Friday, December 30, 2011

စာအုပ်(၁) ၁၁၃၅-၁၁၃၆ အပိုင်း(၂) အခန်း(၁)

ဝဲဟမ် မှ ပီတာသည် မွေးရာပါ ပြဿနာရှာတတ်သူ ဖြစ်သည်။

သူ့အား မိခင် ကင်းဘရစ်ချ် ဘုရားကျောင်းမှ တောအုပ်ထဲရှိ ဘုရားကျောင်းငယ်ကလေးသို့ ပြောင်းရွှေ့ခြင်း ခံရသည်ကို ကြည့်သည်နှင့် ကင်းဘရစ်ချ်မှ ဂိုဏ်းချုပ်ဘုန်းကြီးက သူ့အား မည်မျှ ပ ထုတ် ပစ်ချင်သည်ကို သိသာသည်။ သူသည် အသက်နှစ်ဆယ် နှောင်းပိုင်း အရွယ် ရှိပြီး ပိန်ပိန်ရှည်ရှည် ပုံသဏ္ဍာန် ရှိကာ
အလွန် ဉာဏ်ထက်ပြီး သူတစ်ပါးကို ကဲ့ရဲလိုသော စိတ်မျိုး ရှိသည်။ သူ့တွင် ကိုယ့်ဘာသာကိုယ် မှန်သည်ဟုထင်ပြီး မတရားပြုမှု ခံထားရသော လူတစ်ယောက်၏ ဒေါသထွက်နေပုံမျိုး အမြဲ ရှိသည်။ သူပထမဆုံး စရောက်လာပြီး လယ်ကွင်းများထဲတွင် စတင် အလုပ်လုပ်သော အချိန်တွင် သူသည် အလုပ်ကို မဟားဒရား လျှင်မြန်စွာ လုပ်ပြီး အခြားသူများကို ပျင်းရိသည် ဟု စွပ်စွဲသည်။ သို့သော်လည်း သူ့အတွက် အံ့ဩစရာ ကောင်းအောင်ပင် အခြားဘုန်းကြီးများက သူနှင့် တန်းတူ ယှဉ်၍ အလုပ်လုပ်နိုင်ကြပြီး နောက်ဆုံးတွင် ငယ်ရွယ်သူများကို သူမယှဉ်နိုင်ပဲ မောပန်းစွာ နောက်ကျန်နေခဲ့လေသည်။ ထိုမှစ၍ သူသည် အလုပ် အားနေခြင်းကို မကြည့်တော့ဘဲ မစင်ကြယ်မှုများကို ရှာဖွေတော့သည်။ သူ၏ ဒုတိယ ရွေးချယ်မှုမှာ အစားအသောက်ခုံမင်မှု ဖြစ်သည်။

သူသည် သူ၏ ပေါင်မုန့်ကို တဝက်သာလျှင် စားပြီး အသားကို လုံးဝမစားခြင်းဖြင့် စသည်။ သူသည် နေ့ခင်းဘက်တွင် စမ်းချောင်းများမှ ရေကို သောက်ပြီး သူ၏ ဘီယာကို ရေရောကာ ပျော့အောင်
ပြုလုပ်သည်။ ဝိုင်ကိုမူ မသောက်ပေ။ သူသည် ကျန်းမာသန်စွမ်းနေသော ဘုန်းကြီးငယ်များမှ ယာဂု ထပ်တောင်းခြင်းကို ကဲ့ရဲ့ ရှုံ့ချပြီး အခြားတစ်ဦး၏ ဝိုင် အရက်ကို ပျော်စေပျက်စေ ယူသောက်သည့်
ကောင်လေး တစ်ယောက်ကို မျက်ရည်ကျစေခဲ့သည်။

သို့သော်လည်း ဘုန်းကြီးများတွင် အစားအသောက် ခုံမင်ခြင်းနှင့် ပတ်သက်၍ သက်သေပြစရာ အနည်းငယ်မျှသာ ရှိသည်။ သူတို့ တောင်ထိပ်မှ ညစာစားချိန်တွင် ဘုန်းကြီးကျောင်းသို့ ပြန်လည်လမ်းလျှောက်လာကြချိန်တွင် ပရိုင်ရော်ဘုန်းကြီး ဖိလစ် က ထိုသို့ တွေးမိသည်။ ဘုန်းကြီးငယ်များသည် ပိန်သွယ်ပြီး ဗလတောင့်တင်းကြသည်။ အသက်ကြီးသော ဘုန်းကြီးများမှာမူ နေလောင်ထားသောပုံ နှင့် သေးသွယ် တောင့်တင်းကြသည်။ သူတို့ထဲတွင် အစားအများကြီးစားပြီး ဘာမှ လုပ်စရာ မရှိသော သူတို့၏ ဖြူဖျော့ပြီး ပျော့အိ ဝဖီး နေသော ပုံစံမျိုး တစ်ဦးမျှ မရှိကြပေ။ ဘုန်းကြီးတိုင်းသည် ပိန်သင့်သည်ဟု ဖိလစ်က တွေးသည်။ ဝဖီးသော ဘုန်းကြီးများသည် သူဆင်းရဲတို့အား မနာလိုဖြစ်စေပြီး ဘုရားသခင်၏ အမှုထမ်းများအား မုန်းတီးမှုများ ဖြစ်လာစေနိုင်သည်။

ပုံမှန်အားဖြင့် ပီတာသည် သူ၏ စွပ်စွဲမှုကို ခံဝန်ချက် တစ်ခုလိုပင် ပုံမှားရိုက်လေ့ ရှိသည်။ သူတို့ ဒီနေ့မနက် အနားယူနေသော အချိန်ဖြစ်သည်။ သူတို့ ခုတ်လှဲထားကြသော သစ်ပင်ပေါ်တွင် ထိုင်၍ မုယောပေါင်မုန့်ကို စားပြီး ဘီယာ သောက်နေချိန်တွင် သူက ပြောသည်။
"ကျုပ်မှာ အစားအသောက် ခုံမင်မှုနဲ့ ပတ်သက်ပြီး အပြစ်ကျူးလွန်မိတယ်။ ကျုပ် စိန့်ဘယ်နဒစ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိပြီ။ သူပြောတဲ့ အတိုင်းဆိုရင် ဘုန်းကြီးဆိုတာ အသားမစားရဘူး။ဝိုင်လည်း မသောက်ရဘူး။"
သူက အနီးအနားမှ အခြားသူများကို လှည့်ပတ်ကြည့်သည်။ သူ၏ ခေါင်းကို မော့ထားပြီး မျက်လုံးများက မာန အရောင်များ တောက်ပ နေကြသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများကို ဖိလစ် အပေါ်တွင် ရပ်လိုက်သည်။
"ဒီမှာ ရှိတဲ့သူတွေအားလုံးသည် အဲဒီ အပြစ်အတွက် အပြစ်ရှိကြတယ်။"
သူက ထိုသို့ပြောပြီး အဆုံးသတ် လိုက်သည်။

ပီတာ ဤသို့ဖြစ်နေသည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်ဟု ဖိလစ်က တွေးမိသည်။ သူသည် ဘုရားသခင်၏ အမှုတော်ကို ထမ်းရန် ရည်စူးထားသူဖြစ်သည်။ သူ့တွင် စိတ်ကောင်းရှိပြီး စိတ်အားထက်သန်သူ တစ်ဦးလည်း ဖြစ်သည်။ သို့သော်လည်း သူ့တွင် သူများထက် ထူးခြားလိုသော စိတ်ပြင်းပြနေပြီး အခြားသူများက သူ့ကို ဂရုစိုက်သည်ကို အချိန်တိုင်းတွင် လိုချင်နေသည်။ ထို့အတွက်ကြောင့် သူ့အား ဤသို့သော အဖြစ်မျိုးဖြစ်အောင် တွန်းပို့ပေးလေသည်။ သူသည် တကယ်တော့
စိတ်အနှောင့်အယှက် ဖြစ်စရာသူ တစ်ဦးသာလျှင် ဖြစ်သည်။ သို့သော် ဖိလစ်သည် သူ့ကို အခြားသူများ ကဲ့သို့ပင် ချစ်သည်။ သူ၏ မာန်မာန ထောင်လွှားမှုများ နှင့် ကဲ့ရဲ့လိုစိတ်များ၏ နောက်ကွယ်တွင် လူတစ်ယောက်ကမှ သူ့ကို အရေးမစိုက်ဟု ယုံကြည်နေသော သနားစရာ စိတ်တစ်ခု ရှိနေသည်။

"ဒီအကြောင်းက ငါတို့ စိန်ဘယ်နဒစ် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာပြောသွားသလဲဆိုတာကို ပြန်ပြီး ဆွေးနွေးကြဖို့ အခွင့်အရေးပဲ။ သူဘာပြောသွားသလဲ ဆိုတာ မင်း အတိအကျ မှတ်မိသလား ပီတာ။"

"သူပြောခဲ့တာက နာမကျန်းဖြစ်နေတဲ့သူက လွဲရင် ကျန်တဲ့သူတွေ အသားကို ရှောင်ရမယ်။ နောက်ပြီးတော့ ဝိုင်ဆိုတာ ဘုန်းကြီးတွေ သောက်ဘို့ မဟုတ်ဘူး လို့ ဆိုခဲ့တယ်။" ဟု ပီတာက ပြန်ပြောသည်။

ဖိလစ်က ခေါင်းငြိမ့်သည်။ သူ သံသယ ရှိသည့်အတိုင်းပင် ပီတာသည် စည်းမျဉ်းများကို ဖိလစ်လောက် မသိပေ။
"လုံးဝ နီးပါးတော့ မှန်တယ် ပီတာ။ "

ဖိလစ်က ပြောသည်။

"စိန့် ဘယ်နဒစ်က အသားလို့ မရည်ညွှန်းခဲ့ဘူး။ သူက ခြေလေးချောင်း သတ္တဝါတွေရဲ့ အသွေးအသားလို့ ရည်ညွှန်းခဲ့တယ်။ အဲဒါတောင်မှ သူက ခြွင်းချက် ထားခဲ့သေးတယ်။ နာမကျန်းတဲ့ သူအတွက်ချည်းပဲ မဟုတ်ဘူး။ အားနည်းတဲ့ သူလည်း ပါတယ်။ "အားနည်းတယ်" ဆိုတာ ဘာလဲ။ အခု ငါတို့ရဲ့ လူ့အဖွဲ့အစည်းကလေးမှာ လယ်ကွင်းထဲမှာ အားသွန်ခွန်စိုက် အလုပ်လုပ်ထားရတဲ့ အတွက် အားနည်းနေတဲ့သူတွေ အတွက် သူတို့ရဲ့ အားအင်တွေကို ပြန်ပြီး ဖြည့်တင်းဖို့ မကြာခဏ အသားစားဖို့ လိုအပ်တယ်လို့ ငါတို့က မြင်ထားတယ်။"

ပီတာက သူပြောသည်ကို မကျေမနပ် တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏ မျက်ခုံးများက သဘောမတူသည့် အသွင် တွန့်နေကြသည်။ သူ၏ ထူထဲသော မျက်ခုံးမွေး နက်နက်များက သူ၏ ကြီးမားသောနှာခေါင်းကောက်ကောက် အထက်တွင် တံတားလိုပင် တွဲဆက်နေသည့် ပမာပင် ဖြစ်သည်။ သူ၏ မျက်နှာကမူ ပြန်လည် ပုန်ကန်ချင်မှုကို ချိုးနှိမ်ထားသည့် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသည့် ပမာပင် ဖြစ်သည်။

ဖိလစ်က ဆက်ပြောသည်။
" ဝိုင်နဲ့ ပတ်သက်ပြီးတော့ စိန့် ဘယ်နဒစ် ပြောခဲ့တာက ဝိုင်ဆိုတာ ဘုန်းကြီးတွေ အတွက် သောက်စရာ မဟုတ်ဘူးလို့ ငါတို့ သင်ခဲ့ဖူးတယ်။ ငါတို့ သင်ခဲ့ဖူးတယ်လို့ သူရည်ညွှန်းတဲ့ အတွက်ဒီအကြောင်းကို သူလုံးဝ မထောက်ခံဘဲ ရှုံ့ချတယ်လို့ ပြောလို့မရဘူး။ နောက်ပြီးတော့ သူက ဝိုင်တစ်ပင့် ဟာ လူတိုင်းအတွက် လုံလောက်တယ်လို့ ပြောခဲ့တယ်။ နောက်တော့ သူက ငါတို့ကို စိတ်ကျေနပ် ပျော်ရွှင်မှု အတွက်
မသောက်ဖို့ သတိပေးခဲ့တယ်။ အဲဒီတော့ ပြောလို့ရတာက သူ ဘုန်းကြီးတွေကို လုံးဝရှောင်ကြဉ်ဖို့ ပြောခဲ့တာ မဟုတ်ဘူး ဆိုတာ ရှင်းတယ်။ မရှင်းဘူးလား။"

"ဒါပေမယ့် သူက အရာရာတိုင်းမှာ ခြိုးခြံချွေတာ ရမယ်လို့ ပြောခဲ့တယ်လေ။" ပီတာက ပြောသည်။

"မင်းဆိုလိုချင်တာက ငါတို့ ဒီမှာ မခြိုးခြံ မချွေတာဘူး ဆိုပြီးတော့လား။" ဖိလစ်က သူ့ကို မေးသည်။

"ဟုတ်တယ်။" သူက ကျယ်လောင်သော အသံဖြင့် ပြန်ပြောသည်။

"ဘုရားသခင်က ရမ္မက်ဆန္ဒတွေကနေ ရှောင်ကြဉ်ဖို့ လက်ဆောင်ပေးခံထားရတဲ့သူတွေ အနေနဲ့ ထိုက်တန်တဲ့ ဆုတော့ ပြန်ရသင့်တာပေါ့။"
ဖိလစ်က ကိုးကားပြောသည်။

"တကယ်လို့ မင်းအနေနဲ့ အခု ဒီမှာ စားနေတဲ့ အစားအစာ တွေက သိပ်ကို ရက်ရော လွန်းတယ်လို့ ထင်ရင် မင်း လျှော့စားနိုင်တယ်။ ဒါပေမယ့် စိန့်ဘယ်နဒစ်က တခြား ဘာပြောခဲ့သလဲ ဆိုတာကို သတိရဦး။ သူက ကိုရင်သီယမ်တွေ ဆီကို ရေးတဲ့ တရားဟောစာကို ကိုးကားပြီး ပြောတယ်။ အဲဒီမှာ စိန့်ပေါလ်က ပြောထားတာက "လူတိုင်းမှာ ဘုရားသခင်ဆီက သင့်တော်တဲ့လက်ဆောင် ကိုယ်စီရှိကြတယ်။ တစ်ယောက်မှာ တစ်ခု။ အခြားတစ်ယောက်မှာ တစ်ခု။ အဲဒီအတွက် စိန့်ဘယ်နဒစ်က ပြောတယ်။ ဒီလို အကြောင်းတွေ ကြောင့်မို့ အခြားလူတစ်ယောက်ရဲ့ အစားအစာ နည်းတယ် များတယ် ဆိုတာကို စိတ်ထဲကနေ ရှင်းရှင်းလင်းလင်း မှန်းဆလို့ မရဘူး။ အဲဒီတော့ ပီတာ။ မင်း အစာမစားပဲ ဥပုသ်စောင့် အစားအသောက် ခုံမင်တဲ့ အပြစ်ကို ပြန်သုံးသပ်မယ် ဆိုရင် ဒါကိုတော့ သတိရပါ။"

ထို့နောက်တွင် သူတို့ အလုပ်ပြန်စခဲ့ကြသည်။ ပီတာက သူ့ဘာသာသူ အာဇာနည် တစ်ယောက်၏ ဂိုက်မျိုး ဖမ်း၍ ပြောနေသည်။ သူ့ကို အသံမထွက်နိုင်အောင် အလွယ်တကူ ပြုလုပ်၍ ရနိုင်မည် မဟုတ်ကြောင်းကို ဖိလစ် သဘောပေါက်လိုက်သည်။  ဘုန်းကြီးတွေ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း ၃ ခုရှိပြီး ၄င်းတို့မှာ ဆင်းရဲစွာ နေခြင်း၊ ကာမဂုဏ်မှ ရှောင်ကြဉ်ခြင်းနှင့် နာခံတတ်ခြင်းတို့ ဖြစ်သည်။ ပီတာ့ကို ဒုက္ခပေးနေသည်မှာ နာခံတတ်မှုနှင့် ဆိုင်သော အချက်ပင် ဖြစ်သည်။ တကယ်တော့ စကား နားမထောင် တတ်သော ဘုန်းကြီးများကို ကိုင်တွယ်နိုင်သော နည်းလမ်းရှိသည်။ တစ်ဦးတည်း သီးသန့် ချုပ်နှောင်ထားခြင်း၊ ပေါင်မုန့်နှင့် ရေမှ လွဲ၍ ဘာအစာမှ မပေးဘဲထားခြင်း၊ ရိုက်နှက်ခြင်း နှင့် နောက်ဆုံးတွင် အဆက်အသွယ်ဖြတ်၍ ဖယ်ကြဉ်ကာ ဘုန်းကြီးကျောင်းမှ နှင်ထုတ်ခြင်းတို့ပင် ဖြစ်သည်။ ဖိလစ်အနေနှင့် ဘုန်းကြီး တစ်ပါးပါးက သူ၏ ဩဇာ သက်ရောက်မှုကို စမ်းသပ်သည်ဟု အထင်ရှိပါက ထိုသို့သော အပြစ်ပေးမှုမျိုးကို ပြုလုပ်ရန် ဝန်မလေးခဲ့ပေ။ ထို့အတွက်ကြောင့် သူ့အား စည်းကမ်း ထိန်းသိမ်းရာတွင် တင်းကြပ်သူဟု အထင်ရှိကြသည်။ သို့သော် ထိုသို့ အပြစ်ပေးရမည်ကို သူဝန်လေးသည်။ အပြစ်ပေးမှုကြောင့် ဘုန်းကြီးကျောင်းအတွင်း အချင်းချင်း ညီရင်းအစ်ကိုလို ချစ်ခင်မှု အား ကမောက်ကမ ဖြစ်စေနိုင်ပြီး အားလုံး မပျော်မရွှင် ဖြစ်ကြပေလိမ့်မည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပီတာ၏ ကိစ္စတွင်တော့ အပြစ်ပေးခြင်းသည် အမှန်တကယ်ပင် ဘာမှ အကျိုးရှိလိမ့်မည် မဟုတ်ပေ။ အပြစ်ပေးမှုကြောင့် သူ၏ မာနသာ ပိုမိုထောင်လွှားလာပြီး ခွင့်လွှတ်လိုစိတ် ကင်းမဲ့သွားပေလိမ့်မည်။ ဖိလစ်အနေနှင့် ပီတာကို ထိန်းသိမ်းရန် အတွက် နည်းလမ်းရှာရန် လိုအပ်ပြီး တစ်ချိန်တည်းတွင် သူ့စိတ်ကို ပျော့ပြောင်းသွားအောင် လုပ်ရပေမည်။ လွယ်ကူသော အရာတော့ မဟုတ်ပေ။ သူဆက်၍ တွေးမိသည်မှာ အရာရာတိုင်းသည်သာ လွယ်ကူနေလျှင် လူတို့အနေနှင့် ဘုရားသခင်၏ လမ်းညွှန်မှုကို ခံယူရန် လိုအပ်လိမ့်မည် မဟုတ်ပေ။

 သူတို့သည် ဘုန်းကြီးကျောင်းရှိရာ နေရာဖြစ်သော တောအုပ်အတွင်းရှိ မြေကွက်လပ်သို့ ရောက်လာကြသည်။ သူတို့ ကွင်းပြင်ကို ဖြတ်လျှောက်လာကြသော အချိန်တွင် ဘရားသား ဂျွန်က သူတို့အား ဆိတ်ခြံမှ နေ၍ အားရပါးရ လက်ဝှေ့ယမ်းပြနေသည်ကို လှမ်းတွေ့ရသည်။ ထိုသူမှာ ရှစ်ပဲနိ ဂျွန်နီ ဖြစ်ပြီး အနည်းငယ်မျှ စိတ်မမှန်သူ တစ်ဦး ဖြစ်သည်။ ဖိလစ်က သူဘာအတွက်ကြောင့် စိတ်လှုပ်ရှားနေသလဲဟု တွေးနေမိသည်။ ဂျွန်နီနှင့် အတူ ရှိနေသူမှာ ပရိစ် ဘုန်းကြီး အဝတ်အစားနှင့် လူ တစ်ဦး ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ ရင်းနှီးနေသူ တစ်ယောက်နှင့် တူသဖြင့် ဖိလစ် သူ့ထံသို့ အလျှင်အမြန်ပင် အရောက်သွား မိလေသည်။

ပရိစ် ဘုန်းကြီးမှာ အရပ်ပုပြီး ကိုယ်ထည် ကျစ်ကျစ်လစ်ရှိကာ အသက်နှစ်ဆယ် နှင့် သုံးဆယ်ကြား လူတစ်ဦး ဖြစ်သည်။ သူ့တွင် တိုတိုညှပ်ထားသော ဆံပင် အနက်ရောင်နှင့် စိတ်အားထက်သန်၍ ဉာဏ်ကောင်းပုံ ရသော သူ့မျက်ဝန်းများက တောက်ပနေကြသည်။ သူ့ကို ကြည့်ရသည်မှာ ဖိလစ် အနေနှင့် သူ့ဘာသာသူ မှန်ထဲ ပြန်ကြည့် နေရသလိုပင်။ နောက်တော့ အံ့အားသင့်စွာပင် မည်သူနည်း ဟူသည်ကို သူသိလိုက်ရသည်။ ထိုသူမှာ ဖိလစ်၏ ညီငယ် ဖရန်စစ် ဖြစ်သည်။

ထို့အပြင် ဖရန်စစ်သည် မွေးကင်းစ ကလေးငယ် တစ်ဦးကို ချီထားသည်။

ဖိလစ် အနေနှင့် ဖရန်စစ်ကို တွေ့ရသည့်အတွက် အံ့ဩရမည်လား ကလေးငယ်ကို အံ့ဩရမည်လား မသိပေ။ ဘုန်းကြီး အားလုံးက အနားတွင် ဝိုင်းအုံကြည့် နေကြသည်။ ဖရန်စစ်က မတ်တပ်ထရပ်လိုက်ပြီး ကလေးငယ်ကို ဂျွန်နီအား လှမ်းပေးလိုက်သည်။ ထို့နောက် ဖိလစ်က သူ့အား ပွေ့ဖက်လိုက်သည်။
"ဒီမှာ ဘာလာလုပ်တာလဲ။"
ဖိလစ်က ဝမ်းသာအားရဖြင့် မေးသည်။
"ကလေးလေးက ဘယ်ကနေ ပါလာတာလဲ။"

"ကျွန်တော် ဒီကို ဘာလာလုပ်သလဲ ဆိုတာကို နောက်တော့ ပြောပြမယ်။" ဖရန်စစ်ကပြောသည်။ "ကလေးကတော့ ဒီနားက သစ်တောထဲမှာ တွေ့တာ။ ဖိုထားတဲ့ မီးပုံတစ်ခုရဲ့ ဘေးမှာ တစ်ယောက်တည်း အိပ်နေတာကို တွေ့တာ။ " ဖရန်စစ်က ထိုနေရာတွင် ရပ်လိုက်သည်။
"အဲဒီတော့။" ဖိလစ်က သူ့အား ဆက်မေးသည်။

ဖရန်စစ်က ပုခုံးတွန့်ပြသည်။
"ကျွန်တော် ဒီထက်တော့ ပိုမပြောပြနိုင်တော့ဘူး။ ဒါ ကျွန်တော်သိသမျှ အကုန်ပဲ။ ကျွန်တော် မနေ့ညက ဒီကို အရောက်လာနိုင်မယ်ထင်တယ်။ ဒါပေမယ့် မရောက်ခဲ့ဘူး။ အဲဒါကြောင့် ညက ဗာဒါရာရဲ့ တဲမှာ အိပ်တယ်။ ဒီနေ့မနက်တော့ အာရုဏ်တက်တာနဲ့ ထွက်လာခဲ့တယ်။ လမ်းမတစ်လျှောက် မြင်းစီးလာတုန်း ကလေးငိုသံကို ကြားရတာပဲ။ ခဏနေတော့ ကျွန်တော် သူ့ကို မြင်တယ်။ အဲဒါကြောင့် သူ့ကို ကော်ချီပြီး ဒီကို ခေါ်လာတယ်။ အဲဒါ ဇာတ်လမ် အစအဆုံးပဲ။"

ဖိလစ်က ဂျွန်နီ၏ လက်မောင်းအတွင်း ရှိနေသည့် အထုပ်သေးသေးကလေးကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။ သူက သူ၏ လက်ကို တဒင်္ဂမျှ ဆန့်ထုတ်လိုက်ကာ စောင်၏ အနားစကို လှပ်လိုက်သည်။ ထိုအခါ တွန့်နေသာ ပန်းရောင် မျက်နှာကလေးတစ်ခု၊ သွားမရှိသော ပွင့်နေသော ပါးစပ်ကလေးတစ်ခုနှင့် ခေါင်းပြောင်သေးသေးကလေး တစ်ခုကို မြင်လိုက်ရသည်။ အသက်ကြီးကြီး ဘုန်းကြီးတစ်ပါး အသေးစားကလေး ပမာပင် ဖြစ်သည်။ သူက အထုပ်ကလေးကို ထပ်၍ ဖြည်လိုက်သည့် အခါတွင် သေးငယ်သော ပုခုံးသား နုနုကလေးတစ်ခု၊ ကွေးနေသော လက်မောင်းများနှင့် တင်းတင်းကျပ်ကျပ် ဆုပ်ထားသော လက်သီးဆုပ်များကို တွေ့ရသည်။ သူက ကလေးငယ်၏ ချက်မှ တွဲလောင်းကျနေသော ကျန်နေခဲ့သည့် ချက်ကြိုးအပိုင်းအစကလေးကို အနီးကပ် ကြည့်မိသည်။ ထိုအရာမှာ နည်းနည်းတော့ ရွံစရာကောင်းသည်။ ဤအရာသည် သဘာဝ အတိုင်းပဲလားဟု ဖိလစ် စဉ်းစားမိသည်။ ကြည့်ရသည်မှာ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သော ဒဏ်ရာတစ်ခုနှင့် တူသည်။ သူ့ဘာသာသူ ဒီအတိုင်းထားလိုက်သည်က ကောင်းပေလိမ့်မည်။ ဖီးလစ်က စောင်ကို အောက်သို့ ထပ်မံ ဆွဲချလိုက်သည်။
"ယောက်ျားလေးပဲ။"
သူက ခပ်ရှက်ရှက် လေသံဖြင့် ချောင်းဆိုးရင်း ပြောလိုက်ကာ ပြန်လည် ဖုံးအုပ်လိုက်သည်။ ဘုန်းကြီးငယ် တစ်ယောက်က တခိခိ ရယ်လေသည်။

ဖိလစ်သည် ရုတ်တရက်ပင်  အကူအကွယ် ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။ ငါဒီကလေးနဲ့ ဘယ်လိုလုပ်ရပါ့မလဲ ဟု သူတွေးမိသည်။

သူ့ကို စားစရာ ကျွေးရမည်လား။

ကလေးငယ်က အော်ငိုလေသည်။ ထိုအသံက သူ၏ နှလုံးသား ကြိုးစကို အလွန်နှစ်သက်စရာ ကောင်းသော ဓမ္မတေး တစ်ပုဒ်လို ဆောင့်ဆွဲလိုက်သည်။ "သူဆာနေပြီ။ " သူကပြောသည်။ နောက် သူ့စိတ်ထဲမှ ငါဘယ်လို သိပါလိမ့်ဟု ဆက်တွေးမိသည်။

ဘုန်းကြီးတစ်ပါးက ​ဝင်ပြောသည်။

"ငါတို့သူ့ကို စားစရာ ကျွေးနိုင်မှာ မဟုတ်ဘူး။"

ဖီးလစ်က ဘာလို့ မကျွေးနိုင်ရမှာလဲ ဟု ပြန်ပြောမိတော့ မလိုပင်။ ထို့နောက် ဘာကြောင့်သူတို့ ကလေးကို စားစရာ မကျွေးနိုင်သလဲ ဆိုတာကို သူသဘောပေါက်သွားသည်။ ဤနေရာမှ မိုင်ပေါင်းများစွာ အတွင်းတွင် မိန်းမဟူ၍ တစ်ယောက်မျှ မရှိပေ။

သို့သော်လည်း ထိုပြဿနာကို ဂျွန်နီက ဖြေရှင်းပြီး ဖြစ်သည်။ အခု ဖိလစ် တွေ့ရသည်။

ဂျွန်နီက ကလေးငယ်ကို ရင်ခွင်ထဲတွင် ပွေ့ချီလျှက် ခွေးခြေပေါ်တွင် ထိုင်လိုက်သည်။ သူ၏ လက်ထဲ၌ ထောင့်စွန်းတွင် ခရုပတ်ပမာ ရစ်ပတ်ထားသည့် ပုဝါတစ်ထည် ရှိသည်။ သူက အစွန်းကို နို့ပုံးတစ်ခု အတွင်းသို့ နှစ်လိုက်ပြီး ပုဝါအားအရည်တို့ဖြင့် စွတ်စိုသွားစေသည်။ ထို့နောက် သူသည် အဝတ်စကို ကလေးငယ်၏ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။ ကလေးငယ်က သူ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး ပုဝါအား စုပ်လိုက်ပြီးနောက် မျိုချလေသည်။

ဖီးလစ်ပျော်သွားလေသည်။ "ဂျွန်နီ။ မင်းသိပ်တော်တယ်။" ဟု သူက အံ့အားသင့်စွာဖြင့် ပြောသည်။

ဂျွန်နီက မချိုမချဉ်ပြုံးလိုက်သည်။ "ကျွန်တော် အရင်ကလည်း လုပ်ဖူးတယ်။  နို့စားဆိတ်မကြီး သူ့ကလေးတွေ နို့မပြတ်ခင် သေသွားတဲ့ အခါတုန်းကပေါ့။" သူက ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြောသည်။

ဂျွန်နီက ထိုသို့ ပုဝါကိုနှစ်လိုက် ကလေးငယ်အား စုပ်စေလိုက် ဖြင့် ရိုးရှင်းသော အလုပ်ကလေးကို အကြိမ်ကြိမ် အဖန်ဖန် လုပ်နေသည်ကို ဘုန်းကြီးအားလုံးက စိတ်ဝင်စားစွာဖြင့် ဝိုင်းကြည့်နေကြသည်။  သူက ကလေးငယ်၏ နှုတ်ခမ်းများအား ပုဝါစဖြင့် ထိလိုက်သည့် အခါတွင် အချို့သော ဘုန်းကြီးများလည်း ပါးစပ်ဟသွား ကြသည်။ ထိုအရာကို ဖိလစ်က သဘောကျစွာ တွေ့နေရသည်။ ထိုအရာမှာ ကလေးငယ်အား နှေးကွေးစွာဖြင့် အစာကျွေးသော နည်းလမ်းပင် ဖြစ်သည်။ သို့သော်လည်း ကလေးငယ်များကို အစာကျွေးရသည်မှာ မည်သို့ပင် ဖြစ်စေ နှေးကွေးသော အလုပ်သာလျှင် ဖြစ်ပေသည်။

ကလေးငယ်အား အခြားသူများနည်းတူ သဘောမကျပဲ မနေနိုင်ဖြစ်နေသော ဝဲရမ် မှ ပီတာသည် အချိန်အတော်ကြာမျှ တစ်စုံတစ်ခုကို ဝေဖန်မှုပြုရန် မေ့လျော့နေခဲ့သည်။ အခုအခါတွင် သတိရသွားပြီ: သူက ပြောသည်။
"တကယ်လို့ ကလေးရဲ့ အမေကို ရှာမယ်ဆိုရင် ပိုပြီး ဒုက္ခနည်းသွားလိမ့်မည်။"

ဖရန်စစ်ကပြောသည်။ "ငါတော့ မထင်ဘူး။ ကလေးရဲ့ အမေက လက်မထပ်ထားတာလည်း ဖြစ်နိုင်တယ်။ သူ့အနေနဲ့ လူ့ကျင့်ဝတ်ချိုးဖောက်မိတာ ဖြစ်မယ်။ သူဟာ ငယ်လိမ့်မယ်လို့ ငါထင်တယ်။ သူ့အနေနဲ့ ကိုယ်ဝန်ရှိတာကို လျှို့ဝှက်ထားနိုင်ခဲ့လိမ့်မယ်။ နောက်မွေးခါနီး အချိန်ရောက်တော့ သူ တောအုပ်ထဲကို တစ်ယောက်ထဲလာ၊ မီးဖိုတစ်ခု ဖိုပြီး တစ်ယောက်တည်း မွေးခဲ့တာ ဖြစ်မယ်။ နောက်တော့ ကလေးငယ်ကို ဝံပုလွေတွေပဲ ဖြစ်ဖြစ် ဆွဲသွားအောင် ထားခဲ့ပြီး သူလာခဲ့တဲ့ နေရာကို ပြန်သွားတာ ဖြစ်လိမ့်မယ်။ သူ့အနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ရှာမတွေ့အောင် နေမှာပဲ။"

ကလေးငယ်က အိပ်ပျော်သွားပြီ ဖြစ်သည်။ ရုတ်တရက် မသိလိုက် မသိဘာသာပင် ဖိလစ်က ဂျွန်နီ့ထံမှ ကလေးကို လှမ်းယူလိုက်သည်။ သူက ကလေးငယ်အား ရင်ဘတ်နှင့် ကပ်၍ ချီထားလိုက်ကာ သူ၏ လက်ဖြင့် မထားပြီး လှုပ်ယမ်းနေလိုက်သည်။ "သနားစရာ ကလေး။" သူက ပြောသည်။ "သနားစရာ သနားစရာကလေး။"  ကလေးငယ်အား အကာအကွယ် ပေးလိုစိတ် ဂရုစိုက်လိုစိတ်သည် သူ့ထံတွင် ပျံ့နှံ့သွားသည်။ ဘုန်းကြီးများက သူ့အား စိုက်ကြည့်နေကြသည်ကို သူသတိပြုမိသည်။ သူ့ထံမှ နူးညံမှုကို ရုတ်တရက်တွေ့လိုက်ရသည့်အတွက် အလွန့်အံ့အားသင့်နေကြပုံ ရှိသည်။ သူတစ်စုံတစ်ယောက်အား ညင်သာစွာ ထိတွေ့သည်ကို သူတို့ တစ်ခါမျှ မမြင်ဖူးကြပေ။ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုသည် ဘုန်းကြီးကျောင်းတွင် တားမြစ်ပိတ်ပင်ထားသည်။ သူတို့အနေနှင့် သူ့တွင် ထိုသို့ မစွမ်းဆောင်နိုင်ဟု ထင်ထားကြသည်မှာ အသေအချာပင်။ အင်း။ အခုတော့ သူတို့ အမှန်တရားကို သိသွားကြပြီပေါ့ဟု သူတွေးမိသည်။

ဝဲရမ်မှ ပီတာက နောက်တစ်ကြိမ် ပြောပြန်သည်။
"ကျုပ်တို့ ကလေးကို ဝင်ချက်စတာကို ခေါ်သွားပြီး သူ့ကို စောင့်ရှောက်ဖို့ မွေးစားအမေ တစ်ယောက် ရှာမှ ဖြစ်မယ်။" 

အကယ်၍ အခြားတစ်ယောက်ကသာ ထိုစကားကို ပြောခဲ့ပါက ဖိလစ်အနေနှင့် အလျှင် အမြန် စကားတုံ့ပြန်မိလိမ့်မည် မဟုတ်ပေ။ သို့သော် အခုပြောသူမှာ ပီတာဖြစ်သည်။ ဖိလစ်က အလျှင် အမြန်ပင် ပြန်ပြောသည်။ ထိုအချိန်မှစ၍ သူ့ဘဝသည် အရင်ကနှင့် လုံးဝမတူတော့ဘဲ ပြောင်းလဲသွားစေခဲ့သည်။ "ငါတို့သူ့အတွက် မွေးစားအမေ တစ်ယောက် ရှာမှာ မဟုတ်ဘူး။"
သူက ဆုံးဖြတ်ချက် အခိုင်အမာ ချပြီးသော လေသံဖြင့်ပြောသည်။
"ဒီကလေးဟာ ဘုရားသခင်က ပေးတဲ့ လက်ဆောင်တစ်ခုပဲ။"

သူက အနားတွင် ရှိသော လူအားလုံးကို လှည့်ပတ်ကြည့်သည်။  ဘုန်းကြီးများက သူ့အား မျက်လုံး အပြူးသားဖြင့် ဝိုင်းကြည့်နေကြပြီး သူ့စကားကို အာရုံစိုက်နေကြသည်။
"ငါတို့ သူ့ကို ငါတို့ဘာသာပဲ စောင့်ရှောက်ကြမယ်။"
သူက ဆက်ပြောသည်။
"ငါတို့သူ့ကို စားစရာပေးမယ်။ စာသင်ပေးမယ်။ နောက်ပြီး ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း ကြီးပြင်းအောင် မွေးကြမယ်။ နောက် သူလူကြီးတစ်ယောက် ဖြစ်လာတဲ့ အခါ သူလည်းပဲ ဘုန်းကြီးဝတ်လိမ့်မယ်။ ဒီနည်းနဲ့ ငါတို့ သူ့ကို ဘုရားသခင်ဆီ ပြန်ပို့ကြတာပေါ့။

အားလုံး ကြက်သေသေကာ တိတ်ဆိတ်နေကြသည်။

ထို့နောက် ပီတာက ဒေါသတကြီးဖြင့် ပြောသည်။
"မဖြစ်နိုင်ဘူး။ ကလေးတစ်ယောက်ကို ဘုန်းကြီးတွေက ကြီးပြင်းအောင် မွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

ဖိလစ်နှင့် သူ၏ညီတို့ မျက်လုံးချင်း ဆုံမိကြပြီး အတိတ်ကို နှစ်ယောက်စလုံး ပြန်လည် အမှတ်ရ သွားသည့်ပမာ သူတို့နှစ်ဦးစလုံး ပြုံးလိုက်ကြသည်။   ဖိလစ်က နောက်တစ်ကြိမ် စကားပြောသည့် အခါတွင် သူ၏ လေသံမှာ အတိတ်ကို သတိရသည့်ပမာ လေးလံနေသည်။

"မဖြစ်နိုင်ဘူး။ ဟုတ်လား။ မဟုတ်ဘူး။ပီတာ။  အသေအချာပြောရရင် အဲဒါ ဖြစ်နိုင်တယ်ဆိုတာ ငါ အသေအချာ ပြောရဲတယ်။ ငါ့ညီ ဖရန်စစ်လည်း ငါ့လိုပဲ အသေအချာ ပြောရဲလိမ့်မယ်။ ငါတို့ ကြုံခဲ့တဲ့ အတွေ့အကြုံအရ တို့သိတယ်။ မဟုတ်ဘူးလား ဖရန်စစ်။ "

နောက်ဆုံးနေ့ဟု ဖိလစ် အခု ပြန်တွေးမိသောနေ့က သူ၏ အဖေသည် အိမ်သို့ ဒဏ်ရာရလျှက် ပြန်ရောက်လာသည်။

ဖိလစ်က သူ့ကို ပထမဆုံးတွေ့သူပင် ဖြစ်သည်။ တောင်ကုန်းထူထပ်သော မြောက်ဘက် ဝေလနယ်ရှိ ကျေးရွာ သေးသေးကလေးတစ်ခုသို့ ဦးတည်နေသော တောင်စောင်းရှိ ကွေ့ကောက်နေသော လမ်းတစ်လျှောက်တွင် သူမြင်းစီး တက်ရောက်လာသည်။ အရင်လိုပင် ခြောက်နှစ်သား ဖိလစ်က သူ့ကို တွေ့ဆုံရန် ပြေးထွက်သွားသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူ့အဖေက ကောင်လေးအား သူ၏ အရှေ့ မြင်းပေါ်သို့ လွှဲယူ ပွေ့ချီ မတင်တော့ပေ။ သူသည် မြင်းကို ဖြည်းညင်းစွား စီးလာသည်။ မြင်းပေါ်တွင် ပုံကျလျှက် ရှိပြီး ဇက်ကြိုးများကို ညာဘက်လက်ဖြင့် ကိုင်ထားသည်။ သူ၏ ဘယ်ဘက် လက်မောင်းက တွဲလောင်းကျကာ ပုံ ပျက်နေသည်။ သူ၏ မျက်နှာမှာ ဖြူဖျော့်နေပြီး သူ၏ အဝတ်အစားများတွင် သွေးစတို့ စွန်းထင်နေကြသည်။ ဖိလစ်သည် စိတ်ဝင်စားသလို သူ့အဖေကို ဤသို့ အားနည်း ပင်ပန်းနေပုံဖြင့် တစ်ခါမှ မတွေ့ဖူးသည့်အတွက် စိတ်ဝင်စားနေမိသည်။

အဖေက "မင်းအမေကို သွားခေါ်ဦး။" ဟုပြောသည်။

သူတို့က သူ့ကို အိမ်ထဲသို့ ခေါ်လာပြီးသည့်နောက်တွင် အမေက သူ၏ ရှပ်အင်္ကျီကို ဆုတ်ဖြဲ လိုက်လေသည်။ ဖိလစ်အနေနှင့် အလွန်အမင်း တုန်လှုပ်သွားသည်။ ခြိုးခြံချွေတာလွန်းသော သူ့အမေက အဝတ်အစား အကောင်းကို ဖျက်စီးပစ်ခြင်းကို မြင်ရသည်မှာ သွေးများကို မြင်ရသည်ထက် ပို၍ ထိတ်လန့်စရာ ကောင်းသည်။

"အခု ငါ့အတွက် စိတ်မပူကြနဲ့တော့။" အဖေက ပြောသည်။ သို့သော်လည်း နဂို သူ၏ ကျယ်လောင်မြည်ဟိန်းနေသော အသံက လေသံမျှလောက် တိုးသော အသံအဖြစ်ပြောင်းလဲသွားပြီး မည်သူကမျှ သတိမပြုမိပေ။ အခြား တုန်လှုပ်စရာ အဖြစ်တစ်ခုပင်ဖြစ်သည်။ ပုံမှန်အားဖြင့် သူ၏ စကားသည် ဥပဒေကဲ့သို့ပင် ပြင်းထန်သည်။ "
ငါ့ကိုထားခဲ့။ ပြီးရင်အားလုံးကို ဘုန်းကြီးကျောင်းကို ခေါ်သွားကြ။" သူကပြောသည်။

"ဒီ မသာ အင်္ဂလိပ်ကောင်တွေ မကြာခင် ရောက်လာကြတော့မယ်။"
တောင်ထိပ်တွင် ဘုရားရှိခိုးကျောင်းတစ်ခု ပါဝင်သော ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်။ တနင်္ဂနွေနေ့မဟုတ်ဘဲ ဘာဖြစ်လို့ သူတို့ ဘုရားကျောင်းကို သွားရမည်လဲဟု ဖိလစ် နားမလည်နိုင်ပေ။ အမေက ပြောသည်။
"ရှင် ဒီထက်ပိုပြီး သွေးထွက်ရင် ရှင်ဒီနေရာကနေ ဘယ်ကိုမှ ဘယ်တော့မှ သွားနိုင်တော့မှာ မဟုတ်ဘူး။" အန်တီဂွမ်က အားလုံးကို သတိပေးလိုက်မည် ဖြစ်ကြောင်းပြောပြီး အိမ်ထဲမှ ထွက်သွားသည်။

နှစ်ပေါင်းများစွာ ကြာပြီး၍ နောက်ထပ်ထပ်ဖြစ်သော အဖြစ်အပျက်များကို ပြန်တွေးသည့် အခါတိုင်းတွင် ဖိလစ်အနေနှင့် ပြန်စဉ်းစားမိသည်မှာ ထိုအချိန်တွင် လူတိုင်းသည် သူနှင့် ၄ နှစ်သားအရွယ်ရှိသော သူ့ညီကို မည်သူမျှ သတိမရကြောင်းပင် ဖြစ်သည်။ ဘယ်သူမှ သူတို့ကို လုံခြုံရာ အရပ်ဖြစ်သော ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်မသွားခဲ့ကြပေ။ လူတိုင်းသည် သူတို့၏ ကလေးများ အတွက်သာ တွေးကြပြီး ဖိလစ်နှင့် ဖရန်စစ်တို့ အနေနှင့် သူတို့၏ မိဘများနှင့် ရှိနေသည့်အတွက် အားလုံးအဆင်ပြေနေသည်ဟု ကောက်ချက်ချကြပေလိမ့်မည်။ သို့သော်လည်း အဖေက သေလုမျောပါး သွေးထွက်နေပြီး အမေက သူ့အား ကယ်ဆယ်နိုင်ရန် ကြိုးစားနေသည်။ ထို့အတွက်ကြောင့် အင်္ဂလိပ်လူမျိုးများ အနေနှင့် သူတို့ လေးယောက်စလုံးကို ဖမ်းမိခဲ့လေသည်။

ဖိလစ်၏ နုနယ်သော ဘဝအတွေ့ကြုံတွင် စစ်သည်တော် နှစ်ဦး တံခါးကို ကန်ဖွင့်ပြီး အခန်းတစ်ခန်းထဲသာ ရှိသော အိမ်အတွင်းသို့ အတင်းတွန်းထိုး ဝင်ရောက်လာသည့် အချိန်အတွက် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ အခြားအချိန်များဆိုလျှင် ထိုသူများမှာ ကြောက်စရာ မကောင်းပေ။ ထိုသူများမှာ လူကောင်ကြီးပြီး ကိုးရိုးကားယားနိုင်လှသော လူငယ်မကျ လူကြီးမကျ လူများသာ ဖြစ်ပြီး အဖွားကြီးများကို လှောင်ပြောင်တတ်သော၊ ဂျူးများကို အနိုင်ကျင့်တတ်သော၊ ညသန်းခေါင်တွင် ဗျစ်ရည်ဆိုင်၌ လက်သီးထိုးပွဲ ဖြစ်လေ့ ရှိကြသော သူများသာ ဖြစ်သည်။ အခု အချိန်တွင်မူ (ဖိလစ်အနေနှင့် နှစ်ပေါင်းများစွာ ကြာပြီး ထိုနေ့အကြောင်းကို အချက်အလက်ကျကျတွေးနိုင်သော အချိန်ရောက်မှ သဘောပေါက်မိသည်။) ထိုလူငယ် နှစ်ယောက်သည် သွေးဆာနေသော စိတ်ဖြစ်နေကြသည်။ သူတို့အနေနှင့် တိုက်ပွဲထဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ သူတို့အနေနှင့် နာနာကျင်ကျင် အော်ညည်းသော ယောက်ျားတို့၏ ညည်းသံများကို ကြားခဲ့ရပြီး မိတ်ဆွေသူငယ်ချင်းများ လဲကျသေဆုံးသည်ကို မြင်ခဲ့ရသည်။ တကယ်တော့ သူတို့ အလွန်အမင်း ခြောက်ခြားမှုများကို ကြုံခဲ့ကြရသည်။ သို့သော်လည်း သူတို့သည် စစ်ပွဲတွင် အောင်မြင်ခဲ့ပြီး အသက်မသေ ကျန်ရစ်ခဲ့ကြသည်။ အခုအခါတွင်တော့ သူတို့၏ ရန်သူများနောက်သို့ တရစပ် လိုက်နေကြပြီဖြစ်သည်။ နောက်ထပ်သွေးများ၊ အော်ဟစ်သံများ၊ ဒဏ်ရာများ နှင့် သေဆုံးမှုများမှ လွဲလျှင် မည်သည့်အရာကမျှ သူတို့အား စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအမူအရာများကို ရှုံ့မဲ့နေသော သူတို့၏ မျက်နှာများပေါ်တွင် တွေ့နေရပြီး သူတို့ကို ကြည့်ရသည်မှာ ကြက်ခြံထဲသို့ ဝင်လာသည့် မြေခွေးများ ပမာပင် ဖြစ်သည်။

သူတို့ အလွန်လျှင်မြန်စွာ ရွေ့လျားခဲ့ကြသည်။ သို့သော်လည်း သူတို့လှမ်းသမျှ ခြေလှမ်းတိုင်းကို ထိုအချိန်မှစ၍ အချိန်အကြာကြီး အတွင်း ဖြစ်သွားသည့် အဖြစ်များပမာ ဖိလစ် ထာဝရ မှတ်မိနေခဲ့သည်။ ထိုသူနှစ်ဦးစလုံးတို့သည် သံချပ်ကာ အပေါ့စားများကိုသာ ဝတ်ဆင်ထားသည်။ အလွယ်တကူ လှုပ်ရှားရနိုင်သော သံချပ်ကာ ကိုယ်ကျပ်အင်္ကျီ အတိုနှင့် သံအပတ်များပါသော သားရေ ဦးထုပ်များကို ဆောင်းထားကြသည်။ နှစ်ယောက်စလုံးက သူတို့၏ ဓားရှည်များကို အပြင်ထုတ် ကိုင်လာကြသည်။ တစ်ယောက်မှာ အရုပ်ဆိုးပြီး ကြီးမားကောက်ကွေးသော နှာခေါင်းနှင့် မျက်ပေါက်ကျဉ်းကျဉ်း ရှိကာ သူ၏ သွားများမှာ မျောက်ဝံတစ်ကောက် မချိပြုံးပြုံးလိုက်သလို ကြောက်စရာကောင်းသည်။ နောက်တစ်ယောက်တွင် အခြားသူ တစ်ယောက်၏ သွေးများစွန်းနေဟန်တူသော ထူထပ်သည့် မုတ်ဆိတ်မွေးများ ရှိသည်။ ထိုသူနှစ်ယောက်စလုံးသည် ခြေလှမ်းမပျက်ပဲ အခန်းထဲသို့ မျက်လုံး ဝှေ့ကြည့်လိုက် ကြသည်။ သူတို့၏ အကြင်နာကင်းမဲ့သော တွက်ဆနေဟန်တူသော မျက်လုံးများက ဖိလစ်နှင့် ဖရန်စစ်ကို ဂရုမစိုက်သော်လည်း အမေ့ကိုမူ သတိပြုမိကာ အဖေ့အပေါ်တွင် အာရုံစိုက်နေကြသည်။ ဘယ်သူမှ မလှုပ်ရှားနိုင်သေးခင် အချိန်မှာပင် သူတို့ အဖေ့ထံသို့ ရောက်လုနီးပါး ဖြစ်နေကြသည်။

အမေက သူမ၏ ကိုယ်ကို အဖေ့အပေါ်တွင် ကိုင်းညွှတ်ထားပြီး သူ၏ ဘယ်ဘက်လက်မောင်းမှ အနာကို ပတ်တီးစည်းပေးနေသည်။ သူမက ကိုယ်ကို ဆန့်လိုက်ပြီး ကျူးကျော်ဝင်ရောက်လာသူများ ဘက်သို့ လှည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက မျှော်လင့်ချက်ကင်းမဲ့နေသော သတ္တိများဖြင့် မီးဝင်း​ဝင်းတောက် နေကြသည်။ အဖေက ခုန်ထလိုက်ပြီး သူ၏ ကောင်းနေသေးသောလက်က သူ၏ ဓားရိုးပေါ်သို့ ရောက်နေသည်။ ဖိလစ်က ကြောက်လန့်တကြားဖြင့် ဟစ်အော်လိုက်မိသည်။

ရုပ်ဆိုးသောသူက သူ၏ ဓားကို ခေါင်းအထက်တွင် မြှောက်လိုက်ပြီး  အမေ၏ ခေါင်းပေါ်သို့ ဓားနှောင့်ဖြင့် ခုတ်ချလိုက်သည်။  ထို့နောက် အမေ့ကို ဓားဖြင့် မထိုးပဲ ဘေးသို့ တွန်းဖယ်လိုက်သည်။ ဖြစ်နိုင်သည်မှာ အဖေ အသက်ရှင်နေသော အချိန်တွင် သူ၏ ဓားကို ခန္ဓာကိုယ်တွင်းသို့ ထိုးစိုက်နေခြင်းဖြင့် အဖေ့ထံမှ အန္တရာယ်အတွက် စွန့်စားမှု မပြုလိုသောကြောင့် ဖြစ်ဟန်တူသည်။ နှစ်ပေါင်းများစွာ ကြာမှ ဖိလစ် ထိုအကြောင်းကို သဘောပေါက်သည်။ ထိုအချိန်တွင် သူက အမေ့ထံသို့ ပြေးသွားသည်။ အမေ့အနေနှင့် သူ့ကို အကာအကွယ် မပေးနိုင်တော့ ဆိုသည့်အချက်ကို သူသဘောမပေါက်ပေ။ အမေက ပြိုလဲကျသွားပြီး ကြက်သေသေနေသည်။ ရုပ်ဆိုးသောသူက သူမအား ဖြတ်ကျော်သွားပြီး သူ၏ ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်ပြန်သည်။

သူမ အနေနှင့် ယိုင်တိယိုင်ထိုးဖြစ်ပြီး မူးဝေနေသော အချိန်တွင် ဖိလစ်က သူ့အမေ၏ စကတ်ကို ဆွဲထားမိသည်။ သို့သော်လည်း သူ့အနေနှင့် အဖေ့အား မကြည့်ပဲ မနေနိုင်ပေ။

အဖေက သူ၏ ဓားအိမ်မှ လက်နက်ကို ဆွဲထုတ်ထားပြီး ကာကွယ်ရန်အတွက် မြှောက်ကိုင်ထားသည်။ ရုပ်ဆိုးသောသူက ခုတ်ချလိုက်သဖြင့် ဓားသွားနှစ်ခု ထိသွားပြီး ခေါင်းလောင်းသံပမာ ပေါ်ထွက်လာသည်။ အခြားသော ကောင်လေးများကဲ့သိုပင် ဖိလစ်အနေနှင့် သူ့အဖေအား ဘယ်သူမှ မနိုင်ဟု ထင်ထားသည်။ သို့သော်လည်း ထိုအချိန်တွင် သူ့အနေနှင့် အမှန်တရားကို သဘောပေါက် နားလည်လိုက်သည်။ အဖေသည် သွေးအများကြီး ထွက်ထားသည့် အတွက် အားနည်းနေသည်။ ဓားနှစ်ချောင်း ထိသွားသည့် အခါတွင် သူ၏ ဓား ပြုတ်ကျသွားသည်။ တိုက်ခိုက်သူက သူ၏ ဓားကို နောက်တစ်ကြိမ် အနည်းငယ်မျှ မြှောက်လိုက်ပြီး နောက်တစ်ကြိမ် အလျှင်အမြန် ခုတ်ချလိုက်သည်။ ထိုဓားချက်က သူ့အဖေ၏ ကျယ်ပြန့်သော ပုခုံးများအတွင်းမှ သူ၏ လည်ပင်း ထွက်ပေါ်လာရာ နေရာရှိ ကြီးမားသော ကြွက်သားများပေါ်သို့ ကျရောက်သွားသည်။ ဖီးလစ်အနေနှင့် ချွန်ထက်သော ဓားသွားက သူ့အဖေ၏ ကိုယ်တွင်းသို့ ခုတ်ဖြတ်သွားသည်ကို မြင်ရသည့်အခါတွင် စတင်၍ ကြောက်လန့်တကြား အော်မိတော့သည်။ ရုပ်ဆိုးသော သူက သူ၏ လက်မောင်းကို အရှိန်ယူထိုးရန် နောက်သို့ပြန်ဆွဲပြီး ဓားချွန်ကို အဖေ၏ ဝမ်းဗိုက်သို့ ထိုးချလိုက်တော့သည်။

ကြောက်ရွံ့မှုများဖြင့် တုံ့ဆိုင်းနေသာ ဖိလစ်သည် သူ၏ အမေကို မော့ကြည့်မိသည်။ အခြား မုတ်ဆိတ်မွေးနှင့် တစ်ယောက်က သူမအား ဓားဖြင့် ခုတ်ချလိုက်ချိန်တွင် သူ၏ မျက်လုံးနှင့် သူမ၏ မျက်လုံးတို့ ဆုံမိကြသည်။ သူမသည် ဖိလစ်၏ နံဘေးရှိ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ ခေါင်းမှ ဒဏ်ရာမှ သွေးများ ယိုစီးထွက် နေသည်။ မုတ်ဆိတ်မွေးနှင့်လူက ဓားကိုင်ထားပုံကို ပြောင်းလိုက်သည်။ အောက်သို့စိုက်သွားအောင် ပြောင်းကိုင်လိုက်ပြီး လက်နှစ်ဖက်လုံးဖြင့် ကိုင်လိုက်သည်။ ထို့နောက် သူသည် ဓားကို ကိုယ့်ဘာသာကိုယ် ပြန်၍ ထိုးမည့်သူ တစ်ယောက်ပမာ အမြင့်ကြီး မြှောက်လိုက်ပြီးနောက် အောက်သို့ စိုက်ချလိုက်သည်။ ဓားဦး အမေ၏ ရင်ဘတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက် သွားချိန်တွင် ကျိုးသွားသည့် အရိုးမှ ထွက်ပေါ်လာသော မသာမယာ ရှိလှသော အသံသည် ထွက်ပေါ်လာသည်။ ဓားသွားက အတွင်းသို့ နက်နဲစွာ စိုက်ဝင်သွားသည်။ အလွန်အမင်း နက်နဲလွန်းလှသဖြင့် သူမ၏ ကျောကို ဖောက်ထွက်ပြီး မြေကြီးပေါ်တွင် စိုက်သွားကာ သူမကို သံနှင့် ရိုက်လိုက်သည့်ပမာ ကြမ်းပြင်ပေါ်တွင် တွဲဆက်ထားပေလိမ့်မည်။ (ဖိလစ်အနေနှင့် ဘာကိုမှ မမြင်နိုင်လောက်အောင် သွေးပျက်ကြောက်လန့်စရာ ကြောက်ရွံ့စိတ်ရှိနေသော်လည်း သတိမူမိသည်။)

ဖိလစ်က သူ့အဖေကို သွေးပျက်စွာ ကြည့်နေမိသည်။ သူ့အဖေသည် ရုပ်ဆိုးဆိုးနှင့် လူ၏ ဓားပေါ်သို့ ကိုင်းကျလာပြီး သွေးများ ဝေါကနဲ ပန်းထွက်လာသည်ကို မြင်ရသည်။ သူ့အားတိုက်ခုက်နေသူက
နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ဓားကို ဆောင့်ဆွဲကာ ပြန်နှုတ်နိုင်ရန် ကြိုးစားလိုက်သည်။ အဖေက ယိုင်တိယိုင်ထိုး နောက်ထပ်တစ်လှမ်း သူနှင့် အတူပါသွားသည်။ ရုပ်ဆိုးသောသူက ကြမ်းတမ်းစွာ တစ်ချက် အော်လိုက်ပြီး သူ၏ဓားကို အဖေ၏ ဝမ်းဗိုက်အတွင်း မွှေလိုက်သည်။ ထိုဓားထွက်လာသော အခါတွင် အဖေသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ လက်က ပွင့်ဟနေသော ဒဏ်ရာကို အုပ်ရန် အတွက် ဝမ်းဗိုက်ဆီသို့ ရောက်သွားသည်။ ဖိလစ်အနေနှင့်လူတို့၏ ကိုယ်တွင်းတွင် အစိုင်အခဲများသာ အနည်းနှင့် အများ ဖြစ်နေမည်ဟု စိတ်ကူးကြည့်ခဲ့ဖူးသည်။ သို့သော်လည်း သူ့အဖေ၏ ဝမ်းဗိုက်အတွင်းမှ ထွက်ကျလာသော ကြည့်မကောင်း ရှုမကောင်းသော အူများနှင့် ကလီစာများက သူ့ကို အံ့အားသင့်စေသကဲ့သို့ ခေါင်းကို မူးရစ်ရီဝေသွားစေခဲ့သည်။ တိုက်ခိုက်နေသောသူက သူ၏ ဓားကို အမြင့်ကြီးမြှောက်လိုက်ပြီး အောက်ဘက် အဖေ၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးစိုက်ချလိုက်သည်။ မုတ်ဆိတ်မွေးနှင့် လူကလည်း အမေ့အပေါ်သို့ နောက်ဆုံးအချက်ကို အလားတူပင် ထိုးစိုက်ချလိုက်သည်။

အင်္ဂလိပ်နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ မျှော်လင့်မထားပဲ သူတို့မျက်နှာတွင် စိတ်သက်သာရာရမှုကို ဖိလစ်တွေ့လိုက်ရသည်။ အတူတကွပင် သူတို့နှစ်ယောက်က သူနှင့် ဖရန်စစ် ဘက်သို့ လှည့်ကြည့်လိုက်သည်။ တစ်ယောက်က ခေါင်းငြိမ့်ပြပြီး နောက်တစ်ယောက်က ပုခုံးတွန့်ပြသည်။ ဖိလစ်အနေနှင့် သူတို့သည် သူနှင့် သူ့ညီအား ထိုဓားထက်ထက်များဖြင့် ထိုးဖွင့်ပြီး သတ်ဖြတ်တော့မည် ဆိုသည်ကို သဘောပေါက်လိုက်သည်။ မည်မျှ နာကျင်မည် ဆိုသည်ကို
သူသဘောပေါက် လိုက်သော အခါတွင် ကြောက်ရွံ့ခြင်းသည် သူ့ကိုယ်အတွင်း ဆူဝေလာပြီး သူ၏ ခေါင်းများ ပေါက်ထွက်တော့ မတတ်ပင် ထင်ရသည်။

မုတ်ဆိတ်မွေးတွင် သွေးစွန်းနေသောသူက အလျှင်အမြန် အောက်သို့ကုန်းလိုက်ပြီး ဖရန်စစ်ကို ခြေကျင်းဝတ် တစ်ဖက်မှ ဆွဲမလိုက်သည်။ သူက ဖရန်စစ်ကို လေထဲတွင် ဇောက်ထိုး ဆွဲထားချိန်တွင် ကောင်လေးက သူ့အမေ သေသွားသည်ကို နားမလည် နိုင်ရှာပဲ သူ့အမေကို အသံကုန်ဟစ်၍ ခေါ်နေလေသည်။ ရုပ်ဆိုးသော သူက သူ၏ ဓားကို အဖေ၏ ကိုယ်တွင်းမှ ဆွဲထုတ်လိုက်ပြီး သူ၏ လက်မောင်းကို နောက်သို့ မြှောက်ကာ ဖရန်စစ်၏ နှလုံးသားကို ထိုးဖောက်ရန် အသင့်ပြင်လိုက်သည်။

သို့သော်လည်း ထိုဓားချက်သည် အကောင်အထည် ဖြစ်မလာခဲ့ပေ။ အမိန့်ပေးသံ တစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထိုသူနှစ်ယောက်တို့ ကြက်သေသေသွားကြသည်။ အသံကုန်ဟစ်အော်သံက ရပ်တန့်သွားပြီး ဖိလစ်အနေနှင့် အသံကုန် ဟစ်အော်နေသူမှာ သူကိုယ်တိုင်ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် တံခါးဆီသို့ ကြည့်လိုက်သော အခါတွင် ကျောင်းထိုင်ဘုန်းကြီး ပီတာကို တွေ့လိုက်ရသည်။ သူသည် အိမ်တွင်းဖြစ် ဝတ်ရုံကို ဝတ်ထားပြီး ဘုရားသခင်၏ ဒေါသကို သူ၏ မျက်လုံးများတွင် မြင်နေရကာ သူက သစ်သား လက်ဝါးကပ်တိုင်ကို သူ့လက်ထဲတွင် ဓားတစ်ချောင်းပမာ ကိုင်ထားလေသည်။

ဖိလစ်အနေနှင့် ထိုနေ့ကို အိပ်မက်ဆိုးထဲတွင် မက်မြင်ပြီး ချွေးစေးများပြန်ကာ နိုးထလာပြီး အမှောင်ထဲတွင် အသံကုန်ခြစ်အော်မိသည့် အခါတိုင်း အဆုံးတွင် သူ့ဘာသာသူ ပြန်၍ ဖြေသိမ့်နိုင်လေသည်။ အဆုံးသတ် မြင်ကွင်းက သူ၏ စိတ်ထဲတွင် ဝင်ရောက်လာသောအခါ သူသည် စိတ်သက်သာရာရပြီး ပြန်အိပ်နိုင် လေသည်။ အသံကုန် ဟစ်အော်သံနှင့် ဒဏ်ရာတို့ကို လက်နက်မဲ့ပြီး လက်ဝါးကပ်တိုင် တစ်ခု ကိုင်ဆောင်ထားသော သူတစ်ဦးက ဝင်ရောက် ဖြေရှင်း ပေးလိုက်သည့် မြင်ကွင်းပင် ဖြစ်သည်။

ကျောင်းထိုင်ဘုန်းကြီး ပီတာက ထပ်မံ၍ ပြောသည်။ ဖိလစ်အနေနှင့် သူ သုံးသော ဘာသာစကားကို နားမလည်ပေ။ ထိုစကားမှာ အင်္ဂလိပ်စကား ဖြစ်သောလည်း အဓိပ္ပာယ်မှာ မရှင်းပေ။ ထိုသူ နှစ်ယောက်တို့သည် ရှက်ရွံ့သည့် အမူအရာ ဖြစ်သွားကြပြီး မုတ်ဆိတ်နှင့် လူက ဖရန်စစ်အား ညင်သာစွာ ပြန်ချသည်။ စကားကို မရပ်ဘဲ ဘုန်းကြီးက အခန်းတွင်းသို့ ခြေလှမ်းကျဲများနှင့်အတူ ယုံကြည်မှု အပြည့်ဖြင့် ဝင်ရောက်လာသည်။ စစ်သည်တော်များက သူ့ကို ကြောက်သည့်ပမာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။ သူတို့သည် သံချပ်ကာ အင်္ကျီနှင့် ဓားကိုင်ဆောင်ထားသူများ ဖြစ်ကြပြီး ဘုန်းကြီးမှာမူ သိုးမွေ ဝတ်ရုံနှင့် လက်ဝါးကပ်တိုင်ကို ကိုင်ဆောင်ထားသူသာ ဖြစ်သည်။ ဘုန်းကြီးက အထင်သေးသည့်ပမာ သူတို့ကို ကျောခိုင်းလိုက်ပြီး အောက်သို့ ငုံ့၍ ဖိလစ်အား လှမ်းစကားပြောလေသည်။ သူ၏ အသံက
ခံစားချက် မပါသော အသံမျိုးပင် ဖြစ်သည်။

"မင်းနာမည် ဘယ်လို ခေါ်သလဲ။"
"ဖိလစ်ပါ။"
"အား။ ဟုတ်ပြီ။ ငါသတိရပြီ။ မင်းညီကရော။"
"ဖရန်စစ်ပါ။"
"အင်း။ ဟုတ်ပြီ။" ကျောင်းထိုင်ဘုန်းကြီးက မြေကြီးပေါ်ရှိ သွေးထွက်နေသော ခန္ဓာကိုယ်များကို ကြည့်လိုက်သည်။
"ဒါက မင်းရဲ့ အမေမဟုတ်လား။"

"ဟုတ်ပါတယ်။"
ဖိလစ်က ပြောလိုက်သည်။ ထို့နောက် သူက အပိုင်းပိုင်းပြတ်နေသော သူ့အဖေ၏ ခန္ဓာကိုယ်ကို ညွှန်ပြပြီး ပြောလိုက်ချိန်တွင် ကြောက်ရွံ့ထိတ်လန့်မှု ကို ခံစားလိုက်ရသည်။
"ဒါက ကျွန်တော့် အဖေ။"
"အင်း။ ငါသိတယ်။" ဘုန်းကြီးက နှစ်သိမ့်သော လေသံဖြင့် ပြောသည်။
"မင်းနောက်ထပ်ပြီး အသံကုန်ခြစ် မအော်နဲ့တော့။ မင်းငါမေးတဲ့ မေးခွန်းကို ဖြေ။ သူတို့ သေသွားပြီ ဆိုတာကို မင်းနားလည်သလား။"
"ကျွန်တော် မသိဘူး။" ဖီးလစ်က စိတ်အားငယ်သည့် လေသံဖြင့် ပြောသည်။ သူသည် တိရိစ္ဆာန်များ သေဆုံးသွားသည့်အခါ မည်သို့ ဖြစ်သည်ကို နားလည်သည်။ သို့သော် ဤအဖြစ်သည် အဘယ်ကြောင့် သူ့အဖေနှင့်အမေတွင် ဖြစ်ရသနည်း။
ကျောင်းထိုင်ဘုန်းကြီး ပီတာက ပြောသည်။ "အဲဒါ အိပ်ပျော်သွားသလိုမျိုးပဲ။"
"ဒါပေမယ့် သူတို့ မျက်လုံးတွေက ပွင့်နေကြတယ်။" ဟု ဖိလစ်က အော်လိုက်သည်။
"တိုးတိုးပြောပါ။ အဲဒါဆို ငါတို့ ပိတ်ပေးလိုက်ရအောင်။"
"အင်း။" ဖိလစ်က ပြောလိုက်သည်။ သူ့အနေနှင့် တစ်စုံတစ်ခုကို ဖြေရှင်းပြီးသွားသလို ခံစားရသည်။

ကျောင်းထိုင်ဘုန်းကြီး ပီတာက မတ်တပ်ရပ်လိုက်ပြီး ဖိလစ်နှင့် ဖရန်စစ်တို့၏ လက်ကို ဆွဲယူလိုက်ကာ သူတို့အား ကြမ်းခင်းကို ဖြတ်၍ သူတို့မိဘများ၏ ရုပ်အလောင်းရှိရာသို့ ခေါ်သွားသည်။ သူက ဒူးထောက်ထိုင် လိုက်ပြီး ဖိလစ်၏ ညာဘက်ကို သူ့လက်ဖြင့် ဆွဲယူလိုက်သည်။
"ဘယ်လို လုပ်ရသလဲ ဆိုတာ ငါပြမယ်။" ဟုသူက ပြောသည်။ သူက ဖိလစ်၏ လက်ကို သူ့အဖေ၏ မျက်နှာပေါ်သို့ ရွှေ့လိုက်သည်။ သို့သော်လည်း ရုတ်တရက်ပင် ဖိလစ်အနေနှင့် သူ့အဖေကို ထိတွေ့ရမည်ကို ကြောက်ရွံ့လာမိသည်။ အဘယ်ကြောင့် ဆိုသော် ခန္ဓာကိုယ်က အလွန်ထူးခြားနေသောကြောင့်ပင်။ သွေးမရှိသလို ဖြူလျော်ကာ လျော့တိလျော့ရဲ ဖြစ်နေပြီး ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများ ရထားသည်။
သူက ရုတ်တရက် သူ့လက်ကို ရုတ်လိုက်သည်။ ထို့နောက် သူက စိုးရိမ်စွာဖြင့် ဘုန်းကြီးပီတာကို ကြည့်လိုက်သည်။ သူ့စကားကို နားမထောင်သောသူ မည်သူမျှ မရှိပေ။ သို့သော်လည်း ဘုန်းကြီးက သူ့အား စိတ်ဆိုးဟန် မတူပေ။
"ဒီကိုလာဦး။"
သူက နူးညံ့သော အသံဖြင့် ပြောကာ ဖိလစ်၏ လက်ကို နောက်တစ်ကြိမ် ဆွဲယူလိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ ဖိလစ် မရုန်းကန်တော့ပေ။ ဖိလစ်၏ လက်ညှိုးကို သူ၏ လက်မနှင့် လက်ချောင်းများ ကြားတွင် ကိုင်ထားလိုက်သည်။ ဘုန်းကြီးက ကောင်လေးအား သူ့အဖေ၏ မျက်ခွံကို ထိတွေ့စေပြီး ကြောက်မက်ဖွယ်ကောင်းအောင် စိုက်ကြည့်နေသော မျက်လုံးကို ဖုံးအုပ်သွားသည် အထိ ဆွဲချ ပေးလိုက်သည်။ ထို့နောက် ဘုန်းကြီးက ဖိလစ်၏ လက်ကို လွှတ်ပေးလိုက်ပြီး ပြောသည်။
"သူ့ရဲ့ နောက်မျက်လုံး တစ်ဖက်ကို ပိတ်ပေးလိုက်ပါဦး။"
ဒီတစ်ကြိမ်တွင်တော့ အကူအညီမပါဘဲ ဖီးလစ်က သူ့လက်ကို ဆန့်ထုတ်ပြီး သူ့အဖေ၏ မျက်ခွံနှင့် ထိကာ ပိတ်ပေးလိုက်သည်။ ထို့နောက် သူ စိတ်သက်သာရာ ရသွားသည်။

ဘုန်းကြီးပီတာက ပြောသည်။
" မင်းအမေရဲ့ မျက်လုံးတွေကိုရော ပိတ်ကြမလား။"
"အင်း။"
သူတို့က သူမ၏ ခန္ဓာကိုယ် နံဘေးတွင် ဒူးထောက်ထိုင်ကြသည်။ ဘုန်းကြီးက သူမမျက်နှာပေါ်ရှိ သွေးများကို သူ့အင်္ကျီ၏ လက်မောင်းစဖြင့် သုတ်ပေးလိုက်သည်။ ဖိလစ်က ပြောသည်။
" ဖရန်စစ်ကရော။"
"အင်း။ သူလည်း လုပ်သင့်တာပေါ့။" ဘုန်းကြီးက ပြန်ပြောသည်။
"ငါလုပ်သလို လိုက်လုပ် ဖရန်စစ်။" ဖိလစ်က သူ့ညီကို ပြောသည်။
" အမေ့ရဲ့ မျက်လုံးကို ပိတ်ပေးလိုက်။ အဖေ့ရဲ့ မျက်လုံးကို ငါပိတ်ပေးသလိုပေါ့။ အဲဒါမှ သူ အိပ်လို့ရမှာ။"
"သူတို့ အိပ်နေကြတာလား" ဖရန်စစ်က မေးသည်။
"အိပ်နေတာတော့ မဟုတ်ဘူး။ အိပ်သလိုမျိုးပဲ။" ဖိလစ်က ဩဇာသံပါသော လေသံဖြင့် ပြောသည်။ "အဲဒီတော့ သူ့မျက်လုံးတွေ ပိတ်နေဖို့သင့်တယ်လေ။"
"ကောင်းပြီ။ အဲဒါဆိုလဲ။" ဖရန်စစ်က ပြောသည်။ ထို့နောက် သူက တုံ့ဆိုင်းမနေပဲ သူ၏ သေးငယ်ပါးလျသော လက်ကလေးများကို ဆန့်ထုတ်လိုက်ပြီး သူ့အမေ၏ မျက်လုံးများကို ဂရုတစိုက် ပိတ်ပေးလိုက်သည်။

ထို့နောက် ကျောင်းထိုင်ဘုန်းကြီးက သူတို့ နှစ်ဦးစလုံးကို လက်မောင်းတစ်ဖက်စီတွင် ပွေ့ချီလိုက်ပြီး စစ်သည်တော်များကို နောက်ထပ် တစ်ချက်မျှပင် မကြည့်ဘဲ သူတို့ကို အိမ်အပြင်သို့ သယ်ဆောင်သွားသည်။
ထို့နောက် မတ်စောက်သော တောင်စောင်းလမ်းတလျှောက် တောက်လျှောက်တက်သွားသည်မှာ ဘုန်းကြီးကျောင်းရှိ လွတ်ကင်းရာနယ်မြေအထိပင် ဖြစ်သည်။

သူက သူတို့အား ဘုန်းကြီးကျောင်း၏ စားသောက်ဆောင်တွင် အစားအစာကျွေးသည်။ ထို့နောက် သူတို့အား လုပ်စရာမရှိဘဲ ဟိုတွေးသည်တွေး တွေးမနေမိစေရန် အတွက် ထမင်းချက်အား ဘုန်းကြီးများ၏ ညစာအတွက်ကူညီ၍ လုပ်ကိုင်ပေးရန် ပြောကြားခဲ့သည်။ နောက်တစ်နေ့တွင် ဘုန်းကြီးက သူတို့အား သူတို့ မိဘများ၏ ရုပ်ကလာပ်ကို ကြည့်ရှုရန် ခေါ်သွားသည်။ အားလုံး ဆေးကြော၍၊ အဝတ်အစားလဲပြီး၊ ဒဏ်ရာများကိုလည်း သန့်စင်ကာ ပြန်လည်ပြင်ဆင်ထားပြီး တစ်ချို့အပိုင်းများကို ဖုံးကွယ်ထားသည်။ ဘုရားကျောင်း၏ အလယ်ဆောင်ထဲရှိ အခေါင်းများထဲတွင် ဘေးတိုက်ယှဉ်လျှက် လဲလျောင်းနေကြသည်။ ထိုနေရာတွင် သူတို့၏ ဆွေမျိုးအချို့လည်း ရှိသည်။ ရွာသားအားလုံး အနေနှင့် ကျူးကျော် ဝင်ရောက်လာသော စစ်တပ်မှ လွတ်ကင်းရန် အတွက် ဘုန်းကြီးကျောင်းသို့ အချိန်မီ ပြေးမလာနိုင်ခဲ့ကြပေ။ ကျောင်းထိုင်ဘုန်းကြီး ပီတာက သူတို့အား အသုဘ အခမ်းအနားသို့ ခေါ်ဆောင်လာသည်။ ထို့နောက် သူတို့အား အခေါင်းနှစ်ခု မြေကျင်း တစ်ခုအတွင်းသို့ အတူတူ ချလိုက်သည်ကို ကြည့်စေသည်။ ဖိလစ်က ငိုသောအခါတွင် ဖရန်စစ်ကလည်း လိုက်၍ငိုသည်။ တစ်ယောက်က သူတို့ကို တိတ်ရန် ပြောသည်။ သို့သော်လည်း ပီတာ က "သူတို့ ငိုပါစေ" ဟု ပြောသည်။ ထိုအချိန်ပြီးမှ သူတို့အနေနှင့် သူတို့မိဘများ တကယ်ပင် သွားကြပြီ ဖြစ်ကြောင်းနှင့် ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ကြောင်း သူတို့ နှလုံးသားတွင် စွဲမြဲစွာ သဘောပေါက်သွားသည့် အခါတွင်မှ သူက သူတို့ အနာဂတ် အတွက် ပြောလေသည်။

သူတို့၏ ဆွေမျိုးသားချင်းများထဲတွင် မည်သည့်မိသားစုမှ တစ်မိသားစုလုံး အသက်ရှန် ကျန်ရစ်ခြင်း မရှိခဲ့ပေ။ မိသားစုတိုင်းတွင် အဖေ သို့မဟုတ် အမေ ဆုံးရှုံးခဲ့ရသည်။ ကောင်လေးများကို ကြည့်ရှု စောင့်ရှောက်မည့် ဆွေမျိုးသားချင်းဟူ၍ မရှိပေ။ ထို့အတွက်ကြောင့် ရွေးချယ်စရာ နှစ်လမ်းသာလျှင် ကျန်ရှိသည်။ ပထမတစ်လမ်းမှာ သူတို့အား လယ်သမား တစ်ယောက်ထံ ပေးလိုက်ရန် သို့ ရောင်းစားလိုက်ရန် ဖြစ်ပြီး ထိုလယ်သမားက သူတို့ကို မြေကျွန်အဖြစ် ခိုင်းစေပေလိမ့်မည်။ သူတို့ အသက်ကြီးလာပြီး ထွက်ပြေးနိုင်လောက်သည့် အရွယ် အထိပင်။ နောက်တစ်လမ်းမှာ သူတို့အား ဘုရားသခင်ထံ ပေးအပ်လိုက်ရန် ဖြစ်သည်။

ကောင်လေးငယ်ငယ်လေးများ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်နေထိုင်ကြသည်မှာ ယခင်က မရှိဖူးသော အဖြစ်တော့ မဟုတ်ပေ။ ပုံမှန် အသက်အရွယ်မှာ ၁၁ နှစ်မျှ ဖြစ်ပြီး ဘုန်းကြီးများ အနေနှင့် ကလေး ပေါက်စနများကို ထိန်းရန် မဟုတ်သည့် အတွက် အငယ်ဆုံးမှာ ၅ နှစ်သားခန့်မျှ ရှိသည်။ တစ်ခါတရံတွင် ကောင်လေးများမှာ မိဘမဲ့များ ဖြစ်ပြီး တစ်ခါတစ်ရံတွင် သူတို့ မိဘ တစ်ဦးဦး ဆုံးရှုံးသွားခြင်း ဖြစ်ကာ တစ်ခါတစ်ရံတွင်တော့ သူတို့မိဘများတွင် သား အများအပြား ရှိသောကြောင့်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် မိသားစုက ဘုန်းကြီးကျောင်းအား ကလေးကို ပေးအပ်ခြင်းနှင့် အတူ လက်ဆောက်တစ်စုံတစ်ခု ပေးလေ့ ရှိသည်။ လယ်ကွက်တစ်ခု၊ ဘုရားကျောင်း တစ်ကျောင်း နှင့် တစ်ခါတစ်ရံတွင် ရွာတစ်ရွာလုံးပင် ဖြစ်သည်။ အလွန်ဆင်းရဲသောသူများ အတွက်မူ လက်ဆောင်ကို ပေးရန် မလိုအပ်ပေ။ သို့သော်လည်း ဖိလစ်၏ အဖေသည် အတန်အသင့်မျှသော တောင်ကုန်းလယ်ကွင်း တစ်ခုကို ချန်ထားခဲ့သည်။ ထို့အတွက်ကြောင့် ကောင်လေးများကို အလကားသက်သက် မွေးစားခြင်း မဖြစ်တော့ပေ။ ကျောင်းထိုင်ဘုန်းကြီး ပီတာက ကောင်လေးများနှင့် လယ်ကွင်းကို ဆက်ခံရန် ကမ်းလှမ်းပြီး ကျန်ရစ်ခဲ့သော ဆွေမျိုးသားချင်းများက သဘောတူကြသည်။ ထိုအပေးအယူကိစ္စကို ဖိလစ်၏ အဖေကို သေဆုံးစေခဲ့သော ဟင်နရီ ဘုရင် စစ်တပ်၏ ကျူးကျော်မှုကြောင့် အမြဲတစေ နန်းစွန့်ရသည် မဟုတ်ဘဲ ခေတ္တမျှ နိမ့်ပါးနေသော ဂွင်နတ် မင်းသား (နောင်တွင် ဂရပ်ဖ် အက်ပ် ဆိုင်နန် ဘုရင် ဖြစ်လာမည့်သူ) က တရားဝင် သဘောတူညီခဲ့သည်။

ဘုန်းကြီးအနေနှင့် ပူဆွေးမှုအကြောင်းကို အတော်လေး သိသော်လည်း ဖိလစ်တို့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အတွက်မူ သူ့ရှိသမျှ ပညာက ကြိုတင် ပြင်ဆင်ပေးမထားခဲ့ပေ။ တစ်နှစ်ခန့်မျှ ကြာသော အခါတွင် ပူဆွေးမှုများ ကျော်လွန်သွားပြီး ကောင်လေးများ အနေနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်သော ဘဝကို အသားကျသွားသည်။ ဖိလစ်တွင် ထိန်းချုပ်ရန် ခက်ခဲသော ဒေါသ ရှိသည်။ တောင်ကုန်းထိပ်မှ လူ့အဖွဲ့အစည်းသည် သူ့ဒေါသကို ပေါက်ကွဲထွက်ရန် အခြေအနေ သိပ်အဆိုးကြီး မဟုတ်ပေ။ သူ့အတွက် အစားအစာရှိသည်။ အဝတ်အထည်ရှိသည်။ ဆောင်းရာသီတွင် အဆောင်တွင်း မီးဖို ရှိသည်။ အချစ်နှင့် မြတ်နိုးမှု အနည်းငယ်မျှ ရှိသည်။ အနည်းဆုံး အရာအားလုံး စနစ်တကျ နှင့် တည်ငြိမ်မှု ရှိစေရန် တင်းကျပ်သော စည်းကမ်းနှင့် ခက်ခဲကြမ်းတမ်းသော နေ့စဉ်လုပ်ငန်းဆောင်တာများ ရှိသည်။
သို့သော်လည်း ဖိလစ်သည် သူ့အား မတရားသဖြင့် အကျဉ်းချခံထားရသည့်ပမာ စတင်၍ ပြုမူတော့သည်။ သူသည် အမိန့်များကို မနာခံပေ။ ဘုန်းကြီးကျောင်းမှ အရာရှိများ၏ အခွင့်အာဏာကို အခွင့်အရေး ရသည်နှင့် ဖီဆန်တော့သည်။ အစားအစာများကို ခိုးသည်။ ကြက်ဥများကို ခွဲသည်။ မြင်းများကို လွှတ်ပေးသည်။ အားနည်းသူများကို လှောင်ပြောင်၍ အကြီးများကို စော်ကားသည်။ သူမလုပ်သော အလုပ်ဆိုသည်မှာ ဘုရားသခင်ကို မစော်ကားခြင်း သာလျှင် ရှိသည်။ ထို့အတွက်ကြောင့် ကျောင်းထိုင်ဘုန်းကြီးက အခြားအပြစ်များ အတွက် သူ့ကို ခွင့်လွှတ်သည်။ နောက်ဆုံးတွင် ထိုအရာများ အားလုံးမှ ကျော်လွန်လွတ်မြောက်လာလေတော့သည်။ တစ်ခုသော ခရစ္စမတ်တွင် သူ ကုန်လွန်ခဲ့သော ဆယ့်နှစ်လကို ပြန်ကြည့်သည့်အခါတွင် သူသည် အပြစ်ပေးသော အခန်းအတွင်းတွင် တစ်ညမျှ မအိပ်ခဲ့ရသည်ကို သတိထားမိသည်။

သူပုံမှန်အတိုင်း ပြန်ဖြစ်လာစေရန် အတွက် အကြောင်းပြချက် တစုံတခုမျှ သတ်တတ်မှတ်မှတ် မရှိပေ။ သူ့အနေနှင့် ကျောင်းသင်ခန်းစာများ အပေါ်တွင် စိတ်ဝင်စားလာခြင်းက တစ်ကြောင်း ဖြစ်နိုင်သည်။ ဂီတ၏ သင်္ချာဆိုင်ရာ သီအိုရီသည် သူ့စိတ်အာရုံကို ဖမ်းစားနိုင်သည်။ လက်တင်ဘာသာမှ နာမ်များ အချင်းချင်း ဆက်စပ်ပုံတွင် ကျေနပ်လောက်စရာ ယုတ္တိရှိသည်။ သူသည် ဘုန်းကြီးကျောင်းအတွက် လိုအပ်သည့် ပစ္စည်းများတွင် ဖိနပ်မှ မျိုးအစေ့အထိ ပံ့ပိုးပေးသည့် ဆယ်လာရာ ဟု ခေါ်သည့် ဘုန်းကြီးအား ကူညီ၍ အလုပ်လုပ်သည်။ ထိုအလုပ်ကလည်း သူ့အတွက်စိတ်ဝင်စားစရာ ကောင်းသည်။ သူ့အနေနှင့် ဘရာသာဂျွန်ဟု ခေါ်သည့် ရုပ်ချောပြီး ကိုယ်ခန္ဓာတောင့်တင်းသည့် ဘုန်းကြီးကို သူရဲကောင်းလိုပင် လေးစား အားကျလာသည်။ ဘရာသာဂျွန်သည် သင်ကြားမှု၊ မြင့်မြတ်မှု၊ ဉာဏ်ပညာ နှင့် ကြင်နာမှုတို့တွင် ထိပ်ဆုံးမှ ရှိသည်။ ဂျွန်အား အတုခိုးရာမှ သို့မဟုတ် သူ၏ ပင်ကိုယ် သဘာဝကြောင့်ဖြစ်စေ၊ နှစ်မျိုးစလုံးကြောင့် ဖြစ်စေ သူသည် နေ့စဉ် ဘုရားရှိခိုးခြင်းနှင့် ဝတ်ပြုအစည်းအဝေးတို့တွင် စိတ်သက်သာမှု တစုံတရာ ရရှိခဲ့လေသည်။ ဤနည်းအားဖြင့် သူသည် ဘုန်းကြီးကျောင်း၏ အသိုင်းအဝန်းကို စိတ်ထဲတွင် ထား၍ သူ၏ နားထဲတွင် မြင့်မြတ်သော သဟဇာတ ဖြစ်မှုများဖြင့် လူကြီးဖြစ်လာခဲ့လေသည်။

စာသင်ရာတွင် ဖိလစ်နှင့် ဖရန်စစ်တို့သည် သူတို့ သိသမျှသော ရွယ်တူကောင်လေးများထက် အများကြီး ရှေ့က ပြေးနေသည်။ သို့သော်လည်း သူတို့ဘာသာ သူတို့ ဘုန်းကြီးကျောင်းတွင် နေပြီး အခြားသူများနှင့် ယှဉ်လျှင် ပို၍ အနီးကပ်ကြီးကြပ် သင်ကြားရသော ကြောင့်ဟု ထင်ခဲ့သည်။ ထို အချိန်တွင် သူတို့ဘာသာ
သူတို့ ထူးချွန်သူများဖြစ်မှန်း သတိမထားမိကြပေ။ စာအုပ်ကြီးသမား အိုမင်းနေသော ဘုန်းကြီး အသစ်များ၏ ခေါင်းဆောင် ဘုန်းကြီးထံမှ မသင်ယူတော့ဘဲ ကျောင်းထိုင်ဘုန်းကြီးထံမှ သူတို့ဘာသာ သင်ခန်းစာများကို သင်ယူပြီး ထိုကျောင်းကလေးတွင် သူတို့က ပြန်လည် စာသင်ကြားသည့် အခါ ထိ တိုင်အောင်ပင် သူတို့ဘာသာသူတို့ ရှေ့ပြေးနေသည်မှာ စောစောစီးစီး စတင်သင်ကြားထားသောကြောင့်ဟု ထင်ခဲ့သည်။

ဖိလစ်သည် သူ၏ လူငယ်ဘဝသို့ ပြန်ပြောင်းကြည့်ရှုသောအခါတွင် ရွှေရောင်လွှမ်းသောနေ့များက တိုတောင်းသော အချိန်ကာလ သာလျှင် ရှိပြီး တစ်နှစ် သို့ တစ်နှစ်ထက်မပိုနိုင်ပေ။ သူ၏ သူပုန်ထစိတ်များ နှင့် အသစ်စက်စက်ထွက်ပေါ်လာသော ရမ္မက်ဆန္ဒများ၏ တိုက်ခိုက်မှု များကြားတွင် ဖြစ်သည်။ ထို့နောက်တွင် စိတ်ကိုညှင်းပန်းနှိပ်စက်သော မစင်ကြယ်စိတ်များ၊ ညဘက်လွှတ်ထုတ်သော အချိန်များနှင့် အလွန်ဆိုးရွား ရှက်စရာ ကောင်းလှသော သူ၏ အပြစ်ဖြေသူ (ထိုသူမှာ ကျောင်းတိုင်ဘုန်းကြီး ကိုယ်တိုင် ဖြစ်သည်။ ) နှင့် ဝန်ခံမှု ပြုချိန်များ၊ အဆုံးမသတ်နိုင်သော အပြစ်မှ လွတ်မြောက်ရန် အသားကို ကြိမ်ဖြင့်
အရိုက်ခံရမှုများ သို့ ရောက်ရှိလာသည်။

ရမ္မက်ဆန္ဒများသည် သူ့ထံတွင် လုံးဝ အဆုံးသတ်ချုပ်ငြိမ်းသွားခြင်း မဟုတ်သော်လည်း နောက်ဆုံးတွင် အရေးမပါသော အရာတစ်ခု ဖြစ်လာကာ သူ့အား တခါတရံတွင်သာ စိတ်အနှောင့်အယှက်ပေးတော့သည်။ ထိုသို့ အနှောက်အယှက်ပေးသော အချိန်များမှာ သူ့၏ စိတ်နှင့် ရုပ်တို့ အားလပ်နေချိန်များသည ဖြစ်ပြီး
ဒဏ်ရာဟောင်းက စိုစွတ်သော ရာသီဥတုတွင် ရင်း လာသကဲ့သို့သာလျှင် ဖြစ်သည်။

ဖရန်စစ်ကမူ ထိုတိုက်ပွဲကို သူ့ထက် အနည်းငယ် နောက်ကျပြီး တိုက်ရသည်။ သူ့အနေနှင့် ဖိလစ်အား ထိုအကြောင်းကို ဝန်ခံခြင်း မပြုခဲ့သော်လည်း ဖိလစ် သိရှိနားလည်သည်မှာ ဖရန်စစ်အနေနှင့် မကောင်းသည့် စိတ်ဆန္ဒများကို သူ့လောက် ရဲရဲတင်းတင်း တွန်းလှန်တိုက်ခိုက်ခြင်း မပြုဘဲ သူ၏ ရှုံးနိမ့်မှုကို ရွှင်မြူးစွာ လက်ခံခဲ့သည် ဟူ၍ပင် ဖြစ်သည်။ သို့သော်လည်း အဓိကအချက်မှာ သူတို့အနေနှင့် ဘုန်းကြီးကျောင်းနေ ဘဝ၏ အဓိက အကြီးမားဆုံးရန်သူဖြစ်သော ရမ္မက်ဆန္ဒများနှင့် နောက်ဆုံးတွင် ငြိမ်းချမ်းရေးရခဲ့ကြသည်။

ဖိလစ်က ဆယ်လာရာနှင့် အတူ အလုပ်လုပ်နေချိန်တွင် ဖရန်စစ်က ကျောင်းထိုင်ဘုန်းကြီး ပီတာ၏ လက်ထောက်ဖြစ်သော ပရိုင်ရော်အတွက် အလုပ်လုပ်ပေးသည်။ ဆယ်လာရာ ကွယ်လွန်သည့်အခါတွင် ဖိလစ်မှာ ၂၁ နှစ်မျှ သာ ရှိသေးသည်။ သူသည် အသက်ငယ်သော်လည်း ထိုရာထူးကို ဆက်ခံရယူခဲ့သည်။ ဖရန်စစ် ၂၁ နှစ် ပြည့်သောအခါတွင် ကျောင်းထိုင်ဘုန်းကြီးက သူ့အတွက် ဆပ်ပရိုင်ရော် အဖြစ် ရာထူးအသစ် ဖန်တီးရန် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ဤကမ်းလှမ်းမှုမှ အရေးအခင်းကြီး တစ်ခု အဖြစ် ပြောင်းလဲခဲ့သည်။ ဖရန်စစ်က ထိုတာဝန်ကို မယူရန် တောင်းပန်သည်။ ထိုအချိန်တွင် သူက ဘုန်းကြီးကျောင်းမှ ထွက်သွားခွင့် ပြုရန် မေတ္တာရပ်ခံခဲ့သည်။ သူ့အနေနှင့် ပရိစ် ဘုန်းကြီးတစ်ပါး အဖြစ်ဖြင့် ပြင်ပလောကတွင် ဘုရားသခင်၏ အမှုတော်ကို ထမ်းလိုသည်။

ဖိလစ်သည် အလွန်ပင် အံ့အားသင်သလို တုန်လှုပ်ခြင်းလည်း ဖြစ်ခဲ့သည်။ သူတို့ထဲမှ တစ်ယောက်သည် ဘုန်းကြီးကျောင်းမှ ထွက်သွားမည် ဆိုသည်ကို သူဘယ်တုန်းကမျှ မတွေးခဲ့ဖူးပေ။ သို့သော်လည်း အခုလို ကြားလိုက်ရသော အခါ သူ့ကို ရာဇပုလ္လင်အား ဆက်ခံသူ တစ်ယောက် အဖြစ်သိလိုက်ရသည့်ပမာ ဆောက်တည်ရာမရ ဖြစ်သွားခဲ့သည်။ သို့သော်လည်း စိတ်ပျက်လက်ပျက်ဖြစ်မှုများနှင့် အသေအချာ တိုင်ပင်ဆွေးနွေးခြင်းများ ပြုပြီ:သည့်နောက်တွင် တကယ် ဖြစ်လာခဲ့သည်။ ဖရန်စစ်သည် ပြင်ပလောကသို့ တကယ်ပင် ထွက်ခွာသွား ခဲ့သည်။ သူသည် ဂလိုကတ်စတာ နယ်စားထံတွင် ချက်ပလိန် ဘုန်းကြီး အဖြစ် သွားရောက် နေထိုင်ခဲ့လေသည်။

ထိုအချိန်မတိုင်မီက ဖီးလစ်အနေနှင့် သူ၏ အနာဂတ်ကို ရိုးရိုးရှင်းရှင်းပင် မြင်ခဲ့သည်။ အကယ်၍ သူတွေးခဲ့မည် ဆိုလျှင် သူ့အနေနှင့် ဘုန်းကြီး တစ်ပါး ဖြစ်လာမည်။ ထို့နောက် ကျိုးနွံ၍ နာခံတတ်သော ဘဝတစ်ခုတွင် နေထိုင်မည်။ သူအသက်ကြီးလာသော အခါတွင် ကျောင်းထိုင်ဘုန်းကြီး တစ်ပါး ဖြစ်ချင်လည်း ဖြစ်လာနိုင်ပြီး ပီတာ ချပြခဲ့သော ဥပမာ အတိုင်းပင် ကြိုးစားပမ်းစား နေနိုင်ရန် ကြိုးစားပေလိမ့်မည်။ အခုအခါတွင် သူ့အနေနှင့် စဉ်းစားမိသည်မှာ ဘုရားသခင်အနေနှင့် သူ့အတွက် အခြား တစ်စုံတစ်ယောက် ဖြစ်လာရန် ရည်ရွယ်သလား ဟူ၍ပင်။ သူသည် ပါရမီနှင့် ဆိုင်သော ပုံဝတ္ထုကို သတိရမိသည်။ ဘုရားသခင် အနေနှင့် သူ၏ အမှုတော်ထမ်းများကို ဘုရားသခင်၏ နိုင်ငံတော်အား ချဲ့ထွင် စေချင်သည်။ ထိန်းသိမ်းရုံ သက်သက်မျှ မဟုတ်ပေ။ ကြောက်ရွံ့စိတ် အချို့အဝက်ဖြင့် သူသည် ထိုခံစားမှုများကို ကျောင်းထိုင်ဘုန်းကြီး ပီတာအား မျှ ဝေခဲ့သည်။ ထိုသို့ ပြောကြားခြင်းဖြင့် သူသည် မာနထောင်လွှားခြင်းဖြင့် ဆုံးမပဲ့ပြင်ခြင်းခံရနိုင်သည်ကိုလည်း ကြိုတွေးထားခဲ့သည်။

သို့သော်လည်း ကျောင်းထိုင်ဘုန်းကြီး ပြန်ပြောသော စကားကြောင့် သူ အံ့အားသင့်သွားခဲ့သည်။
"မင်းအနေနဲ့ ဒါကို သဘောပေါက်ဖို့ ဘယ်လောက်ကြာကြာ အချိန်ယူရမလဲလို့ ငါတွေးနေမိတယ်။ ဟုတ်တယ်။ မင်းဟာ တစ်ခြား တစ်ခုခု ဖြစ်ဖို့ ဘုရားသခင်က ရည်ရွယ်ထားတာ ဖြစ်မယ်။ မင်းဟာ ဘုန်းကြီးကျောင်းကို မြင်ရတဲ့ နေရာမှာ မွေးခဲ့တယ်။ ခြောက်နှစ်သားမှာ မိဘမဲ့ ဖြစ်ခဲ့တယ်။ ဘုန်းကြီးတွေက ကြီးပြင်းအောင် မွေးခဲ့တယ်။ အသက်နှစ်ဆယ့်တစ်နှစ် မှာ  ဆယ်လာရာ ဖြစ်လာခဲ့တယ်။ ချောင်ကျတဲ့ဒေသက တောင်ကုန်းဒေသမှာ ရှိတဲ့ ပြင်းခြောက်ခြောက် တောင်ကုန်းပေါ်က ဘုန်းကြီးကျောင်းသေးသေးကလေးမှာ တစ်သက်လုံးနေမယ့် လူတစ်ယောက်ကို ဖန်တီးဖို့တော့ ဘုရားသခင် အနေနဲ့ ဒီလောက် ဒုက္ခခံလိမ့်မယ် မဟုတ်ဘူး။ မင်းအတွက် ဒီဒေသမှာ လုပ်စရာ အလုပ် အလုံအလောက် မရှိဘူး။ မင်းဒီက ထွက်သွားရလိမ့်မယ်။"

ဖိလစ်အနေနှင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း ကျောင်းထိုင်ဘုန်းကြီး အား သူမေးစရာ ရှိသည့် မေးခွန်းကို မေးပြီး၍ မပြန်မီတွင် သူ့အနေနှင့် တစ်စုံတစ်ခုကို စဉ်းစဉ်းစားစား ပြောမိသည်။

"ဒီဘုန်းကြီးကျောင်းက ဒီလောက်တောင်မှ အရေးမကြီးဘူးဆိုရင် ဘုရားသခင်က ကိုယ်တော့်ကို ဘာကြောင့် ဒီမှာ ထားရသလဲ။"
ကျောင်းထိုင်ဘုန်းကြီး ပီတာက ပြုံးပြီး ပြောသည်။ "မင်းကို စောင့်ရှောက်ဖို့ ဖြစ်ချင်ဖြစ်မှာပေါ့။"

ထိုနှစ်နှောင်းပိုင်းတွင် ကျောင်းထိုင်ဘုန်းကြီးသည် ကန်တာဘူရီသို့သွားပြီး အာ့ချ်ဘစ်ရှော့အား သွားရောက် ဂါရဝပြုသည်။ သူပြန်လာသော အခါတွင် ဖိလစ်အား ပြောသည်။
"ငါမင်းကို ကင်းဘရစ်ချ်ရဲ့ ပရိုင်ရော်ဆီကို လွှဲပေးလိုက်ပြီ။"

ဖိလစ် အနေနှင့် စိတ်ပူပန်မှု ဖြစ်သွားသည်။ ကင်းဘရစ်ချ် ပရိုင်ရော်ရီသည် ထိုဒေသတွင် အကြီးဆုံးနှင့် အရေးအပါဆုံးသော် ဘုန်းကြီးကျောင်း ဖြစ်သည်။ ထိုဘုန်းကြီးကျောင်းသည် ကက်သီဒရယ် ပရိုင်ရော်ရီခေါ် ဘစ်ရှော့၏ ရုံးထိုင်ရာ ဖြစ်သော ကက်သီဒရယ် ဘုရားကျောင်းရှိရာ ဘုရားကျောင်း ဖြစ်သည်။  စာရွက်စာတမ်းအားဖြင့် ဘစ်ရှော့သည် ထိုဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဘုန်းကြီး ဖြစ်သည်။ သို့သော်လည်း တကယ်တမ်းတွင်မူ ပရိုင်ရော် ဘုန်းကြီးက အုပ်ချုပ်သည်။

"ပရိုင်ရော်ဂျိမ်းက ငါ့ရဲ့ သူငယ်ချင်းဟောင်းပဲ။ " ကျောင်းထိုင်ဘုန်းကြီး ပီတာက ဖီးလစ်ကို ပြောသည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်က စပြီး သူ့ကြည့်ရတာ စိတ်ပျက် လက်ပျက် ဖြစ်နေပုံပဲ။ ဘာလို့လဲတော့ ငါမသိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကင်းဘရစ်ချ် အတွက် လူငယ်တွေ လိုနေတယ်။ အတိအကျ အနေနဲ့တော့ ဂျိမ်းမှာ သူ့ရဲ့ ဆဲလ် တစ်ခု အတွက် ဒုက္ခရောက်နေတယ်။ တောအုပ်ထဲမှာ ရှိတဲ့ ဆဲလ် သေးသေးကလေးပေါ့။ သူ့အနေနဲ့ လုံးဝ ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ကို ဒီဆဲလ်ကို လွှဲပြောင်းယူဖို့ မဖြစ်မနေ လိုနေတယ်။ အဲဒီဆဲလ်ကို ဘုရားသခင်ရဲ့ လမ်းကြောင်းကို ပြန်တည့်မတ် ပေးဖို့ အတွက်ပေါ့။"

"အဲဒါဆိုရင် ကျွန်တော်က အဲဒီ ဆဲလ်အတွက် ပရိုင်ရော် ဖြစ်မှာပေါ့။" ဖိလစ်က အံ့အားသင့်စွာဖြင့် မေးသည်။

ကျောင်းထိုင်ဘုန်းကြီးက ခေါင်းငြိမ့်ပြသည်။ "တကယ်လို့ ဘုရားသခင် အနေနဲ့ မင်းအတွက် ပေးစရာ အလုပ်အများကြီး ရှိတယ်လို့ တို့တွေးတာ မှန်ခဲ့မယ် ဆိုရင် သူ့အနေနဲ့ ဆဲလ်မှာ ရှိတဲ့ ဘာပြဿနာကိုပဲ ဖြစ်ဖြစ် ဖြေရှင်းဖို့ မင်းကို အကူအညီပေးလိမ့်မယ်လို့ တို့မျှော်လင့်လို့ရတယ်။"

"တကယ်လို့ ကျွန်တော်တို့ မှားခဲ့မယ် ဆိုရင်ရော။"

"မင်းအနေနဲ့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဒီကိုပြန်လာပြီး ငါ့ရဲ ဆယ်လာရာ အနေနဲ့ ပြန်ပြီး အမှုထမ်းနိုင်တယ်။ ဒါပေမယ့် ငါတို့ မမှားပါဘူး ငါ့သား။ မင်းအဲ့ဒါကို တွေ့ပါလိမ့်မယ်။"

သူ၏ နှုတ်ဆက်ထွက်ခွာချိန်မှာ မျက်ရည်လည်စရာ ကောင်းသော အချိန်များပင်ဖြစ်သည်။ သူ့အနေနှင့် ဤနေရာတွင် ၁၇ နှစ် တိတိ အချိန်ကုန်လွန်ခဲ့သည်။ ဘုန်းကြီးများသည် သူ၏ မိသားစုများဖြစ်သည်။ သူ့ဘဝထဲမှ ကြမ်းတမ်းစွာ ဆွဲထုတ်ခံသွားရသော သူ့မိဘများထက်ပင် ပို၍ နီးကပ်စွာ နေခဲ့ရသည်။ သူ့အနေနှင့် ဤ ဘုန်းကြီးများကို နောက်တစ်ကြိမ် ပြန်ဆုံချင်မှ ဆုံနိုင်ပေလိမ့်မည်။ ထို့အတွက် သူဝမ်းနည်းသည်။

အစပိုင်းတွင် ကင်းဘရစ်ချ်သည် သူ့အတွက် တုန်လှုပ်စရာ ကောင်းအောင် ကြီးကျယ်လွန်း လှသည်။ တံတိုင်းခတ်ထားသော ဘုန်းကြီးကျောင်းသည် ရွာအတော်များများထက်ပင် ကြီးသေးသည်။ ကက်သီဒရယ် ဘုရားကျောင်းသည် ကျယ်ပြန့်ပြီး ထိုင်းမှိုင်းနေသော ကျောက်ဂူကြီး တစ်ခုဖြစ်သည်။ ပရိုင်ရော်၏ နေအိမ်သည် နန်းတော် အငယ်စားကလေးတစ်ခုဖြစ်သည်။ သို့သော်လည်း သူသည် ထိုအရွယ်အစား သက်သက်မျှဖြင့် နေသားကျသွားသည့် အခါတွင် ကျောင်းထိုင်ဘုန်းကြီး ပီတာက သူ၏ သူငယ်ချင်းဟောင်း ပရိုင်ရော်တွင် တွေ့ရသည့် စိတ်ဓာတ်ပျက်ပြားနေမှု၏ လက္ခဏာများကို သူမြင်လာသည်။ ဘုရားကျောင်းသည် အကြီးစားပြုပြင်မှုများ လုပ်ရန် လိုအပ်သည်မှာ မြင်သာထင်သာဖြစ်သည်။ ဝတ်ပြုဆုတောင်း သူတို့မှာ ဗလုံးဗထွေးနှင့် အလျှင်အမြင် ရှိခိုးကြသည်။ တိတ်ဆိတ်ရမည့် စည်းကမ်းကို အမြဲလိုပင် ချိုးဖောက်ကြသည်။ ထို့ပြင် အစေခံအမြောက်အများ ဖြစ်နေသည်။ ဘုန်းကြီးထက် အစေခံက ပိုများနေသည်။ ဖိလစ် အနေနှင့် အံ့ဩလေးစားမှုများမှ အလျှင်အမြန် ကျော်လွန်သွားပြီး စိတ်ဆိုးဒေါသ ထွက်လာသည်။ သူ့အနေနှင့် ပရိုင်ရော်ဂျိမ်းအား လည်ကုတ်မှနေဆွဲကိုင်၍ လှုပ်ရမ်းပြီး ပြောလိုက်ချင်သည်။ "ခင်ဗျား ဒီလိုလုပ်ရဲလား။ ခင်ဗျား ဘုရားသခင်ကို ဒီလို အလောတကြီးနဲ့ ဝတ်ပြုဆုတောင်းရသလား။ ခင်ဗျားအနေနဲ့ ဘုန်းကြီး အငယ်တွေကို အံစာတုံး လှိမ့်ခွင့်ပေးပြီး ဘုန်းကြီးတွေကို ခွေးမွေးခွင့် ပေးရသလား။ ဘုရားသခင်ရဲ့ ဘုရားကျောင်းတော်က တစ်စတစ် ပျက်စီးနေတဲ့အချိန်မှဦ ခင်ဗျားအနေနဲ့ နန်းတော်မှာ အစေခံတွေ ခြံရံပြီး နေရသလား။ " ဟု မေးလိုက်ချင်သည်။ သို့သော်လည်း သူ့အနေနှင့် ထိုသို့ တကယ် ပြောခဲ့ခြင်းတော့ မရှိပေ။ သူ့အနေနှင့် အရည်ရှည်ရှည် ပိန်ပိန်ပါးပါး နှင့် ကမ္ဘာတစ်ခုလုံး၏ ဒုက္ခဝန်ကို သူ၏ ပုခုံးလုံးလုံးပေါ်တွင် ထမ်းပိုးထားရသကဲ့သို့ ခါးကိုင်းနေသော ပရိုင်ရော်ဂျိမ်းအား ခဏတာမျှ ကျကျနန မေးမြန်းဖြစ်ခဲ့သည်။ ထို့နောက် သူသည် ဆပ်ပရိုင်ရော် ဖြစ်သူ ရီမီဂျီးယပ်စ်နှင့် ပြောဖြစ်သည်။ သူတို့ စကားပြောစဉ် အစပိုင်းတွင် ဖိလစ်အနေနှင့် ပရိုင်ရော်ရီတွင် အချို့သော ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း စကားစ ဖော်ပေးခဲ့သည်။ သူ့အနေနှင့် လက်ထောက်ခေါင်းဆောင်က သူအား အူလှိုက်သည်းလှိုက် ထောက်ခံလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း ရီမီဂျီးယပ်စ်က သူ၏ နှာခေါင်းအပေါ်မှ ဖိလစ်အား "မင်းဘာသာမင်း ဘယ်သူလို့ ထင်နေသလဲ။" ဟူသည့် အကြည့်မျိုးဖြင့် ကျော်၍ ကြည့်ကာ စကားလမ်းကြောင်းကို ပြောင်းပစ်ခဲ့သည်။

ရီမီးဂျီးရပ်စ်က တောအုပ် အတွင်းရှိ စိန့်ဂျွန်ဘုရားကျောင်းခွဲသည် လွန်ခဲ့သော သုံးနှစ်က မြေအချို့နှင့် ပိုင်ဆိုင်မှု အချို့ဖြင့် စတင်ခဲ့ကြောင်း ပြောပြခဲ့သည်။ အခုအခါ ထိုဘုရားကျောင်းခွဲ အနေနှင့် ကိုယ့်ဘာသာကိုယ် ရပ်တည်ရန် အချိန်ရောက်ပြီ ဖြစ်သည်။ သို့သော်လည်း ထိုဘုရားကျောင်းခွဲ အနေနှင့် ယခုထက်တိုင် မိခင် ဘုရားကျောင်းမှ ပံ့ပိုးမှုများကို မှီခိုနေရဆဲပင် ဖြစ်သည်။ ထို့အပြင် ထိုဘုရားကျောင်းတွင် တစ်ညတာမျှ တည်းခိုခဲ့သော ဒီကွန်ခေါ် လက်ထောက်သင်းအုပ် ဘုန်းကြီး တစ်ပါးက ဝတ်ပြု အစည်းအဝေးကို ဝေဖန်ခဲ့သည်။ ခရီးသည်များက ထိုဒေသတွင် သူတို့အား ဘုန်းကြီးများက ဓါးပြတိုက်သည်ဟု စွပ်စွဲကြသည်။ ထို့အပြင် မစင်ကြယ်မှုနှင့် ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်နေသည်။ ရီမီးဂျီးယပ်စ် အနေနှင့် အသေးစိတ် အချက်များကို မပြောပြနိုင် သို့မဟုတ် မပြောပြလိုသည်မှာ အဖွဲ့အစည်းကြီး တစ်ခုလုံး လှုပ်ရှားလည်ပတ်နေခြင်းတွင် အပျင်းကြီးမှုများ ပါဝင်နေခြင်း၏ အခြားလက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ ဖိလစ်အနေနှင့် တဆတ်ဆတ်တုန်နေအောင် ပြင်းထန်သော ဒေါသများဖြင့် ထွက်ခွာလာခဲ့သည်။ ဘုန်းကြီးကျောင်း ဆိုသည်မှာ ဘုရားသခင်၏ ကြီးမြတ်မှုကို ပြသရန် ဖြစ်သည်။ အကယ်၍ ထိုသို့ မပြနိုင်ပါက ထိုဘုန်းကြီးကျောင်းသည် အလကားပင်။ ပရိုင်ရော်ရီသည် အလကားထက်ပင် ပို၍ ဆိုးသေးသည်။ ပရိုင်ရော်ရီသည် ပျင်းရိမှုဖြင့် ဘုရားသခင်အား အရှက်ရစေသည်။ သို့သော်လည်း ဖီးလစ် အနေနှင့် ဘာမှ မလုပ်နိုင်ပေ။ သူ့အနေနှင့် အကောင်းဆုံး မျှော်လင့်နိုင်သည်က ကင်းဘရစ်ချ်၏ ဘုရားကျောင်းခွဲကို ပြန်လည်ပြုပြင်ရန် ပင် ဖြစ်သည်။

ဘုရားကျောင်းခွဲလေး သို့ နှစ်ရက်ခရီး မြင်းစီးသွားရာတွင် သူ၏အတွေးများ သည် ရရှိထားသော မဆိုစလောက်သော အချက်အလက်များ တွင် နစ်မျောနေမိရင်း သူသည် မည်သို့မည်ပုံ ကိုင်တွင် ဖြေရှင်းရမည်ကို ဝတ်ပြုဆုတောင်းရင်း စဉ်းစားနေမိသည်။ သူ့အနေနှင့် ပထမဆုံး ညင်ညင်သာသာ လျှောက်ဝင်သွားလျှင် ကောင်းလိမ့်မည်ဟု သူဆုံးဖြတ်မိသည်။ ပုံမှန်အားဖြင့် ပရိုင်ရော်ကို ဘုန်းကြီးများက ရွေးချယ် ခန့်အပ်ကြခြင်း ဖြစ်သည်။ သို့သော်လည်း ပင်မဘုရားကျောင်းကြီး၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သော ဘုရားကျောင်းခွဲကလေး တစ်ခုအတွက်မူ မိခင် ကျောင်းတော်ကြီးမှ ရိုးရိုးရှင်းရှင်းပင် ရွေးချယ် ခန့်အပ်နိုင်သည်။ ထို့အတွက်ကြောင့် ဖိလစ် အား သူ့ဘာသာသူ ရွေးကောက်တင်မြှောက်ပွဲတွင် ပါဝင် အရွေးခံရန် ညွှန်ကြားထားခြင်း မရှိပေ။ ထို့အတွက်ကြောင့် သူ့အနေနှင့် ဘုန်းကြီးများ သူ့ အပေါ်တွင် မိတ်ဆွေကောင်းလို စိတ်မျိုး ရှိလိမ့်မည် ထည့်တွက်၍ မရနိုင် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ သူ့အနေနှင့် သူ့လမ်းကို ဂရုတစိုက် လျှောက်ရန် လိုအပ်သည်။ သူ့အနေနှင့် ထိုနေရာတွင် ရှိနေသော ပြဿနာများကို ဘယ်လို အကောင်းဆုံး ဖြေရှင်းမည် ဆိုသည်ကို မဆုံးဖြတ်မီတွင် ပြဿနာများကို ပိုမို၍ နားလည် သဘောပေါက်ရန် လိုအပ်သည်။ သူ့အနေနှင့် ဘုန်းကြီးများ၏ လေးစားမှုနှင့် ယုံကြည်မှုကို ရယူရန် လိုအပ်သည်။ အထူးသဖြင့် သူ့ထက် ကြီးသောသူနှင့် သူ့ ရာထူး အဆင့်အတန်းကို အခဲမကျေသော ဘုန်းကြီးများပင် ဖြစ်သည်။ သူ့အတွက် သတင်းအချက်အလက် အလုံအလောက် ရပြီး သူ၏ ခေါင်းဆောင်နေရာ ခိုင်မာ လာသော အခါတွင်မှ သူ့အနေနှင့် အခိုင်အမာ လုပ်ကိုင် ဆောင်ရွက်ရန် ဖြစ်သည်။

သို့သော်လည်း ထိုအတိုင်း ဖြစ်မလာခဲ့ပေ။

ဒုတိယမြောက်နေ့ သူ၏ မြင်းပုကလေးကို ဇက်ကြိုးဆွဲပြီး မြေကွက်လပ်၏ အစပ်သို့ ရောက်ရှိကာ သူ၏ အိမ်နေရာ အသစ်ကို စူးစမ်း နေချိန်တွင် အလင်းရောင်က မှေးမှိန်နေပြီ ဖြစ်သည်။ ထိုနေရာတွင် ထိုအချိန်က ကျောက်တုံးဆောင် ဟူ၍ ဝတ်ပြုဆောင် တစ်ဆောင်တည်းသာ ရှိသည်။ (ဖိလစ်သည် နောက်နှစ်တွင် ကျောက်တုံး အိပ်ဆောင် တစ်ဆောင်ကို ဆောက်လုပ်ခဲ့သည်။) အခြားသော သစ်သား အဆောက်အအုံများမှာ ယိုယွင်းနေပြီး ပြိုကျတော့ မတတ်ပင် ဖြစ်သည်။ ဖိလစ်အနေနှင့် သဘောမကျပေ။ ဘုန်းကြီးများ ပြုလုပ်သော အရာဟူသမျှ ဝက်ခြံဖြစ်စေ ကက်သီဒရယ်ပင် ဖြစ်စေ ကြာရှည်ခံရမည်။ သူက လှည့်ပတ် ကြည့်ရှုသော အခါတွင် ကင်းဘရစ်ချ်တွင် သူ့အား တုန်လှုပ်ခြောက်ခြားသွားစေခဲ့သော လျော့တိလျော့ရဲ ဖြစ်နေမှုများ၏ သက်သေများကို ထပ်မံ တွေ့ရှိရသည်။ ထိုနေရာတွင် ခြံစည်းရိုး ဟူ၍ မရှိပေ။ ကောက်ရိုးများက စပါးကျီ တံခါးမှ အပြင်သို့ ထွက်နေကြသည်။ ငါးကန်၏ ဘေးတွင် နောက်ချေးပုံ တစ်ပုံ ရှိနေသည်။ သူ၏ မျက်နှာသည် ဆုံးမပြင်ဆင်ချင်စိတ်များကို မျိုသိပ်လိုက်ရသဖြင့် တင်းမာသွားသည်ကို သူခံစားမိသည်။ သူက သူ့ဘာသာသူ ဖြည်းဖြည်း ဖြည်းဖြည်းဟု ပြန်ပြောမိသည်။

အစပိုင်းတွင် သူ တစ်ဦးတစ်ယောက်မျှ မမြင်ရပေ။ ထိုအရာမှာ ဖြစ်နေကျပင်။ ယခုအချိန်မှာ ဗက်စပါ ခေါ် ညနေခင်း ဝတ်ပြုချိန်ဖြစ်ပြီး ဘုန်းကြီး အများစုမှာ ဝတ်ပြုဆောင် အတွင်းတွင် ရှိနေပေလိမ့်မည်။ သူက မြင်းပုကလေး၏ နံဘေးကို သူ၏ကြာပွတ်ဖြင့် တစ်ချက်ရိုက်လိုက်ပြီး မြေကွက်လပ်ကိုဖြတ်ကာ မြင်းစောင်းနှင့် တူသော တဲငယ် တစ်လုံးသို့ အရောက် သွားလေသည်။ ခေါင်းပေါ်တွင် ကောက်ရိုးစများ ရှိပြီး
ခံစားချက်မရှိသော အကြည့်များ ရှိသော လူငယ်တစ်ဦးက တံခါးအပေါ်မှ သူ၏ ခေါင်းကို ပြူကြည့်ပြီး ဖီးလစ်အား အံ့အားသင့်စွာ စိုက်ကြည့်နေသည်။

"မင်းနာမည် ဘယ်လိုခေါ်သလဲ။" ဖိလစ်က ပြောသည်။ ခဏမျှ ရှက်သလိုလို ဖြစ်နေပြီးမှ သူက ထပ်ဖြည့်လိုက်သည်။ "ငါ့သား။"

"တခြားသူတွေကတော့ ရှစ်ပဲနိ ဂျွန်နီ လို့ခေါ်ကြပါတယ်။" လူငယ်က ပြန်ပြောသည်။

ဖိလစ်က သူ၏ မြင်းပေါ်မှ ဆင်းလိုက်ပြီး သူ့အား မြင်းဇက်ကြိုးအား လှမ်းပေးလိုက်သည်။
"ကောင်းပြီ။ ရှစ်ပဲနိ ဂျွန်နီ။ မင်းငါ့မြင်းရဲ့ ကုန်းနှီးကို ဖြုတ်လို့ ရပါပြီ။"

"ကောင်းပါပြီ။ ဖာသာ။" သူက ဇက်ကြိုးကို တန်းတစ်ခုပေါ်တွင် ပတ်လိုက်ပြီး နေရာမှ ထွက်သွားသည်။

"မင်းဘယ်သွားမလို့လဲ။" ဖိလစ်က မာမာထန်ထန် ပြောသည်။

"လူစိမ်းတစ်ယောက် ရောက်နေတယ် ဆိုတဲ့ အကြောင်း ဘရာသာ တွေကို သွားပြောမလို့ပါ။"

"မင်းအနေနဲ့ နာခံမှုကို ကျင့်ကြံရမယ် ဂျွန်နီ။ ငါ့ရဲ့ မြင်းကုန်းနှီးကိုဖြုတ်။ ဘရာသာတွေကို ငါ ဒီမှာ ရောက်နေတဲ့ အကြောင်း ငါပြောလိုက်မယ်။"

"ဟုတ်ကဲ့ ဖာသာ။" ကြောက်ရွံသည့် ပုံပေါက်နေသည့် ဂျွန်နီသည် ကိုယ်ကို ကိုင်းပြီး သူ့အလုပ်ကို လုပ်နေလေသည်။

ဖိလစ်က လှည့်ပတ်ကြည့်မိသည်။ မြေကွက်လပ်၏ အလယ်တွင် ခန်းမကျယ်ကြီးနှင့် တူသော ရှည်လျားသည့် အဆောက်အအုံ တစ်ခု ရှိသည်။ ထို အနီးတွင် အဝိုင်းပုံစံ အဆောက်အဦးငယ် တစ်ခုရှိပြီး အမိုးရှိ အပေါက်တစ်ပေါက်မှ မီးခိုးများ ထွက်နေသည်။ ထိုနေရာသည် မီးဖိုဆောင် ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် ညစာ အတွက် ဘာရှိသလဲ ဆိုသည်ကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ စည်းကမ်း တင်းကျပ်သော ဘုန်းကြီးကျောင်းများတွင် တစ်နေ့လျှင် အစားအသောက် တစ်ကြိမ်သာ ကျွေးသည်။ ညစာကို နေ့လည်ခင်းတွင် ကျွေးခြင်း ဖြစ်သည်။ သို့သော်လည်း ဤနေရာသည် စည်းကမ်း တင်းကျပ်သည့် နေရာ မဟုတ်ပေ။ ညနေ ဝတ်ပြုဆုတောင်းမှု အပြီးတွင် အစားအသောက် အနည်းငယ်မျှ ကျွေးပေလိမ့်မည်။ ပေါင်မုန့်အချို့ နှင့် ချိစ် သို့မဟုတ် ငါးခြောက်ဖြစ်နိုင်သည်။ ဆေးမြစ်များဖြင့် ပြုတ်ထားသော ဘာလီ ဟင်းချို တစ်ပန်းကန်လည်း ဖြစ်နိုင်သည်။ သို့သော်လည်း မီးဖိုဆောင် အနီးသို့ ရောက်လာသော အချိန်တွင် သူသည် မမှားယွင်းနိုင်ပဲ သွားရည်ယိုစရာ ဖြစ်သော အသားကင် အနံ့မွှေးမွှေးကို ရလိုက်သည်။ သူရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ အတွင်းသို့ ဝင်လိုက်သည်။

အလယ်ခေါင်ရှိ ကျောက်သားမီးဖို နံဘေးတွင် ဘုန်းကြီး နှစ်ပါးနှင့် ကောင်လေး တစ်ယောက်တို့ ဝိုင်းထိုင် နေကြသည်။ ဖိလစ်ကြည့်နေသော အချိန်တွင်ပင် ဘုန်းကြီး တစ်ပါးသည် ခရားတစ်ခုကို အခြားတစ်ယောက် အား လှမ်းပေးလိုက်ပြီး နောက်တစ်ယောက်က ထိုခရားအတွင်းမှ အရည်ကို သောက်လိုက်သည်။ ကောင်လေးက တံစို့ကို လှည့်နေပြီး တံစို့ပေါ်တွင် ဝက်အငယ်စား တစ်ကောင် ရှိနေသည်။

ဖိလစ်က အလင်းရောင်ရှိရာသို့ လှမ်းဝင်လိုက်ချိန်တွင် သူတို့က အံ့အားသင့်စွာဖြင့် မော့ကြည့်ကြသည်။ သူက စကားမပြောဘဲ ဘုန်းကြီးထံမှ ခရားကို ယူကာ နမ်းကြည့်သည်။ ထို့နောက် သူကပြောသည်။ "မင်းဘာလို့ ဝိုင်တွေ သောက်နေရတာလဲ။"

"ဘာလို့ လဲ ဆိုတော့ ငါ့အသည်းထဲက ပျော်လို့ပေါ့။ လူစိမ်းရဲ့။" ဟု ဘုန်းကြီးက ပြန်ပြောသည်။ "နည်းနည်းလောက် အားရပါးရ သောက်လိုက်စမ်းပါ။"

 သူတို့အား ပရိုင်ရော် အသစ် ရောက်လာမည် ဆိုသည်ကို ကြိုတင် သတိပေးမထားသည်မှာ ရှင်းလှသည်။ အကယ်၍ ဖြတ်သွားဖြတ်လာ ဘုန်းကြီးတစ်ပါးက သူတို့၏ အပြုအမူကို ကင်းဘရစ်ချ်သို့ အစီရင်ခံခဲ့ပါက ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများကိုလည်း သူတို့ ကြောက်ရွံ့ခြင်း မရှိသည်မှာ ရှင်းလှပေသည်။ ဖိလစ်အနေနှင့် ထိုသူ၏ ခေါင်းပေါ်တွင် ဝိုင် ခရားအား ရိုက်ခွဲလိုက်ချင်စိတ် ပေါ်လာသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြင်းထန်ခြင်း မရှိသော အသံဖြင့် ပြောလိုက်သည်။
"ငါတို့အတွက် အသားတွေ သောက်စရာ အရည်တွေရဖို့ လူဆင်းရဲတွေရဲ့ ကလေးတွေက အစာငတ်ခံနေရတယ်။" သူက ပြောသည်။
"ဒါက ဘုရားသခင်ရဲ့ ကြီးမြတ်မှု အတွက် လုပ်ကြတာ။ ငါတို့ အူလှိုက်သဲလှိုက် ပျော်ဖို့ မဟုတ်ဘူး။ မင်းအတွက် ဒီည ဝိုင်မသောက်နဲ့တော့။" သူက ခရားကို သယ်ရင်း လှည့်ထွက်ခဲ့သည်။

သူထွက်လာသော အခါတွင် ဘုန်းကြီးက လှမ်းပြောလိုက်သည်ကို ကြားရသည်။
"မင်းကိုယ်မင်း ဘယ်သူများ ထင်နေသလဲ။"
သူက မတုံ့ပြန်ပေ။ သူတို့ အနေနှင့် မကြာခင်ပင် သိရှိပေလိမ့်မည်။

သူက ခရားကို မီးဖိုဆောင်၏ အပြင်ဘက် မြေကြီးပေါ်တွင် ချလိုက်ပြီး ဝတ်ပြုဆောင်ရှိရာသို့ မြေကွက်လပ်ကို ဖြတ်၍ လျှောက်လာခဲ့သည်။ သူ၏ လက်သီးများကို ဆုပ်လိုက် ပြန်ဖြန့်လိုက် လုပ်ကာ သူ၏ ဒေါသကို ကြိုးစား ချုပ်ထိန်း နေမိသည်။ သတိထား။ အချိန်ယူ။

သူသည် ဝတ်ပြုဆောင်၏ ဆင်ဝင်ငယ်လေး ၏ အောက်တွင် ခဏမျှ ရပ်ကာ သူ့ဘာသာသူ စိတ်ကို ပြန်၍ လျှော့ချနေမိသည်။ ထို့နောက် ဝက်သစ်ချသား တံခါးကြီးကို အသာအယာတွန်း၍ အထဲသို့ တိတ်ဆိတ်စွာ ဝင်ခဲ့လေသည်။

ဘုန်းကြီး တစ်ဒါဇင်ခန့်နှင့် ဘုန်းကြီးအသစ် အနည်းငယ်မျှ တို့သည်  သူ့ကို ကျောပေး၍ မညီမညာ တန်းလျှက် ရပ်နေကြသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဆေးခရစ် ခေါ် စာပေ ထိန်းသိမ်းရေး ဘုန်းကြီးက စာအုပ်တစ်အုပ်ကို ဖွင့်၍ ဖတ်ပြနေသည်။ သူက ဝတ်ပြုဆုတောင်းခြင်းကို အလျှင်အမြန် လုပ်နေပြီး ဘုန်းကြီးများက အသံတိုးတိုးဖြင့် ဝတ်ကျေတမ်းကျေ ပြန်လည်ဖြေဆိုနေကြသည်။ အရှည်အတို မညီသော ဖယောင်းတိုင် ၃ချောင်းက ဝတ်ပြုစင်ပေါ်တွင် ခင်းထားသော ညစ်ပတ်နေသော အဝတ် အပေါ်တွင် တဖြောက်ဖြောက် မည်လျှက် လောင်ကျွမ်းနေကြသည်။

အနောက်ဘက်တွင် အသက်ငယ်ငယ် ဘုန်းကြီးနှစ်ပါးက ဝတ်ပြုဆုတောင်းမှုကို လျစ်လျူရှု၍ စကားပြောနေကြပြီး တစ်စုံတစ်ခုကို လှုပ်လှုပ်ရှားရှား ဆွေးနွေးနေကြသည်။ ဖိလစ် သူတို့အနားသို့ ရောက်သော အခါတွင် တစ်ယောက်က ရယ်စရာ တစ်ခုကို ပြောလိုက်ပြီး နောက်တစ်ယောက်က အသံကျယ်လောင်စွာ ဖြင့်  ဗလုံးဗထွေး ပြောနေသော ဆေးခရစ် ၏ အသံကို ဖုံးလွှမ်းသွားသည် အထိ အော်ရယ်သည်။ ထိုအချိန်သည် ဖိလစ် အတွက် နောက်ဆုံး ကောက်ရိုးတမျှင်သာလျှင် ဖြစ်သည်။ ညင်ညင်သာသာ ဝင်ရောက်ရန် အတွက် တွေးထားသော အတွေးများက သူ့စိတ်ထဲမှ ပျောက်ကွယ်သွားသည်။ သူက သူ့ပါးစပ်ကို ဖွင့်၍ အသံအကျယ်ဆုံးဖြင့် အော်ပြောလိုက်သည်။

"တိတ်တိတ်နေကြစမ်း။"

ရယ်သံများ တိတ်သွားသည်။ ဆေးခရစ်က စာဖတ်နေရာမှ ရပ်လိုက်သည်။ ဝတ်ပြုဆောင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဘုန်းကြီးများက နောက်သို့လှည့်ပြီး ဖိလစ်အား စိုက်ကြည့်ကြသည်။

သူက ခုနက ရယ်သော ဘုန်းကြီးထံသို့ လက်လှမ်းပြီး သူ့အား နားရွက်မှ လှမ်း၍ ဆွဲလိုက်သည်။ သူသည် ဖိလစ်နှင့် အသက်အတူတူမျှ ဖြစ်မည်။ သို့သော်လည်း သူ့ထက်ပို၍ အရပ်ရှည်သည်။  သို့သော်လည်း ဖိလစ်က သူ၏ ခေါင်းအား အောက်သို့ဆွဲချလိုက်သော အခါတွင် သူ့အနေနှင့် အံ့အားသင့်လွန်းသဖြင့် ပြန်လည် တုံ့ပြန်ခြင်း မရှိပေ။
"ဒူးထောက်လိုက်စမ်း။"
ဖိလစ်က အော်လိုက်သည်။ ခဏတာမျှပင် ဘုန်းကြီးက သူ့ထံမှ လွတ်အောင် ရုန်းသည်ဟု ထင်ရသည်။ သို့သော်လည်း သူ့အနေနှင့် သူ့ဖက်က မှားသည်ကို သိသည်။ ဖိလစ် မျှော်လင့်ထားသည့် အတိုင်းပင် သူ၏ ရုန်းကန်မှုက သူ့ဘာသာသူ အပြစ်ရှိသည်ဟု ထင်သည့် စိတ်ကြောင့် တဖြည်းဖြည်း လျော့ကျသွားသည်။ ဖီးလစ်က သူ၏ နားရွက်ကို ပို၍ အားထည့်ကာ ဆွဲလိုက်သော အခါတွင် လူငယ်က ဒူးထောက်လိုကသည်။

"အားလုံး။" ဖိလစ်က အမိန့်ပေးသည်။ "ဒူးထောက်လိုက်ကြ။"

သူတို့အနေနှင့် နာခံမှု ရှိရန် အဓိဌာန်ပြုထားကြသည်။သူတို့ စည်းမရှိ ကမ်းမရှိ အကြည့်ရဆိုးအောင် နေနေကြသော ယခုလတ်တလော ထင်ရှားစွာ တွေ့နေရသော နေထိုင်မှုက သူတို့နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော အကျင့်ကို လုံးဝပယ်ဖျက်နိုင်ခြင်း မရှိပေ။ ဘုန်းကြီး တစ်ဝက်ခန့်နင့် ဘုန်းကြီး အသစ်များ အားလုံးတို့ ဒူးထောက်လိုက်ကြသည်။

"မင်းတို့အားလုံး သစ္စာပြုထားတာကို ချိုးဖောက်တယ်။"
ဖိလစ်က ပြောရင်း သူ၏  အထင်သေးမှုကို ပြလိုက်သည်။
"မင်းတို့ ဘုရားသခင်ကို စော်ကားတဲ့သူတွေပဲ။ အားလုံးပဲ။"
သူက အားလုံးကို လှည့်ပတ်ကြည့်ပြီး သူတို့နှင့် မျက်လုံးချင်း ဆုံမိသည်။
"မင်းတို့ အပြစ်အတွက် ပြန်ပေးဖို့ အခုစပြီ။" သူက နောက်ဆုံးတွင် ပြောလိုက်သည်။

ဖြည်းဖြည်းချင်းပင် သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြသည်။ နောက်ဆုံးတွင် ဆေးခရစ် တစ်ယောက်သာလျှင် မတ်တပ်ရပ်လျှက် ကျန်ခဲ့သည်။ သူသည် ဖိလစ်ထက် အသက်နှစ်ဆယ်ခန့်မျှ ကြီးပြီး ဝဖြိုးကာ အိပ်ချင်မူးတူး မျက်လုံးများ ရှိသော သူတစ်ယောက် ဖြစ်သည်။ ဖိလစ်က ဒူးထောက်နေသော ဘုန်းကြီးများ ဘေးမှ ဖြတ်သွားပြီး သူ့ထံသို့ ချဉ်းကပ်လိုက်သည်။

"ကျုပ်ကို စာအုပ်ပေး။" ဟုသူက ပြောသည်။

ဆေးခရစ်က ကလန်ကဆန် အကြည့်မျိုးဖြင့် ပြန်စိုက်ကြည့်ပြီး ဘာမှ မပြောပေ။

ဖိလစ်က လက်ကို ဆန့်တန်းကာ စာအုပ်ကြီးကို ဖြည်းဖြည်း ဆွဲယူလိုက်သည်။ ဆေးခရစ်က စာအုပ်ကို တင်းတင်း ပြန်ဆုပ် ထားသည်။ ဖိလစ် တုံ့ဆိုင်းသွားသည်။ သူသည် နှစ်ရက်တာမျှ စဉ်းစား၍ သတိထား၍ လုပ်ရန်နှင့် ဖြည်းဖြည်းချင်း လုပ်ကိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်လည်း အခု ဤ အခြေအနေကို ရောက်နေပြီ။ သူ၏ ခြေထောက်တွင် လမ်းပေါ်မှ ဖုန်မှုန့်များပင် မစင်သေးသော အချိန်တွင် သူဘာမျှ မသိသော လူတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ကာ ထိပ်တိုက်တွေ့နေပြီး အားလုံးကို စွန့်စားရသည့် အခြေအနေမျိုး ဖြစ်နေသည်။

"ကျုပ်ကို စာအုပ်ပေး။ ပြီးရင် ဒူးထောက်လိုက်။" သူက ထပ်ပြောသည်။

 ဆေးခရစ်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံး တစွန်းတစ ပေါ်ထွက်လာသည်။ "မင်းဘယ်သူလဲ။" ဟုသူက မေးသည်။

ဖိလစ် အနေနှင့် နောက်တစ်ကြိမ် တုံ့ဆိုင်းသွားပြန်သည်။ သူ၏ ဝတ်ရုံနှင့် ဆံပင်ညှပ်ထားပုံ အရ သူသည် ဘုန်းကြီးတစ်ပါး ဖြစ်သည်မှာ ထင်ရှားသည်။ သူတို့အားလုံး အနေနှင့် သူ၏ အပြုအမူ မှနေ၍ သူသည် ဩဇာအာဏာ ရှိသူ တစ်ဦး ဖြစ်ကြောင်း ခန့်မှန်းနိုင်ကြမည်။ သို့သော်လည်း သူသည် ဆေးခရစ်ထက် ပို၍ မြင့်သော မည်သို့သော ရာထူးမျိုး ရှိသည်ကိုမူ သူတို့ ရှင်းရှင်းလင်းလင်း မသိကြသေးပေ။ သူ့အနေနှင့် ပြောဖို့ လိုအပ်သည်မှာ ငါက ပရိုင်ရော် အသစ်ဟူ၍သာ။ သို့သော်လည်း သူ့အနေနှင့် ထိုသို့ မပြောလိုပေ။ ရုတ်တရက်ပင် သူ့အနေနှင့် ပို၍ အားကောင်းသော စိတ်ဓာတ်နှင့် သက်ဆိုင်သော ဩဇာအာဏာ၏ လွှမ်းမိုးမှု သက်သက်ကို ထုတ်ပြရန်မှာ ပို၍ အရေးကြီးသလိုပင်။

ဆေးခရစ်က သူ၏ တွေဝေနေမှုကို သတိထားမိသလို ဖြစ်ပြီး ထိုအရာကို အခွင့်ကောင်း ယူကာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ငါတို့ကို ပြောစမ်းပါ။"
သူက ချိုသာသော်လည်း လှောင်ပြောင်သော အသံမျိုးဖြင့် ပြောလိုက်သည်။
"ဘယ်သူက သူရှိနေတဲ့အတွက် ငါတို့ကို ဒူးထောက်ဖို့ အမိန့်ပေး စေခိုင်းရတာလဲ။"

တုံ့ဆိုင်းနေမှု အားလုံး ဖိလစ်ထံမှ လျှင်မြန်စွာ ပျောက်ကွယ်သွားကာ သူတွေးမိသည်။ ဘုရားသခင်က ငါနဲ့ အတူ ရှိနေတယ်။ ငါဘာကို ကြောက်ရမှာလဲ။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူ၏ စကားလုံးများက ဟိန်းထွက်လာက ကျောက်တုံးခင်းထားသော ကြမ်းပေါ်မှ ကျောက်သား မျက်နှာကြက် အခုံးတိုင်အောင် ပဲ့တင် ရိုက်ခတ်သွားသည်။
"မင်းကို ဒူးထောက်ဖို့ အမိန့်ပေးတာ ဘုရားသခင်ပဲ။ သူရှိနေတဲ့ အတွက်။"
သူ့အသံက မိုးကြိုးပစ်သလို ဟိန်းထွက်လာသည်။

ဆေးခရစ်က သူ့ဘာသာသူ ယုံကြည်မှု အနည်းငယ်မျှ လျော့ကျ သွားသလိုပင်။ ဖိလစ်က အခွင့်အရေးကို အမိအရ ယူလိုက်ပြီး စာအုပ်ကို လှမ်း၍ ဆွဲယူလိုက်သည်။ ဆေးခရစ်အနေနှင့် သူ၏ ဩဇာအာဏာများ ယခုအခါတွင် အားလုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် စိတ်မပါစွာဖြင့် သူ ဒူးထောက် ထိုင်ချလိုက်သည်။

ဖိလစ်က သူ၏ စိတ်သက်သာရာ ရမှုကို ဖုံးကွယ်ပြီး သူတို့အားလုံးကို ဝှေ့၍ ကြည့်ကာ ပြောလိုက်သည်။ "ငါက မင်းတို့အားလုံးရဲ့ ပရိုင်ရော် အသစ်ပဲ။"

သူက ဝတ်ပြုဆုတောင်းစာကို ဖတ်ကြားနေချိန်တွင် သူတို့အားလုံးကို ဒူးထောက်၍ ဆက်လက် ထိုင်နေစေသည်။  ထိုအချိန်မှာ အတော်ပင် ကြာသည်။ အဘယ်ကြောင့် ဆိုသော် သူသည် သူတို့အားလုံး၏ တုံ့ပြန်မှုကို ရယူရာတွင် သူတို့အားလုံး လုံးဝ တညီတညွတ်တည်း အသံဖြင့် တုံ့ပြန်သည် အထိ အကြိမ်ကြိမ် မေးသောကြောင့်ပင် ဖြစ်သည်။ ထို့နောက် သူသည် သူတို့အား ဝတ်ပြုဆောင်မှ အပြင်သို့ တိတ်ဆိတ်စွာ ဦးဆောင် ၍ မြေကွက်လပ်ကို ဖြတ်၍ ညစာစားဆောင်ရှိရာသို့ ခေါ်သွားသည်။ သူက ဝက်သားကင်ကို မီးဖိုဆောင်သို့ ပြန်ပို့ခိုင်းလိုက်ပြီး ပေါင်မုန့်နှင့် ဘီယာ အပျော့စားကို ယူလာရန် စေခိုင်းလိုက်သည်။ ထို့နောက် သူတို့ စားသုံးနေစဉ်တွင် အသံကျယ်ကျယ်ဖြင့် ဘုရားစာ ဖတ်ရန် ဘုန်းကြီး တစ်ပါးကို ရွေးချယ် စေခိုင်းသည်။ သူတို့ စားသုံးပြီး မကြာမီမှာပင် သူ့အနေနှင့် သူတို့အားလုံးကို ဦးဆောင်၍ တိတ်ဆိတ်စွာပင် အိပ်ဆောင်ရှိရာသို့ ခေါ်သွားခဲ့သည်။

သူက ပရိုင်ရော်၏ အိပ်ရာကို သီးသန့်ဖြစ်နေသော ပရိုင်ရော်၏ အိမ်မှ အဆောင်တွင်းသို့ ယူလာရန် ညွှန်ကြားလိုက်သည်။ သူ့အနေနှင့် ဘုန်းကြီးများနှင့် အတူတူ တစ်ခန်းတည်းတွင် အိပ်မည်။ ထိုသို့ပြုလုပ်ခြင်းမှာ မစင်ကြယ်သော အပြစ်များမှ တားဆီးရန် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းပင် ဖြစ်ပေသည်။

ပထမဆုံးညတွင် သူလုံးဝနီးပါး မအိပ်ဘဲ ဖယောင်းတိုင် တစ်ချောင်းဖြင့် ထိုင်ကာ အသံတိတ် ဝတ်ပြုနေမိသည်မှာ ညသန်းခေါင်အချိန် ဘုန်းကြီးများကို မာတင်ခေါ် ညဘက် ဝတ်ပြုဆုတောင်းချိန် အထိပင် ဖြစ်သည်။ သူသည် ညဘက် ဝတ်ပြုခြင်းကို အလျှင်အမြန် ပြီးစီးစေခဲ့ပြီး သူသည် လုံးဝ ညှာတာမှု ကင်းမဲ့သူ မဟုတ်ကြောင်း သူတို့အား သိစေခဲ့သည်။ သူတို့ ပြန်လည်၍ အိပ်ရာဝင်သွားကြသော်လည်း ဖိလစ်ကမူ ပြန်မအိပ်ပေ။

အာရုဏ်ဦး အချိန်တွင် သူတို့ ပြန်၍ ထမလာမီ ဖိလစ်က အပြင်သို့ ထွက်လာကာ လှည့်ပတ်ကြည့်ရှုပြီး တစ်နေ့တာ အတွက် စဉ်းစား တွေးတော နေမိသည်။ တစ်ခုသော လယ်ကွင်းမှာ လတ်တလောတွင်မှ သစ်တောကို ရှင်းလင်းပြီး လယ်ကွင်း ဖြစ်အောင် ပြုလုပ်ထားခဲ့သည်။ ထိုလယ်ကွင်း၏ အလယ်တည့်တည့်တွင် သစ်မြစ်ဆုံ အကြီးကြီး တစ်ခု ရှိနေခဲ့ပြီး ထိုအရာမှာ ဝက်သစ်ချပင် အကြီးကြီး တစ်ပင် ဖြစ်ခဲ့ဟန်တူသည်။ ထိုမှတဆင့် သူ အကြံရသွားသည်။

အရုဏ်ဦး အချိန် ဝတ်ပြုမှုနှင့် မနက်စာ စားအပြီးတွင် သူသည် သူတို့အားလုံးအား ကြိုးများနှင့် ပုဆိန်များကို ယူဆောင်စေ၍ ကွင်းထဲသို့ ခေါ်ထုတ်သွားခဲ့သည်။ ထို့နောက် မနက်ခင်း တစ်ခုလုံး သူတို့သည် သစ်မြစ်ဆုံကြီးကို တူးဆွခဲ့ကြသည်။ တစ်ဝက်က ကြိုးများဖြင့် ဆွဲယူစဉ်တွင် အခြားတဝက်က သစ်မြစ်များကို ပုဆိန်ဖြင့် ခုတ်ထွင်ကြသည်။ အားလုံးက "ဆွဲ..." ဟု သံပြိုင် အော်၍ ဆွဲကြသည်။ နောက်ဆုံး သစ်မြစ်ကြီး ထွက်လာချိန်တွင် ဖီးလစ်က သူတို့အားလုံးအား ဘီယာ၊ ပေါင်မုန့်နှင့် ညက ညလယ်စာ အတွက် သူ မပေးပဲ ငြင်းဆန်ထားခဲ့သော ဝက်သား တစ်ပြားစီကို ဝေငှပေးသည်။

ထိုအရာသည် ပြဿနာ အားလုံး၏ အဆုံးသတ် မဟုတ်ဘဲ အဖြေများ၏ အစသာ ဖြစ်သည်။ ဖိလစ်သည် သူရောက်သည့် အချိန်မှ စ၍ မိခင်ကျောင်းတော်ကြီးမှ ပေါင်မုန့်ဖုတ်ရန် ဂျုံစေ့နှင့် ဝတ်ပြုဆောင် အတွက် ဖယောင်းတိုင်မှ လွဲ၍ ဘာကိုမှ မမှာကြားခဲ့ပေ။ သူတို့ အနေနှင့် သူတို့ မွေးသော အကောင်နှင့် ထောင်ချောက်ဆင် ဖမ်းသော အကောင်များမှ လွဲ၍ အသားဟူ၍ မရနိုင်ကြောင်း သိရှိသည့်အခါတွင် ဘုန်းကြီးများသည် စေ့စပ်သေချာသော တိရိစ္ဆာန် မွေးမြူသူများနှင့် ငှက်ထောင်ဖမ်းသူများ ဖြစ်လာကြသည်။ ယခင်အခါက သူတို့သည် ဝတ်ပြုဆုတောင်းခြင်းကို အလုပ်မှ ရှောင်ရှားရန် အတွက် စောင့်မျှော်လေ့ ရှိကြသော်လည်း ယခုအခါတွင် ဖိလစ်က သူတို့အနေနှင့် လယ်ကွင်းထဲတွင် အချိန်ပိုရနိုင်ရန် အတွက် ဝတ်ပြုဆောင်တွင် ကုန်ဆုံးသော အချိန်များကို လျှော့ချသော အခါတွင် သူတို့ ဝမ်းသာ ကြသည်။

နှစ်နှစ်မျှ ကြာပြီးသော အခါတွင် သူတို့ အနေနှင့် သူတို့ဘာသာ ပြည့်စုံလုံလောက်သော အခြေအနေဖြစ်လာပြီး နောက်နှစ်နှစ်မျှ ကြာသော အခါတွင် သူတို့သည် ကင်းဘရစ်ချ် ပရိုင်ရော်ရီအား အသားများ၊ တောရိုင်းကောင်များ၊ အားလုံးနှစ်ခြိုက်ပြီး နူးညံသော ဆိတ်နို့မှ လုပ်သော ချိစ်များဖြင့် ပေးပို့ ထောက်ပံ့နိုင်သည့် အခြေအနေဖြစ်လာသည်။ ဘုရားကျောင်းခွဲလေးသည် ချမ်းသာ ကြွယ်ဝလာပြီး ဝတ်ပြု ဆုတောင်းမှုများမှာ အမှားအယွင်းမရှိဖြစ်လာကာ ဘရာသားများလည်း ကျန်းမာပြီး ပျော်ရွှင်လာကြသည်။

ဖိလစ်အနေနှင့် စိတ်ကျေနပ်စရာ ဖြစ်လောက်သော်လည်း မိခင်ဘုရားကျောင်းတော်ကြီး ဖြစ်သော ကင်းဘရစ်ချ် ပရိုင်ရော်ရီမှာ ဆိုးဝါးသော အခြေအနေမှ အဆိုးဆုံး အခြေအနေ ဖြစ်လာသည်။

တကယ်တော့ ထိုနေရာသည် ဘုရင့်နယ်မြေအတွင်း ဦးဆောင်ဦးရွက် ဘာသာရေး ဌာနတစ်ခု ဖြစ်လာသင့်သည်။ ပွဲများဖြင့် အမြဲတမ်းလှုပ်ရှားနေသော၊ ၄င်း၏ စာကြည့်တိုက်မှာ နိုင်ငံခြားမှ ပညာရှင်များ၏ အလည်အပတ် ဌာနဖြစ်သော၊ ပရိုင်ရော်အား ဘေရွန်များမှ တိုင်ပင်ရာ ဖြစ်သော၊ ၄င်း၏ ဗိမာန်ဆောင်မှာ တစ်နိုင်ငံလုံးမှ ဘုရားဖူးများကို ဆွဲဆောင်နိုင်သော၊ ဂုဏ်သိက္ခာရှိသော သူများမှ ၄င်း၏ ဧည့်ဝတ်ကျေပွန်မှုကို သိရှိနိုင်သော၊ ၄င်း၏ ပေးလှူမှုမှာ ဆင်းရဲသားများ အကြား ရေပန်းစားသော ဌာန ဖြစ်လာသင့်သည်။ သို့သော်လည်း ဘုရားကျောင်းမှာ တစ်စထက် တစ်စ ပျက်စီးလာသည်။ ဘုရား ကျောင်းဆောင်များ၏ တစ်ဝက်မှာ ဟာလာဟင်းလင်း ဖြစ်လာပြီး ပရိုင်ရော်ရီသည် ပိုက်ဆံချေးသူများ ထံတွင် အကြွေးတင်လာသည်။ ဖိလစ်သည် ကင်းဘရစ်ချ်သို့ တစ်နှစ်လျှင် တစ်ခေါက်တော့ အနည်းဆုံး သွားခဲ့သည်။ ထိုမှ ပြန်လာသည့် အခါတိုင်းတွင် ဘာသာတရားကိုင်းရှိုင်းသော ကိုးကွယ်သူများက ပေးကမ်းထားပြီး အလုပ်ကို ရည်စူးလုပ်ကိုင်ကြသော ဘုန်းကြီးများမှ တိုးပွားအောင် ပြုလုပ်ရမည့် ဘုရားကျောင်း၏ ချမ်းသာမှုများမှာ အသုံးအဖြုန်းကြီးသော သားတစ်ယောက်သို့ အမွေပေးမိသည့်ပမာ နမော်နမဲ့ ယုတ်လျော့ လာခြင်းကို တွေ့ရသည့် အတွက် သူ၏ ဒေါသများ ဆူဝေလာသည်။

ပြဿနာ၏ တစိတ်တပိုင်းမှာ ပရိုင်ရော်ရီ၏ တည်နေရာ ဖြစ်သည်။ ကင်းဘရစ်ချ်သည် မည်သည့် နေရာသို့မှ ဦးတည်မသွားသည့် လမ်းတစ်လမ်းရှိ ရွာငယ်ကလေး တစ်ခုတွင် ရှိသည်။ အောင်နိုင်သူ သို့မဟုတ် မျိုးမစစ်ဟု ခေါ်ဝေါ်သည့် သူအပေါ် မူတည်၍ ကွဲပြားခြားနားသော ပထမဝီလီယမ် ဘုရင် လက်ထက်ကပင် ကက်သီဒရယ် ဘုရားကျောင်း အများစုကို မြို့ကြီးများသို့ ရွှေ့ပြောင်းခဲ့သည်။ သို့သော် ကင်းဘရစ်ချ်သည် ထိုအပြောင်းအလဲမှ လွတ်ကင်းခဲ့သည်။ သို့သော်လည်း ထိုပြဿနာသည် ဖိလစ်၏ အမြင်အရ ဖြေရှင်းမရနိုင်သော ပြဿနာ မဟုတ်ပေ။ ကက်သီဒရယ် ဘုရားကျောင်းရှိသော အလုပ်များသည့် ဘုရားကျောင်းမှာ သူ့ဘာသာသူ မြို့တစ်မြို့ပင် ဖြစ်သည်။

တကယ့်ပြဿနာမှာ အသက်ကြီးနေပြီ ဖြစ်သော ပရိုင်ရော်ဂျိမ်း၏ ပျင်းရိမှုပင် ဖြစ်သည်။ ပဲ့ပေါ်တွင် မသန်စွမ်းသော လက်တင်ထားသမျှ ကာလတလျှောက်လုံးတွင် သင်္ဘောသည် အန္တရာယ်နှင့် တွေ့လျှင် ပေါက်ကွဲ ပျက်စီးမည် ဖြစ်ပြီး ဘယ်ကိုမျှ ရောက်လိမ့်မည် မဟုတ်ပေ။

ဖိလစ်၏ ခါးသီးသော အတွေးများအရ ကင်းဘရစ်ချ် ပရိုင်ရော်ရီသည် ပရိုင်ရော်ဂျိမ်း အသက်ရှင်လျှက် ရှိနေသမျှ ကာလပတ်လုံး ဆက်လက် ဆုတ်ယုတ်နေဦးမည်သာ ဖြစ်သည်။

 သူတို့သည် ကလေးငယ်အား သန့်ရှင်းသော လိုင်နင် အဝတ်စဖြင့် ပတ်၍ သူ့အား ပေါင်မုန့်ခြင်းတောင်းကြီး တစ်ခုတွင် ပုခက်ပမာ ထည့်ထားကြသည်။ သူ၏ ဗိုက်သေးသေးကလေးမှာ ဆိတ်နို့များဖြင့် ပြည့်နေပြီ ဖြစ်သည့် အတွက် သူအိပ်ပျော်သွားသည်။ ဖိလစ်က ရှစ်ပဲနိ ဂျွန်နီအား သူ့ကို စောင့်ကြပ် ကြည့်ရှုရန် တာဝန်ပေးထားသည်။ ဂျွန်နီသည် ဦးနှောက် သိပ်မပြည့်သော်လည်း သေးငယ်ပြီး နူးညံ့သော သတ္တဝါကလေးများနှင့် ဆိုလျှင် ညင်သာသော အထိအတွေ့ ရှိသည်။

ဖိလစ် အနေနှင့် ဖရန်စစ် မည်သည့် အကြောင်းကြောင့် သူရှိရာ ဘုန်းကြီးကျောင်းသို့ ရောက်လာသည် ဆိုသည်ကို သိချင်လှပြီ ဖြစ်သည်။ သူသည် ဖရန်စစ်အား ညစာစားချိန်အတွင်း သဲလွန်စ ပေးသော်လည်း ဖရန်စစ်က ပြန်လည် ဖြေကြားခြင်း မရှိပေ။ ဖီးလစ် အနေနှင့် သူ၏ သိချင်စိတ်ကို ချိုးနှိမ် ထားလိုက် ရသည်။

ညစာစားချိန် ပြီးသောအခါတွင် စာဖတ်ချိန်ဖြစ်သည်။ သူတို့ဆီတွင် အမိုးတပ် စင်္ကြန်လမ်း မရှိပေ။ သို့သော်လည်း ဘုန်းကြီးများအနေနှင့် ဝတ်ပြုဆောင်၏ ဆင်ဝင်အောက်တွင် ထိုင်၍ စာဖတ်နိုင်သလို ကွင်းပြင်ကို အထက်အောက် လျှောက်၍လည်း ဖတ်နိုင်သည်။ သူတို့အား မီးဖိုဆောင်အတွင်းသို့ မီးဖိုမှတဆင့် နွေးထွေးမှု ရနိုင်ရန် အတွက် မကြာခဏ သွားခွင့်ပေးထားသည်မှာ ထုံးစံပင် ဖြစ်သည်။ ဖိလစ်နှင့် ဖရန်စစ်တို့သည် ကွင်းပြင်အစပ်တွင် ဘေးချင်းယှဉ်လျှက် လျှောက်နေကြသည်။  ဝေလနယ်ရှိ ဘုန်းကြီးကျောင်းတုန်းက အမိုးတပ် စင်္ကြန်လမ်းတွင် မကြာခဏ လျှောက်လေ့ ရှိသည့် ပမာပင် ဖြစ်သည်။ ဖရန်စစ်က စတင်၍ ပြောသည်။

"ဟင်နရီ ဘုရင်က ဘုရားကျောင်းကို သူ့တိုင်းနိုင်ငံအတွင်းက လက်အောက်ခံ ဒေသတစ်ခုလိုပဲ အမြဲဆက်ဆံလေ့ ရှိတယ်။ သူက ဘစ်ရှော့တွေကို အမိန့်စာ ထုတ်တယ်။ အခွန်ကောက်တယ်။ နောက်ပြီး ပုပ်ရဟန်းမင်းကြီးက တိုက်ရိုက် ဩဇာအာဏာ ကျင့်သုံးတာကိုလည်း တားမြစ်တယ်။ " သူက စပြောသည်။

"ငါသိတယ်။ အဲဒီတော့ ဘာဖြစ်သလဲ။" ဖိလစ်က ပြန်မေးသည်။

"ဟင်နရီဘုရင် သေပြီ။"

ဖိလစ်က သူ့လမ်းကြောင်းတွင် ရပ်လိုက်သည်။ သူ့အနေနှင့် ထိုသို့ မျှော်လင့် မထားပေ။

ဖရန်စစ်က ဆက်ပြောသည်။ "သူဟာ နော်မန်ဒီက လိုင်ယွန် လာ ဖောရက်မှာ ရှိတဲ့  သူ့ရဲ့ အမဲလိုက်အိမ်မှာ သေသွားတာ။ သူကြိုက်တဲ့ လမ်ပရေး ငါးဟင်းကို စားပြီးတော့။ တခြားသူတွေကတော့ အဲဒါကို မနှစ်မြို့ကြဘူး။"

"ဘယ်တုန်းကလဲ။"

"ဒီနေ့က နှစ်ရဲ့ ပထမနေ့ ဆိုတော့ အဲဒါ လွန်ခဲ့တဲ့ တစ်လ တိတိက။"

ဖိလစ်အနေနှင့် အလွန် အံ့ဩတုန်လှုပ်သွားသည်။ ဟင်နရီ ဘုရင်ဖြစ်သည်မှာ ဖိလစ် မမွေးခင် ကတည်းကပင် ဖြစ်သည်။ သူ့အနေနှင့် ဘုရင်သေသည်နှင့် တစ်ခါမှ မကြုံဖူးပေ။ သို့သော်လည်း ဤအရာသည် ဒုက္ခတွေ့ နိုင်သော အရာတစ်ခု သို့မဟုတ် စစ်ပွဲ တစ်ခုပင် ဖြစ်နိုင်သည် ဆိုသည်ကို သိထားသည်။
"အခုဘာတွေ ဖြစ်နေပြီလဲ။"
သူက စိုးရိမ်ကြီးစွာဖြင့် မေးသည်။

သူတို့ ဆက်၍ လျှောက်လာကြသည်။ ဖရန်စစ်ကပြောသည်။
"ပြဿနာက ဘုရင်ရဲ့ အမွေကို ဆက်ခံမယ့်သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ပင်လယ်ထဲမှာ သေသွားတယ်။ မင်းမှတ်မိချင် မှတ်မိမှာပေါ့။"

"မှတ်မိတယ်။" အဲဒီအချိန်တုန်းက ဖိလစ် ၁၂ နှစ်သားမျှသာ ရှိသေးသည်။ ထိုအဖြစ်အပျက်က သူ့အတွက် တိုင်းပြည်နှင့် သက်ဆိုင်သော အရေးကြီး ကိစ္စတစ်ခုက ကောင်လေးတစ်ယောက်၏ အသိစိတ်ကို ပထမဆုံး ထိုးဖောက်ဝင်ရောက်သော ကိစ္စပင် ဖြစ်သည်။ သူ့အတွက် ဘုန်းကြီးကျောင်း၏ အပြင်ဘက် ကမ္ဘာကို သတိပြုမိစေသော ကိစ္စတစ်ခုလည်း ဖြစ်သည်။ ဘုရင်၏ သားတော်သည် သင်္ဘောဖြူဟု ခေါ်သည့် သင်္ဘောတစ်စင်း ရှာဘော့ခ် အနားတွင် ပျက်သွားသည်။ ကျောင်းထိုင်ဘုန်းကြီး ပီတာက ငယ်ရွယ်သေးသော ဖီးလစ်ကို ထိုအကြောင်းများ ပြောပြပြီး သူ့အနေနှင့် အမွေဆက်ခံမည့်သူ သေသွားသည့် အတွက် စစ်ပွဲနှင့် မင်းမဲ့ကာလများ ကြီးစိုးလာလိမ့်မည်ကို စိုးရိမ်ခဲ့သည်။ သို့သော်လည်း ထိုအဖြစ်တွင် ကင်းဟင်နရီက ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး ဖီးလစ်နှင့် ဖရန်စစ်တို့၏ ဘဝကို အနှောင့်အယှက် တစ်စုံတရာ မဖြစ်ခဲ့ပေ။

ဖရန်စစ်က ဆက်ပြောသည်။ "ဘုရင်မှာ တခြားကလေးတွေ အများကြီး ရှိတာတော့ အမှန်ပဲပေါ့။ အနည်းဆုံး ၂၀ လောက်တော့ ရှိမယ်။ ငါ့ရဲ့ အရှင် ဂလိုဆက်စတာက အားလ် ရောဘတ် ကလည်း တစ်ယောက် အပါအဝင်ပေါ့။ ဒါပေမယ့်။ မင်းသိတဲ့အတိုင်း။ သူတို့အားလုံးဟာ တရားဝင် သားသမီးတွေ မဟုတ်ဘူး။ သူက ဟိုဟိုဒီဒီ သားသမီးတွေ လျှောက်မွေးပေမယ့် တရားဝင်အနေနဲ့ ကလေးတစ်ယောက်ပဲ မွေးနိုင်ခဲ့တယ်။ အဲဒါက မောက်ဒ် ဆိုတဲ့ မိန်းကလေး။ တရားမဝင်တဲ့ သားသမီးက ဘုရင် နေရာ ကို မဆက်ခံနိုင်ဘူး။ မိန်းမဆိုတော့လည်း ဆိုးတယ်။"

"ဟင်နရီဘုရင်က သူ့ကို ဆက်ခံမယ့်သူ နာမည်ကို မကြေငြာခဲ့ဘူးလား။" ဖီးလစ်က မေးသည်။

"ကြေငြာခဲ့တာပေါ့။ သူက မော့ဒ်ကို ရွေးခဲ့တယ်။ သူမမှာလည်း ဟင်နရီ ဆိုတဲ့ သားတစ်ယောက် ရှိသည်။ အရင်ဘုရင်ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒက သူရဲ့ မြေးကို ထီးနန်းဆက်ခံဖို့ပဲ။ ဒါပေမယ့် ကောင်လေးက အခုမှ ၃ နှစ်တောင် မပြည့်သေးဘူး။ အဲဒါကြောင့် ဘုရင်က ဘေရွန်တွေကို မော့ဒ်အပေါ် သစ္စာစောင့်ကြဖို့ ကျိန်ခိုင်းခဲ့တယ်။"

ဖီးလစ်မှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ "တကယ်လို့ ဘုရင်ကလည်း မော့ဒ်ကို ထီးနန်း ဆက်ခံမယ့်သူ အဖြစ် ရွေးပြီးပြီ။ ဘေရွန်တွေကလည်း သူမကို သစ္စာရှိမယ်လို့ ကျိန်ပြီးကြပြီ။ အဲဒါဆို ဘာပြဿနာ ရှိသေးလို့လဲ။"
"နန်းတွင်း အရေးဆိုတာ ဒီလောက် ရိုးရိုးရှင်းရှင်း မဟုတ်ဘူး။" ဟု ဖရန်စစ်က ပြောသည်။
"မော့ဒ်က အန်ဂျိုးက ဂျက်ဖရီကို လက်ဆက်ခဲ့တယ်။ အန်ဂျိုးနဲ့ နော်မန်ဒီဆိုတာက မျိုးရိုးအစဉ်အဆက် ပြိုင်ဖက်တွေ။ ငါတို့ရဲ့  ဩဇာရှိတဲ့ နော်မန် အရှင်သခင်တွေက အန်ဂျိုးက လူတွေကို မုန်းတယ်။ ပြောရမယ် ဆိုရင် အရင်ဘုရင် အနေနဲ့ အန်ဂလို-နော်မန် ဘေရွန် တစ်စုက သစ္စာရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ အင်္ဂလန်နဲ့ နော်မန်ဒီကို အန်ဂျိုးသားတွေဆီကို လွှဲအပ်ပေးလိမ့်မယ်လို့ ထင်တာဟာ အကောင်းမြင် လွန်းတာပဲ။"

ဖီလစ်အနေနှင့် သူ၏ ညီငယ်က ဤမြေပေါ်ရှိ အရေးအပါဆုံးသော ပုဂ္ဂိုလ်များကို သိနေခြင်းနှင့် သူတို့အကြောင်းကို မထီလေးစား ပြောနေခြင်းကို နားမလည်နိုင်အောင်ပင် ဖြစ်မိတော့သည်။
"မင်းက ဒါတွေကို ဘယ်လိုလုပ် သိသလဲ။"

"ဘေရွန်တွေက လီနျူဘော့ခ် မှာ စုရုံးပြီး ဘာဆက်လုပ်ကြမလဲ ဆိုတာကို ဆုံးဖြတ်ကြတယ်။ ငါ့ရဲ့ လော့ဒ်အားလ် ရောဘတ် လည်း အဲဒီမှာ ပါတယ် ဆိုတာတော့ ပြောစရာ မလိုဘူး။ ငါလည်း သူနဲ့ အတူ စာရေးပေးဖို့ လိုက်သွားခဲ့တယ်။"

ဖီးလစ်က သူ့ညီကို အထူးအဆန်းပမာ ကြည့်နေပြီး ဖရန်စစ်၏ ဘဝသည် သူ၏ ဘဝနှင့် မည်မျှ ကွာခြားသည်ကို စဉ်းစားနေမိသည်။ ထို့နောက် သူ တစ်စုံတစ်ခုကို သတိရသွားသည်။

"အားလ်ရောဘတ်က ဘုရင်ရဲ့ သားအကြီးဆုံးပဲ။ ဟုတ်တယ် မဟုတ်လား။"

"ဟုတ်တယ်။ သူက စိတ်အရမ်းကြီးတယ်။ ဒါပေမယ့် သူက အများရဲ့ အမြင်ကို လက်ခံတယ်။ ဒီတရားဝင် မဟုတ်တဲ့သားတွေက ဘုရင့်နိုင်ငံတော်ကို တိုက်ယူရမယ်။ ဆက်ခံဖို့မလိုဘူး ဆိုတာကို။"

"တခြား ဘယ်သူတွေ အဲဒီကို လာကြသလဲ။"

"ဟင်နရီ ဘုရင်ရဲ့ တူသုံးယောက်ပေါ့။ သူ့ညီမရဲ့ သားတွေ။ အကြီးဆုံးက ဘလွိုက်စ်က သီအိုဘောလ်။ ပြီးတော့ စတီဖင် ပါတယ်။ သူကို့ အရင်ဘုရင်က အရမ်းချစ်ပြီး အင်္ဂလန်မှာ သူ့အတွက် မြေနေရာ အကျယ်ကြီးတွေ ပေးထားခဲ့တယ်။ အငယ်ဆုံးက ဟင်နရီ။ သူ့ကိုတော့ ဝင်ချက်စတာက ဘစ်ရှော့ အနေနဲ့ မင်းသိမှာပေါ့။ ဘေရွန်တွေက သီအိုဘောလ်ကို သဘောကျကြတယ်။ အကြီးဆုံးပေါ့။ ထုံးစံ အရဆိုရင်တော့ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဆိုတာ မင်းတွေးမိလိမ့်မယ်။" ဖရန်စစ်က ဖိလစ်ကို ကြည့်ရင်း မဲ့ပြုံးပြုံးရင်း ပြောသည်။

"လုံးဝ ဖြစ်သင့်တာပေါ့။"  ဖိလစ်က ပြုံးရင်း ပြန်ပြောသည်။ "အဲဒါဆို သီအိုဘောလ်က ငါတို့ရဲ့ ဘုရင် အသစ်ပေါ့။"

ဖရန်စစ်က သူ့ခေါင်းကို ခါယမ်း လိုက်သည်။
" သူကတော့ သူ့ဘာသာ ဘုရင် ဖြစ်ပြီ ထင်တာပေါ့။ ဒါပေမယ့် ငါတို့လို ညီအငယ်တွေမှာ ငါတို့ ရှေ့ဆုံးကနေ လိုချင်တာကို ရဖို့ လုပ်တတ်တဲ့ နည်းတွေ ရှိတယ်လေ။"

သူတို့သည် မြေကွက်လပ်၏ အစွန်ဆုံး နေရာသို့ ရောက်ရှိသွားပြီး နောက်ပြန်လှည့်ကြသည်။

"သီအိုဘောလ်က ဘေရွန်တွေရဲ့ ဂါရဝပြုတာကို ကောင်းကောင်းမွန်မွန် ခံနေတဲ့ အချိန်မှာ စတီဖင်က အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ပြီး ဝင်ချက်စတာကို အမြန်သွားတယ်။ သူ့ရဲ့ ညီအငယ်ဆုံး ဘစ်ရှော့ ဟင်နရီ ရဲ့ အကူအညီနဲ့။ ဘစ်ရှော့က အဲဒီမှာရှိတဲ့ ရဲတိုက်ကို သိမ်းထားတယ်။ ပိုအရေးကြီးတာက အဲဒီမှာ ရှိတဲ့ နန်းစဉ်ရတနာတွေကိုလည်း သိမ်းထားတယ်။"

ဖိလစ်အနေနှင့် ဒါဆိုရင် စတီဖင်က ငါတို့ရဲ့ ဘုရင်အသစ်ပေါ့လို့ ပြောမိတော့မလို ဖြစ်သွားသည်။ သို့သော်လည်း သူ့လျှာသူ ပြန်ကိုက်ထားမိသည်။ သူ့အနေနှင့် မော့ဒ်နှင့် သီအိုဘောလ် တို့ အကြောင်း ပြောစဉ်အခါက နှစ်ကြိမ်တိုင်အောင် မှားခဲ့ပြီး ဖြစ်သည်။

ဖရန်စစ် ကဆက်ပြောသည်။
" စတီဖင် အတွက် သူ့ရဲ့ အောင်ပွဲကို ခိုင်ခိုင်မာမာရဖို့ တစ်ခုပဲ ကျန်တော့တယ်။ အဲဒါက ဘုရားကျောင်းရဲ့ ထောက်ခံမှုကို ရဖို့။ သူ့အနေနဲ့ ဝက်စ်မင်စတာမှာ ဘစ်ရှော့ ဂိုဏ်းချုပ်ကြီးက ဘိသိက်ခံ မပေးမချင်း သူ့အနေနဲ့ ဘုရင်လို့ ပြောလို့ မရသေးဘူး။"

ဖိလစ်က ပြန်ပြောသည်။
" ဒါပေမယ့် ဒါက လွယ်လွယ်လေးပဲလေ။ သူ့အစ်ကို ဟင်နရီက ဒီမြေပေါ်မှာ အရေးအကြီးဆုံး ခရစ်ယာန်ဘုန်းကြီး တစ်ပါးပဲ မဟုတ်လား။ ဝင်ချက်စတာရဲ့ ဘစ်ရှော့လည်း ဖြစ်တယ်။ ဂလပ်စတွန်ဘရီ ရဲ့ ကျောင်းထိုင်ဘုန်းကြီးလည်း ဖြစ်တယ်။ သူ့အနေနဲ့ ဆော်လမွန်ဘုရင်လောက် ချမ်းသာပြီး ကင်တာဘူရီက ဘစ်ရှော့ဂိုဏ်းချုပ်ကြီးလောက် ဩဇာကြီးတယ် မဟုတ်လား။ တကယ်လို့ ဘစ်ရှော့ ဟင်နရီက သူ့ကို မထောက်ခံဘူးဆိုရင် ဘာဖြစ်လို့ သူက ဝင်ချက်စတာကို သိမ်းတဲ့ နေရာမှာ ကူညီမှာလဲ။"

ဖရန်စစ်က ခေါင်းငြိမ့်ပြသည်။ "ငါ့အနေနဲ့ကတော့ ဒီအရေးတော်ပုံ တစ်ခုလုံးမှာ ဘစ်ရှော့ဟင်နရီ ကိုင်တွယ် သွားတဲ့ပုံက ရှာမှရှားပဲလို့ ပြောရလိမ့်မယ်။ မင်းကြည့်စမ်း။ သူ စတီဖင်ကို ကူညီတာ သူ့ညီကို ချစ်လို့ အကူအညီ ပေးတာ မဟုတ်ဘူး။"

"အဲဒါဆို သူ ဘာအတွက် ကူတာလဲ။"

"မိနစ်အနည်းငယ် လောက်တုန်းက ငါမင်းကို သတိပေးခဲ့ဘူးတယ်။ ဟင်နရီ ဘုရင်က ဘုရားကျောင်းတော်ကို ဘယ်လို ဆက်ဆံခဲ့သလဲ ဆိုတာ။ သူ့ဘုရင်နယ်ပယ်ရဲ့ တစ်စိတ်တစ်ဒေသလိုပဲ။ ဘစ်ရှော့ ဟင်နရီ လိုချင်တာက ငါတို့ ဘုရင်အသစ်ဟာ ဘယ်သူဖြစ်ဖြစ် ဘုရားကျောင်းတော်နဲ့ ပိုပြီး ကောင်းအောင် ဆက်ဆံနိုင်မယ့်သူ ဖြစ်ဖို့ပဲ။ အဲဒါကြောင့် သူ့အနေနဲ့ ထောက်ခံမယ်လို့ အာမ မခံခင် ကတည်းက စတီဖင်ကို လေးလေးနက်နက် ကျိန်ခိုင်းခဲ့တယ်။ ဘုရားကျောင်းတော်ရဲ့ အခွင့်အရေးနဲ့ အခွင့်ထူးဆိုင်ရာ ကိစ္စတွေကို ထိန်းသိမ်းပါ့မယ် ဆိုတာ။"

ဖိလစ် သဘောကျသွားသည်။ စတီဖင်နှင့် ဘုရားကျောင်းတော် အကြားတွင် ရှိသော ဆက်ဆံရေးသည် သူ၏ ထီးနန်း စိုးစံမှု စသည့် အချိန်ကတည်းက ဖော်ပြပြီး ဖြစ်သည်။ ဘုရားကျောင်းတော် အနေနှင့် ဘုရင်ကို ဘိသိက်မြောက်ရမည် ဖြစ်သော်လည်း အခုအချိန်အထိ ဘုရင်အတွက် ဆောင်ရန်ရှောင်ရန် ကိစ္စများကို သတ်မှတ်ပေးနိုင်သော အခွင့်အလမ်း မရှိခဲ့ပေ။ ဘုရားကျောင်းတော်နှင့် အပေးအယူ မလုပ်ဘဲ အာဏာရလာမည့် ဘုရင်ဆိုသည်မှာ မရှိတော့မည့် အခြေအနေသို့ ရောက်လာတော့မည် ဖြစ်သည်။

"ဒါ ငါတို့ အတွက် အလွန် အကျိုးရှိတဲ့ ကိစ္စပဲ။" ဖိလစ်က ပြောသည်။

"စတီဖင် အနေနဲ့ သူရဲ့ ကတိကို ဖျက်မယ် ဆိုရင်လည်း ဖျက်နိုင်တာပဲလေ။" ဟုဖရန်စစ်က ပြောသည်။
" ဒါပေမယ့် မင်းပြောတာမှန်တယ်။ ဒါပေမယ့် သူ့အနေနဲ့ ဟင်နရီဘုရင်လိုမျိုး ဘုရားကျောင်းတော် ကို ရက်ရက်စက်စက် ကိုင်တွယ်လို့ မရတော့ဘူး။ ဒါပေမယ့် တခြား အန္တရာယ်က ရှိသေးတယ်။ ဘေရွန်နှစ်ယောက်က စတီဖင် လုပ်သွားတဲ့ ကိစ္စကို အတော် မကျေမနပ် ဖြစ်နေကြတယ်။ တစ်ယောက်က ရှိုင်းရင်း ရဲ့ အားရ် ဘာသလိုမြူးပဲ။"

"ငါသူ့ကို သိတယ်။ ရှိုင်းရင်းက ဒီကနေသွားရင် တစ်နေ့ ခရီးပဲ။ ဘာသလိုမြူးက ဘာသာရေးကို အတော် လိုက်စားတယ်လို့ ပြောကြတယ်။"

"ဖြစ်နိုင်ပါတယ်။ ငါသိသမျှကတော့ သူ့ဘာသာသူ လုပ်သမျှ မှန်တယ် ထင်တဲ့ ခေါင်းမာတဲ့ ဘေရွန် ဆိုတာပဲ။ သူ့အနေနဲ့ အပြစ်က လွတ်ငြိမ်းခွင့် ပေးမယ် ဆိုရင်တောင် မော့ဒ် အပေါ်မှာ ဆိုထားတဲ့ သစ္စာကို ဖျက်မှာ မဟုတ်ဘူး။ "
"နောက်မကျေနပ်တဲ့ ဘေရွန် တစ်ယောက်ကရော။"

"ငါ့ရဲ့ အရှင် ဂလိုစက်စတာက ရောဘတ်ပေါ့။ ငါမင်းကို ပြောခဲ့တယ်လေ။ သူက အကြံကြီးတယ်။ သူ့အနေနဲ့ တရားဝင်တဲ့ သားတစ်ယောက်သာ ဖြစ်ခဲ့မယ် ဆိုရင် သူ ဘုရင်ဖြစ်မှာ ဆိုတဲ့ အတွေးမျိုးနဲ့ သူ့စိတ်သူ ပြန်ညှင်းဆဲနေတယ်။ သူက သူ့ရဲ့ အဖေတူ အမေကွဲ ညီမကို နန်းတင်ချင်တယ်။ ဘာလို့လဲ ဆိုတော့ သူမအနေနဲ့ သူ့အစ်ကိုကို လမ်းညွှန်ချက်ပေးဖို့နဲ့ အကြံတောင်းဖို့ အရမ်းအားကိုးမယ်ဆိုတာ ကို ယုံကြည်နေလို့။ အဲဒီတော့ သူ့အတွက်က နာမည်မခံရတာက လွဲရင် ဘုရင်ပဲပေါ့။"

" အဲဒီအတွက် သူက တစ်ခုခု လုပ်မှာလား။"

"အဲဒီလို ငါထင်တယ်။"
ဖရန်စစ်က အနားတွင် တစ်ဦးတစ်ယောက်မျှ မရှိသော်လည်း သူ့အသံကို နှိမ့်လိုက်သည်။

"ရောဘတ်ရယ်၊ ဘာသလိုမြူးရယ်၊ မော့ဒ်နဲ့ သူ့ယောက်ျားတို့က သူပုန်ထဖို့ လုပ်ကြလိမ့်မယ်။ သူတို့အနေနဲ့ စတီဖင်ကို နန်းချပြီး မော့ဒ်ကို နန်းတင်ဖို့ ကြံထားကြတယ်။"

ဖိလစ်က လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။
"အဲဒါဆိုရင် ဝင်ချက်စတာက ဘစ်ရှော့ အောင်မြင်ထားသမျှ တွေ အကုန်ပျက်ပြီပေါ့။"
သူက သူ့ညီ၏ လက်မောင်းကို ဆွဲလိုက်ပြီး ပြောလိုက်သည်။
"ဒါပေမယ့်.. ဖရန်စစ်။"

"မင်းဘာတွေးနေသလဲ ဆိုတာ ငါသိတယ်။"
ဖရန်စစ်၏ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိသည့် လေသံများ ပျောက်သွားပြီး သူ၏ ပုံမှာ စိုးရိမ်သည့်ပုံ နှင့် ကြောက်ရွံ့သည့်ပုံ ပေါ်လာသည်။
"တကယ်လို့ အားလ်ရောဘတ် အနေနဲ့ ငါမင်းကို ပြောပြတယ် ဆိုတာ သိရင်တောင်မှ ငါ့ကို ကြိုးစင်တင်သတ်လိမ့်မယ်။ သူက ငါ့ကို လုံးဝယုံထားတယ်။ ဒါပေမယ့် ငါ့ရဲ့ နောက်ဆုံး သစ္စာရှိမှုက ဘုရားကျောင်းတော် အပေါ်မှာပဲ။ ဒီအတိုင်းပဲ ဖြစ်ရမှာပေါ့။"

"ဒါပေမယ့် မင်းဘာလုပ်နိုင်မှာလဲ။"

"ငါက ဘုရင်အသစ်ဆီမှာ အစစ်ခံပြီး သူ့ကို အားလုံး ပြောပြဖို့ တွေးသေးတယ်။ သေချာတယ်။ သူပုန်ထမယ့် အားလ် နှစ်ယောက်က အားလုံးကို ငြင်းမှာပဲ။ ငါလည်း သစ္စာဖောက်မှုနဲ့ ကြိုးစင်တင် ခံရမယ်။ ဒါပေမယ့် သူပုန်ထမယ့် အရေးပျက်သွားပြီး ငါလည်း ကောင်းကင်ဘုံကို ရောက်မှာပေါ့။"

ဖိလစ်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။ "တမင်သက်သက် အာဇာနည် လုပ်ဖို့ဆိုတာ အကျိုးမရှိဘူးလို့ ငါတို့ကို သင်ထားခဲ့တယ် မဟုတ်လား။"

"ဘုရားသခင်က ငါ့အတွက် ဒီကမ္ဘာပေါ်မှာ လုပ်စရာ အလုပ်တွေ အများကြီး ဘုရားသခင်က ပေးဖို့ ရှိသေးတယ်လို့ ငါထင်တယ်။ ငါ့အနေနဲ့ ကြီးကျယ်တဲ့ ဘေရွန် တစ်ယောက်ရဲ့ အိမ်မှာ ယုံကြည်စိတ်ချရတဲ့ နေရာမျိုး ရထားတာ။ ငါ့အနေနဲ့ အဲဒီမှာ ဆက်နေမယ်။ ကြိုးစားပြီး ရှေ့ဆက်သွားမယ် ဆိုရင် ငါ့အတွက် ဘုရားကျောင်းတော်ရဲ့ အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ ပတ်သက်ပြီး တိုးတက်အောင် အများကြီး လုပ်နိုင်သေးတယ်။"

"တခြားနည်း မရှိဘူးလား။"

ဖရန်စစ်က ဖိလစ်၏ မျက်လုံးများအတွင်း စိုက်ကြည့်ပြီး ပြောသည်။
"ဒါကြောင့် ငါဒီကို ရောက်လာတာပေါ့။"

ဖိလစ်အနေနှင့် ကြောက်ရွံ့၍ တုန်သွားသည်။ ဖရန်စစ် အနေနှင့် သူ့ကို ဝင်ပါခိုင်းတော့မည်မှာ အမှန်ပင်။ သူ့အနေနှင့် ဤမျှ ကြောက်ရွံ့စရာ ကောင်းသော လျို့ဝှက်ချက်ကို သူ့အား ထုတ်ပြောရန်မှာ အခြား အကြောင်းကြောင့် မဖြစ်နိုင်ပေ။

ဖရန်စစ်က ဆက်ပြောသည်။ "ငါက သူပုန်ထမယ့် ကိစ္စကို ထုတ်ပြောပြီး သစ္စာဖောက်လို့ မရဘူး။ မင်းကတော့ ထုတ်ပြောလို့ရတယ်။"

ဖိလစ်က "ယေရှုခရစ်နဲ့ သူတော်စင်အားလုံး ကျွန်ုပ်ကို စောင့်ရှောက်ကြပါ။" ဟု ရေရွတ်လိုက်မိသည်။

"တကယ်လို့ ဒီအကြံအစည်က ဒီနေရာ၊ တောင်ဘက်ပိုင်းမှာ ပေါ်သွားတယ် ဆိုရင် ဂလိုစက်စတာရဲ့ အိမ်ထဲကလူကြောင့်လို့ ဘယ်သူကမှ ထင်မှာ မဟုတ်ဘူး။ ငါဒီကို လာတယ် ဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ငါက မင်းရဲ့ ညီဆိုတာကိုတောင်မှ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ မင်းအနေနဲ့ ဒီသတင်း အချက်အလက်ကို ဘယ်လိုရသလဲဆိုတာကို ယုံကြည်အောင် ပြောဖို့ ဖြေရှင်းချက် တစ်ခုလောက် တွေးထားပေါ့။ မင်းအနေနဲ့ စစ်သည်တော်တွေ စုရုံးနေကြတာ တွေ့တယ် ဆိုတာလိုမျိုး၊ ဒါမှမဟုတ်ရင် ဘာသလိုမြူးရဲ့ အိမ်ထဲက လူတစ်ယောက်က မင်းသိတဲ့ ပရိစ်ဘုန်းကြီး တစ်ယောက်ဆီမှာ အပြစ်ကို ဝန်ခံရင်းနဲ့ ဒီအကြံအစည်ကို ထုတ်ပြောတယ် ဆိုတာမျိုးပေါ့။"

ဖိလစ်သည် တဆတ်ဆတ်တုန်နေပြီး သူ၏ ခြုံထည်အင်္ကျီကို သူ့ကိုယ်ပေါ်တွင် ဆွဲစိလိုက်သည်။ ရုတ်တရက် အေးစိမ့်သွားသလို ခံစားရ၍ ဖြစ်သည်။ တကယ်တော့ ဤအရာမှာ အန္တရာယ်များသည်။ အလွန်ပင် အန္တရာယ် များလှသည်။ သူတို့ပြောနေကြသည့် အကြောင်းမှာ နန်းတွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန် အကြောင်း ဖြစ်သည်။ နန်းတွင်းရေးမှာ အတွေ့အကြုံရှိသော သူများကိုပင် မကြာခဏ အသက်ဆုံးရှုံး စေသည့် ကိစ္စဖြစ်သည်။ ဖိလစ်လို အပြင်လူ တစ်ယောက် ဝင်ပါရန်မှာမူ ရူးနှမ်းလွန်းသည် ဟုပင် ပြောရမည်။

သို့သော်လည်း သူတို့အတွက် ကြေးကကြီးသည်။ ဖိလစ်အနေနှင့် ဘုရားကျောင်းတော်က ရွေးချယ်ထားသော ဘုရင်ကို သူပုန်ထကြမည့် ကိစ္စကို သူ တားဆီးနိုင်ပါလျှက်နှင့် လက်ပိုက်ကြည့်မနေနိုင်ပေ။ ဖိလစ်အတွက် အန္တရာယ်ကြီးသည်မှာ မှန်သော်လည်း ဖရန်စစ်အနေနှင့် ဖော်ထုတ်ရန် အတွက်မှာလည်း သူ့ဘာသာသူ သေကြောင်းကြံမည့် ပမာပင် ဖြစ်သည်။

ဖိလစ်က မေးသည်။ " သူပုန်ထမယ့် အစီအစဉ်က ဘယ်လိုလဲ။"

"အားလ် ဘာသလိုမြူးက အခု ရှိုင်းရင်းကို ပြန်နေပြီ။ အဲဒီကနေပြီး အင်္ဂလန် တောင်ပိုင်းမှာ ရှိတဲ့ သူ့နောက်လိုက်တွေ ဆီကို သူ သတင်းပို့ လိမ့်မယ်။ အားလ်ရောဘတ် က ဂလိုစက်စတာကို တစ်ရက် နှစ်ရက် နေရင် ရောက်မယ်။ အဲဒီကနေပြီး သူ့ရဲ့ တပ်တွေကို စုရုံးလိမ့်မယ်။ နောက်ဆုံးတော့ ဝေါလင်းဖို့ဒ် ရဲတိုက်က ဘရိုင်ယန် ဖစ်ဇ်ကောင့်က သူ့ရဲ့ ဂိတ်တံခါးတွေကို ပိတ်လိုက်မယ်။ အဲဒါဆိုရင် အင်္ဂလန် အနောက်မြောက်ပိုင်း တစ်ခုလုံးက သူပုန်တွေ ဆီကို မတိုက်ခိုက်ရဘဲ ကျသွားလိမ့်မယ်။"

"အဲဒါဆိုရင် ငါတို့ မမှီနိုင်တော့ဘူးပေါ့။" ဖိလစ်က ပြောသည်။

"မဟုတ်သေးဘူး။ ငါတို့အတွက် တစ်ပတ်လောက် အချိန်ရသေးတယ်။ ဒါပေမယ့် မင်းအနေနဲ့ လုပ်စရာရှိတာကို အမြန်လုပ်မှ ဖြစ်မယ်။"

ဖိလစ်အနေနှင့် မသက်မသာ ခံစားလိုက်ရသည်မှာ သူ့အနေနှင့် ဒီကိစ္စကို လုပ်မည်ဆိုသည်ကို အနည်းနှင့် အများတော့ စိတ်ပိုင်းဖြတ်ပြီးပြီ ဟူ၍ပင် ဖြစ်သည်။

"ငါ့အနေနဲ့ ဘယ်သူ့ကို ပြောရမလဲ မသိဘူး။" သူက ပြောသည်။

" ပုံမှန် အနေနဲ့ ဆိုရင်တော့ အားလ်ကို ပြောရမှာပေါ့။ ဒါပေမယ့် ဒီကိစ္စမှာတော့ အားလ်က တရားခံ ဖြစ်နေတယ်။ မြို့ဝန်ကလည်း သူ့ဘက်မှာ ရှိဖို့ များတယ်။ ငါတို့အနေနဲ့ ငါတို့ဘက်က ပါမှာ သေချာမယ့် တစ်ယောက်ယောက်ကို တွေးဖို့လိုတယ်။"

"ကင်းဘရစ်ချ်က ပရိုင်ရော် ဘုန်းကြီးကရော။"

"ငါ့ရဲ့ ပရိုင်ရော် ဘုန်းကြီးက အသက်ကြီးပြီး ဘာမှ မလုပ်နိုင်တော့ဘူး။ ဖြစ်နိုင်ချေ ရှိတာက သူဘာမှ လုပ်မှာလည်း မဟုတ်ဘူး။"

"တစ်ယောက်ယောက်တော့ ရှိရမှာပေါ့။"

"ဘစ်ရှော့ တော့ ရှိတယ်။"
ဖိလစ်အနေနှင့် ကင်းဘရစ်ချ်မှ ဘစ်ရှော့နှင့် တစ်ခါမှ စကားမပြောခဲ့ဖူးပေ။ သို့သော်လည်း သူ့အနေနှင့် ဖိလစ်ပြောသည်ကို လက်ခံနားထောင်မည်မှာ တော့ အသေအချာပင်။ သူ့အနေနှင့် စတီဖင် ဘက်မှ အလိုအလျောက် ပါဝင်လိမ့်မယ်။ အဘယ်ကြောင့် ဆိုသော် စတီဖင်က ဘုရားကျောင်းတော်မှ ရွေးချယ်ထားသူ ဖြစ်သည့် အတွက် ကြောင့်ပင်။ သူ့အနေနှင့်မူ တစုံတခုကို လုပ်ရန် ဩဇာအာဏာ ရှိသည်။

"ဘစ်ရှော့က ဘယ်မှာနေသလဲ။" ဖရန်စစ်က မေးသည်။

"ဒီကနေ တစ်ရက်ခွဲလောက် သွားရတဲ့ နေရာမှာ။"

"မင်းအနေနဲ့ ဒီနေ့ပဲ ဒီက ထွက်သင့်တယ်။"

"အင်း။ " ဖိလစ်က စိတ်နှလုံး လေးလံစွာဖြင့် ပြန်ပြောသည်။

ဖရန်စစ်က စိတ်မကောင်းသည့် ပမာပင် ပြောသည်။ "ငါ့အနေနဲ့ မင်းနေရာမှ တခြားတစ်ယောက်သာ ဖြစ်လိုက်ပါတော့လို့ ဆန္ဒပြုမိတယ်။"

"ငါလည်း အဲဒီလိုပဲ။" ဖိလစ်က ခံစားချက် အပြည့်ဖြင့် ပြောသည်။ "ငါလည်း အဲဒီလိုပဲ။"

ဖိလစ်က ဘုန်းကြီးများကို ဝတ်ပြုဆောင်ကလေး အတွင်းသို့ ခေါ်လိုက်ပြီး သူတို့အား ဘုရင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ပြောပြလိုက်သည်။ "ငါတို့အနေနဲ့ ကွယ်လွန်သွားတဲ့ ဟင်နရီဘုရင်ထက် ဘုရားကျောင်းကို ပိုချစ်တဲ့ ဘုရင်တစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်း ဆက်ခံနိုင်ဖို့ အတွက် ဝတ်ပြုဆုတောင်းရအောင်။" ဟု သူကပြောသည်။ သို့သော်လည်း ထိုသို့ ငြိမ်းချမ်းစွာ ဆက်ခံနိုင်ရေး ကိစ္စသည် သူ့လက်အတွင်းသို့ တနည်းနည်းဖြင့် ကျရောက်နေပြီ ဆိုသည့် ကိစ္စကိုတော့ ထုတ်မပြောပေ။ ထိုသို့ ပြောမည့် အစားသူက ပြောသည်။ "တခြားသတင်းတွေလည်း ရှိသေးတယ်။ အဲဒီသတင်းတွေကြောင့် ငါ့အနေနဲ့ ငါတို့ရဲ့ ကင်းဘရစ်ချ် မှာ ရှိတဲ့ မိခင်ကျောင်းတော် ကို သွားရလိမ့်မယ်။ ငါ့အနေနဲ့ အခုပဲ သွားရလိမ့်မယ်။"

ဆပ်ပရိုင်ရော်က ဝတ်ပြုဆုတောင်းခြင်းတွင် ကျမ်းစာဖတ်မည် ဖြစ်ပြီး ဆယ်လာရာက ယာတောကို ကြီးကြပ်မည်ဖြစ်သည်။ သို့သော်လည်း သူတို့အနေနှင့် ဝဲဟမ်မှ ပီတာကို နိုင်မည် မဟုတ်ပေ။ ဖိလစ်ကြောက်သည်မှာ သူဘုရားကျောင်းမှ ဝေးနေချိန်တွင် ပီတာအနေနှင့် ပြဿနာ အများကြီး ရှာနိုင်ပြီး သူပြန်လာချိန်တွင် ဘုန်းကြီးကျောင်းပင် ရှိတော့မည် မဟုတ်ချေ။ သူ့အနေနှင့် ပီတာအား ကိုယ့်ဘာသာကိုယ် တန်ဖိုးထားမှုကို မထိခိုက်စေဘဲ ထိန်းချုပ်နိုင်မည့် နည်းလမ်းကို စဉ်းစား၍ မရနိုင်ပေ။ အခုတော့ သူ့အတွက် အချိန်မရှိတော့ပေ။ ထို့အတွက် သူ့အနေနှင့် အကောင်းဆုံး ဖြစ်အောင် လုပ်ရပေတော့မယ်။

"ဒီနေ့ အစောပိုင်းက ငါတို့ အစားအသောက် ခုံမင်တဲ့ အကြောင်း ပြောခဲ့ကြတယ်။" သူက ခဏနားပြီးနောက် ပြောလိုက်သည်။ "ဘရာသာ ပီတာ ကို ငါတို့ ကျေးဇူးတင်သင့်တယ်။ ဘုရားသခင်က ငါတို့ရဲ့ ယာတောကို ကောင်းချီးပေးရတဲ့ အကြောင်းနဲ့ ငါတို့ကို ချမ်းသာမှုကို ပေးရတဲ့အကြောင်းဟာ ငါတို့အနေနဲ့ ဝလင်ပြီး သက်တောင့်သက်သာ နေဖို့ အတွက်မဟုတ်ပဲ သူရဲ့ ကြီးမြတ်မှု အတွက် ဆိုတဲ့အကြောင်း ငါတို့ကို သတိပေးတဲ့အတွက်။ ငါတို့ရဲ့ မြင့်မြတ်တဲ့ တာဝန်တွေထဲမှာ ငါတို့ရဲ့ ကြွယ်ဝမှုတွေကို ဆင်းရဲသားတွေနဲ့ ဝေမျှ ဖို့လည်း ပါတယ်။ အခုအချိန် အထိတော့ ငါတို့ ဒီတာဝန်ကို ပျက်ကွက် ခဲ့ကြတယ်။ အဓိက အကြောင်းကတော့ ဒီ သစ်တောထဲမှာ ငါတို့နဲ့ ဝေမျှ ရမယ့်သူ ဘယ်သူမှ မရှိတဲ့ အတွက်။ ဘရာသာ ပီတာက သတိပေးတဲ့ အတွက် ငါတို့အနေနဲ့ အပြင်ကို ထွက်ပြီး ဆင်းရဲသားတွေကို ရှာဖို့ သတိရတယ်။ အဲဒါမှ ငါတို့ သူတို့ကို ကူညီ ကယ်ဆယ်နိုင်မယ် မဟုတ်လား။"

ဘုန်းကြီးများက အံ့ဩဟန် ပြကြသည်။ သူတို့အနေနှင့် အစားအသောက်မက်သည့် ကိစ္စနှင့် ပတ်သက်၍ ပြီးဆုံးသွားပြီဟု ထင်ထားကြသည်။ ပီတာကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေသည်။ သူ့အနေနှင့် အားလုံး၏ ဂရုစိုက်မှု ခံရသည့်အတွက် ကျေနပ်နေပုံ ရသည်။ သို့သော်လည်း ဖိလစ်၏ နောက်ကွယ်မှ အကြံအစည် ဘာရှိသလဲ မသိ၍ စိတ်မသက်မသာ ဖြစ်နေမိသည်။

"အဲဒီအတွက် ငါဆုံးဖြတ်လိုက်တယ်။" ဖိလစ်က ဆက်ပြောသည်။ "အပတ်တိုင်းမှာ ငါတို့ အစုအဝေးထဲမှာ ရှိတဲ့ ဘုန်းကြီးတစ်ပါးချင်းစီက သူဆင်းရဲတွေ အတွက် တစ်ပဲနိစီ ပေးကြမယ်။ အဲဒီလို လုပ်ဖို့ ငါတို့ နည်းနည်းတော့ အစားအသောက် လျှော့စားရမယ်။ ငါတို့အတွက် ကောင်းကင်ဘုံက ချီးမြှင့်မယ့် ဆိုကို မျှော်ကိုးပြီး ပီတီဖြစ်ကြတာပေါ့။ ပိုပြီး အရေကြီးတာက ငါတို့အနေနဲ့ ငါတို့ရဲ ပဲနိတွေ ကောင်းကောင်း အသုံးချကြဖို့ အသေအချာ လုပ်ရမယ်။ တကယ်လို့ မင်းအနေနဲ့ သူဆင်းရဲ တစ်ယောက်ကို သူ့မိသားစု အတွက် ပေါင်မုန့်ဝယ်ဖို့ တစ်ပဲနိ ပေးလိုက်တယ် ဆိုရင် သူ့အနေနဲ့ ဗျစ်ရည်ဆိုင်ကို တန်းသွားပြီး မူးနေတာမျိုး၊ ပြီးရင် အိမ်ပြန်ပြီး မိန်းမကို ရိုက်တာမျိုးလည်း ဖြစ်နိုင်တယ်။ အဲဒါမျိုးဆိုရင်တော့ ငါတို့ မလှူတာ ကောင်းတယ်။ သူ့ကို ပေါင်မုန့်ပေးလိုက်တာက ကောင်းတယ်။ တကယ်လို့ သူ့ကလေးတွေကို ပေါင်မုန့် ပေးနိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အလှူဒါန ပြုတယ် ဆိုတာမျိုးက မြင့်မြတ်တဲ့ အလုပ်ဖြစ်ပြီးတော့ နာမကျန်းတဲ့ သူတွေကို ကုသရသလို၊ ကလေးငယ်တွေကို စာသင်ရသလိုမျိုး လုံ့လစိုက်ထုတ်ရတဲ့ အလုပ်မျိုးပဲ။ အဲဒီအတွက်ကြောင့် ဘုန်းကြီး ကျောင်း အတော်များများက အော်လ်မွန်နာ လို့ ခေါ်တဲ့ အလှူအတန်း ပေးတဲ့သူကို ခန့်ထားကြတယ်။ ငါတို့လည်း အဲဒီလိုပဲ လုပ်ကြမယ်။"

ဖိလစ်က လှည့်ပတ် ကြည့်လိုက်သည်။ သူတို့အားလုံး စိတ်ဝင်စားစွာ နားစိုက်ထောင် နေကြသည်။ ပီတာက ကျေနပ်သော မျက်နှာထားနှင့် ရှိနေသည်။ ဤအကြောင်းသည် သူ့အောင်ပွဲကို ဖော်ပြနေသည်မှာ အသေအချာပင်။ အားလုံးက နောက်ဘာဆက်လာမည်လဲ ဆိုသည်ကို မတွေးတတ်ကြပေ။

"အော်လ်မွန်နာ အလုပ်က ခက်ခဲပင်ပန်းတဲ့ အလုပ်။ သူ့အနေနဲ့ အနီးဆုံးမြို့တွေ ရွာတွေကို လမ်းလျှောက်သွားရမယ်။ ဝင်ချက်စတာကိုလည်း မကြာခဏ သွားရမယ်။ အဲဒီမှာ သူ့အနေနဲ့ သာမန်အနေအထား၊ အညစ်ပတ်ဆုံး၊ မလှပဆုံး၊ အဆိုးရွားဆုံး လူတန်းစားတွေ ကြားကို သွားရမယ်။ အဲဒီလူတွေက ဆင်းရဲတဲ့ သူတွေ မို့ပေါ့။ သူတို့အနေနဲ့ ဘုရားသခင်ကို စော်ကားတဲ့ အခါ သူ့အနေနဲ့ ဆုတောင်း ပေးရမယ်။ သူတို့ နာမကျန်းရင် သွားကြည့်ရမယ်။ တကယ်လို့ သူတို့ လိမ်ဖို့ ဒါမှမဟုတ် လုယက်ဖို့ ကြိုးစားရင် ခွင့်လွှတ်ရမယ်။ သူ့အနေနဲ့ ခွန်အားရော၊ နှိမ့်ချတတ်မှုရော၊ မဆုံးနိုင်တဲ့ သည်းခံမှုမျိုးရော လိုတယ်။ သူ့အနေနဲ့ ဒီလူစုလူဝေးမှာ သက်တောင့်သက်သာ နေတာမျိုး ရှိမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ သူ့အနေနဲ့ ငါတို့နဲ့ အတူရှိနေတာထက် စာရင် အဝေးရောက်နေတာက ပိုများမှာမို့ပဲ။"

သူက နောက်တစ်ကြိမ် ထပ်၍ လှည့်ပတ်ကြည့် လိုက်ပြန်သည်။ သူတို့အားလုံးမှာ ကြောက်ရွံ့နေကြသည်။ ဘယ်သူမှ ဤ အလုပ်ကို မလုပ်ချင်ကြပေ။ သူက သူ၏ အကြည့်ကို ဝဲဟမ်မှ ပီတာထံတွင် ရပ်နားလိုက်သည်။ ပီတာ့အနေနှင့် ဘာလာတော့မည် ဆိုသည်ကို သိသွားလေပြီ။ သူ ကျရှုံးသွားခဲ့လေပြီ။


"ငါတို့အတွက် ဒီကိစ္စမှာ အားနည်းနေတာကို ထောက်ပြခဲ့တဲ့သူက ပီတာ ပဲ။"
ဖိလစ်က ဖြည်းညင်းစွာ ပြောသည်။ " အဲဒီတော့ ငါ့အနေနဲ့ ပီတာ့ကို အော်လ်မွန်နာ အနေနဲ့ ဂုဏ်ယူစွာနဲ့ တာဝန်ပေးလိုက်ပါမယ်။" သူက ပြုံးသည်။ "မင်း ဒီနေ့ပဲ စလို့ ရပါပြီ။"

ပီတာ၏ မျက်နှာက မိုးကြိုးပစ်တော့မလို မည်းသွားသည်။

မင်းအနေနဲ့ အတော်ဝေးဝေးကို ရောက်နေတဲ့ အတွက် ဒုက္ခပေးနိုင်တော့မှာ မဟုတ်ဘူး။ ဝင်ချက်စတာက ညစ်ပတ်နံစော်နေတဲ့ လမ်းကြားတွေမှာ အလွန်မနှစ်မြို့စရာ ကောင်းတဲ့၊ ကြွက်တွေ ပိုးဟပ်တွေ ပြည့်နေတဲ့ လူဆင်းရဲတွေနဲ့ အနီးကပ် တွေ့နေရတဲ့အတွက် သက်သက်သာသာ နေရတာကို လှောင်ပြောင်ချင်တဲ့ မင်းရဲ့ စိတ်ကို လျော့ကျသွားစေမှာပါ။ ဟု ဖိလစ်က တွေးသည်။ 

သို့သော်လည်း ပီတာကတော့ ဤအရာသည် ရိုးရှင်းသော အပြစ်ပေးမှု တစ်ခုသာလျှင် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လိုက်သည်။ သူက ဖိလစ်ကို မုန်းတီးစွာသော အကြည့်ဖြင့် ကြည့်လိုက်သဖြင့် ဖိလစ်အနေနှင့် ခဏတာမျှပင် တုန်လှုပ်သွားသည်။

ဖိလစ်က သူ့အကြည့်ကို လွှဲဖယ်လိုက်ပြီး အခြားဘုန်းကြီးများကို ကြည့်လိုက်သည်။
"ဘုရင် ကွယ်လွန်ပြီးတဲ့ အချိန်မှာ အန္တရာယ်တွေ၊ မသေချာမှုတွေ ရှိနေတတ်တာ အမြဲပဲ။ အဲဒီတော့ ငါမရှိတုန်း ငါ့အတွက် ဆုတောင်းပေးကြပါ။" ဟု သူက ပြောလိုက်သည်။

No comments:

Post a Comment