျှောကနဲ ကွင်းပြင်ကို ဖြတ်လာပြီး ကလေးငယ်ဆီသို့ ဦးတည် လာနေသည်။ ဖိလစ်အနေနှင့် ဝတ်ပြုပွဲ အတွင်း အနှောင့်အယှက် ဖြစ်ပြီး ထိုနေရာတွင် ရှိနေသော ရီမီဂျီးယပ်စ်နှင့် အင်ဒရူးတို့မှ အပြစ်ပြောလိမ့်မည်ကို စိုးရွံ့ကာ လှုပ်ရှားရမည်ကို ကြောက်ရွံနေရသည်။ (တကယ့် အပြင်လောက တွင်တော့ သူတို့နှစ်ဦးစလုံး ထိုဘုရားကျောင်းသို့ ရောက်ဖူးခြင်း မရှိကြပါ။ ) သူ့အနေနှင့် ဟစ်အော်ရန် ဆုံးဖြတ်သော်လည်း အိပ်မက် မက်သည့် အခါ ဖြစ်လေ့ဖြစ်ထ ရှိသကဲ့သို့ သူကြိုးစားသော်လည်း အသံထွက်မလာ ခဲ့ပေ။ နောက်ဆုံးမှာတော့ ထိုသို့ အော်ပြောရန် ကြိုးစားရင်း သူ လန့်နိုးလာခဲ့သည်။ သူသည် အမှောင်ထဲတွင် လှဲလျောင်းကာ ပတ်ပတ်လည်ရှိ အိပ်ပျော်နေသော ဘုန်းကြီးများ၏ အသက်ရှူသံများကို နားထောင်ရင်း ဝံပုလွေသည် အစစ်အမှန် မဟုတ်ကြောင်း သူ့ဘာသာသူ တဖြည်းဖြည်းချင်း သဘောပေါက်လာသည်။

သူ့အနေနှင့် ကင်းဘရစ်ချ် ကို စရောက်သည့် အချိန်မှ စ၍ ကလေးငယ်အကြောင်း မတွေးမိသလောက် ဖြစ်သည်။ သူ့အနေနှင့် ပရိုင်ရော် တစ်ယောက် ဖြစ်လာခဲ့လျှင် ကလေးငယ်နှင့် ပတ်သက်ပြီး ဘာလုပ်မလဲဟု တွေးတောနေမိသည်။ ထိုအခါတွင် အားလုံးသည် ကွဲပြားခြားနား သွားလိမ့်မည်။ တောအုပ်ထဲတွင် ပုန်းလျိုးကွယ်လျိုး ရှိနေသော ဘုန်းကြီးကျောင်းကလေးထဲတွင် ကလေးငယ် တစ်ဦး ရှိနေသည်မှာ ပုံမှန် မဟုတ်သော်လည်း ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်နိုင်ပေ။ သို့သော်လည်း ကင်းဘရစ်ချ် ပရိုင်ရော်ရီတွင် ထိုကလေးငယ်ပင် ရှိနေသည်မှာ ပြောစရာ တစ်ခု ဖြစ်လိမ့်မည်။ တခြားတစ်ဘက်မှ လှည့်တွေးလျှင် ထိုကိစ္စမှာ အမှား မဟုတ်ပေ။ လူတွေ ပြောစရာ ဖြစ်သည်မှာ အပြစ်တစ်ခု ကျူးလွန်သည် မဟုတ်ပေ။ သူသည် ပရိုင်ရော် တစ်ယောက်ဖြစ်လျှင် သူကျေနပ်သလို လုပ်နိုင်သည်။ သူ့အနေနှင့် ရှစ်ပဲနိ ဂျွန်နီကို ကင်းဘရစ်ချ် သို့ ခေါ်ပြီး ကလေးငယ်ကို ကြည့်ရှုခိုင်းနိုင်သည်။ ထိုအကြံက သူ့အား အတိုင်းမသိ ကျေနပ်နှစ်သိမ့် သွားစေသည်။ အဲဒီလို လုပ်ရင် ဖြစ်တာပဲ ဟု သူတွေးမိသည်။ ထို့နောက်တွင် ယခုလက်ရှိ ဖြစ်နိုင်ခြေများတွင် သူပရိုင်ရော် ဖြစ်မလာနိုင်ဘူး ဆိုသည်ကို သတိရသွား ပြန်သည်။

သူသည် အာရုဏ်ဦး အချိန် အထိ စိတ်မရှည်သော ရောဂါဖြင့် လှဲလျောင်းရင်း အိပ်မပျော် ဖြစ်နေသည်။ သူ့အနေနှင့် ဤကိစ္စကို ဆက်လက် တွန်းအားပေးရန် ယခုအချိန် ဘာမှ မလုပ်နိုင်ပေ။ ဘုန်းကြီးများနှင့် စကားပြောရန်မှာလည်း သူတို့၏ စိတ်ထဲတွင် အော့စဘတ်၏ ခြိမ်းခြောက်မှုက ကြီးစိုးနေသဖြင့် အကျိုးမထူးပေ။ အချို့က ရွေးကောက်ပွဲ ပြီးစီးသွားသည့် ပမာပင် ဖိလစ်အား ချည်းကပ်၍ သူရှုံးနိမ့်သွားသည့် အတွက် သူတို့ စိတ်မကောင်းကြောင်း သူ့ကို ပြောကြသည်။ သူ့အနေဖြင့် သူတို့အား ယုံကြည်ချက် မခိုင်မာသည့် သရဲဘောကြောင်သူတွေဟု ခေါ်ချင်စိတ်ကို ထိန်းချုပ်ထားရသည်။

သူက ပြုံးရင်း သူတို့ကို အံ့ဩစရာ ကိစ္စ တစ်ခု ရှိကောင်းရှိနိုင်သေးကြောင်း ပြန်ပြောသည်။ သို့သော်လည်း သူကိုယ်တိုင်၏ ယုံကြည်မှုကပင် မခိုင်မာတော့ပေ။ ဘစ်ရှော့၏ လက်ထောက် ဝေးရန်သည် ဘစ်ရှော့၏ နန်းတော်တွင် ရှိမနေသည်လည်း ဖြစ်နိုင်သည်။ သူ့အနေနှင့် ထိုနေရာတွင် ရှိသော်လည်း အကြောင်းတစ်စုံတစ်ခုကြောင့် ဖိလစ်အား ဘစ်ရှော့၏ အစီအစဉ်ကို ပြောမပြချင်သည်လည်း ဖြစ်နိုင်သည်။ ပိုပြီး ဖြစ်နိုင်ခြေ ရှိသည်က ဘစ်ရှော့၏ လက်ထောက် အကျင့်အတိုင်း သူ့တွင် ကိုယ်ပိုင် အစီအစဉ်လည်း ရှိနိုင်သေးသည်။

ဖိလစ်သည် အခြားဘုန်းကြီးများနှင့် အတူ အရုဏ်ဦးတွင် အိပ်ရာမှ ထပြီး နေ့တစ်နေ့၏ ပထမဆုံး ဝတ်ပြုပွဲ ဖြစ်သော နံနက်စာမစားခင် ဝတ်ပြု အစည်းအဝေး အတွက် ဘုရားကျောင်း အတွင်းသို့ ဝင်ခဲ့သည်။ ထို့နောက်တွင် သူသည် အခြားသူများနှင့် အတူ နံနက်စာ စားရန် ရည်ရွယ်ချက်ဖြင့် ထမင်းစားဆောင်သို့ ဦးတည်လျှောက်လာခဲ့သည်။ သို့သော်လည်း မိလိယပ်စ်က လမ်းမှ ဖြတ်၍ လျှို့ဝှက်သော ခြေဟန်လက်ဟန် ဖြင့် သူ့အား မီးဖိုဆောင်သို့ ညွှန်ပြရင်း အချက်ပြလိုက်သည်။ ဖိလစ်က သူ့နောက်မှ လိုက်လာခဲ့ရင်း သူ၏ အာရုံကြောများ လှုပ်ရှားလာသည်။ စေတမာန် ပြန်ရောက်နေတာ ဖြစ်ရမည်။ အလွန်ပင် မြန်လှသည်။ သူ့အနေနှင့် အကြောင်းပြန်ကြားချက်ကို ချက်ချင်း ရရှိပြီး မနေ့က နေ့လည်တွင် ပြန်လည် ထွက်ခွာ လာခြင်း ဖြစ်ရမည်။ ထိုသို့ဆိုလျှင်ပင် သူသည် မြန်လှသည်။ ဖိလစ် အနေနှင့် ပရိုင်ရော်ရီ၏ မြင်းဇောင်းထဲတွင် ခရီးကို ထိုသို့ အလျှင်အမြန် သွားနိုင်သော မြင်းတစ်စင်း ရှိနေသည်ကို မသိခဲ့ပေ။ ထိုသို့ သူ့အနေနှင့် ခရီးကို အလျင်အမြန် သွားနေသည် ဆိုလျှင်ပင် အဖြေက ဘာဖြစ်နိုင်မည်လဲ။

သို့သော်လည်း မီးဖိုချောင် အတွင်းတွင် စောင့်နေသူက စေတမာန် မဟုန်ပေ။ ဘစ်ရှော့၏ လက်ထောက် ဝေးရန် ဘိုင်ဂေါ့ဒ် ကိုယ်တိုင် ဖြစ်သည်။

ဖိလစ်က သူ့ကို တအံ့တဩ စိုက်ကြည့်နေမိသည်။ ပိန်ပါးပြီး အနက်ရောင် ဝတ်ရုံ ဝတ်ထားသော ဘစ်ရှော့၏ လက်ထောက် ခွေးခြေခုံပေါ်တွင် ထိုင်နေသည့် ပုံစံ မှာ ကျီးကန်းတစ်ကောင် သစ်ကိုင်းတစ်ကိုင်းပေါ်တွင် နားနေသည့် ပမာပင် ဖြစ်သည်။ သူ၏ နှုတ်သီးသဏ္ဌာန် ရှိသော နှာခေါင်း၏ အဖျားတွင် အအေးဒဏ်ကြောင့် နီရဲနေသည်။ သူက အရိုးပြိုင်းပြိုင်း ထနေသော သူ၏ လက်ဖြူဖြူများကို ပူနွေးပြီး အနံ့ပြင်းသော ဝိုင်တစ်ခွက်၏ ဘေးတွင် နွေးအောင် လုပ်နေသည်။

"ခင်ဗျား ရောက်လာတာ သိပ်ကောင်းတာပဲ။" ဖိလစ်က ရုတ်တရက် ထုတ်ပြောမိသည်။

"ခင်ဗျား ကျုပ်ဆီကို စာရေးတဲ့ အတွက် ဝမ်းသာပါတယ်။" ဝေးရန်က အေးဆေးစွာ ပြန်ပြောသည်။

"အဲဒါ အမှန်ပဲလား။" ဖိလစ်က စိတ်မရှည်နိုင်စွာ မေးလိုက်သည်။ "ဘစ်ရှော့က အော့စဘတ်ကို အဆိုပြုမှာလား။"

ဝေးရန်က လက်ကိုမြှောက်ပြီး ရပ်ခိုင်းလိုက်သည်။ "ကျွန်တော် အဲဒီအကြောင်းကို နောက်မှ ပြောမယ်။ ကတ်ဘတ်က မနေ့က အဖြစ်အပျက်တွေ ကျွန်တော့်ကို ပြန်ပြောပြနေတာ။"

ဖိလစ်က သူ၏ စိတ်ပျက်လက်ပျက် ဖြစ်မှုကို သိုဝှက်ထားလိုက်သည်။ ဤအဖြေမှာ တည့်တိုး အဖြေ မဟုတ်ပေ။ သူက ဝေးရန်၏ မျက်နှာကို လေ့လာလိုက်ပြီး သူ၏ စိတ်ကို အကဲခတ်လိုက်သည်။ ဝေးရန်တွင်လည်း သူ့အစီအစဉ်နှင့်သူ ရှိသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ သို့သော်လည်း ဖိလစ်အနေနှင့် ဘာအစီအစဉ်မှန်း မသိပေ။

ကတ်ဘတ်ကို ဖိလစ်က အစပထမတွင် သတိမပြုမိပေ။ သူသည် မီးဖိုဘေးတွင် ထိုင်ကာ သူ၏ သက်ကြီးရွယ်အို သွားများအတွက် ပေါင်မုန့်ကြမ်းကို ဘီယာ အတွင်းသို့ နှစ်၍  ပျော့ပြောင်းအောင် ပြုလုပ်ရင်း ယမန်နေ့က ချက်ပတာ အစည်းအဝေး အကြောင်းကို ဆက်ပြောနေသည်။ ဖိလစ်သည် ဂဏှာမငြိမ် လှုပ်ရှားနေမိရင်း ဝေးရန် ဘာရည်ရွယ် သလဲဟု တွေးဆနေမိသည်။ သူသည် ပေါင်မုန့်နည်းနည်းကို စားရန် ကြိုးစားသော်လည်း စိတ်ထဲတွင် တင်းကြပ်နေသဖြင့် မျိုမချနိုင် ဖြစ်နေသည်။ သူသည် သူ၏ လက်အတွင်း တစ်ခုခု ရှိနေစေရန် ရေရောထားသော ဘီယာအနည်းငယ်ကို ​သောက်နေမိသည်။

"အဲဒီတော့။" ကတ်ဘတ်က နောက်ဆုံးတွင် ပြောလိုက်သည်။ "ကျွန်တော်တို့ အတွက် ရှိတဲ့ တစ်ခုတည်းသော အခွင့်အရေးက ဘစ်ရှော့ရဲ့ ရည်ရွယ်ချက်ကို အမှန်အတိုင်း သိအောင် လုပ်ဖို့ပဲ။ ကံကောင်းထောက်မစွာနဲ့ ဖိလစ်က ခင်ဗျားနဲ့ သိကျွမ်းမှု အပေါ် အရဲကိုး ကြည့်ချင်တာနဲ့ ကျွန်တော်တို့ ခင်ဗျားဆီကို စာလွှာပို့လိုက်တာပဲ။"

ဖိလစ်က စိတ်မရှည်စွာ ပြောသည်။ "အခု ခင်ဗျား ကျွန်တော်တို့ သိချင်တာကို ပြောတော့မှာလား။"

"ကောင်းပြီ။ ကျုပ်ပြောပြမယ်။" ဝေးရန်က သူ၏ ဝိုင်ကို မမြည်းစမ်းဘဲ ပြန်ချလိုက်သည်။ "ဘစ်ရှော့က သူ့ရဲ့သားကို ကင်းဘရစ်ချ် ရဲ့ ပရိုင်ရော် ဖြစ်စေချင်တာ အမှန်ပဲ။"

ဖိလစ်၏ နှလုံးသား ကြေမွသွားခဲ့သည်။ "အဲဒါဆို ရီမီဂျီးယပ်စ်က အမှန်အတိုင်း ပြောတာပေါ့။"

ဝေးရန်က ဆက်ပြောသည်။ "ဒါပေမယ့် ဘစ်ရှော့အနေနဲ့ ဘုန်းကြီးတွေနဲ့ အချင်းများဖို့ မစွန့်စားချင်တာတော့ အမှန်ပဲ။"

ဖိလစ်က မျက်မှောင်ကြုတ်လိုက်သည်။ ဤအရာသည် ရီမီဂျီးယပ်စ် ခန့်မှန်းထားသည့် အတိုင်း အနည်းနှင့် အများတော့ မှန်သည်။ သို့သော်လည်း တစ်စုံတစ်ခု လွဲချော်နေသလို ဖြစ်သည်။ ဖိလစ်က ဝေးရန်ကို ပြောသည်။ "ခင်​ဗျား ဒီအထိ လာတာ ကျွန်တော်တို့ကို ဒီစကားပြောချင်ရုံသက်သက်နဲ့တော့  မဟုတ်လောက်ဘူး။"

ဝေးရန်က ဖိလစ်ကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဖိလစ် အနေနှင့် သူထင်ထားသည်မှာ မှန်ကြောင်း သိလိုက်သည်။ "မဟုတ်ဘူး။" ဝေးရန်က ပြောသည်။ "ဘစ်ရှော့က ကျွန်တော့်ကို ဘုန်းကြီးကျောင်းရဲ့ အနေအထားကို တီးခေါက်ကြည့်ဖို့ ခိုင်းလိုက်တယ်။ သူ့ကိုယ်စား အဆိုပြုပေးဖို့လည်း ကျွန်တော့်ကို အခွင့်ပေးလိုက်တယ်။ အမှန်တကယ်တော့ ကျွန်တော့်မှာ ဘစ်ရှော့ရဲ့ တံဆိပ်တုံး ပါလာတယ်။ အဲဒီအတွက် ကျွန်တော့် အနေနဲ့ နည်းလမ်းကျကျနဲ့ တရားဝင် အဆိုပြုစာကို ရေးနိုင်တယ်။ ကျွန်တော့်မှာ သူ့ရဲ့ အခွင့်အာဏာ အပြည့်အဝ ရှိတယ်။ ခင်ဗျား သိပြီ မဟုတ်လား။"

ဖိလစ်အနေနှင့် ခဏတာမျှ အခြေအနေကို သဘောပေါက်အောင် အချိန်ယူရသည်။ ဝေးရန်ကို အဆိုပြုရန် အခွင့်အာဏာပေးလိုက်ပြီး ထိုအခွင့်အာဏာ အတွက် ဘစ်ရှော့၏ တံဆိပ်တုံး ကို ပေးလိုက်သည်။ အဓိပ္ပာယ်မှာ ဘစ်ရှော့ အနေနှင့် ထိုကိစ္စကို ဝေးရန်လက်ထဲသို့ ဝကွက်အပ်လိုက်ခြင်း ဖြစ်သည်။ သူသည် ယခု အခါ ဘစ်ရှော့၏ အခွင့်အာဏာဖြင့် စကားပြောနေခြင်း ဖြစ်သည်။


ဖိလစ်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး ပြောလိုက်သည်။ "ခင်ဗျား ကတ်ဘတ် ပြောခဲ့တာကို လက်ခံသလား။ အကယ်၍ အော့စဘတ်ကို အဆိုပြုခဲ့မယ် ဆိုရင် ဘစ်ရှော့ မလိုလားတဲ့ ဘုန်းကြီးတွေနဲ့ အငြင်းပွားမှု ဖြစ်မယ်ဆိုတာကို။"

"ကျွန်တော် နားလည် ပါတယ်။" ဝေးရန်က ပြောသည်။

"အဲဒီတော့ ခင်ဗျား အော့စဘတ်ကို အဆိုမပြုဘူး မဟုတ်လား။"

"မပြုဘူး။"

ဖိလစ်အနေနှင့် ပြတ်ထွက်သွားမလား ထင်ရအောင် တင်းမာသော စိတ်တင်းကြပ်မှု ဖြစ်လာသည်။ ဘုန်းကြီးများ အနေနှင့် အော့စဘတ်၏ ခြိမ်းခြောက်မှုမှ လွတ်မြောက်သွားပြီ ဖြစ်သဖြင့် သူတို့ အနေနှင့် ဝေးရန် အဆိုပြုမည့်သူ မည်သူကို မဆို ကျေးဇူးတင်စွာ မဲပေးကြလိမ့်မည် ဖြစ်သည်။

ယခုအခါ ဝေးရန် အနေနှင့် ပရိုင်ရော် အသစ်ကို ရွေးချယ်ရန် အခွင့်အာဏာ ရှိနေပြီ ဖြစ်သည်။

ဖိလစ်က မေးလိုက်သည်။  "အဲဒါဆို ခင်ဗျား ဘယ်သူ့ကို အဆိုပြုမှာလဲ။"

ဝေးရန်က ပြန်ပြောသည်။ "ခင်ဗျားကို ဖြစ်ဖြစ် ရီမီဂျီးယပ်စ် ကို ဖြစ်ဖြစ်ပေါ့။

"ရီမီဂျီးယပ် အနေနဲ့ ပရိုင်ရော်ရီကို ခန့်ခွဲနိုင်တဲ့ အစွမ်းအစက"

"ကျွန်တော် သူ့ရဲ့ အရည်အချင်းကိုလည်း သိတယ်။ ခင်ဗျားရဲ့ အရည်အချင်းကိုလည်း သိတယ်။ " ဝေးရန်က သူ၏ ပိန်ပါးသော လက်ဖြူဖြူများဖြင့် ဖိလစ်ကို နောက်ထပ်တစ်ကြိမ် တားဆီးရင်း ဖြတ်ပြောသည်။ "ကျွန်တော့် အနေနဲ့ ခင်ဗျားတို့ နှစ်ယောက်ထဲမှာ ဘယ်သူဟာ အကောင်းဆုံး ပရိုင်ရော် ဖြစ်လာလိမ့်မယ် ဆိုတာ သိတယ်။" သူက ခေတ္တမျှ ဆိုင်းလိုက်သည်။ "ဒါပေမယ့် အခြားကိစ္စတစ်ခု ရှိသေးတယ်။"

 အခု ဘာဖြစ်ပြန်ပြီလဲဟု ဖိလစ် တွေးမိသည်။ ဘယ်သူက အကောင်းဆုံး ပရိုင်ရော် တစ်ယောက် ဖြစ်လာမလဲ ဆိုသည့် အပြင် တခြား ဘာများ စဉ်းစားနေစရာ လိုသေးသလဲ။ သူက အခြားသူများကို ကြည့်လိုက်သည်။ မိလိယပ်စ်လည်း ပဟေဠိ ဖြစ်နေပုံ ရသည်။ သို့သော်လည်း ကတ်ဘတ်က ဘာလာမည်ကို ကြိုသိနေသလိုပင် အနည်းငယ် ပြုံးလိုက်သည်။

ဝေးရန်က ပြောသည်။ "ခင်ဗျားလိုပဲ ကျွန်တော်လည်း စိတ်ပူမိတယ်။ ဘုရားကျောင်းရဲ့ အရေးကြီးတဲ့ ရာထူးတွေဟာ ခွန်အားရှိတဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေပဲ ရသင့်တယ်။ ဘယ် အသက်ရွယ်ပဲ ဖြစ်ဖြစ်ပေါ့။ မြင့်မြတ်မှုဟာ စီမံခန့်ခွဲနိုင်စွမ်းထက် ပိုများနေတဲ့ ဝါကြီးတဲ့သူတွေဆီကို နှစ်ရှည် တာဝန်ထမ်းဆောင်ခြင်း အတွက် ဆုလာဘ် အဖြစ်ပေးအပ်မယ့် အစားပေါ့။"

"ဟုတ်တာပေါ့။" ဖိလစ်က စိတ်မရှည်စွာ ပြောသည်။ သူ့အနေနှင့် သူပြောကြား သွားခဲ့သော စကားနှင့် ဆက်စပ်မှုကို ရှာမတွေ့ပေ။

"ကျွန်တော်တို့ ဒီကိစ္စကို အတူတကွ အဆုံးသတ်ကြမယ်။ ခင်ဗျားတို့ သုံးယောက်နဲ့ ကျွန်တော်ပေါ့။"

မိလိယပ်စ်က ပြောသည်။ "ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ ကျွန်တော် မသိဘူး။"

"ကျွန်တော် သိတယ်။" ကတ်ဘတ်က ပြောသည်။


ဝေးရန်က ကတ်ဘတ်ကို ယဲ့ယဲ့ပြုံးပြ လိုက်ပြီး ဖိလစ်ထံသို့ ပြန်၍ အာရုံစိုက်လိုက်သည်။

"ကျွန်တော် ရှင်းရှင်း ပြောမယ်။ " သူက ပြောသည်။ "ဘစ်ရှော့ ကိုယ်တိုင်လည်း အသက်ကြီးနေပြီ။ တစ်နေ့ သူ သေမှာပဲ။ အဲဒီ အခါမှာ ကျွန်တော်တို့ ဘစ်ရှော့ အသစ်လိုမယ်။ ဒီနေ့ ကျွန်တော်တို့ ပရိုင်ရော် အသစ် လိုအပ်သလိုမျိုးပေါ့။ ကင်းဘရစ်ချ်က ဘုန်းကြီးတွေ အနေနဲ့ ဘစ်ရှော့ကို ရွေးချယ်ပိုင်ခွင့် ရှိကြတယ်။ ကင်းဘရစ်ချ်ရဲ့ ဘစ်ရှော့က ပရိုင်ရော်ရီရဲ့ အကြီးအမှူး ဘုန်းကြီးပဲ မဟုတ်လား။"

ဖိလစ်က မျက်မှောင်ကြုတ်လိုက်သည်။ ဤအရာ အားလုံးသည် ဘာမှ မပတ်သက်ပေ။ သူတို့သည် ပရိုင်ရော်ကို ရွေးချယ်နေခြင်းသာ ဖြစ်သည်။ ဘစ်ရှော့ကို ရွေးချယ်နေခြင်း မဟုတ်ပေ။

သို့သော်လည်း ဝေးရန်က ဆက်ပြောသည်။ "ဒါပေမယ့်လည်း အမှန်က ဘုန်းကြီးတွေ အနေနဲ့ သူတို့ ဘစ်ရှော့ ဖြစ်စေချင်တဲ့သူကို လုံးဝ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိတာတော့ မဟုတ်ပြန်ဘူး။ အာ့ခ်ဘစ်ရှော့ နဲ့ ဘုရင်ရဲ့ အမြင်လည်း လိုသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ခန့်အပ်တဲ့ ကိစ္စကို တရားဝင် ဖြစ်အောင် လုပ်တဲ့သူက ဘုန်းကြီးတွေပဲ။ အဲဒီ အချိန်ကျရင် ခင်ဗျားတို့ သုံးယောက်မှာ ဆုံးဖြတ်ချက်အတွက် အကြီးအကျယ် လွှမ်းမိုးနိုင်စွမ်း ရှိတယ်။"

ကတ်ဘတ်က သူ၏ တွေးဆချက် မှန်ကန်သွားသလို ခေါင်းကို တဆတ်ဆတ် ငြိမ့်နေသည်။ ယခု အခါ ဖိလစ်အနေနှင့်လည်း ဘာလာမည်ကို ဝိုးတဝါး သိမြင်လာသည်။

ဝေးရန်က အဆုံးသတ်လိုက်သည်။ "ခင်ဗျားက ကျုပ်အနေနဲ့ ခင်ဗျားကို ကင်းဘရစ်ချ် ရဲ့ ပရိုင်ရော် ဖြစ်အောင် လုပ်ပေး စေချင်တယ်။ ကျွန်တော်က ခင်ဗျားအနေနဲ့ ကျုပ်ကို ဘစ်ရှော့ဖြစ်အောင် လုပ်ပေး စေချင်တယ်။ "

ထိုအရာမှာ ဆိုလိုရင်းပင် ဖြစ်သည်။

ဖိလစ်က ဝေးရန်ကို တိတ်ဆိတ်စွာ စူးစိုက် ကြည့်နေသည်။ ထိုအရာမှာ အရှင်းသားပင် ဖြစ်သည်။ ဘစ်ရှော့၏ လက်ထောက် အနေနှင့် အပေးအယူ တစ်ခု လုပ်ချင်သည်။

ဖိလစ်အနေနှင့် တုန်လှုပ်သွားသည်။ ထိုအရာမှာ တရားစာ ဆိုင်မွန်နီ ဆိုသည့် အပြစ်ဖြစ်သည့် ဘုရားကျောင်း ရာထူးကို အရောင်းအဝယ် ပြုလုပ်ခြင်း နှင့်တော့ မတူပေ။ သို့သော်လည်း စိတ်မသက်သာစရာ စီးပွားရေးဆန် နေသည်။



သူ့အနေနှင့် အဆိုပြုချက်ကို ဓမ္မဓိဌာန်ကျကျ တွေးနိုင်အောင် စဉ်းစားသည်။ အဓိပ္ပာယ်မှာ ဖိလစ်အနေနှင့် ပရိုင်ရော် ဖြစ်မည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ သူ့အနေနှင့် တွေးရုံမျှ နှင့်ပင် ရင်ခုန်သံ မြန်လာသည်။ သူ့အား ပရိုင်ရော်ရီကို ပေးအပ်မည့် ကိစ္စနှင့် ပတ်သက်၍ သူ့အနေနှင့် အသေးအဖွဲ မည်သည့် ကိစ္စကိုမျှ မဝေဖန်လိုပေ။

ထိုအဓိပ္ပာယ်မှာ ဝေးရန် အနေနှင့် တစ်ချိန်ချိန်တွင် ဘစ်ရှော့ ဖြစ်ကောင်း ဖြစ်လာနိုင်သည် ဟုလည်း ဖြစ်သည်။ သူသည် ဘစ်ရှော့ကောင်း တစ်ယောက် ဖြစ်လာနိုင်မည်လား။ သူသည် လုပ်နိုင်စွမ်း ရှိသည်မှာ မှန်သည်။ သူ့အနေနှင့် ဒုစရိုက်မှု ကြီးကြီးကျယ်ကျယ်လည်း ရှိဟန် မတူပေ။ သူသည် ဘုန်းကြီးထက် လူပိုဆန်ခြင်း ဖြစ်ပြီး ဘုရားသခင်၏ တာဝန်ကို လက်တွေ့ဆန်သော ရှုထောင့်မှ ချဉ်းကပ်ခြင်း ဖြစ်သည်။ ဖိလစ်သည်လည်း အလားတူပင် ဖြစ်သည်။ ဖိလစ်က ခံစားမိသည်မှာ ဝေးရန်၌ သူ့တွင် မရှိသော အကြင်နာ မဲ့သည့် စိတ်အားထက်သန်မှုမျိုး ရှိသည်။ သို့သော်လည်း ထိုအရာမှာ ဘုရားကျောင်းတော်၏ အကျိုး အတွက် ကာကွယ်ရန်နှင့် ပျိုးထောင်ရန် အတွက် စိတ်ရင်းအမှန် ပေါ်တွင် မူတည်၍ ဖြစ်ပေါ်ခြင်း ဖြစ်သည် ဟူ၍လည်း ခံစားမိသည်။

နောက်ဆုံး ဘစ်ရှော့ သေဆုံး သွားသည့် အချိန်တွင် တခြား အရွေးခံမည့်သူ တစ်ဦးမှာ မည်သူ ဖြစ်နိုင်မည်လဲ။

အော့စဘတ်လည်း ဖြစ်နိုင်ချေ ရှိသည်။ တရားဝင် လိုအပ်ချက် အရ ဘုန်းကြီးကျောင်း စည်းမျဉ်းပါ လိင်မှုကိစ္စကို ရှောင်ကြဉ်ရမည် ဖြစ်သောလ်ည်း ဘုရားကျောင်းတော်မှ ရာထူးကို အဖေမှ သားသို့ လက်ဆင့်ကမ်းသည်မှာ မကြားဖူးသည့် ကိစ္စတော့ မဟုတ်ပေ။

အော့စဘတ် ဘစ်ရှော့ ဖြစ်သည်မှာ ပရိုင်ရော် ဖြစ်သည်ထက် ဘုရားကျောင်းတွင် တာဝန်ပိုကြီးသည်။ အော့စဘတ်ကို ရာထူးမရရန် သူ့လောက် မဆိုးသော ဝေးရန်ကို ထောက်ခံခြင်းက ပို၍ ထိုက်တန်မည် ဖြစ်သည်။

တခြား ဘယ်သူများ ဝင်အရွေး ခံဦးမှာလဲ။ ထိုအရာမှာ တွေးဆရန် ခက်ခဲသည်။ ဘစ်ရှော့မသေခင်တွေင် နှစ်ပေါင်းများစွာ ကျန်နေနိုင်သေးသည်။

ကတ်ဘတ်က ဝေးရန် ကို ပြောသည်။ "ခင်ဗျား အရွေးခံရလိမ့်မည် လိုတော့ ကျွန်တော်တို့ အာမမခံနိုင်ဘူး။"

"ကွန်တော် သိပါတယ်" ဟု ဝေးရန်က ပြန်ပြောသည်။ "ကျွန်တော်က ခင်ဗျားတို့ကို အဆိုပြုဖို့ပဲ ပြောတာပါ။ ကျွန်တော့်ဘက်က ခင်ဗျားတို့ကို ပြန်ပေးရမှာလည်း ဒါနဲ့ အတူတူပဲ။ အဆိုပြုချက်ပဲ။"

ကတ်ဘတ်က ခေါင်းကို ငြိမ့်လိုက်သည်။ "ကျွန်တော် သဘောတူတယ်။" သူက လေးလေးနက်နက် ပြန်ပြောသည်။

"ကျွန်တော်လည်း သဘောတူတယ်။ "မိလိယပ်စ်ကလည်း ဝင်ပြောသည်။

ဘစ်ရှော့၏ လက်ထောက်နှင့် ဘုန်းကြီးနှစ်ပါးက ဖိလစ်ကို ကြည့်နေကြသည်။ သူက တုံ့ဆိုင်းနေပြီး ဝေခွဲမရနိုင် ဖြစ်နေသည်။ ဤနည်းသည် ဘစ်ရှော့ကို ရွေးချယ်ရမည့် နည်းလမ်း မဟုတ်ကြောင်း သူသိသည်။ သို့သော်လည်း ပရိုင်ရော်ရီသည် သူ၏ လက်ထဲတွင် ရှိနေသည်။ ဘုန်းကြီးကျောင်း၏ အရာရှိ တစ်ဦးကို အခြားတစ်ဦးနှင့် အပေးအယူ ပြုလုပ်ရမည့် ကိစ္စမှာ မြင်းအရောင်းအဝယ် လုပ်သူများကဲ့သို့ ပြုမည်ဆိုပါက နည်းမှန်လမ်းမှန် မဟုတ်နိုင်ပေ။ သို့သော်လည်း သူငြင်းပယ်လိုက်ပါက ရီမီဂျီးယပ်စ် ပရိုင်ရော် ဖြစ်သွားပြီး အော့စဘတ် ဘစ်ရှော့ ဖြစ်သွားသည်လည်း ဖြစ်နိုင်သည်။

သို့သော်လည်း ဓမ္မဓိဌာန်ကျကျ စဉ်းစားရမည့် ကိစ္စများမှာ ယခုအခါ လက်တွေ့မကျသလို ဖြစ်နေသည်။ ပရိုင်ရော် ဖြစ်ချင်သော ဆန္ဒမှာ သူ၏ ကိုယ်တွင်းမှ တွန်းလှန်၍မရနိုင်သော အား တစ်ခုပမာ ဖြစ်နေသည်။ ကောင်းကျိုး ဆိုးကျိုး များ အသီးသီး ရှိသော်လည်း သူ့အနေနှင့် ငြင်းပယ်၍ မစွမ်းနိုင်ပေ။ သူမနေ့က ဆုတောင်းခဲ့သော အရာကို သူပြန် သတိရမိသည်။ ဘုရားသခင်ကို ဤ အလုပ်အတွက် ကြိုးစားကြည့်ချင်ကြောင်း တောင်းသည့်ဆု ဖြစ်သည်။ယခုအခါတွင် သူ၏ မျက်လုံးကို ပင့်၍ အခြားသော ဆုတစ်ခုကို တောင်းမိသည်။ အကယ်၍ ဤအဖြစ်ကို မဖြစ်လိုပါက ကျွန်ုပ်၏ လျှာ မလှုပ်မရှား ရှိပါစေ။ ကျွန်ုပ်၏ ပါးစပ် အကြောသေနေပါစေ။ ကျွန်ုပ်၏ အသက်ရှူသံ လည်ချောင်းအတွင်း ရပ်တန့်နေပါစေ။ ကျွန်ုပ်အား စကားပြောခြင်းမှာ တားဆီးပါ ဟု ဖြစ်သည်။

ထို့နောက် သူက ဝေးရန်ကို ကြည့်၍ ပြောလိုက်သည်။ "ကျွန်တော် လက်ခံပါတယ်။"

ပရိုင်ရော်၏ အိပ်ရာမှာ အလွန်တရာ ကြီးမားလှသည်။ ဖိလစ် အိပ်ဖူးသမျှ အိပ်ရာဟူသမျှ၏ သုံးဆမျှ ရှိသည်။ သစ်သားခုံမှာ လူတစ်ယောက်၏ ကိုယ်တစ်ဝက်ခန့် နီးပါး မြင့်သည်။ ထိုအပေါ်တွင် ငှက်မွှေး မွေ့ရာ ရှိသည်။ လေတိုက်ခြင်းမှ ကာကွယ်ရန် ဘေးပတ်ပတ်လည်တွင် လိုက်ကာများ ရှိပြီး လိုက်ကာပေါ်တွင် ဘာသာတရားကိုင်းရှိုင်းပြီး စိတ်ရှည်သော မိန်းမတစ်ဦး၏ လက်ဖြင့် ချည်ထိုးထားသော သမ္မာကျမ်းစာပါ မြင်ကွင်းများ ရှိသည်။ သူသည် ထိုအရာများကို မယုံကြည်နိုင်စွာ လေ့လာကြည့်မိသည်။ ပရိုင်ရော် အနေနှင့် တစ်ဦးတည်း အိပ်ခန်း သီးသန့် ရှိသည်ကပင် သူ့အတွက် ခမ်းနားကြီးကျယ် လွန်းလှပြီ ဖြစ်သည်။ ဖိလစ်အနေနှင့် သူ့ဘဝ တ​လျှောက်လုံးတွင် အိပ်ခန်းသီးသန့်ဖြင့် တစ်ခါမျှ မအိပ်ခဲ့ဖူးပေ။ ဒီညသည် သူ့အတွက် ပထမဆုံး တစ်ဦးတည်း အိပ်ရသည့် ည ဖြစ်ပေသည်။ အိပ်ရာသည် သူ့အတွက် အလွန်အကျူး ဖြစ်နေသည်။ သူ့အနေနှင့် အိပ်ဆောင်တွင်းမှ ကောက်ရိုးမွေ့ယာကို ယူလာပြီး ထိုအိပ်ရာကို လူအိုဆောင်သို့ ပြောင်းရွှေ့ရန် စဉ်းစားကြည့်မိသည်။ ထိုနေရာတွင် နာမကျန်းသော ဘုန်းကြီးတစ်ဦးဦး၏ အသက်ကြီးသော အရိုးများကို သက်တောင့်သက်သာ ဖြစ်စေလိမ့်မယ်။ သို့သော်လည်း အိပ်ရာမှာ ဖိလစ် တစ်ယောက်တည်း အတွက် မဟုတ်ပေ။ ပရိုင်ရော်ရီတွင် ဘစ်ရှော့၊ ကြီးကျယ်သော လော့ဒ် နှင့် ဘုရင် အစရှိသော ကြီးကျယ်သော ဧည့်သည်တစ်ဦးဦး​ရောက်ရှိလာပါက ထိုဧည့်သည်မှာ ဤအိပ်ခန်းတွင်း အိပ်ရမည် ဖြစ်ပြီး ပရိုင်ရော် အနေနှင့် သူ့အတွက် အကောင်းဆုံး အခြား တစ်နေရာသို့ ရွှေ့ရပေလိမ့်မယ်။ ထို့အတွက်ကြောင့် ဖိလစ်အနေနှင့် တကယ်တမ်းတော့ စွန့်ပစ်၍ မရနိုင်ပေ။

"ဒီညတော့ ခင်ဗျား ကောင်းကောင်း အိပ်ရပါလိမ့်မယ်။" ဟု ဝေးရန် ဘိုင်ဂေါ့ဒ်က ပြောသည်။ သူ၏ လေသံတွင် အားကျသံ တစွန်းတစ မပါပဲ မရှိပေ။

"ကျွန်တော်လည်း အဲဒီလိုထင်ပါတယ်။ " ဖိလစ်က မသေမချာ ပြန်ပြောသည်။

အရာအားလုံးသည် အလျင်အမြန်ပင် ဖြစ်ပျက်သွားခဲ့သည်။ ဝေးရန်က ပရိုင်ရော်ရီ အတွက် မီးဖိုဆောင်ထဲမှာပင် စာတစ်စောင် ရေးသည်။ ဘုန်းကြီးများအား ရွေးကောက်ပွဲကို အလျှင်အမြန် ကျင်းပရန် အမိန့် နှင့် ဖိလစ်အား အဆိုပြုသည့် စာဖြစ်သည်။ ထို့နောက် သူသည် ထိုစာတွင် ဘစ်ရှော့၏ အမည်ဖြင့် လက်မှတ်ထိုး၍ ဘစ်ရှော့၏ တံဆိပ်တုံးဖြင့် ရိုက်နှိပ်လိုက်သည်။ ထို့နောက် သူတို့ လေးဦး ချက်ပတာ အစည်းအဝေးပွဲတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

သူတို့လေးဦး ဝင်ရောက်လာသည်ကို မြင်လိုက်သည်နှင့် ရီမီဂျီးယပ်စ် အနေနှင့် တိုက်ပွဲပြီးဆုံးသွားကြောင်း သိလိုက်ပြီ ဖြစ်သည်။

ဝေးရန်က စာကို ဖတ်ကြားသည်။ သူ ဖိလစ်၏ နာမည်ကို ဖတ်ကြားလိုက်သော အခါ ဘုန်းကြီးများက ဝမ်းမြောက်ဝမ်းသာ ဟစ်ကြွေးကြသည်။

ရီမီးဂျီးယပ်စ်က တည်ငြိမ်စွာ ဖြင့်ပင် လုပ်ရိုးလုပ်စဉ် အတိုင်း မဲခွဲပြီး ရှုံးနိမ့်ကြောင်း စိတ်မပါစွာ လက်ခံသွားသည်။

ထို့နောက် ဖိလစ်အနေနှင့် ပရိုင်ရော် ဖြစ်လာခဲ့သည်။

သူက ချက်ပတာ၏ ကျန်ရှိသော အပိုင်းကို မိန်းမူးစွာဖြင့် ဆက်လက်ကျင်းပသွားသည်။ ထို့နောက်သူသည် မြက်ခင်းပြင်ကို ဖြတ်၍ ပရိုင်ရော်ရီ ဝင်း၏ အရှေ့တောင်ထောင့်တွင် ရှိသည့် ပရိုင်ရော်၏ အိမ်ရှိရာသို့ သူ၏ အိမ်အဖြစ် လျှောက်လာခဲ့သည်။

အိပ်ရာကို တွေ့သည် အခါတွင် သူ၏ ဘဝသည် လုံးဝ နောက်ပြန်ဆုတ်၍ မရအောင် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သတိပြုလိုက်မိသည်။ သူသည် ထူးခြားသွားသည်။ တသီးတသန့် ဖြစ်သွားသည်။ အခြားသော ဘုန်းကြီးများ နှင့် ခြားနားသွားခဲ့ လေပြီ။ သူ့တွင် အခွင့်အာဏာ နှင့် အခွင့်အရေး ရှိသည်။ ထို့အတူ သူ့တွင် တာဝန်ယူရန်လည်း ရှိပေသည်။ သူ့အနေနှင့် ဤ လူ ၄၅ယောက်၏ အသိုင်းအဝိုင်းကလေး တည်တံ့ရန်နှင့် တိုးတက်ရန် တစ်ယောက်တည်း သေချာစွာ ခန့်ခွဲ့ ရပေလိမ့်မည်။ အကယ်၍ သူတို့ ထမင်းငတ်ပါက သူ၏ အမှားပင် ဖြစ်မည်။ သူတို့ ကိုယ်ကျင့်တရား ပျက်ယွင်းပါက သူ့ကိုသာ အပြစ်တင်ရမည်။ သူတို့သည် ဘုရားသခင်၏ ဂုဏ်ကျက်သရေကို ဆုတ်ယုတ်အောင် ပြုပါက ဘုရားသခင်က ဖိလစ်ကို တာဝန်ရှိသူ အဖြစ် မှတ်ယူလိမ့်မည် ဖြစ်သည်။ သူသည် ဤ ဝန်ထုပ်ဝန်ပိုးကို ရှာဖွေခဲ့သူ ဖြစ်သည်ဟု သူ့ဘာသာ သတိပေးမိသည်။ ယခုတော့ သူ တာဝန် ယူရပေလိမ့်မည်။

ပရိုင်ရော် အဖြစ် သူ၏ ပထမဆုံးသော တာဝန်မှာ ဘုန်းကြီးများအား ဝတ်ပြုအစည်းအဝေးပွဲကြီး အတွက် ဘုရားကျောင်း အတွင်းသို့ ဦးဆောင် ခေါ်ယူသွားရန် ဖြစ်သည်။ ယနေ့သည် အက်ပီဖနီ ဟု ခေါ်သော ခရစ်စမတ်မှ ၁၂ ရက်မြောက် ဖြစ်ပြီး အားလပ်ရက် တစ်ရက်လည်း ဖြစ်သည်။ ရွာသားများ အားလုံးသည် ဝတ်ပြုပွဲသို့ လာရောက်ကြမည် ဖြစ်ပြီး ပတ်ဝန်းကျင် ခရိုင်များမှ လူများလည်း လာရောက်ကြမည် ဖြစ်သည်။ ဘုန်းကြီး အများအပြား နှင့် နှစ်ခြိုက်ဖွယ် ဝတ်ပြုဆုတောင်းပွဲ ကျင်းပလေ့ ရှိကြောင်း ​ကျော်ကြားသော ကက်သီဒရယ် ဘုရားကျောင်း ကောင်းကောင်း တစ်ကျောင်း အနေနှင့် လူတစ်ထောင် သို့မဟုတ် တစ်ထောင်နှင့် အထက်ကို ဆွဲဆောင်နိုင်သည်။

ကင်းဘရစ်ချ်သည် နိမ့်ကျနေသော အချိန်၌ပင် ဒေသခံ အထက်တန်းလွှာ အများစုကို ဆွဲဆောင်နိုင်သည်။ ဝတ်ပြုပွဲသည် သူတို့၏ အိမ်နီးချင်းများနှင့် တွေ့ဆုံပြီး စီးပွားရေး ကိစ္စ ပြောဆိုနိုင်သော လူမှုရေးပွဲ တစ်ခုလည်း ဖြစ်သောကြောင့် ဖြစ်သည်။


သို့သော်လည်း ဝတ်ပြုပွဲ မစတင်မီတွင် ဖိလစ်အနေနှင့် ဝေးရန်နှင့် ဆွေးနွေးရန် အခြားကိစ္စ တစ်ခု ရှိသည်။ နောက်ဆုံးတော့ သူတို့ နှစ်ဦးတည်း ရှိနေသော အချိန်သို့ ရောက်လာသည်။ "ကျွန်တော် ခင်ဗျားကို ပေးလိုက်တဲ့ သတင်း။" သူက စပြောသည်။ "ရှိုင်းရင်းက အားလ်နဲ့ ပတ်သက်လို့။"

ဝေးရန်က ခေါင်းငြိမ့်ပြသည်။  "တကယ်တော့ ကျွန်တော် မမေ့ပါဘူး။ ဒီကိစ္စက ဘယ်သူ ပရိုင်ရော် ဖြစ်ရမယ် ဘယ်သူ ဘစ်ရှော့ ဖြစ်ရမယ် ဆိုတာထက် ပိုပြီး အရေးကြီးပါတယ်။ အားလ် ဘာသလိုမြူးက အင်္ဂလန်ကို ရောက်နေပြီ။ သူတို့ မနက်ဖြန် သူ့ကို ရှိုင်းရင်းမှာ စောင့်နေကြတယ်။"

"ခင်ဗျား ဘာလုပ်မှာလဲ။ " ဖိလစ်က စိုးရိမ်ပူပန်စွာ မေးသည်။


"ကျွန်တော်က ဆာရ် ပါစီ ဟမ်းမလေးကို အသုံးချမယ်။ တကယ်တော့ ဒီနေ့ လူစုလူဝေး မှာ သူရောက်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်။

"ကျွန်တော် သူ့အကြောင်းတော့ ကြားဖူးတယ်။ တစ်ခါမှတော့ မမြင်ဖူးဘူး။" ဟု ဖိလစ်က ပြောလိုက်သည်။

 "ရုပ်ဆိုးတဲ့ မိန်းမနဲ့ ရုပ်ချောတဲ့ သားတစ်ယောက်ရှိတဲ့ ခပ်ဝဝ လော့ဒ် တစ်ယောက်ကို ရှာကြည့်။ ခင်ဗျား သူ့မိန်းမကို မမြင်ဘဲ မနေပါဘူး။ သူက မျက်စိထဲမှာ ထော်လော်ကန့်လန့် တစ်ယောက်ပဲ။ "

"သူတို့က စတီဖန် ဘုရင်ရဲ့ ဘက်ကနေပြီး အားလ် ဘာသလိုမြူးကို ဆန့်ကျင်လိမ့်မယ်လို့ ခင်ဗျား ထင်ရတာလဲ။ "

"သူတို့က အားလ်ကို အကြီးအကျယ် မုန်းကြတယ်။"

"ဘာလို့လဲ။"

"သူ့သား ဝီလီယမ်က အားလ်ရဲ့ သမီးနဲ့ လက်ထပ်ဖို့ စေ့စပ်ထားတယ်။ ဒါပေမယ့် သူမက လက်မခံဘူး။ လက်ထက်ဖို့ ကိစ္စ ဖျက်သိမ်းလိုက်ရတယ်။ ဟမ်းမလေး ဘက်က အရှက်ကွဲရတာ ပိုများတယ်။ သူတို့ အနေနဲ့ အဲဒီ စော်ကားမှု အတွက် အကြီးအကျယ် ခံနေရတုန်းပဲ။ အဲဒီတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အခွင့်ရတာနဲ့ သူတို့ ဘာသလိုမြူးကို ပြန်ပြီး လုပ်လိမ့်မယ်။"


ဖိလစ်က ကျေနပ်သွားသဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူ့အနေနှင့် တာဝန် အပြည့်အဝ ရှိနေသဖြင့် ထိုတာဝန်ကို ခွဲခြမ်းလိုက်ရသည့် အတွက် ဝမ်းသာသည်။ ကင်းဘရစ်ချ် ပရိုင်ရော်ရီကို စီမံခန့်ခွဲရန်က သူ့အတွက် လုံလောက်သော ပြသနာ ဖြစ်နေလေပြီ။ ဝေးရန် အနေဖြင့် အပြင်လောက ကိစ္စကို တာဝန်ယူနိုင်ပေမည်။

သူတို့သည် ပရိုင်ရော်၏ အိမ်အတွင်းမှ ထွက်လာခဲ့ပြီး အမိုးခုံး စင်္ကြန်အောက်သို့ ပြန်လျှောက် လာခဲ့သည်။ ဘုန်းကြီးများက စောင့်ဆိုင်းနေကြသည်။ ဖိလစ်က လူတန်း၏ ထိပ်ဆုံးတွင် နေရာယူလိုက်ပြီးနောက် လူတန်းသည် စတင် ထွက်ခွာ လာခဲ့သည်။

ဘုန်းကြီးများ သူ၏ နောက်မှ သီချင်းဆိုပြီး လိုက်လာရင်း ဘုရားကျောင်း အတွင်းသို့ လျှောက်လှမ်း ဝင်ရောက်လာချိန်သည် သူ့အတွက် အလွန်ကောင်းမွန်သော အချိန်ခဏပင် ဖြစ်သည်။ သူမျှော်လင့် ထားသည်ထက်ပင် ပို၍ နှစ်ခြိုက်မိသည်။ သူ အသစ်စက်စက် ရရှိထားသည့် မြင့်မားသော ရာထူးအဆင့် သည် သူ့အတွက် အကောင်းဆုံးလုပ်ရန် အခွင့်အာဏာကို ဖော်ကျူးခြင်းပင် ဖြစ်သည်။ ထို့အတွက်ကြောင့် သူ့အနေနှင့် နက်နက်ရှိုင်းရှိုင်း ပီတီဖြစ်မိခြင်း ဖြစ်သည်။ သူ့အနေနှင့် ဂွင်နက်မှ ဘုန်းကြီးအကြီးအမှူး ပီတာ အနေနှင့် သူ့ကို မြင်စမ်းစေချင်သည်။ ဘုန်းကြီးအိုကြီး အနေနှင့် အလွန်ပင် ဂုဏ်ယူပေလိမ့်မည်။

သူသည် ဘုန်းကြီးများအား ခုံတန်းများ ရှိရာသို့ ဦးဆောင်လာခဲ့သည်။ ထိုကဲ့သို့သော အဓိက ဝတ်ပြုပွဲ တစ်ခုကို တစ်ခါတရံတွင် ဘစ်ရှော့က ဦးဆောင်ကျင်းပလေ့ ရှိသည်။ ယနေ့တော့ ဘစ်ရှော့၏ လက်ထောက် ဝေးရန်က ဦးဆောင် ကျင်းပမည် ဖြစ်သည်။ ဝေးရန် စတင်လိုက်သော အခါတွင် ဖိလစ်က လူစုလူဝေးကို တစ်ဦးချင်း အကဲခတ်ကြည့်ကာ ဝေးရန် ပြောပြထားသော မိသားစုကို ရှာဖွေနေမိသည်။ ဝတ်ပြုဆောင် အတွင်းတွင် လူပေါင်း တစ်ရာနှင့် ငါးဆယ်ခန့် မတ်တပ်ရပ်နေကြသည်။ ချမ်းသာသော သူများက သူတို့၏ ကြီးမားသော ဆောင်းတွင်း ခြုံထည်အင်္ကျီများ နှင့် သားရေဖိနပ်များကို ဝတ်ဆင် ထားကြပြီး လယ်သမားများက ဂျာကင်အကြမ်းစား များနှင့် သက္ကလပ် ဖိနပ်များ သို့မဟုတ် သစ်သား ခုံဖိနပ်များကို ဝတ်ဆင်ထားကြသည်။

ဖိလစ် အနေနှင့် ဟမ်းမလေး မိသားစုကို ရွေးထုတ်ရန် မခက်ခဲလှပေ။ သူတို့သည် အပူဇော်ခံ စင်မြင့် နှင့် ကပ်လျှက် အရှေ့နားတွင် ရှိနေကြသည်။ သူသည် မိန်းမကို ပထမဆုံး စမြင်သည်။ ဝေးရန်သည် ချဲ့ကားပြောခြင်း မဟုတ်ပေ။ သူမသည် ရွံရှာစရာ ပုံစံ ဖြစ်သည်။ သူမသည် ဦးခေါင်းဆောင်း ဝတ်ဆင်ထားသော်လည်း သူမ၏ မျက်နှာ အတော်များများကို မြင်နိုင်သည်။ သူမ၏ အရေပြားတွင် ကြည့်မကောင်းသော ပြည်ဖုများဖြင့် ပြည့်နှက်နေပြီး ထိုအရာများကို သူမ အချိန်ပြည့် ဂဏှာမငြိမ်စွာ ထိတွေ့ ပွတ်သပ် နေသည်ကို သူမြင်နေရသည်။ သူမ၏ ဘေးတွင် အသက်လေးဆယ်ခန့် လူကောင်ကြီးကြီး ယောက်ျားတစ်ယောက် ရှိပြီး ထိုသူမှာ ပါစီ ဖြစ်ပေလိမ့်မည်။ သူ၏ အဝတ်အစားက အဆင့်မြင့် ရာထူးရှိသော ဘေရွန်များ အားလ်များလောက် မဟုတ်သော်လည်း ကြွယ်ဝမှုနှင့် တန်ခိုးအာဏာ အတော်အသင့် ရှိကြောင်း ပြနေကြသည်။ သားဖြစ်သူက ဝတ်ပြုဆောင် အတွင်းရှိ ဧရာမ တိုင်လုံးကြီး တစ်လုံးကို မှီထားသည်။ သူ့တွင် ယောက်ျားတစ်ယောက် အနေနှင့် ပုံသဏ္ဌာန် ကောင်းကောင်း ရှိပြီး အလွန်ဝါသော ဆံပင်များနှင့် ကျဉ်းမြောင်းပြီး ဝင့်ကြွားသော မျက်လုံးများ ရှိသည်။ အားလ်၏ မိသားစုနှင့် လက်ထပ်ပွဲမှ ဟမ်းမလေးတို့ကို တောနေ လူကြီးလူကောင်း ဘဝမှ နိုင်ငံရှိ အဆင့်မြင့် လူတန်းစား အဖြစ်သို့ ပြောင်းလဲပေးနိုင်လိမ့်မည်။ ထို့အတွက် လက်ထပ်ပွဲ ရုပ်သိမ်းမှုကို သူတို့ ဒေါသ ဖြစ်နေခြင်းမှာ အံ့ဩစရာ မရှိပေ။

ဖိလစ်၏ သည် သူ၏ စိတ်ကို ဝတ်ပြုပွဲ အတွင်းသို့ ပြန်လည် ခေါ်ယူလိုက်သည်။ ဝေးရန် အနေနှင့် ဝတ်ပြုပွဲ ဖိလစ်၏အကြိုက်နှင့် စာလျှင် အနည်းငယ်မျှ ပို၍ မြန်ဆန်စွာ ဆောင်ရွက်နေသည်။ သူ့အနေနှင့် လက်ရှိ ဘစ်ရှော့ ကွယ်လွန်ပါက ဝေးရန်ကို အဆိုပြုရန် အတွက် သဘောတူ လိုက်ခြင်းမှာ မှန်ကန်သလား ဆိုသည့် ကိစ္စကို ထပ်စဉ်းစား မိပြန်သည်။ ဝေးရန်သည် ကိုင်းရှိုင်းသူ တစ်ဦး ဖြစ်သော်လည်း သူ့အနေနှင့် ဘုရားရှိခိုးခြင်း၏ အရေးပါမှု ကို သိပ် အလေးအနက် မထားဟန် ရှိသည်။ ဘုရားကျောင်းတော်၏ ကြွယ်ဝမှု နှင့် တန်ခိုးအာဏာမှာ နောက်ဆုံးတော့ အဆုံးသတ် ရှိမည် ဖြစ်သည်။ ဖိလစ် အနေနှင့် ဝေးရန် အတွက် သောက သိပ်မဖြစ်ရန် ဆုံးဖြတ်လိုက်မိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုကိစ္စမှာ အခုတော့ လုပ်ဆောင်ပြီးခဲ့ပြီ ဖြစ်သည်။ ဘစ်ရှော့ အနေနှင့် နောက်ထပ် အနှစ်နှစ်ဆယ် အသက်ရှည်ပါက ဝေးရန်၏ ရည်မှန်းချက်မှာ စိတ်ပျက်စရာ တစ်ခု ဖြစ်သွားနိုင်သည်။

လူစုလူဝေးမှာ ဆူညံလှသည်။ ဘာပြန်ဖြေရမည်ကို တစ်ယောက်မျှ မသိကြပေ။ အားလုံးနှင့် အကျွမ်းတဝင် ဖြစ်နေသော ဘုရားရှိခိုးများ အာမင်များ မှလွဲ၍ အခြား အဖြေများတွင် ပရိစ်များ နှင့် ဘုန်းကြီးများသာ ပါဝင် ဖြေကြား ကြရန် ဖြစ်သည်။ လူစုလူဝေး အတွင်းမှ အချို့မှာ ရိုသေ တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သို့သော်လည်း အချို့မှာ ဟိုမှသည်မှ သွားပြီး တစ်ဦးနှင့် တစ်ဦး နှုတ်ဆက်ကာ စကားစမြည် ပြောနေကြသည်။ သူတို့သည် ရိုးရိုးရှင်းရှင်း လူများသာ ဖြစ်သည် ဟု ဖိလစ်တွေးမိသည်။ သူတို့၏ စိတ်ကို စုစည်းနိုင်ရန် တစ်ခုခုတော့ လုပ်မှ ရပေမည်။


ဝတ်ပြုပွဲက ပြီးခါနီးလာပြီ ဖြစ်သည်။ ဘစ်ရှော့၏ လက်ထောက် ဝေးရန်က သူတို့ကို အမှာစကား ပြောသည်။

"ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ ကင်းဘရစ်ချ် ရဲ့ ပရိုင်ရော် ကွယ်လွန်သွားကြောင်း ခင်ဗျားတို့ အတော်များများ သိကြမှာပါ။ ဘုရားကျောင်းထဲမှာ ကျွန်တော်တို့နဲ့ အတူတူ လဲလျောင်းနေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ဒီနေ့ ညစာစားပြီးတဲ့ အချိန်  ပရိုင်ရော်ရီရဲ့ သင်္ချိုင်းမြေမှာ နားခိုလှဲလျောင်း တော့မှာ ဖြစ်ပါတယ်။ ဘစ်ရှော့နဲ့ ဘုန်းကြီးတွေက သူ့ကို ဆက်ခံသူ အဖြစ် ကျွန်တော်တို့ကို ဒီမနက် ဘုရားကျောင်းထဲကို ဦးဆောင်ခေါ်လာတဲ့ ဂွင်နက်က ဘရာသာ ဖိလစ်ကို ရွေးချယ်ခဲ့ကြပါတယ်။"

သူက ရပ်လိုက်သည်။ ဖိလစ်က လူတန်းကို ဘုရားကျောင်း အတွင်းမှ ဦးဆောင်ထွက်ခွာရန် မတ်တပ် ရပ်လိုက်သည်။ ထိုအချိန်တွင် ဝေးရန်က ပြောသည်။ "ကျွန်တော့်မှာ တခြား ဝမ်းနည်းစရာ ကိစ္စတစ်ခု ကြေငြာဖို့ ရှိပါတယ်။"

ဖိလစ် အံ့အားသင့်သွားသည်။ သူက ရုတ်တရက် ထိုင်ချလိုက်သည်။

"ကျွန်တော် ခုနပဲ သတင်းရပါတယ်။" ဝေးရန်က ပြောသည်။

သူဘာသတင်းမှ မရသည်ကို ဖိလစ်သိသည်။ သူတို့ တမနက်လုံး အတူ ရှိနေခဲ့ကြသည်။ ဉာဏ်များသော ဘစ်ရှော့၏ လက်ထောက်သည် ယခု ဘာတွေ ကြံနေပြန်ပြီလဲ။



"အဲဒီသတင်းက ကျွန်တော် တို့အားလုံး အတွက် အကြီးအကျယ် ဝမ်းနည်းစရာ ဆုံးရှုံးမှု တစ်ခု ကျွန်တော့်ကို သိစေခဲ့ပါတယ်။" သူက နားလိုက်ပြန်သည်။


တစ်စုံတစ်ဦး သေဆုံးခဲ့လေပြီ။ သို့သော် ဘယ်သူလဲ။ ဝေးရန် အနေနှင့် သူရောက်မလာခင် ကတည်းက သိခဲ့သော ကိစ္စဖြစ်သည်။ သို့သော်လည်း သူက ထိုကိစ္စကို လျှို့ဝှက်ချက် တစ်ခု အနေနှင့် ထားခဲ့သည်။ ထို့နောက် သူ့အနေနှင့် ယခုမှ သတင်းကို ကြားသကဲ့သို့ ဟန်ဆောင်သည်။ ဘာကြောင့်လြ။


ဖိလစ်အနေနှင့် ဖြစ်နိုင်ခြေ တစ်ခုကိုသာ တွေးမိသည်။ ဖိလစ်၏ သံသယမှာ မှန်ကန်သည်။ ဝေးရန်သည် ဖိလစ် ထင်ထားသည်ထက် ပို၍ ရည်မှန်းချက် ကြီးပြီး စည်းမရှိသူ ဖြစ်သည်။ သူသည် သူတို့အားလုံးကို လှည့်ဖြားပြီး သူဖြစ်ချင်သလို ကိုင်တွယ် ခဲ့ခြင်း ဖြစ်လေမလား။ ဖိလစ်သည် ဝေးရန်၏ ကစားပွဲမှ နယ်ရုပ်တစ်ရုပ် သက်သက် ဖြစ်နေမလား။


ထိုအရာများကို ဝေးရန်၏ နောက်ဆုံး စကားလုံးများက အတည်ပြုခဲ့သည်။ "ချစ်ခင်ရသော မိတ်ဆွေတို့။" သူက လေးနက်စွာ ပြောသည်။ "ကင်းဘရစ်ချ်ရဲ့ ဘစ်ရှော့ဟာ ကွယ်လွန် သွားခဲ့ပါပြီ။"

No comments:

Post a Comment