Tuesday, December 13, 2011

စာအုပ်(၁) ၁၁၃၅-၁၁၃၆ အပိုင်း(၁) အခန်း(၄)

ခရစ်စမတ်သို့ ရောက်သော အခါတွင် သူတို့ ငတ်မွတ်နေကြပြီ ဖြစ်သည်။

စောစီးစွာ ဝင်ရောက်လာသော ဆောင်းတွင်းသည် ပန်းပဲဆရာ၏ ဆောက်သွားလိုပင် အေးစက်မာကျော တောင့်တင်းလှသည်။ ပထမဆုံး အနေနှင့် ရေခဲတို့ ကွင်းပြင်များပေါ်သို့ စတင်လွှမ်းခြုံချိန်၌ သစ်ပင်များပေါ်တွင် ပန်းသီးများ ရှိနေသေးသည်။ လူအများစုက ထိုအချိန်ကို အအေးဆုံး အချိန်ဟု ပြောခဲ့ကြပြီး ခဏမျှသာ ကြာလိမ့်မည်ဟု တွေးထင်ခဲ့ကြသော်လည်း တကယ်တမ်းတော့ မဟုတ်ပေ။ ဆောင်းဦးရာသီတွင် အနည်းငယ်မျှ နောက်ကျ၍ ထွန်ယက်သော ရွာများသည် ကျောက်သားကဲ့သို့ မာကျောသော မြေပြင်များကြောင့် သူတို့၏ ထွန်ခြစ်များ အက်ကွဲသွားခဲ့ ရသည်။ လယ်သမားတို့သည် သူတို့၏ ဝက်များကို အဆောတလျင် သတ်ဖြတ်ပြီး ဆောင်းရာသီ အတွက် ဆားနယ် ကြသည်။ လော့ဒ်များက သူတို့၏ ကျွဲနွားများကို သတ်ဖြတ်ကြသည်။ အဘယ်ကြောင့် ဆိုသော် ဆောင်းရာသီတွင် နွေရာသီကဲ့သို့ ကျွဲနွား အများအပြားကို မွေးမြူရန် မဖြစ်နိုင်၍ ဖြစ်သည်။ သို့သော်လည်း မဆုံးနိုင်သော အေးခဲမှုသည် မြက်များကို ခြောက်သွေ့သွားစေခဲ့ပြီး သတ်ဖြတ်ခြင်း မခံရဘဲ ကျန်ရှိသော တိရိစ္ဆာန်များ မှာလည်း မည်သို့ပင် ဖြစ်စေကာမူ သေဆုံးကြလေသည်။ ဝံပုလွေများသည် ရွေးစရာ လမ်းမရှိတော့၍ မှောင်စပျိုးချိန်တွင် ရွာထဲသို့ ဝင်ရောက်ကာ  ကြက်ပိန်ညောင်များနှင့် အားမရှိသော ကလေးငယ်များကို ဝင်၍ ဆွဲကြသည်။

တနိုင်ငံလုံးရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၌ နွေရာသီတွင် တည်ဆောက်ခဲ့သော နံရံများကို ပထမဆုံး ရေခဲစကျသည့် အချိန်မှစ၍  ကောက်ရိုးများ နှင့် နွားချေးများကို အသုံးပြု၍ အလျင်အမြန် ကာရံကြပြီး အလွန်ဆိုးရွားသော အအေးဒဏ်မှ လွတ်ကင်းအောင် ကာကွယ်ကြသည်။ အဘယ်ကြောင့် ဆိုသော် ၄င်းတို့အထဲရှိ အင်္ဂတေမှာ လုံးဝ မခြောက်သွေ့ သေးပါက အေးခဲလာလျှင် ကွဲအက်သွားနိုင်သောကြောင့်ပင် ဖြစ်သည်။ နွေဦးရာသီတိုင်အောင်ပင် အင်္ဂတေနှင့် ဆက်စပ်သော အလုပ်များကို ဆက်မလုပ်ဘဲ ရပ်တန့် ထားကြသည်။ အချို့သော မေဆွန် များမှာ နွေရာသီအတွက်သာ ငှားရမ်းထားခြင်း ဖြစ်သဖြင့် သူတို့၏ ရွာများသို့ ပြန်ကြသည်။  သူတို့ ရွာတွင်မူ မေဆွန် ဆိုသည်ထက် ဆောက်လုပ်ရေးသမားဟုသာ သူတို့ကို သိကြသည်။ သူတို့သည် ဆောင်းရာသီတွင် ထွန်ခြစ်များ၊ မြင်းကုန်းနှီးများ၊ ပါးချပ်ကြိုးများ၊ လှည်းများ၊ ဂေါ်ပြားများ နှင့် တံခါးများစသည့် တူနှင့် ဆောက်ကို အသုံးပြု၍ ကျွမ်းကျင်သော လက်များဖြင့် လုပ်ကိုင်ရန် လိုအပ်သည့် ပစ္စည်းဟူသမျှကို ပြုလုပ်ကြသည်။ အခြား မေဆွန် များမှာ လုပ်ငန်းခွင် အတွင်းရှိ အဖီအဆောက်အအုံများအတွင်း ဝင်၍ နေ့ခင်း အလင်းရောင် ရှိသလောက် ကျောက်တုံးများကို ရှုပ်ထွေးသော ပုံစံများ အဖြစ် ပုံဖော်ကြသည်။ သို့သော်လည်း ရေခဲသည့် အချိန်က စောသည့်အတွက် သို့မဟုတ် အလုပ်များက အလွန်လျင်မြန်စွာ ပြီးသည့် အတွက် သို့မဟုတ် လယ်သမားများမှ ငတ်မွတ်နေကြသည့် အတွက် ဘစ်ရှော့များ၊ ရဲတိုက်မှူးများနှင့် လော့ဒ်များတွင် အဆောက်အဦးများ အတွက် သုံးစွဲရန် သူတို့မျှော်လင့်ထားသည်ထက် ပို၍ နည်းသော ငွေကြေးသာ ရှိနေကြသည်။ ထို့အတွက်ကြောင့် ဆောင်းတွင်းထဲ ဝင်ရောက်လာသည်နှင့် အမျှ အချို့သော မေဆွန်များမှာ အလုပ်ဖြုတ် ခံကြရသည်။

တွမ်တို့ မိသားစုသည် ဆာ့စ်ဘရီမှ ရှာ့ဖ်ဘရီအထိ လျှောက်ခဲ့ကြပြီး ထိုမှတဆင့် ရှားဘွန်း၊ ဝဲလ်၊ ဘတ်သ်၊ ဘရစ်စတို၊ ဂလိုကက်စတာ၊ အောက်စဖို့ဒ်၊ ဝေါလင်းဖို့ဒ် နှင့် ဝင်ဆာ အထိ လျှောက်ခဲ့ကြသည်။ လူနေ အဆောက်အဦးထဲတွင် မီးလင်းဖို မီးတောက်လောင်နေသမျှ၊ ဘုရားကျောင်းနှင့် ရဲတိုက်များ၏ နံရံများတွင် သံနှင့် ကျောက်တုံး ထုရိုက်သံ ထွက်ပေါ်နေသမျှ၊ လက်ချောင်းမပါသော လက်အိတ်များကို ဝတ်ဆင် ထားကြသည့် ဆောက်လုပ်ရေးမှူးများက သူတို့၏ ကျွမ်းကျင်သော လက်များဖြင့် မုခ်ခုံးများနှင့် တိုင်လုံးများ၏ အတိအကျ ပုံစံ သေးသေး ကလေးများကို ပြုလုပ်နေသမျှ နေရာ အားလုံးတို့ကို သူတို့ ရောက်သွားခဲ့ကြသည်။ အချို့သော ဆောက်လုပ်ရေးမှူးများမှာ စိတ်မရှည်စွာ၊ တိုတောင်းစွာနှင့် မယဉ်ကျေးစွာ တုံ့ပြန်ကြသည်။ အချို့မှာမူ တွမ်၏ ပိန်သော ကလေးများနှင့် ကိုယ်ဝန်ရှိနေသော
မိန်းမကို ဝမ်းနည်းစွာ ကြည့်၍ သနား ကြင်နာစွာ ပြန်လည် ပြောဆိုကြသည်။ သို့သော်လည်း သူတို့ အားလုံး ပြောကြသည်ကတော့ "မင်းအတွက် ဒီမှာ အလုပ်မရှိဘူး။" ဟူသော လေသံ တစ်ခုတည်းပင် ဖြစ်သည်။

သူတို့သည် တတ်နိုင်သမျှပင် ဘုန်းကြီးကျောင်းများ၏ ဧည့်ဝတ်ကျေပွန်မှုကို အခွင့်ကောင်းယူကြသည်။ ထိုဘုန်းကြီးကျောင်းများတွင် ခရီးသည်များအတွက် စားစရာ တစ်နပ်စာနှင့် အိပ်စရာ တစ်နေရာကို ရနိုင်သည်။ သို့သော်လည်း တညတာ အတွက်သာ ဖြစ်သည်။ ဘလက်ဘယ်ရီသီးများ ဘလက်ဘယ်ရီ ခြုံများတွင်း ရင့်မှည့်လာသော အချိန်တွင် သူတို့သည် ငှက်များကဲ့သို့ပင် ထိုနေရာရှိ အသီးများ ကုန်သွားသည် အထိ နေကြသည်။ တောအုပ်အတွင်း၌ အက်ဂနက်စ်သည် သံဖြင့် ပြုလုပ်ထားသော ဟင်းအိုး၏ အောက်တွင် မီးမွှေး၍ ယာဂုကို ကျိုလေ့ ရှိသည်။ သို့သော်လည်း အချိန်အတော်များများတွင် သူတို့အနေနှင့် မုန့်ဖုတ်သမားထံမှ ပေါင်မုန့်၊ ငါးရောင်းသူထံမှ ဟဲရင်းငါး အခြောက်များကို ဝယ်ရလေ့ ရှိပြီး ဗျစ်ရည်ဆိုင်များ စားသောက်ဆိုင်များတွင် စားသောက်ရလေ့ရှိသည်။ ထိုသို့ စားသောက်ခြင်းမှာ ကိုယ့်ဘာသာကိုယ် ချက်စားခြင်းထက် ပို၍ ဈေးကြီးသဖြင့် သူတို့၏ ငွေကြေးများမှာ ကုန်ခမ်း သွားရသည်သာ ဖြစ်သည်။

မာသာသည် နဂိုရ်ကတည်းက အရိုးသာသာ ရှိသော်လည်း ပို၍ ပိန်သွားသည်။ အဲဖရက်မှာ အရပ်ရှည်လာမြဲပင် ဖြစ်၍ မြေနိမ့်ထဲတွင် ပေါင်းမြက်တစ်ပင် ရှင်သန်လာသကဲ့သို့ပင် ဖြစ်ပြီ: အရိုးဂေါက်ဂက် ဖြစ်လာသည်။ အက်ဂနက်စ်က ချွေတာစွာ စားလေ့ ရှိသော်လည်း သူမ၏ ကိုယ်တွင်း ကြီးထွားလာသော ကလေးမှာမူ လောဘကြီးသည်။ တွမ်အနေနှင့် သူမ ဆာလောင်ခြင်းကြောင့် ပြင်းထန်စွာ ခံစားနေရသည်ကို မြင်နိုင်သည်။ တခါတရံတွင် တွမ်က သူမကို ပို၍ စားခိုင်း လေ့ရှိပြီး သူမ၏ သံမဏိကဲ့သို့ မာကျောသော စိတ်ဓာတ်က သူမ ယောက်ျား၏ ဩဇာနှင့် မမွေးသေးသောကလေးတို့ ၏ ပေါင်းစပ် တိုက်တွန်းမှု ကို အရှုံးပေးရလေ့ ရှိသည်။ သို့သော်လည်း သူမသည် အခြားကိုယ်ဝန် ရှိစဉ် အခါများကဲ့သို့ ဝလာခြင်း နှင့် သွေးရောင်လွှမ်းလာခြင်း မရှိပေ။ သူမ၏ ဗိုက်မှာ ပူလာသော်လည်း အရိုးပြိုင်းပြိုင်းထနေပြီး အငတ်ဘေးတွင် ဆာလောင်မွတ်သိပ်နေသော ကလေးတစ်ယောက်နှင့် အလားသဏ္ဍာန် တူနေလေသည်။

သူတို့သည် ဆာ့စ်ဘရီမှ စတင်ထွက်ခွာသည့် အချိန်မှစ၍ စက်ဝိုင်းကြီးတစ်ခု၏ ၄ပုံ၃ပုံခန့်ကို လျှောက်ခဲ့ပြီး ဖြစ်သည်။ နှစ်ကုန်သည့်အချိန်တွင် သူတို့သည် ဝင်ဆာမှ ဆောက်ပ်သမ်ပတန် အထိ ဖြန့်ကျက်နေသော ကြီးမားကျယ်ပြန့်သည့် တောအုပ်အတွင်းတွင် ပြန်လည်ရောက်ရှိနေခဲ့သည်။ သူတို့သည် ဝင်ချက်စတာသို့ ဦးတည်သွားနေကြခြင်း ဖြစ်သည်။ တွမ်သည် သူ၏ ပန်းရန် ပစ္စည်းများကို ရောင်းချခဲ့သော်လည်း ထိုပိုက်ဆံမှာ အကုန်လုံး နီးပါး ကုန်၍ ပဲနိ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။ သူ့အနေနှင့် အလုပ်ရသည်နှင့် ပစ္စည်းများကို ငှားရမည် သို့ မဟုတ် ပစ္စည်းဝယ်ရန် ပိုက်ဆံချေးငှားရမည် ဖြစ်သည်။ အကယ်၍ သူ့အနေနှင့်သာ ဝင်ချက်စတာတွင် အလုပ်မရပါက မည်သို့ ဆက်လုပ်ရမည်ကို သူမသိတော့ချေ။ သူ့အနေနှင့် ဇာတိမြေတွင် ညီအစ်ကိုများရှိသော်လည်း ထိုအရပ်မှာ မြောက်ဖက်တွင် ဖြစ်ပြီး ဤအရပ်မှ ရက်သတ္တပတ် အနည်းငယ်မျှ သွားရမည် ဖြစ်သည်။ သူ၏ မိသားစုမှာ ထိုနေရာသို့ မရောက်မီပင် အစာရေစာ ငတ်မွတ်မှုနှင့် ကြုံတွေ့ရမည် ဖြစ်သည်။ အက်ဂနက်စ်သည် တစ်ဦးတည်းသော သမီးဖြစ်ပြီး သူမ၏ မိဘများမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ ဆောင်းတွင်းအလယ်တွင် စိုက်ပျိုးရေး အလုပ်ဟူ၍ မည်သည့် အလုပ်မျှ မရှိပေ။  အက်ဂနက်စ်အနေနှင့် ဝင်ချက်စတာရှိ ချမ်းသာသော အိမ်တစ်အိမ်တွင် ပန်းကန်ဆေး ပန်းကန်သုတ် အိမ်ဖော် အဖြစ် ဝင်လုပ်ခြင်းဖြင့် ပဲနိအနည်းငယ်ကို ခြစ်ခြုတ် ရရှိနိုင်သည်။ သူမအနေနှင့် မွေးခါနီးနေပြီ ဖြစ်၍လမ်းပေါ်တွင် ကြာရှည်စွာ ကောင်းကောင်း လျှောက်နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ဝင်ချက်စတာသို့ ရောက်ရန် သုံးရက်မျှ လိုသေး၍ သူတို့ အတွက်မူ ဆာလောင်နေကြပြီ ဖြစ်သည်။ ဘလက်ဘယ်ရီသီးများလည်း မရှိတော့ပေ။ အနီးအနားတွင်လည်း ဘုန်းကြီးကျောင်းဟူ၍ မရှိပေ။ အက်ဂနက်စ်၏ ကျောပေါ်တွင် သယ်ဆောင်လာသော ဟင်းအိုးထဲတွင်လည်း ယာဂုကျိုသည့် ဂျုံစေ့ မကျန်တော့ချေ။ ယမန်နေ့ညက သူတို့သည် ရိုင်းဂျုံဖြင့် ပြုလုပ်ထားသော ပေါင်မုန့်တစ်လုံး၊ အသားမပါသော အသီးအရွက် ဟင်းချိုလေးခွက်နှင့် လယ်သမား တစ်ဦး၏ တဲအတွင်း မီးဖိုဘေး၌ တစ်ညတာ အိပ်ရန် အရာတို့ကို ဓားတစ်ချောင်းဖြင့် လဲလှယ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ရွာဟူ၍ သူတို့ မတွေ့ရတော့ပေ။ သို့သော်လည်း နေ့လည်ခင်း ကုန်ဆုံးခါနီး အချိန်တွင် တွမ်သည် သစ်ပင်များထက်မှ မီးခိုးထွက်နေသည်ကို တွေ့ရပြီး တစ်ဦးတည်း နေထိုင်သော ဗာဒါရာ ဟုခေါ်သည့် ဘုရင်ကခန့်အပ်ထားသည့် သစ်တောစောင့်ရဲ အမှုထမ်း၏ နေအိမ်ကို တွေ့ရသည်။ သူက တွမ်၏ ပုဆိန်ငယ်ကို ခါးဖုဖြူ တစ်အိတ်ဖြင့် လဲလှယ်ပေးသည်။ သူတို့သည် ၃မိုင်မျှ လျှောက်ပြီးသည့် အချိန်တွင် အက်ဂနက်စ်က ပင်ပန်းလှ၍ ရှေ့ဆက်သွားရန် မဖြစ်နိုင်တော့ ဟု ပြောလေသည်။ တွမ်အနေနှင့် အံ့အားသင့်သွားသည်။ သူတို့ အတူတကွ ရှိခဲ့ကြသော နှစ်များစွာတွင် သူ့အနေနှင့် သူမသည် ဘယ်အရာကိုမှ ပင်ပန်းသည်ဟု ပြောသံ မကြားခဲ့ဖူးပေ။

သူမသည် လမ်းနံဘေးရှိ ရေမျောပင် အကြီးကြီး တစ်ပင်၏ အရိပ်တွင် ထိုင်ချလိုက်သည်။ တွမ်က မီးမွှေးရန်အတွက် ယိုယွင်းနေပြီ ဖြစ်သော ဂေါ်ပြားကို သုံး၍ ကျင်းတိမ်တိမ် တစ်တွင်း ကို တူးသည်။ ထိုဂေါ်ပြားမှာ မည်သူမျှ မဝယ်ချင်သော သဖြင့် သူ့တွင် ကျန်ရှိနေသော ပစ္စည်းကိရိယာများထဲမှ တစ်ခုဖြစ်သည်။ ကလေးများက သစ်ကိုင်းခြောက်များကို စုစည်းကြပြီး တွမ်က မီးမွှေးသည်။ ထို့နောက် သူကဟင်းအိုးကို ယူ၍ စမ်းချောင်း ရှာရန် ထွက်ခဲ့သည်။ ပြန်လာသော အခါတွင် အိုးတစ်အိုးစာ အပြည့် ရေခဲရေ ပါလာခဲ့၍ သူက မီးဖို၏ အစွန်းတွင် တင်လိုက်သည်။ အက်ဂနက်စ်က ခါးဖုဖြူ အနည်းငယ်ကို စိတ်လိုက်သည်။ မာသာက သစ်ပင်ပေါ်မှ ကျနေသော အခွံမာ ရေမျောသီးများကို ကောက်နေသည်။ အက်ဂနက်စ်က သူမကို မည်သို့ အခွံခွာရသည်။ အတွင်းရှိ နူးညံသော အသားကို ထုထောင်း၍ အမှုန့်ကြမ်းဖြစ်အောင် မည်သို့ပြုရသည်။ ထိုအမှုန့်ဖြင့် ခါးဖုဖြူ ဟင်းချိုကို မည်သို့ ပျစ်အောင် လုပ်ရသည် သူမကို ပြသသည်။ တွမ်က အဲဖရက်အား ထင်းထပ်၍ ရှာရန် လွှတ်လိုက်သည်။ သူကမူ တုတ်ချောင်း တစ်ချောင်းကို ယူ၍ သစ်တော၏ မြေပြင်ရှိ သစ်ရွက်ခြောက်များကို ထိုးဆွနေသည်။ ဟင်းချို အတွင်းသို့ထည့်ရန် ဆောင်းခိုနေသော ဖြူကောင်သို့ မဟုတ် ရှဉ့်ငယ်တစ်ကောင်ကို တွေ့လိုတွေ့ငြား ဟူသည့် မျှော်လင့်ချက်ဖြင့် ဖြစ်သည်။ သို့သော်လည်း သူကံမကောင်းပေ။

အမှောင်ထု ဝင်ရောက်လာပြီး ဟင်းရည်ကျက်သော အခါတွင် သူက အက်ဂနက်စ် ဘေးတွင် ထိုင်လိုက်သည်။

"ငါတို့မှာ ဆားကျန်သေးလား။" တွမ်က သူမကို မေးသည်။

သူမက ခေါင်းယမ်းပြသည်။ "ရှင် ယာဂုကို ဆားမပါပဲ ဆားနေတာ ဘယ်နှစ်ပတ်တောင် ရှိပြီလဲ။ ရှင်မသိဘူးလား။" ဟု သူမက ပြန်ပြောသည်။

"မသိဘူး။"

"ဆာလောင်မှုက အကောင်းဆုံး ဟင်းခတ် အမွှေးအကြိုင်ပါပဲ။"

"ငါတို့မှာ အဲဒီ ဆာလောင်မှုတွေတော့ အများကြီးပဲ။" တွမ်သည် ရုတ်တရက်ပင် အလွန်အမင်း ပင်ပန်းသွားသလို ခံစားရသည်။ လွန်ခဲ့သော လေးလ၏ စိတ်ပျက်စရာ အစုအပုံများက သူ့ကို နင်းချေ နေသလို ခံစားရပြီး သူ့အနေနှင့် ရှေ့ဆက် သတ္တိမရှိနိုင်တော့ပေ။ အရှုံးပေးသော လေသံဖြင့် သူက ပြောသည်။

"ဘာမှားနေသလဲ အက်ဂနက်စ်"

"အကုန်လုံးပဲ။ အရင်ဆောင်းတွင်းက ရှင့်မှာ အလုပ်မရှိဘူး။ နွေဦးမှာ ရှင် အလုပ်ရတယ်။ နောက်တော့ မြို့စားရဲ့ သမီးက မင်္ဂလာဆောင်ကို ဖျက်လိုက်တယ်။ လော့ဒ် ဝီလီယံက အိမ်ကို ဆက်မဆောက်တော့ဘူး။ နောက်တော့ ကျွန်မတို့ ရိတ်သိမ်းချိန်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါ အမှားပဲ။"

"ဟုတ်တယ်။ ငါ့အတွက် ဆောက်လုပ်ရေးအလုပ်ကို နွေရာသီမှာ ရှာတာက ဆောင်းဦးရာသီမှာ ရှာတာထက် ပိုလွယ်မှာ အမှန်ပဲ။"

"နောက်တော့ ဒီနှစ်ဆောင်းတွင်း ဝင်တာစောတယ်။ ဒါပေမယ့် ဒါတွေ အားလုံးအတွက် ငါတို့ နေလို့ ဖြစ်သေးတယ်။ ဒါပေမယ့် ငါတို့ ဝက်က အခိုးခံလိုက်ရတယ်။"

တွမ်က စိတ်ပင်ပန်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။ "ငါ့အတွက် စိတ်ဖြေစရာ ဆိုလို့ သူခိုးဟာ အခုအချိန် ငရဲမှာ အညှင်းဆဲခံပြီး ဒုက္ခခံနေရပြီ ဆိုတာကို သိတာလေး တစ်ခုပါပဲ။"

"ငါလည်း အဲဒီလို ထင်ပါတယ်။"

"မင်းက သံသယ ရှိလို့လား။"

"ပရိစ်ဘုန်းကြီး တွေက သူတို့ ဟန်ဆောင်ထားသလောက် မသိကြဘူး။ ငါ့အဖေကလည်း အဲဒီ အထဲက တစ်ယောက်ပဲ။  မှတ်မိလား။"

တွမ်သည် ကောင်းစွာ သတိရသေးသည်။ သူမ အဖေ၏ အသင်းတော် ဘုရားကျောင်း နံရံတစ်ခုသည် ပြင်ဆင်၍ မရနိုင်လောက်အောင် တစ်စစီ ပြိုကျ ပျက်စီး နေခဲ့သည်။ တွမ်အား ထိုနံရံကို ပြန်ဆောက်ရန် အတွက် ငှားရမ်းခြင်း ခံခဲ့ရသည်။ ပရိစ်ဘုန်းကြီးများမှာ လက်ထပ်ခွင့် မရှိသော်လည်း ဤဘုန်းကြီးတွင် အိမ်တော်ထိန်း တစ်ယောက်ရှိပြီး အိမ်တော်ထိန်းတွင် သမီးတစ်ယောက် ရှိသည်။ ရွာထဲတွင် လူတိုင်းသိသော လျို့ဝှက်ချက်မှာ ဘုန်းကြီးသည် ကောင်မလေး၏ အဖေဖြစ်သည် ဆိုခြင်းပင် ဖြစ်သည်။ အက်ဂနက်စ်သည် ထိုအချိန်ကတည်းက မလှပေ။ သို့သော်လည်း သူမ၏အသားအရေမှာ ငယ်သွေးကြွနေပြီး သူမအနေနှင့် ပေါက်ကွဲထွက်တော့မည် ဟု ထင်ရသည့် အားအင်တို့ဖြင့် ပြည့်နေသည်။ သူမသည် တွမ် အလုပ်လုပ်နေချိန်တွင် စကားလာပြောလေ့ ရှိသည်။ တခါတရံတွင် တိုက်ခတ်သောလေက သူမ၏ ဝတ်စုံကို သူမ၏ ကိုယ်ပေါ်တွင် ချပ်ရပ်အောင် ကပ်သွားစေသဖြင့် တွမ်အနေနှင့် သူမ၏ ကိုယ်လုံးကောက်ကြောင်းကို မြင်နိုင်သည်။ တစ်ခါတစ်ရံ သူမ၏ ချက်ကိုပင် မြင်ရလေ့ ရှိကာ သူမ ဘာအဝတ်အစားမှ ဝတ်မထား သကဲ့သို့ပင် ရှင်းလင်းစွာ မြင်ရတတ်သည်။ တစ်ညတွင် သူမသည် သူအိပ်လေ့ ရှိသော တဲငယ်သို့ ရောက်ရှိလာပြီး သူ၏ ပါးစပ်ကို လက်ဝါးဖြင့် အုပ်ကာ သူ့အား စကားမပြောရန် ပြောသည်။ ထို့နောက် သူမ၏ ဝတ်စုံကို ဆွဲချွတ်လိုက်သဖြင့် သူ့အနေနှင့် သူမ၏ အဝတ်မဲ့ ခန္ဓာကိုယ်ကို လရောင်အောက်တွင် မြင်ရသည်။ ထို့နောက်သူသည် သူမ၏ ငယ်ရွယ်သန်မာသော ခန္ဓာကိုယ်ကို သူ၏ လက်မောင်းများ အတွင်း ပွေ့ဖက်ပြီး သူတို့ အချစ်နယ်ကျွံခဲ့ကြသည်။

"ငါတို့ အဲဒီတုန်းက နှစ်ယောက်စလုံး လူပျိုအပျို စင်စစ်တွေပဲ။" သူက အသံကျယ်လောင်စွာ ရေရွတ်သည်။

သူမသည် သူဘာတွေးနေမှန်း သိသည်။ သူမက ပြုံးလိုက်ပြီး နောက်တွင် သူမ၏ မျက်နှာက ဝမ်းနည်းဟန် ပေါက်သွားပြန်သည်။ သူမက ပြောသည်။ "အဲဒါက အတော့်ကို ကြာခဲ့ပြီလို့ ထင်ရတယ်နော်။"

မာသာက ပြောသည်။ "သမီးတို့ စားလို့ ရပြီလား။"

ဟင်းရည်၏ ရနံ့က တွမ်၏ အစာအိမ်ကို အသံ မြည်အောင် ဆာလောင် လာစေသည်။ သူ၏ ပန်းကန်လုံးကို ဆူပွက်နေသော ဟင်းအိုးထဲသို့ နှစ်လိုက်ပြီး ကျဲတောက်နေသော ဟင်းရည်ထဲမှ ခါးဖုဖြူ အပိုင်း အနည်းငယ်ကို ခပ်ယူလိုက်သည်။ သူ့ဓား၏ တုံးသော အသွားကို အသုံးပြု၍ ခါးဖုဖြူကို စမ်းသပ်လိုက်သည်။ ၄င်းမှာ လုံးဝကျက်သော အနေအထားသို့ မရောက်သေးပေ။ သို့သော်လည်း သူတို့အား ဆက်၍ မစောင့်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူက ကလေးတစ်ယောက်စီကို ပန်းကန်လုံး တစ်လုံးစာ အပြည့်စီ ပေးလိုက်ပြီး နောက်တစ်လုံးကို အက်ဂနက်စ်ကို ပေးလိုက်သည်။

သူမသည် စိတ်တင်းကျပ်နေပုံနှင့် အလေးအနက် စဉ်းစားနေပုံ ရှိသည်။ သူမသည် ဟင်းရည်ကို မှုတ်ပြီး အေးသွားအောင် ပြုလုပ်နေသည်။ ထို့နောက် ပန်းကန်လုံးကို သူမ၏ နှုတ်ခမ်းသို့ ပင့်တင်လိုက်သည်။

ကလေးများသည် သူတို့၏ ပန်းကန်ကို အလျှင်အမြန် သောက်ပစ်လိုက်ကြပြီး ထပ်၍ လိုချင်ကြသည်။  တွမ်က အိုးကို မီးဖိုပေါ်မှ ချလိုက်သည်။ လက်ကို မလောင်စေရန် အတွက် သူ့အင်္ကျီ၏ အနားကို သုံးလိုက်ပြီး ကျန်နေသေးသော ဟင်းရည်များကို ကလေးများ၏ ပန်းကန်လုံးများ အတွင်း အကုန်လောင်းထည့်ပေးလိုက်သည်။

သူက အက်ဂနက်စ် ဘေးသို့ ပြန်ရောက်သော အခါ သူမကမေးသည်။

"ရှင်ကော မစားတော့ဘူးလား။"

"ငါမနက်ဖြန်မှပဲ စားတော့မယ်။" ဟု သူက ပြန်ပြောသည်။

အက်ဂနက်စ်မှာ သူနှင့် ငြင်းခုံရန် အတွက်ပင် အားမရှိတော့ သယောင် ဖြစ်သည်။

တွမ်နှင့် အဲဖရက်တို့က မီးတောက်ကို ပိုကြီးအောင် ပြုလုပ်ကြပြီး ညတစ်ညစာ လုံလောက်အောင် ထင်းများကို အလုံအလောက် စုဆောင်းကြသည်။ ထို့နောက် သူတို့သည် သူတို့၏ ခြုံထည်အင်္ကျီများဖြင့် ရစ်ပတ်၍ သစ်ရွက်များပေါ်တွင် အိပ်စက်ရန် အတွက် လဲလျောင်းကြသည်။ တွမ်က နှစ်ခြိုက်စွာ အိပ်မပျော်သဖြင့် အက်ဂနက်စ် ထံမှ ညည်းတွားသံ ကြားသော အခါတွင် ချက်ချင်းပင် နိုးလာခဲ့သည်။

"ဘာဖြစ်တာလဲ။" သူက သူမကို တိုးညှင်းစွာ မေးသည်။

သူမက နောက်တစ်ကြိမ် ညည်းတွားပြန်သည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမ၏ မျက်လုံးများမှာ မှိတ်နေသည်။ တခဏမျှ အကြာတွင် သူမက ပြောသည်။

"ကလေး မွေးတော့မယ်။"

တွမ်၏ ရင်ခုန်သံ တစ်ချက်မျှ ရပ်သွားသလို ခံစားရသည်။ ဒီမှာ မဟုတ်ပါစေနဲ့။ ဒီလို တောနက်နက်ထဲက အေးခဲနေတဲ့ မြေကြီးပေါ်မှာ မဟုတ်ပါစေနဲ့။

"ရက်မစေ့သေးဘူး မဟုတ်လား။" သူကမေးသည်။

"စောသေးတယ်။"

 "ရေမြွှာပေါက်ပြီလား။" တွမ်က သူ့အသံကို တည်ငြိမ်အောင် ထိန်း၍ မေးသည်။

"ကျွန်မတို့ ဗာဒါရာရဲ့ တဲကနေ ထွက်လာပြီး သိပ်မကြာခင်ကတည်းက။"

အက်ဂနက်စ်မှာ မောပန်းနေပုံဖြင့် သူမ၏ မျက်လုံးများကို မဖွင့်ဘဲ ပြောသည်။

သူမ ချုံပုတ်များထဲသို့ အခင်းသွားချင်သည့် ပမာ ရုတ်တရက် ဝင်ရောက်သွားခဲ့သည်ကို တွမ် သတိရမိသည်။ 

"နာတာကရော။"

"အဲဒီ အချိန်ကတည်းကပဲ။"

ဘာမှ မပြောဘဲ တိတ်ဆိတ်နေခြင်းမှာ သူမ၏ ပုံစံပင် ဖြစ်သည်။

အဲဖရက်နှင့် မာသာတို့ နိုးလာကြသည်။ အဲဖရက်ကမေးသည်။

"ဘာဖြစ်နေတာလဲ။"

"ကလေးမွေးတော့မယ်။" တွမ်က ပြန်ပြောသည်။

မာသာက ရုတ်တရက် ငိုချလိုက်သည်။

တွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်းဗာဒရာရဲ့ တဲအထိ ပြန်လျှောက်နိုင်မလား။" သူက အက်ဂနက်စ်ကို မေးသည်။ ထိုနေရာတွင် အမိုးတစ်ခုရှိသည်။ လဲလျောင်းရန် ကောက်ရိုးရှိပြီး ကူညီနိုင်မည့်သူ တစ်စုံတစ်ဦး ရှိသည်။

အက်ဂနက်စ်က သူမခေါင်းကို ခါယမ်းလိုက်သည်။

"ကလေးက ထွက်နေပြီ။"

"ဒါဆိုရင် မကြာတော့ဘူးပဲ။"

သူတို့သည် သစ်တော၏ လူသူမရှိဆုံးသော နေရာတွင် ရောက်နေကြသည်။ သူတို့ မနက်ကတည်းက ရွာတစ်ရွာမှ မတွေ့ခဲ့ကြပေ။ ဗာဒရာက သူတို့ မနက်ဖြန် တစ်နေ့လုံး ရွာတစ်ရွာမှ တွေ့နိုင်မည် မဟုတ်ဟု ပြောလိုက်သည်။ ထို့အတွက်ကြောင့် လက်သည် အဖြစ် ဆောင်ရွက်ပေးနိုင်မည့် မိန်းမ တစ်ယောက်ယောက်ကို ရှာဖွေတွေ့ရှိရန်မှာ ဖြစ်နိုင်ခြေ မရှိပေ။ တွမ်အနေနှင့် ကလေးကို သူ့ဘာသာသူ မွေးရန် လိုအပ်သည်။ အေးစက်နေသော ပတ်ဝန်းကျင်တွင် ကလေးငယ်များ၏ အကူအညီဖြင့် ပြုလုပ်ရမည်။ တစ်စုံတစ်ခု မှားယွင်းချွတ်ချော်ခဲ့ပါက သူ့တွင် ဆေးဟူ၍ မရှိ။ ဗဟုသုတ ဟူ၍ မရှိ။ 

ဒါ ငါ့ရဲ့ အမှားပဲ ဟု တွမ်က တွေးသည်။ ငါ သူ့ကို ကလေးရအောင် လုပ်တာ။ ငါသူ့ကို ဆင်းရဲတွင်းထဲ ပို့ခဲ့တာ။ သူမက သူမ၏ဘဝ အတွက် သူ့ကို စိတ်ချလက်ချ ပုံအပ်ခဲ့သည်။ အခုတော့ သူမသည် ဆောင်းတွင်း အလယ်တွင် အမိုးအကာ မရှိသော နေရာတွင် ကလေးကို မွေးရတော့မည်။ သူ့အနေနှင့် ကလေးများကို မွေး၍ သူတို့ကို ဆာလောင် မွတ်သိပ်စေသော ဖခင်များကို  ရွံမုန်းခဲ့သည်။ ယခုတော့ သူလည်း ထိုသူတို့ထက် ဘာမှ ပိုမထူးတော့ပေ။ သူ့တွင် ရှက်ရွံ့သောစိတ် ဖြစ်လာခဲ့သည်။

"ငါ အရမ်းကို ပင်ပန်းနေတယ်။ ငါဒီကလေးကို လောကထဲရောက်အောင် မွေးနိုင်မယ် မထင်တော့ဘူး။ ငါ အနားယူချင်တယ်။" ဟု အက်ဂနက်စ်က ပြောသည်။  သူမ၏ မျက်နှာမှာ မီးရောင်အောက်တွင် ချွေးစို့ပြီး တောက်ပနေသည်။

တွမ်သည် သူ့ဘာသာသူ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားရန် လိုအပ်သည်ကို သဘောပေါက် လိုက်သည်။ သူ့အနေနှင့် အက်ဂနက်စ်အား စိတ်ခွန်အား ပေးရန် လိုအပ်သည်။ "ငါမင်းကို ကူမှာပေါ့။" သူက ပြောသည်။ တကယ်တော့ ရှေ့ဆက် ဖြစ်လာမည့် ကိစ္စများသည် ထူးထွေဆန်းပြားသော ကိစ္စများ မဟုတ်သလို ရှုပ်ထွေးခက်ခဲသော ကိစ္စများလည်း မဟုတ်ပေ။ သူ့အနေနှင့် ကလေးအချို့ မွေးသည်ကို ကြည့်ရှုခဲ့ဖူးသည်။ ပုံမှန်အားဖြင့် ထိုအလုပ်ကို မိန်းမများက ပြုလုပ်ကြသည်။ သူတို့အနေနှင့် အမေဖြစ်သူက မည်သို့ခံစားရသည်ကို သိနိုင်ကြသဖြင့် သူတို့အား အကူအညီပေးရာတွင် ပိုခရီးရောက်စေသည်။ သို့သော်လည်း လိုအပ်လာပါက ယောက်ျားတစ်ယောက် အနေနှင့် မလုပ်နိုင်စရာ ဘာအကြောင်းမှ မရှိပေ။ သူ့အနေနှင့် ပထမဆုံး သူမကို သက်တောင့်သက်သာ ဖြစ်ရန်အတွက် ပြုလုပ်ပေးရမည်။ နောက်တွင် ကလေးမွေးရန်အတွက် မည်မျှ ခရီးရောက်ပြီလဲ ဆိုသော အချက်ကို သိရှိအောင် ကြိုးစားရန် လိုအပ်သည်။ ထို့နောက် သူ့အနေနှင့် လိုအပ်သည်များကို ပြင်ဆင်ထားရန် လိုအပ်သည်။ သူတို့ စောင့်ဆိုင်းနေစဉ် အချိန်အတွင်းတွင် သူမကို စိတ်တည်ငြိမ်အောင် ဖြောင်းဖျ အားပေးနေဖို့ လိုအပ်သည်။

" ဘယ်လိုနေသလဲ။" သူက သူမကိုမေးသည်။

"အေးတယ်။" ဟု သူမက ပြန်ဖြေသည်။

"မီးပုံနားကို တိုးလိုက်။" သူက ပြောသည်။ သူက သူ၏ ခြုံထည်အင်္ကျီကို ချွတ်လိုက်ပြီး မီးတောက်နှင့် တစ်ကိုက်ခန့်အကွာ မြေကြီးပေါ်တွင် ဖြန့်ခင်းလိုက်သည်။ အက်ဂနက်စ်က သူမ ဘာသာ ရပ်နိုင်ရန် ခက်ခဲစွာ ကြိုးစားသည်။ တွမ်က သူမကို အသာအယာ ပွေ့ယူလိုက်ပြီး သူ၏ အင်္ကျီပေါ်သို့ အသာ ချလိုက်သည်။

သူက သူမ၏ နံဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။ သူမ၏ ခြုံထည်အင်္ကျီအောက်တွင် ဝတ်ဆင်ထားသော သိုးမွှေး သင်တိုင်း အင်္ကျီမှာ အရှေ့ဖက် တွင် အောက်အထိ ကြယ်သီးများ ရှိသည်။ သူက ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ပြီး သူ့လက်ကို အထဲသို့ ထည့်လိုက်သည်။ အက်ဂနက်စ်က အသက်ကို ပြင်းပြင်း ရှူလိုက်သည်။

"နာသလား။" သူက အံအားသင့်စွာ နှင့် စိုးရိမ်စွာ မေးလိုက်သည်။

"မနာပါဘူး။" သူမက အခိုက်အတန့်မျှ ပြုံးပြရင်း ပြောသည်။ "ရှင့်လက်တွေက အေးနေတယ်။"

သူက သူမဝမ်းဗိုက်၏ ကောက်ကြောင်းကို စမ်းလိုက်သည်။ ဗိုက်ပူနေသာ နေရာက မနေ့ညက သူတို့နှစ်ယောက် လယ်သမား၏ တဲအတွင်း မြေကြီးပေါ်ရှိ ကောက်ရိုးများပေါ်တွင် အတူအိပ်ခဲ့စဉ်ကထက် ပိုပူနေပြီး ချွန်ထွက်နေသည်။ တွမ်က အနည်းငယ်မျှ ပို၍ ဖိလိုက်ပြီး မမွေးသေးသော ကလေး၏ ပုံသဏ္ဍာန်ကို စမ်းသပ်လိုက်သည်။ အက်ဂနက်စ်၏ ချက်အောက်တွင် ကိုယ်ခန္ဓာ အစွန်းတစ်ဖက်ကို စမ်းမိသည်။ သို့သော်လည်း သူ့အနေနှင့် အခြားတစ်ဖက်ကို ရှာမတွေ့ပေ။ "ငါ သူ့ခြေထောက်ကို တွေ့တယ်။ ဒါပေမယ့် ခေါင်းကို မတွေ့ဘူး။" ဟု သူက ပြောသည်။

"အဲဒါဘာလို့လဲ ဆိုတော့ ကလေးက စထွက်နေပြီလေ။" ဟု သူမက ပြောသည်။

သူက သူမ၏  ခြုံထည် အင်္ကျီဖြင့် ကိုယ်ပေါ်တွင် ကာရံပြီး  ပတ်ပေးလိုက်သည်။ သူ့အနေနှင့် ပြင်ဆင်စရာ ရှိသည်များကို လျှင်မြန်စွာ ပြုလုပ်ရန် လိုအပ်သည်။ သူက ကလေးများကို ကြည့်လိုက်သည်။ မာသာက နှာခေါင်းပိတ်နေသည့် အလား အသက်ကို ပြင်းစွာ ရှူနေသည်။ အဲဖရက်က ကြောက်ရွံ့နေသည့်ဟန် ပေါ်လွင်နေသည်။ သူတို့ကို တခုခု လုပ်ခိုင်းထားလျှင် ပိုကောင်းပေလိမ့်မည်။

"အဲဖရက်၊ ဒီဟင်းအိုးကို စမ်းချောင်းကို ယူသွား။ ပြောင်အောင် ဆေးပြီး ရေသန့် အပြည့် ပြန်ခပ်လာခဲ့။ မာသာက ကျူပင် တွေ ရှာပြီး လည်ပင်းမှာ ဆွဲလို့ ရလောက်တဲ့ ကြိုးနှစ်ချောင်း လုပ်ပေး။ အခုချက်ချင်း မြန်မြန် လုပ်ကြ။ မိုးလင်းရင် မင်းတို့အတွက် ညီလေး တစ်ယောက် ဒါမှမဟုတ် ညီမလေး တစ်ယောက် ရတော့မယ်။"

သူတို့က နေရာမှ ထွက်ခွာသွားကြသည်။ တွမ်က သူ၏ ဓားနှင့် မာကျောသော ကျောက်တုံးသေးသေးကလေး တစ်တုံးကို ထုတ်လိုက်ပြီး ဓားသွားကို သွေးနေသည်။ အက်ဂနက်စ်က နောက်တစ်ကြိမ် ညည်းတွားလိုက်ပြန်သည်။ တွမ်က သူ၏ ဓားကို ချလိုက်ပြီး သူမလက်ကို ကိုင်ထားလိုက်သည်။

တခြားကလေးများ မွေးစဉ်တုန်းကလည်း သူမ၏ အနီးတွင် သူယခုလို ထိုင်ခဲ့ဖူးသည်။ အဲဖရက်။ နောက်တော့ မာတီလ်ဒါ။ သူမက နှစ်နှစ်ဖြင့် သေဆုံးသွားခဲ့သည်။ နောက်တော့ မာသာ နှင့် အသေမွေးသော ကလေးတစ်ယောက်တို့ ဖြစ်သည်။ တွမ်က ဟာရိုးဟု နာမည်ပေးရန် လျို့ဝှက်စွာ ကြံစည်ခဲ့သည့် ကလေးလည်း ဖြစ်သည်။ သို့သော်လည်း ထိုအချိန်များက သူတို့ကို အကူအညီပေးရန်နှင့် အာမခံချက်ပေးရန် အခြားတစ်ယောက်ယောက် ရှိနေခဲ့သည်။ အဲဖရက် မွေးစဉ်က အက်ဂနက်စ်၏ အမေ၊ မာတီလ်ဒါနှင့် ဟာရိုးကို မွေးဖွားစဉ်က ကျေးရွာရှိ ဝမ်းဆွဲသည်၊ မာသာ့ကို မွေးဖွားစဉ် ကတော့ အိမ်ကြီးရှင် လူကုံထံ အမျိုးသမီးကြီး တစ်ဦး ဖြစ်သည်။ ဒီတစ်ကြိမ်တော့ သူတစ်ဦးတည်း လုပ်ရမည် ဖြစ်သည်။ သို့သော်လည်း သူ့အနေနှင့် စိုးရိမ်ပူပန်မှုကို မပြသရန်လိုအပ်ပြီး သူမကို ပျော်ရွှင်စွာ နှင့် သူမဘာသာ သူမ ယုံကြည်မှု ရှိစေရန် ပြုလုပ်ပေးရမည် ဖြစ်သည်။

သူမဝမ်းနာနေသည်က ပျောက်ကွယ်သွားသဖြင့် သက်တောင့်သက်သာ ဖြစ်သွားသည်။

"မာသာ့ကို မွေးတုန်းက လေဒီ အစ္စဘယ်လာက ဝမ်းဆွဲသည် အနေနဲ့ လုပ်ပေးတာ မှတ်မိသလား။" ဟု တွမ်က မေးသည်။

အက်ဂနက်စ်က ပြုံးသည်။ "ရှင်က လော့ဒ်အတွက် ဝတ်ပြုဆောင် တစ်ခု ဆောက်ပေးနေတယ်။ နောက်တော့ ရှင်က သူ့ရဲ့ အိမ်စေကို လွှတ်ပြီးတော့ ရွာထဲက ဝမ်းဆွဲသည်ကို သွားခေါ်ခိုင်းခဲ့တယ်။"
"ဒါပေမယ့်  အဲ ဒီအရက်သမား စုန်းမအိုကြီးလား။ ငါသူ့ကို ဝံပုလွေလိုက်တဲ့ ဝုဖ်ဟောင်း ခွေးကြီးရဲ့ ပါပီကလေးတွေ ကိုတောင် မွေးခွင့်မပေးနိုင်ဘူး။ လို့ လေဒီ အစ္စဘယ်လာကက ပြောပြီး ကျွန်မတို့ကို သူ့ရဲ့ ခန်းမဆောင်ထဲကို ခေါ်သွားခဲ့တယ်။ မာသာ မွေးတဲ့အချိန် အထိ လော့ဒ်ရောဘတ်က မအိပ်ရဘူး။"
"သူက တော့ တကယ့်အမျိုးကောင်း သမီးကြီးပါပဲ။"
"သူ့လို အမျိုးသမီးကြီးမျိုးက သိပ်များများစားစား ရှိမှာ မဟုတ်ဘူး။"

အဲဖရက်က အိုးထဲတွင် ရေအေး အပြည့်ဖြင့် ပြန်ရောက်လာခဲ့သည်။ တွမ်က အိုးကို မီးဖို အနားတွင် ချလိုက်သည်။ ဆူပွက်ရန် အတွက် မနီးကပ်လွန်းသော နေရာတွင် ဖြစ်ပြီး ရေနွေးနွေး ရရှရန် ဖြစ်သည်။ အက်ဂနက်စ်က သူမ၏ ခြုံထည် အင်္ကျီထဲမှ အသင့်ပြင်ထားသော သန့်ရှင်းသည့် အဝတ်စ ကလေးများ ပါသည့် လိုင်နန် အိတ်ကလေး တစ်လုံးကို ထုတ်လိုက်သည်။

မာသာက သူမ၏ လက်ဖြင့် အပြည့် ကျူပင်များကို ဆောင်ယူပြီး ပြန်လာခဲ့ကာ ထိုင်ချ၍ ကျိုးဖြစ်အောင် ကျစ်နေသည်။

"ဘာဖြစ်လို့ ကြိုးတွေက လိုတာလဲ။" ဟု သူမက မေးသည်။

"သိပ်အရေးကြီးတဲ့ ကိစ္စအတွက်ပေါ့။ မင်းတွေ့ပါလိမ့်မယ်။ ကောင်းကောင်းသာလုပ်။" ဟု တွမ်က ပြောသည်။

အဲဖရက်က ဂဏှာမငြိမ် ဖြစ်နေဟန် နှင့် ရှက်နေဟန် ပေါက်သည်။ "နောက်ထပ် ထင်းတွေ သွားရှာခဲ့။ မီးပုံကို ပိုကြီးအောင် ဖိုရအောင်။" ဟု တွမ်က သူ့ကို ပြောသည်။ ကောင်ကလေးက လုပ်စရာ တစ်ခု ရသွားသဖြင့် ဝမ်းသာသည့် အလား ထွက်သွားသည်။

အက်ဂနက်စ်သည် ကလေးကို သူမ ဝမ်းတွင်းမှ အပြင်သို့ ရောက်အောင် နောက်တစ်ကြိမ် စတင်၍ တွန်းထုတ်လိုက်သော အခါတွင် သူမ၏ မျက်နှာမှာ အားစိုက်ထုတ်ရလွန်းသဖြင့် မခံချိ မခံသာ ပုံပေါက်နေသည်။ လေပြင်းထဲတွင် တကျွိကျွိ မြည်နေသော သစ်ပင်တစ်ပင်၏ အသံတိုးတိုးကဲ့သို့ပင် အသံထွက်နေသည်။ တွမ်အနေနှင့် သူမ၏ ကြိုးစား အားထုတ်မှုသည် သူမအတွက် အလွန် တန်ကြေးများကြောင်း တွေ့နေရသည်။ သူမ၏ နောက်ဆုံးဖယ်ချန်ထားသော ခွန်အားကို အသုံးပြုနေရသည်။ သူ၏ နှလုံးအိမ်ထဲမှ ပြင်းပြင်းထန်ထန် ဆန္ဒပြုမိသည်မှာ သူ့အနေနှင့် သူမကိုယ်စား သူ၏ အားကို စိုက်ထုတ်၍ ဝင်ရောက်ကူညီ မွေးဖွားပေးချင်စိတ်ပင် ဖြစ်သည်။ သူမကို အနည်းငယ်မျှ သက်သာရာ ရစေလိုသည်။ နောက်ဆုံးတွင် နာကျင်မှုသည် သက်သာရာ ရသွားပုံ ရှိပြီး တွမ်အနေနှင့် အသက် ပုံမှန် ပြန်ရှူနိုင် တော့သည်။ အက်ဂနက်စ် အနေနှင့် တခဏတာမျှ မှေးစက် အိပ်ပျော်သွားပုံ ရသည်။

အဲဖရက်က ထင်းချောင်းများ တပွေ့တပိုက်ဖြင့် ပြန်ရောက်လာသည်။ အက်ဂနက်စ်သည် သတိပြန်ဝင်လာပြီး ပြောသည်။ "အရမ်းအေးတယ်။"

"အဲဖရက် မီးကို မြှင့်လိုက်။ မာသာ။ နင့် အမေဘေးမှာ လှဲအိပ်ပြီး သူ့ကို နွေးအောင် နေပေးလိုက်။" ဟု တွမ်က ပြောသည်။ သူတို့နှစ်ယောက်စလုံးက စိုးရိမ်သည့် အကြည့်များဖြင့် သူပြောသည့် အတိုင်း လုပ်ကြသည်။ အက်ဂနက်စ်က မာသာ့ကို သူမ လက်မောင်းများဖြင့် ပွေ့ပြီး နီးကပ်အောင် ဆွဲယူထားသည်။ သူမသည် အအေးဒဏ်ကြောင့် တဆတ်ဆတ်တုန်နေသည်။

တွမ်သည် စိုးရိမ်သောကများဖြင့် မသက်မသာ ဖြစ်လာသည်။ မီးပုံက တဝေါဝေါ တောက်လောက် နေသော်လည်း လေက ပို၍ အေးလာသည်။ အလွန်ပင် အေးလှသဖြင့် မွေးစကလေးငယ် အနေဖြင့် ပထမဆုံး အသက်ရှူခြင်းတွင်ပင် အသက်ပျောက်သွားနိုင်သည်။ ကလေးငယ်များကို ပြင်ပတွင် မွေးသည်မှာ မကြားဖူး မဟုတ်ပေ။ တကယ်တမ်းတော့ လယ်ယာ ရိတ်သိမ်းချိန်တွင် မကြာခဏဆိုသလို ဖြစ်တတ်သည်။ လူတိုင်းက အလုပ်များနေကြပြီး မိန်းမများက နောက်ဆုံးမိနစ် အထိ အလုပ်လုပ်နေကြသော အချိန်တွင် ဖြစ်သည်။ သို့သော်လည်း လယ်ယာရိတ်သိမ်းချိန်တွင် မြေကြီးမှာ ခြောက်သွေ့နေပြီး မြက်များမှာ နူးညံ့ကာ လေထုမှာ နွေးထွေး ညံ့သက်နေသည်။ သူ့အနေနှင့် ဆောင်းရာသီတွင် ပြင်ပတွင် မွေးဖွားသော မိန်းမဟူ၍ မကြားခဲ့ဖူးပေ။

အက်ဂနက်စ်က သူမဘာသာ သူမ တံတောင်ဆစ်များတွင် အားယူထလိုက်ပြီး သူမ၏ ခြေထောက်များကို ပို၍ ဖြန့်ကားလိုက်သည်။

"ဘာဖြစ်တာလဲ။" တွမ်က ကြောက်ရွံ့တုန်လှုပ်သော အသံဖြင့် မေးသည်။

သူမသည် အလွန်အားစိုက်ထုတ်နေရသဖြင့် ပြန်မဖြေနိုင်ပေ။

"အဲဖရက်။ မင်းအမေနောက်မှာ ဒူးထောက်ထိုင်ပြီး မင်းအမေကို မင်းအပေါ်မှီထားပေ့စေ။" ဟု တွမ်က ပြောသည်။

အဲဖရက်က နေရာယူပြီးသော အခါတွင် တွမ်က အက်ဂနက်စ်၏ ခြုံထည်အင်္ကျီကို ဖွင့်လိုက်ပြီး သူမဝတ်စုံ၏ စကတ်ကို ကြယ်သီး ဖြုတ်လိုက်သည်။ သူမ၏ ခြေထောက်များကြားတွင် ဒူးထောက်ထိုင်လိုက်သော အခါတွင် သူ့အနေနှင့် သားအိမ်ဝမှာ ပွင့်ပြီး အနည်းငယ်မျှ စတင်ပြန့်ကား နေပြီ ဖြစ်သည်ကို တွေ့ရသည်။ "သိပ်မကြာတော့ပါဘူး အချစ်ရယ်။" ဟု သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ သူ၏ အသံထဲမှ ကြောက်ရွံ့မှု အရိပ်အယောင်ကို ကြိုးစားပမ်းစား ဖယ်ထုတ်၍ ပြောလိုက်ခြင်းပင် ဖြစ်သည်။

သူမက မျက်လုံးများကို မှိတ်၍ အဲဖရက် အပေါ်တွင် မှီခို နားနေရင်း နောက်တစ်ကြိမ် သက်တောင့်သက်သာ ဖြစ်သွားပြန်သည်။ မီးဖိုမှ တဖြောင်းဖြောင်း မြည်သံများမှ အပ သစ်တော အတွင်းတွင် တိတ်ဆိတ်နေသည်။ ရုတ်တရက်ပင် တွမ်သည် တောပုန်းမိန်းမ အဲလန် အနေနှင့် တောထဲတွင် တစ်ယောက်တည်း မည်သို့ ကလေး မွေးဖွားခဲ့သည်ကို ပြန်တွေးမိသည်။ ထိုအခြေအနေမှာ ကြောက်စရာ လန့်စရာ ပင် ဖြစ်သည်။ သူမအနေနှင့် သူမဘာမှ မလုပ်နိုင်သော အချိန်တွင် ဝံပုလွေ တစ်ကောင်က လာရောက်၍ မွေးကင်းစ ကလေးကို ဆွဲငင်ယူဆောင် သွားမည်ကို ကြောက်လန့်ခဲ့ရသည် ဟု သူမပြောခဲ့သည်။ ဒီနှစ်တွင်တော့ ဝံပုလွေများက ခါတိုင်းထက် ပို၍ ရဲတင်းကြသည်ဟု လူတို့ ပြောကြသည်။ သို့သော် သူတို့အနေနှင့် လူ ၄ယောက် အစုကိုမူ တိုက်ခိုက်ကြမည် မဟုတ်ပေ။

အက်ဂနက်စ်သည် နောက်တစ်ကြိမ် တောင့်တင်း သွားပြီး သူမ၏ ရှုံ့မဲ့နေသော မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက် များက နောက်တဖန် ပေါ်ပေါက်လာပြန်သည်။ ဒါအကုန်ပါပဲ ဟု တွမ်ကတွေးသည်။ သူသည် ကြောက်ရွှံ့နေသည်။ နောက်တစ်ကြိမ် ပွင့်နေသောနေရာက ကျယ်ပြန့်လာသည်ကို သူတွေ့ရသည်။ ဒီတစ်ကြိမ်တွင်တော့ မီးဖိုမှ အရောင်ဖြင့် စိုစွတ်နေသော အနက်ရောင် ဆံပင်များ ရှိသည့် ကလေးငယ်၏ ခေါင်းက တိုးထွက်နေသည်ကို သူမြင်ရသည်။ သူ့အနေနှင့် ဆုတောင်းဝတ်ပြုရန် တွေးမိသော်လည်း အချိန် မရှိတော့ပေ။ အက်ဂနက်စ်သည် တိုတောင်းပြီး မြန်ဆန်သော အသက်ရှူသံများ စတင် ထွက်ပေါ်လာသည်။ ပွင့်နေသော အဝက ပို၍ ကျယ်ပြန့် ကားထွက်လာပြီး မယုံနိုင်စရာ ကောင်းလောက်အောင် ကျယ်လာသည်။ ထို့နောက် ခေါင်းက စ၍ မျက်နှာ အောက်စိုက်ပြီး ထွက်လာသည်။ တွန့်လိမ်နေသော နားရွက်များသည် ကလေးငယ်၏ ဦးခေါင်းဘေးတွင် ပြားကပ်နေသည်ကို တွမ် မြင်နေရသည်။ ထို့နောက်  တွန့်လိပ်နေသော လည်ပင်း အရေပြားများကို တွေ့ရသည်။ သူ့အနေနှင့် ကလေးငယ်သည် ပုံမှန်ပင် ဖြစ်သလား ဆိုသည်ကိုမူ မတွေ့ရသေးပေ။

"ခေါင်းထွက်လာပြီ။" ဟု သူကပြောသော်လည်း အက်ဂနက်စ်က သိနှင့်နေပြီး ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ သူမအနေနှင့် ခံစားသိရှိနိုင်သောကြောင့် ဖြစ်သည်။ သူမက နောက်တစ်ကြိမ် အနားယူပြန်သည်။ ဖြည်းညင်းစွာပင် ကလေးငယ်က လှည့်သည်။ တွမ် အနေနှင့် မှိတ်နေသော မျက်လုံးများနှင့် ပါးစပ်ကို တွေ့ရသည်။ သွေးများနှင့် ဝမ်းတွင်းမှ ချွဲပြစ်သော အရည်များနှင့် စိုစွတ်နေသည်။

မာသာက အော်သည်။ "အို။ကြည့်စမ်းပါဦး။ သူ့ရဲ့ မျက်နှာသေးသေးကလေးကို။"

အက်ဂနက်စ်က သူမအသံကို ကြားပြီး ခဏတာမျှ ပြုံးလိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် အားစိုက်ထုတ်ပြန်သည်။ တွမ်က သူမ၏ ပေါင်ကြားတွင်း ရှေ့သို့ ငိုက်ချလိုက်ပြီး ပုခုံးများ ထွက်လာချိန်တွင် ခေါင်းသေးသေးကလေးကို သူ၏ ဘယ်လက်ဖြင့် မထားပေးသည်။ ထို့နောက် ကျန်ရှိသော ခန္ဓာကိုယ်က အလျှင်အမြန်ပင် ထွက်လာသည်။ တွမ်က သေးငယ်သော ခြေထောက်ကလေးများ အေးစက်သော ကမ္ဘာမြေအတွင်းသို့ ချော်ထွက်လာချိန်တွင် သူ၏ ညာလက်ကို ကလေးငယ်၏ တင်ပါးအောက်တွင် ထားလိုက်သည်။

အက်ဂနက်စ်၏ ပွင့်နေသော အဝမှာ ကလေးငယ်၏ ချက်မှ လာသော သွေးခုန်နေသော အပြာရောင်ချက်ကြိုး၏ ဘေးတွင် အလျင်အမြန် ပြန်ပိတ်သွားသည်။ 

တွမ်က ကလေးငယ်ကို မချီလိုက်ပြီး စိုးရိမ်တကြီး စစ်ဆေးကြည့်ရှုလိုက်သည်။ သွေးတွေက အများကြီးပင် ဖြစ်သဖြင့် တခုခုတော့ အကြီးအကျယ် မှားနေပြီဟု သူ ထင်လိုက်မိသည်။ သို့သော်လည်း အနီးကပ် စစ်ဆေးကြည့်သော အခါ ဘာဒဏ်ရာ ဒဏ်ချက်မှ မတွေ့ရပေ။ သူက ပေါင်နှစ်ချောင်း ကြားကို ကြည့်လိုက်သည်။ ကောင်လေး ဖြစ်သည်။

"ကြည့်ရတာ ဆိုးရွားလိုက်တာ။" ဟု မာသာက ပြောသည်။

"သူက စင်းလုံးချောပါပဲ။" တွမ်က ပြောသည်။ သူ့အနေနှင့် စိတ်သက်သာရာ ရမှုကို အားနည်းခြင်းနှင့် အတူ ခံစားရသည်။ "စင်းလုံးချော ကောင်လေး။"

ကလေးငယ်က သူ၏ ပါးစပ်ကို ဖွင့်ပြီး ငိုလိုက်သည်။

တွမ်က အက်ဂနက်စ်ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်းဆုံ သွားပြီး ပြုံးလိုက်ကြသည်။

တွမ်က ကလေးသေးသေးကလေးကို သူ့ရင်ဘတ်ဖြင့် ကပ်၍ ချီထားလိုက်သည်။ "မာသာ ငါ့ကို အဲဒီအိုးထဲက ပန်းကန်လုံး တစ်လုံးစာ ရေခပ်ပေးစမ်းပါ။" သူမက သူပြောသည့် အတိုင်း လုပ်ရန် ခုန်ထသည်။ "အဝတ်စကလေးတွေ ဘယ်မှာလဲ အက်ဂနက်စ်။" တွမ်က မေးသော အခါ အက်ဂနက်စ်က သူမ ပုခုံးဘေး မြေကြီးပေါ်တွင် ချထားသော လိုင်နင် အိတ်ကို ညွှန်ပြသည်။ အဲဖရက်က တွမ်အား လှမ်းပေးသည်။ ကောင်လေး၏ မျက်နှာမှာ မျက်ရည်တို့ဖြင့် စိုစွတ်နေသည်။ သူ့အနေနှင့် ကလေး မွေးသည်ကို ပထမဦးဆုံး အကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။

တွမ်က အဝတ်စကလေးကို ရေနွေးပန်းကန်လုံး ထဲသို့ နှစ်ပြီး ကလေး၏ မျက်နှာမှာ သွေးများနှင့် အကျိအချွဲများကို ဆေးကြော သုတ်သင် ပေးသည်။ အက်ဂနက်စ်က သူမ၏ သင်တိုင်း အင်္ကျီရှည်ကို အရှေ့ဖက်မှ ကြယ်သီးဖြုတ်လိုက်ပြီး တွမ်က ကလေးငယ်ကို သူမ လက်မောင်းအတွင်း ထည့်ပေးလိုက်သည်။ ကလေးငယ်က အသံစူးစူးဖြင့် အော်ငိုနေဆဲပင် ဖြစ်သည်။ တွမ်ကြည့်နေစဉ်မှာပင် ကလေးငယ်၏ ဗိုက်မှ အက်ဂနက်စ်၏ ပေါင်ကြားသို့ ဆက်ထားသော ကြိုးမှာ သွေးခုန်ခြင်း ရပ်သွားပြီး ရှုံ့တွလာသည်ကို တွေ့ရသည်။

တွမ်က မာသာ့ကို ပြောသည်။ "ခုန ညည်းလုပ်ထားတဲ့ ကြိုးတွေ ငါ့ကိုပေး။ အဲဒါ ဘာအတွက်လဲ ဆိုတာ အခု မြင်ရမယ်။"

သူမက သူ့ကို ကျစ်ထားသော ကျူကြိုး နှစ်ချောင်းကို လှမ်းပေးသည်။ သူက ထိုကြိုးများကို ချက်ကြိုး၏ ၂ နေရာတွင် ချည်လိုက်ပြီး ကြိုးထုံးကို တင်းနေအောင်ဆွဲလိုက်သည်။ ထို့နောက်သူသည် ဓားဖြင့် ကြိုးထုံးနှစ်ခုကြားရှိ ချက်ကြိုးကို ဖြတ်လိုက်သည်။

သူသည် တင်ပါးချပြီး ထိုင်လိုက်သည်။ အခုတော့ သူတို့ အားလုံး လုပ်ကိုင်ပြီးစီးသွားလေပြီ။ အဆိုးဆုံး အခြေအနေကို လွန်မြောက်၍ ကလေးမှာလည်း ကျန်းမာစွာရှိသည်။ သူသည် ဂုဏ်ယူဝင့်ကြွားသလို ခံစားလိုက်ရသည်။

အက်ဂနက်စ်က ကလေး၏ မျက်နှာကို သူမ ရင်သားနေရာသို့ ရွှေ့လိုက်သည်။ ကလေး၏ သေးငယ်သော ပါးစပ်ကလေးမှာ ပြန့်ကားနေသော သူမ၏ နို့သီးခေါင်းကို တွေ့သွားသည်။ သူသည် အငိုရပ်ပြီး စတင်၍ စို့နေလေသည်။

မာသာက အံ့အားသင့်သည် လေသံဖြင့် ပြောသည်။

"ဒီလို လုပ်ရမယ် ဆိုတာကို သူ ဘယ်လိုသိသလဲဟင်။"
"ဒါက ဘုရားသခင်ရဲ့ တန်ခိုးပဲ။" တွမ်က ပြောသည်။

သူက သူမကို ပန်းကန်လုံးကို ကမ်းပေးရင်း ပြောသည်။
"မင်းအမေ သောက်ဖို့ ရေသန့်သန့် သွားခပ်ခဲ့စမ်းပါ။"

"အိုး။ ဟုတ်သားပဲ။" အက်ဂနက်စ်က အခုမှ သူမ ရေဆာနေသည်ကို သတိရသွားသည့် ပမာ ကျေးဇူးတင်သည့် လေသံဖြင့် ပြောသည်။  မာသာက ရေခပ်လာပြီး အက်ဂနက်စ်က ပန်းကန်လုံးထဲရှိ ရေကို ကုန်စင်အောင် သောက်ပစ်လိုက်သည်။

"ကောင်းလိုက်တာ။ ကျေးဇူးပဲ။" ဟုသူမက ပြောသည်။

သူက နို့စို့နေသော ကလေးငယ်ကို ငုံ့ကြည့်ပြီးနောက် တွမ်ကို မော့ကြည့်ကာ ပြောသည်။

"ရှင်ဟာ ယောက်ျားကောင်း တစ်ယောက်ပဲ။"

ထို့နောက် သူမက တိုးတိတ်စွာ ပြောသည်။

"ရှင့်ကို ကျွန်မချစ်တယ်။"

တွမ်သည် သူ့မျက်လုံးထဲတွင် မျက်ရည်စို့လာသည်ကို ခံစားသိရှိလိုက်သည်။ သူက သူမကို ပြုံးကြည့်ပြီးနောက် သူ၏ အကြည့်ကို အောက်သို့ ရွှေ့လိုက်သည်။ သူမသည် သွေးအများအပြား ထွက်နေသေးသည်ကို သူတွေ့နေရသည်။ ယခုထက်တိုင် တဖြည်းဖြည်း ထွက်ကျလာနေဆဲ ဖြစ်သော တွန့်လိန်နေသော ချက်ကြိုးသည် အက်ဂနက်စ်၏ ခြေထောက်များကြားရှိ သူ၏ ခြုံထည်ဝတ်ရုံ ပေါ်ရှိ သွေးအိုင်အတွင်းတွင် ကွေ့ကောက်၍ ပုံကျနေသည်။

သူကအပေါ်သို့ နောက်တစ်ကြိမ်မော့ကြည့်လိုက်သည်။ ကလေးငယ်သည် နို့စို့သည်ကို ရပ်၍ အိပ်ပျော်နေပြီ ဖြစ်သည်။ အက်ဂနက်စ်က သူမ၏ ခြုံထည်ဝတ်ရုံကို သူ့အပေါ်တွင် လွှမ်းလိုက်ပြီး သူမကိုယ်တိုင်လည်း မျက်လုံးမှိတ်သွားသည်။ တခဏမျှ အကြာတွင် မာသာက တွမ်ကို မေးသည်။

"တစ်ခုခုကို စောင့်နေတာလာဟင်။"
"အချင်းလေ" တွမ်က မာသာ့ကို ပြန်ပြောသည်။
"အဲဒါက ဘာလဲ။"
"မင်းတွေ့မှာပေါ့။"

အမေနှင့် ကလေးတို့သည် ခဏတာမျှ မှေးစက်နေကြသည်။ ထို့နောက်တွင် အက်ဂနက်စ်က သူမ၏ မျက်လုံးများကို နောက်တစ်ဖန် ဖွင့်ကြည့်သည်။ သူမ၏ ကြွက်သားများတွန့်သွားပြီး သူမ၏ သားအိမ်ခေါင်းမှာ ကျယ်ပြန့်သွားကာ အချင်းမှာ ထွက်လာသည်။ တွမ်က သူ၏ လက်ဖြင့် ကောက်ယူပြီး ကြည့်လိုက်သည်။ ထိုအရာမှာ သားသတ်သမား၏ စဉ်းနှီတုံးပေါ်မှ အရာတစ်ခုနှင့် တူနေသည်။ အနီးကပ်၍ သေချာစွာကြည့်သော အခါ ထိုအရာမှာ စုတ်ပြဲနေသည်ဟု ထင်ရသည်။ တစ်စုံတစ်ခု ပျောက်ဆုံးနေသည့် ပမာပင် ထင်ရသည်။ သို့သော် သူ့အနေနှင့် အချင်းကို ဤမျှ နီးကပ်စွာ တစ်ခါမျှ မကြည့်ခဲ့ဖူးသဖြင့် ဤပုံစံပင်ဖြစ်မည်ဟု တွက်ဆလိုက်သည်။ ဝမ်းဗိုက်မှ စုတ်ပြဲထွက်လာသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သူသည် အချင်းကို မီးထဲသို့ ပစ်ထည့်လိုက်သည်။ မီးလောင်ကျွမ်းသော အခါတွင် ဆိုးရွားသော အနံ့အသက် ထွက်ပေါ်လာသည်။ သို့သော်လည်း သူလွှတ်ပစ်လိုက်မည် ဆိုပါက ထိုအရာသည် မြေခွေးများ ကို ဆွဲဆောင်ပေလိမ့်မည်။ ထို့ထက် ပိုဆိုးပါက ဝံပုလွေများပင် ပါဝင် နိုင်သည်။

အက်ဂနက်စ်ထံမှ ဆက်လက်၍ သွေးထွက်နေဆဲပင် ဖြစ်သည်။ တွမ်အနေနှင့် အချင်းထွက်လာပြီးနောက် သွေးများ ဆက်လက်ယိုစီးကျလာသည်ကို  ပြန်လည်သတိရမိသော်လည်း ဤမျှ များပြားသည်ဟု မထင်ပေ။ သူ့အနေနှင့် အရေးကြီးသော အချိန်သည် ကျော်လွန်မသွားသေးကြောင်း သတိပြုမိသည်။ သူ့အနေနှင့် အစာမရှိခြင်းနှင့် အကန့်အသတ်လွန်အောင် ပင်ပန်းခြင်းတို့ကြောင့် ခေတ္တမျှ မူးမေ့သွားသည့်ပမာ ခံစားလိုက်ရသည်။ သို့သော် ထိုခဏတာသည် ကျော်လွန်သွားပြီး သူ့ဘာသာသူ အားအင်များကို ပြန်လည်၍ စုစည်းလိုက်သည်။

"မင်းသွေးတွေ ထွက်နေတုန်းပဲ။ နည်းနည်းပေါ့။" သူက အက်ဂနက်စ်ကို ပြောသည်။ သူစိုးရိမ်သလောက် အသံထဲတွင် မပေါ်လွင်အောင် ဂရုစိုက်၍ ပြောခြင်း ဖြစ်သည်။

"ခဏနေရင် ရပ်သွားပါလိမ့်မယ်။ ငါ့ကို တခုခုနဲ့ ခြုံထားပေးပါ။" သူမက ပြန်ပြောသည်။

တွမ်က သူမ စကတ်၏ ကြယ်သီးများကို ပြန်တပ်ပေးလိုက်ပြီး သူမ၏ ခြုံထည်ဝတ်ရုံကို သူမ၏ ခြေထောက်များတွင် ပတ်ပေးလိုက်သည်။

"ကျွန်တော် နားလို့ ရပြီလားဟင်။" ဟု အဲဖရက်က လှမ်းမေးသည်။

သူသည် အက်ဂနက်စ်၏ အနောက်တွင် ဒူးထောက်ထိုင်နေဆဲ ဖြစ်ပြီး သူမကို ထိန်းထားခြင်း ဖြစ်သည်။ သူ့အနေနှင့် ပုံစံ တစ်ခုတည်းဖြင့် အကြာကြီး နေနေရသဖြင့် ထုံကျင်ကိုက်ခဲနေလောက်ပြီ ဖြစ်သည်။

"ငါမင်းနေရာကို လာခဲ့မယ်။" ဟု တွမ်ကပြောသည်။ အက်ဂနက်စ် အနေနှင့် သူမ၏ ခန္ဓာကိုယ် တစ်ဝက်ကို မတ်အောင် နေပါက ကလေးနှင့် နေရသည်မှာ ပိုအဆင်ပြေပေလိမ့်မည် ဟု သူကတွေးသည်။ ထို့အပြင် သူမ၏ နောက်ကျောမှ ခန္ဓာကိုယ်သည် သူမ၏ ကျောကို နွေးနေစေမည် ဖြစ်ပြီး လေတိုက်ခြင်းမှလည်း ကာကွယ် ပေးနိုင်ပေလိမ့်မည်။ သူက အဲဖရက်နှင့် နေရာလဲလိုက်သည်။ အဲဖရက်က သူ၏ နုနယ်သေးသော ခြေထောက်များကို ဆန့်ရင်း ဗလုံးဗထွေး ညည်းတွားလိုက်သည်။ တွမ်က သူ၏ လက်မောင်းများဖြင့် အက်ဂနက်စ်နှင့် ကလေးငယ်ကို ပွေ့ဖက်လိုက်သည်။
"ဘယ်လို နေသေးလဲ။" ဟု သူကမေးသည်။
"ပင်ပန်းတာ တစ်ခုပါပဲ။"

ထိုအချိန်တွင် ကလေးက ငိုသည်။ အက်ဂနက်စ်က ကလေးအား သူမ၏ နို့သီးခေါင်းကို တွေ့နိုင်ရန် နေရာ ရွှေ့ပေးလိုက်သည်။ ကလေးက နို့စို့နေချိန်တွင် သူမ အိပ်ပျော်သွားဟန် တူသည်။

တွမ်သည် စိတ်မသက်မသာ ဖြစ်နေသည်။ ပင်ပန်းသည်ကတော့ ပုံမှန်ပင် ဖြစ်သည်။ သို့သော် အက်ဂနက်စ်၏ လေးလံ ထိုင်းမှိုင်းနေမှုက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သူမသည် အလွန်အားနည်းနေသည်။

ကလေးငယ်က အိပ်ပျော်သွားသည်။ မကြာမီမှာပင် အခြားကလေးနှစ်ယောက်လည်း အိပ်ပျော်သွားသည်။ မာသာက အက်ဂနက်စ်၏ ဘေးတွင် ကွေးကွေးကလေး အိပ်နေပြီး အဲဖရက်ကတော့ မီးပုံ၏ တခြားဘက်တွင် ဆန့်ဆန့်ကြီး အိပ်နေသည်။ တွမ်က အက်ဂနက်စ်ကို သူ၏ လက်မောင်းများအတွင်း ထွေးပွေ့ထားပြီး အသာအယာ ပွတ်သပ်ပေးနေသည်။ အမြဲမကြာခဏ ဆိုသလိုပင် သူသည် သူမ၏ ခေါင်းထိပ်ကို နမ်းရှုပ်နေသည်။  သူ့အနေနှင့် သူမ အိပ်မောကျသည်ထက် ကျလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်လာသည်ဟု ခံစားရသည်။  ဤသို့ ဖြစ်သည်ကပင် သူမအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူထင်သည်။ သူက သူမ၏ ပါးပြင်ကို ထိလိုက်သည်။ သူက သူမကို နွေးထွေးအောင် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား ထားသော်လည်း သူမ၏ ပါးပြင်က စိုစွတ်ထိုင်းမှိုင်းနေသည်။ သူက သူမ၏ ခြုံထည်အင်္ကျီအတွင်းသို့ လက်နှိုက်၍ ကလေး၏ ရင်ဘတ်ကို စမ်းလိုက်သည်။ ကလေးက နွေးထွေးနေပြီး သူ၏ ရင်ခုန်သံမှာ ပြင်းပြစွာ ခုန်နေသည်။ တွမ်က ပြုံးလိုက်သည်။ အကြမ်းခံနိုင်တဲ့ကလေး။ မသေပဲ ကျန်နေတဲ့ကလေး ဟု စိတ်ထဲတွင် တွေးမိသည်။

အက်ဂနက်စ်က လှုပ်ရှားလာပြီး ခေါ်လိုက်သည်။ "တွမ်"
"အင်း။"
"ရှင်ကျွန်မ အဖေရဲ့ ဘုရားကျောင်းအတွက် အလုပ်လုပ်နေတဲ့ အချိန်က ရှင်နေတဲ့နေရာကို ကျွန်မ ညဖက်ကြီး ရောက်လာတာ မှတ်မိလား။"
"မှတ်မိတာပေါ့ကွယ်။ ဘယ်လိုလုပ်မေ့နိုင်မှာလည်း။" သူက သူမကို အသာအယာ ပုတ်ရင်း ပြောသည်။
"ကျွန်မလေ ကျွန်မ တကိုယ်လုံး ရှင့်ကို ပုံပေးလိုက်ရတဲ့ အတွက် ဘယ်တော့မှ ဝမ်းမနည်းခဲ့ဖူးဘူး။ တကယ်ကို ခဏတဖြုတ်ပဲ ဖြစ်ဖြစ် ဘယ်တုန်းကမှ ဝမ်းမနည်း ခဲ့ဖူးဘူး။ ကျွန်မ အဲဒီညကို ပြန်တွေးလိုက်တိုင်းလေ အရမ်းကို ကြည်နူးတာပဲ။"

သူက ပြုံးလိုက်သည်။ တကယ်တော့ ဤသို့ သိခွင့်ရသည်မှာ သူ့အတွက် အလွန်ကောင်းလှပေသည်။
"ငါလည်း မင်းလိုပါပဲကွယ်။ မင်းအဲဒီလို တွေးတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။"
သူမက ခဏမျှ မှေးသွားပြန်သည်။ ထို့နောက် သူမက ဆက်၍ ပြောပြန်သည်။

"ရှင် ကက်သီဒရယ် ဘုရားကျောင်းကြီး ဆောက်နိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။"
သူအံအားသင့်သွားသည်။

"ငါထင်တာက မင်းက အဲဒီကိစ္စကို သဘောမတူဘူး မဟုတ်လား။"
"ဟုတ်တယ်။ ကျွန်မ သဘောမတူခဲ့ဘူး။ ဒါပေမယ့် ကျွန်မ မှားတယ်။ ရှင့်အတွက် လှလှပပ တစ်ခုတော့ ဆောက်ဖို့ ထိုက်တန်တယ် ထင်တာပဲ။"
သူမ ဘာကို ဆိုလိုချင်သည် ဆိုသည်ကို သူမသိပေ။

"ကျွန်မ အတွက် ကက်သီဒရယ် ဘုရားကျောင်း လှလှပပ တစ်ခုလောက် ဆောက်ပေးပါလား။" သူမက ပြောပြန်သည်။

သူမပြောနေသည့် စကားများသည် အဆက်အစပ် မရှိလှပေ။ သူမ ပြန်၍ အိပ်ပျော်သွားသည့် အတွက် သူ ဝမ်းသာသည်။ ဤတစ်ကြိမ်တွင်မူ သူမ၏ ခန္ဓာကိုယ်သည် ပျော့ဖတ်နေပြီး သူမ၏ ခေါင်းက တစ်ဖက်သို့ စောင်းနေသည်။ တွမ်က ကလေးငယ်ကို သူမ၏ ရင်ခွင် အတွင်းမှ ပြုတ်ကျမသွားအောင် ထိန်းပေးထားရသည်။

သူတို့သည် ထို အနေအထား အတိုင်း အချိန် အတော်ကြာအောင် လှဲလျောင်းနေကြသည်။ နောက်ဆုံးတွင်တော့ ကလေးငယ်က နိုးလာပြီး ငိုတော့သည်။ အက်ဂနက်စ် ထံမှ ဘာတုံ့ပြန်မှုမှ မရပေ။ ကလေးငိုသံကြောင့် အဲဖရက် နိုးလာသည်။ သူက လူးလှိမ့်ရင်း သူ၏ ညီ ကလေးငယ်ကို လှမ်းကြည့်လိုက်သည်။

တွမ်က အက်ဂနက်စ်ကို အသာအယာ လှုပ်နိုးသည်။ "ထဦး။ ကလေး ဆာနေပြီ။" သူက ပြောသည်။

"အဖေ။" အဲဖရက်က တုန်လှုပ်သည့် အသံဖြင့် ပြောသည်။ "အမေ့မျက်နှာကို ကြည့်ပါဦး။"

တွမ်၏ စိတ်ထဲတွင် ဆိုးရွားသည့် အရာတစ်ခုခု ဖြစ်တော့မည်ကို ကြိုသိနေသလို ခံစားရသည်။ သူမ သွေးထွက်သည်က အလွန်များလှသည်။ "အက်ဂနက်စ်" ဟု သူကခေါ်လိုက်သည်။

"ထပါဦး။" သူမထံမှ မည်သို့သော တုံ့ပြန်မှုမှ ပြန်မလာပေ။ သူမသည် သတိလစ်နေပြီ ဖြစ်သည်။ သူက နေရာမှ ထလိုက်ပြီး သူမ၏ ကျောကုန်းကို မြေကြီးပေါ်တွင် ဆန့်ဆန့်ဖြစ်သွားသည် အထိ လျှောချလိုက်သည်။ သူမ၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင်ပင် ဖြူဖွေးနေသည်။

သူသည် ထပ်မံ မြင်တွေ့ရတော့မည့် အရာကို ကြောက်ရွံ့စွာဖြင့်ပင် သူမ၏ ခါးတွင် ပတ်ထားသော ခြုံထည်အင်္ကျီကို ဖြည်ချလိုက်သည်။

သွေးတွေက နေရာတိုင်းလိုလိုတွင် ရှိနေသည်။

အဲဖရက်က ပါးစပ်အဟောင်းသားနှင့် အံ့ဩသွားပြီး တစ်ဖက်သို့ လှည့်သွားသည်။

"ယေရှုဘုရား ကယ်တော်မူပါ။" ဟု တွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ကလေးငိုသံကြောင့် မာသာနိုးလာသည်။ သူမက သွေးများကို မြင်သွားပြီး ကြောက်ရွံ့စွာဖြင့် စတင် ဟစ်အော်လေတော့သည်။

တွမ်က သူမကို ကောက်ချီလိုက်ပြီး သူမမျက်နှာကို လက်ဖမိုးဖြင့် တစ်ချက်ရိုက်လိုက်သည်။ သူမ အသံတိတ်သွားသည်။ သူမ အသံတိတ်သွားသည်။ "မအော်နဲ့လေ။" ဟု သူက တည်ငြိမ်အေးဆေးစွာ ပြောပြီး သူမကို ပြန်ချလိုက်သည်။

"အမေက အသည်းအသန် ဖြစ်နေတာလား။" အဲဖရက်က မေးသည်။

တွမ်က သူ့လက်ကို အက်ဂနက်စ်၏ ဘယ်ဖက် ရင်သားအောက်ရှိ ရင်အုံပေါ်တွင် တင်လိုက်သည်။ သူမ နှလုံးမခုန်တော့ပေ။

နှလုံးမခုန်တော့။

သူက အားသွင်းသာ ထပ်၍ဖိလိုက်သည်။ သူမ၏ အသားများက နွေးထွေးနေပြီး သူမ၏ ကြီးမားလှသော ရင်သား၏ အောက်ပိုင်းက သူ့လက်ကို ထိနေသည်။ သို့သော်လည်း သူမ အသက်မရှုတော့ပေ။ နှလုံးလည်း မခုန်တော့ပေ။

ထုံကျင်နေသော အေးစက်ခြင်းက တွမ်အပေါ်တွင် မြူဆိုင်းသကဲ့သို့ ဖုံးလွှမ်းသွားသည်။ သူမ ထွက်သွားလေပြီ။ ဘာလို့ သူမ ဒီမှာ ရှိမနေတော့တာလဲ။ သူ့အနေနှင့် သူမကို လှုပ်ရှားစေချင်သည်။ မျက်လုံးများကို ဖွင့်ကြည့်စေချင်သည်။ အသက်ရှုနေစေချင်သည်။  သူက သူ၏ လက်ကို သူမရင်ဘတ်ပေါ်တွင် တင်ထားဆဲပင် ဖြစ်သည်။ တခါတလေတော့ နှလုံးခုန်ခြင်းသည် ရပ်တန့်သွားပြီး မှ နောက်တစ်ကြိမ် ပြန်ခုန်တတ်သည်ဟု အချို့က ပြောကြသည်။ သို့သော်လည်း သူမအတွက်တော့ သွေးတွေ အမြောက်အများ ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

"အမေ။ သေသွားပြီ။" သူက အဲဖရက်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

အဲဖရက်က သူ့ကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေသည်။ မာသာကတော့ စတင်ငိုကြွေးနေပြီ ဖြစ်သည်။ ကလေးငယ် ကလေးကလည်း ငိုကြွေးနေသည်။ ငါ သူတို့ကို စောင့်ရှောက်ရမယ် ဟု တွမ်က တွေးနေမိသည်။ ငါ သူတို့အတွက် စိတ်ဓာတ် ကြံ့ခိုင်နေမှ ဖြစ်မယ် ဟု တွေ:မိသည်။ သို့သော်လည်း တွမ် ငိုချင်နေသည်။ သူမ၏ အေးစက်နေသော ခန္ဓာကိုယ်တွင် သူ၏ လက်မောင်းကို ရစ်ပတ်ပြီး သူမကို ထွေးပွေ့ထားချင်သည်။ သူမအား မိန်းကလေးငယ် တစ်ယောက်အနေနှင့် ရယ်မောနေခြင်း ချစ်တင်းနှီးနှောနေခြင်းတို့ကို သတိရနေမိသည်။ သူသည် ဒေါသကြီးစွာ ဟစ်အော်ငိုချင်နေပြီးညှာတမှု ကင်းမဲ့လှသော ကောင်းကင်ဘုံ အတွက် သူ့လက်သီးကို လှုပ်ရမ်းနေမိသည်။ သို့သော်လည်း သူအသည်းမာ အောင် ထိန်းထားသည်။ သူ့အနေနှင့် ဆက်လက် ထိန်းချုပ်ထားရန် လိုအပ်သည်။ ကလေးတွေ အတွက် စိတ်ဓာတ်ခိုင်မာနေဖို့ လိုသည်။

သူမျက်ရည် တစ်စက်မျှ မကျပေ။

ပထမဆုံး ဘာလုပ်ရမလဲ။ ဟု သူစဉ်းစားသည်။

သူမကို မြှုပ်နှံဖို့ တွင်းတူးရမည်။

သူ့အနေနှင့် ကျင်းကို နက်နက် တူးပြီး သူမကို မြှုပ်မှ ဖြစ်မည်။ သို့မှသာ ဝံပုလွေများ၏ ရန်မှ ကင်းဝေးမည်။ သူမ၏ အရိုးများကိုလည်း နောက်ဆုံးတရားစီရင်သော နေ့အထိ ထိန်းသိမ်းထားနိုင်ပေမည်။ တွင်းတူးပြီးလျှင် သူမ၏ ဝိဉာဉ်အတွက် ဆုတောင်းပေးရမည်။ အက်ဂနက်စ်ရယ်။ မင်းငါ့ကို ဘာဖြစ်လို့ တစ်ယောက်တည်း ထားခဲ့တာလဲ။ ဟု သူစိတ်ထဲမှ ပြောမိသည်။

မွေးခါစ ကလေးငယ်က ငိုနေဆဲပင် ဖြစ်သည်။ သူ၏ မျက်လုံးများမှာ တင်းတင်းကျပ်ကျပ် ပိတ်နေပြီး သူ၏ ပါးစပ်များများ စည်းချက်ကျကျ ဖွင့်လိုက်ပိတ်လိုက်နှင့် လှုပ်ရှားနေကြသည်။ သူ့အတွက် အာဟာရ ဖြည့်စရာ ပစ္စည်းကို လေထဲမှ ရနေသည့် အလားပင် ဖြစ်သည်။ သူ့ကို နို့တိုက်ဖို့ လိုသည်။ အက်ဂနက်စ်၏ နို့အုံထဲတွင် ပူနွေးနေသော နို့ရည်များ အပြည့် ရှိနေသေးသည်။ ဘာဖြစ်လို့ သောက်လို့ မရမှာလဲ။ ဟု တွမ်က တွေးမိသည်။ သူက ကလေးငယ်ကို နို့အုံရှိရာသို့ ရွှေ့ပေးလိုက်သည်။ ကလေးငယ်က နို့သီးခေါင်းကို တွေ့သွားပြီး စတင်၍ စို့တော့သည်။ တွမ်က အက်ဂနက်စ်၏ ခြုံထည်အင်္ကျီကို ကလေးငယ်အား တင်းတင်းကျပ်ကျပ် ရစ်ပတ်ပေးထားလိုက်သည်။

မာသာက သူမ၏ လက်မကို စုပ်ရင်း မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်။ တွမ်က သူမကို လှမ်းပြောသည်။

"မင်း ကလေးကို ကိုင်ထားပါလား။ ပြုတ်မကျအောင်။"

သူမက ခေါင်းကို ငြိမ့်လိုက်ပြီး သေဆုံးနေသော သူ့အမေနှင့် ကလေးငယ်ဘေးတွင် ဒူးထောက် ထိုင်လိုက်သည်။

 တွမ်က ဂေါ်ပြားကို ကောက်ယူလိုက်သည်။ သူမအနေနှင့် ဤနေရာကို သူမ၏ နောက်ဆုံးနားခိုရာ အဖြစ်ရွေးချယ်ခဲ့သည်။ သူမသည် သစ်အယ်ပင်၏ သစ်ကိုင်းအောက်တွင် ထိုင်လျှက် အနေအထားဖြင့် ရှိနေသည်။ ဒီနေရာဟာ သူမရဲ့ နားခိုရာ နေရာဖြစ်ပါစေတော့လေ။ သူ့အနေနှင့် မြေပြင်ပေါ်သို့ ထိုင်ချ၍ ငိုချလိုက်ချင်စိတ်ကို အတော်ပင် အောင့်အည်းသည်းခံနေရသည်။ သူသည် သစ်ပင်၏ ပင်စည်နှင့် ကိုက်အနည်းငယ်အကွာရှိ မြေကြီးပေါ်တွင် ထောင့်မှန်စတုဂံ ပုံသဏ္ဍာန် အမှန်အသား ပြုလိုက်သည်။ သစ်မြစ်များ မြေကြီးပေါ်တွင် ရှိမနေသည့် နေရာဖြစ်သည်။ ထို့နောက် သူသည် မြေကြီးကို စတင်တူးဆွတော့သည်။ ထိုသို့ ပြုလုပ်ခြင်းက သူ့စိတ်ကို အကူအညီဖြစ်စေသည်။ သူ့အနေနှင့် မြေကြီးမာမာပေါ်တွင် သူ၏ ဂေါ်ပြားကို ထိုးဆွ၍ မြေကြီးများကို တူးယူသည့် အခါတွင် သူ့စိတ်အစုံက ဟာလာဟင်းလင်း ဖြစ်နေပြီး သူ့အနေနှင့် စိတ်ကို အေးချမ်းအောင် ထိန်းသိမ်းထားနိုင်သည်။ သူနှင့် အဲဖရက်တို့ အလှည့်ကျ မြေကြီးတူးကြသည်။ သူ့အတွက်လည်း ထပ်တလဲလဲ လုပ်နေသော ကိုယ်ကာယ အလုပ်ဖြင့် စိတ်သက်သာရစေသည်။ သူတို့သည် အလျှင်အမြန်တူးဆွကြသည်။ အားသွန်ခွန်စိုက် လုပ်ကြသည်။ လေထုကအေးစက်နေသော်လည်း သူတို့နှစ်ဦးစလုံး နေ့ခင်းပမာပင် ချွေးပျံ နေကြသည်။

နောက်ဆုံးတွင်တော့ အဲဖရက်က သူ့အား ဖွင့်မေးသည်။ " ဒီလောက်ဆို မရသေးဘူးလား။"

တွမ်အနေနှင့် သူ့တစ်ရပ်စာမျှ ရှိသော တွင်းအတွင်းတွင် ရပ်နေမိသည်ကို ထိုအခါမှ သတိပြုမိသည်။ သူ့အနေနှင့် လုပ်လက်စ အလုပ်ကို မပြီးဆုံးချင်ပေ။ သူက စိတ်မပါ့တပါဖြင့် ခေါင်းငြိမ့်ပြရင်း ပြောလိုက်သည်။

"ရလောက်ပြီ။"

သူ တွင်းထဲမှ အပြင်သို့ ကုန်းရုန်းပြီး တက်လိုက်သည်။

သူတွင်းတူးနေစဉ်မှာပင် အာရုဏ်ဦး၏ ရောင်နီက ပွင့်လန်းလာပြီဖြစ်သည်။ မာသာက ကလေးငယ်ကို ကောက်ယူပြီး မီးပုံအနားတွင် ထိုင်ကာ လှုပ်ယမ်းချော့မြူနေသည်။ တွမ်က အက်ဂနက်စ် အလောင်းဘေးသို့ သွားပြီး ဒူးထောက်ထိုင်လိုက်သည်။ သူက သူမ၏ ခြုံထည်ကို သူမ ကိုယ်ပေါ်တွင် တင်းတင်းကျပ်ကျပ် ရစ်ပတ်လိုက်သည်။ သူမ၏ မျက်နှာကိုမူ ဖော်ထားသည်။ ထို့နောက် သူမခန္ဓာကိုယ်ကို ပွေ့ယူလိုက်သည်။ သူက တွင်းအနားသို့ လျှောက်သွားပြီး သူမကို ဘေးတွင် ချထားလိုက်သည်။ ထို့နောက် သူ တွင်းထဲသို့ ဆင်းလိုက်သည်။

သူက သူမကို မယူလိုက်ပြီး မြေကြီးပေါ်တွင် ညင်သာစွာချလိုက်သည်။ သူက မြှုပ်နှံရန် တူးထားသော အေးစက်နေသော တွင်းထဲတွင် သူမ၏ ခန္ဓာကိုယ်ဘေးတွင် ဒူးထောက်ထိုင်ရင်း သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။ သူက သူမ၏ နှုတ်ခမ်းကို တစ်ချက်မျှ ဖွဖွ နမ်းရှိုက်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများကို ပိတ်ပေးလိုက်သည်။

သူက တွင်းထဲမှ ပြန်တက်လာသည်။ "ကလေးတွေ။ ဒီကိုလာကြ" ဟု သူက လှမ်းခေါ်လိုက်သည်။ အဲဖရက်နှင့် မာသာတို့က သူ၏ တစ်ဖက်တစ်ချက်တွင် ရပ်လိုက်ကြသည်။ မာသာက ကလေးငယ်ကို ပွေ့ချီထားသည်။ တွမ်က သူ၏ လက်နှစ်ဖက်ဖြင့် သူတို့ နှစ်ဦးစလုံးကို ပွေ့ဖွက်လိုက်သည်။ သူတို့ တွင်းထဲသို့ စိုက်ကြည့်လိုက်ကြသည်။
"ဘုရားသခင်က အမေ့ကို ကောင်းချီးပေးပါစေ။" တွမ်က ရေရွတ်လိုက်သည်။

"ဘုရားသခင်က အမေ့ကို ကောင်းချီးပေးပါစေ။" ကလေး နှစ်ဦးက လည်း အလားတူ ရေရွတ်ကြသည်။

မာသာက ရှိုက်ငိုနေပြီး အဲဖရက်၏ မျက်ဝန်းထဲတွင်လည်း မျက်ရည်များကျနေသည်။ တွမ်က သူတို့နှစ်ဦးစလုံးအား ပွေ့ဖက်လိုက်ပြီး သူ၏ မျက်ရည်ကို မကျရန် အောင့်အည်းထိန်းချုပ်လိုက်သည်။

သူက သူတို့ကို လွှတ်လိုက်ပြီး ဂေါ်ပြားကို ကောက်ယူလိုက်သည်။ သူက ပထမဆုံးမြေကြီးကို တွင်းထဲသို့ ကော်ထည့်လိုက်သော အချိန်တွင် မာသာက အသံကုန်ခြစ်အော်လိုက်သည်။ အဲဖရက်က သူ့ညီမ၏ ပုခုံးကို ဖက်ထားလိုက်သည်။ တွမ်က မြေကြီးများကို တွင်းထဲသို့ ဆက်တိုက် ကော်ထည့်နေသည်။ သူ့အနေနှင့် သူမ၏ မျက်နှာပေါ်တွင် မြေကြီးကို ပုံမချရက်ပေ။ သူက သူမ၏ ခြေထောက်ကို မြေကြီးဖြင့် ဖုံးအုပ်သည်။ ထိုမှတဖန် သူမ၏ ပေါင်နှင့် ခန္ဓာကိုယ်ကို ဖုံးအုပ်သည်။ မြေကြီးများက တဖြည်းဖြည်း စုဝေးလာပြီး မြေကြီးပုံတစ်ခုဖြစ်လာသည်။ ဂေါ်ပြားတစ်ပြားစာ ကော်ထည့်လိုက်တိုင်းအောက်သို့ လျှောကျသွားသည်။ နောက်ဆုံးတွင် မြေကြီးက သူမ၏ လည်ပင်းကို ဖုံးအုပ်သွားသည်။ သူနမ်းခဲ့သော နှုတ်ခမ်းပါးကို ဖုံးအုပ်သွားသည်။ နောက်ဆုံးတွင် သူမ၏ မျက်နှာ ပျောက်ကွယ်သွားသည်။ သူမကို နောက်တစ်ကြိမ် တွေ့နိုင်တော့မည် မဟုတ်ပေ။

သူက မြေတွင်းကို အလျှင်အမြန် ဖို့နေသည်။

နောက်ဆုံး အားလုံးပြီးဆုံးသွားသည့် အခါတွင် သူက ရပ်၍ မြေပုံကို စိုက်ကြည့်နေသည်။ "သွားတော့ အချစ်ရေ" ဟု သူက တိုးတိုးလေး ရေရွတ်သည်။ "မင်းက ငါ့အတွက် ဇနီးကောင်းပါပဲ။ ငါမင်းကို ချစ်တယ်။"

သူသည် အားတင်းပြီး နောက်သို့ လှည့်လိုက်သည်။

သူ၏ ခြုံထည်အင်္ကျီမှာ အက်ဂနက်စ် လဲလျောင်းပြီး ကလေးကိုမွေးဖွားခဲ့သော နေရာရှိ မြေကြီးပေါ်တွင် ရှိနေသေးသည်။ အောက်ပိုင်းတစ်ခြမ်းမှာ အကျိအချွဲများ ခြောက်သွေ့နေသော သွေးများ ဖြင့် စိုစွတ်နေသည်။ သူက ဓားကိုထုတ်လိုက်ပြီး ခြုံထည်အင်္ကျီကို အလယ်တစ်ဝက်လောက်မှ မှန်းပြီး ဖြတ်လိုက်သည်။ ထို့နောက်သူသည် သွေးစွန်းနေသော အပိုင်းကို မီးပုံထဲသို့ ပစ်ထည့်လိုက်သည်။

မာသာက ကလေးငယ်ကို ပွေ့ချီထားဆဲဖြစ်သည်။ "သူ့ကို ငါ့ဆီပေးလိုက်ပါ။" တွမ်က လှမ်းပြောသည်။ သူမက ကြောက်ရွံ့သော အသွင်ရှိသည့် မျက်လုံးများဖြင့် သူ့ကို လှမ်းကြည့်သည်။ သူက ကိုယ်တုံးလုံး ဖြစ်နေသော ကလေးငယ်ကို ခြုံထည်အင်္ကျီ၏ ကျန်နေသော အသန့် ပိုင်းနှင့် ရစ်ပတ်လိုက်ပြီး မြေပုံပေါ်တွင် တင်လိုက်သည်။ ကလေးက အော်ငိုနေလေသည်။

သူက ကလေးများဖက်သို့ လှည့်လိုက်သည်။ သူတို့က သူ့အား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့် နေကြသည်။  သူက လှမ်းပြောသည်။
"ငါတို့မှာ ကလေးကို အသက်ရှင်အောင် မွေးဖို့ ဘာနို့မှ မရှိဘူး။ အဲဒီတော့ သူ ဒီမှာပဲ သူ့အမေနဲ့ အတူ အိပ်နေခဲ့ပါစေ။"
"အဲဒါဆို သူသေသွားမှာပေါ့။" ဟု မာသာက ပြန်ပြောသည်။
"အင်း။" တွမ်က သူ့အသံကို ထိန်း၍ ပြောသည်။
"ငါတို့ ဘာပဲ လုပ်လုပ် သူသေမှာပဲလေ။"
သူ့အနေနှင့် ကလေးအငိုတိတ်ပါစေဟု စိတ်ထဲက ကြိတ်၍ ဆုတောင်းနေမိသည်။

သူက သူတို့ပိုင်ဆိုင်သော ပစ္စည်းများ အားလုံးကို စုစည်းပြီး ထမင်းအိုးထဲသို့ စုထည့်လိုက်သည်။ ထို့နောက် အိုးကို အက်ဂနက်စ် လုပ်နေကျ အတိုင်းပင် သူ့ကျောကုန်းနောက်တွင် သိုင်း၍ ချီလိုက်သည်။

"သွားကြစို့။" ဟု သူကပြောလိုက်သည်။

မာသာက စတင်၍ ငိုရှိုက်တော့သည်။ အဲဖရက်၏ မျက်နှာမှာ သွေးဆုတ်နေသည်။ သူတို့သည် အေးစက်သော မနက်ခင်း၏ မှိန်ပျပျ အလင်းရောင်အောက်တွင် လမ်းမအတိုင်း ခရီးဆက်ခဲ့ကြတော့သည်။ နောက်ဆုံးတွင်တော့ ကလေးငယ်၏ ငိုသံသည် တဖြေးဖြေး မှေးမှိန်ကာ ပျောက်ကွယ်သွားတော့သည်။

သူမကို မြှုပ်နှံထားရာ နေရာတွင် ဆက်နေရန် မသင့်လျော်ပေ။ ကလေးများ အနေနှင့် အိပ်ပျော်လိမ့်မည် မဟုတ်သကဲ့သို့ တစ်ညလုံး ထိုင်၍  ဝမ်းနည်းပူဆွေးနေရန်မှာလည်း အဓိပ္ပာယ်ရှိသော အရာမဟုတ်ပေ။ သူတို့အတွက် ဆက်လက်သွားနေခြင်း ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

တွမ်က လမ်းကို အမြန်လျှောက်နေသည်။ သို့သော်လည်း သူ၏ အတွေးများက အခုအခါတွင် ပျံ့လွင့်နေကြသည်။ သူ့အနေနှင့် ဆက်လက် ထိန်းချုပ်ရန် မစွမ်းသာတော့ပေ။ သူတို့အနေနှင့် လမ်းဆက်လျှောက်ရုံမှ လွဲ၍ ဘာမှ လုပ်စရာ မရှိပေ။ ဘာမှ စီစဉ်စရာမရှိ။ လုပ်စရာ အလုပ်လည်း မရှိ။ တခြား ဘာမှ လုပ်စရာလည်း မရှိ။ အုံ့မှိုင်းနေသော သစ်တောအုပ်နှင့် မီးတုတ် အလင်းရောင်များတွင် ဟိုမှသည်မှ ရွေ့လျားနေသော အရိပ်များမှ လွဲလျှင် ဘာမှကြည့်စရာလည်းမရှိပေ။ သူက အက်ဂနက်စ် အကြောင်းစဉ်းစားနေမိသည်။ အတွေးထဲတွင် မျောလွင့်ပြီး သူ့ဘာသာသူ ပြုံးနေမိသည်။ ထို့နောက် သူ မည်သည့်အရာကို သတိရသွားသည်ကို ပြောပြရန် သူမဘက်သို့ လှည့်လိုက်သည်။ သို့သော်လည်း သူမ မရှိတော့ဘူး ဆိုသည့် အသိက သူ့အား ခန္ဓာကိုယ်ကို ထိုးနှက်လိုက်သကဲ့သို့ပင် နာကျင်စေသည်။ သူ မည်သို့မျှ နားမလည်နိုင်သော အဖြစ်အပျက်များ ဖြစ်ပျက်သွားသကဲ့သို့ပင် သူ၏ စိတ်များ ရှုပ်ထွေးနေကြသည်။ အမှန်တကယ်တော့ ကမ္ဘာပေါ်တွင် သူမအရွယ် အမျိုးသမီးတစ်ယောက် မီးဖွားရင်း သေဆုံးသွားသည်မှာ အထူးအဆန်း မဟုတ်သကဲ့သို့ သူ့အရွယ် ယောက်ျားတစ်ယောက် မုဆိုးဖို ဖြစ်သွားသည်မှာလည်း အထူးအဆန်း မဟုတ်ပေ။ သို့သော်လည်း ဆုံးရှုံးလိုက်ရပြီဟူသော အသိက ဒဏ်ရာတစ်ခုပမာပင် သူ့ကို နာကျင်စေသည်။ သူ့အနေနှင့် ခြေမတစ်ဖက် ခုတ်ဖြတ်ခံရသော သူများ မတ်တပ်မရပ်နိုင်ပဲ နောက်တစ်ကြိမ် ကျင့်သားရသွားသည်အထိ မကြာခဏ လဲကျလေ့ ရှိသည် ဆိုသော အကြောင်းကို ကြားဖူးသည်။ သူ့အနေနှင့်လည်း အလားတူ ခံစားရသည်။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ခုတ်ဖြတ် ခံလိုက်ရသည့်ပမာပင် ဖြစ်သည်။ သူမကို ဘယ်တော့မှ ပြန်မရနိုင် ဆိုသော အသိကို သူ လက်မခံနိုင်ပေ။

သူ့အနေနှင့် သူမအကြောင်းကို မစဉ်းစားမိရန် ကြိုးစားသည်။ သို့သော်လည်း မသေမီက သူမ၏ ပုံစံက စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်လာနေသည်။ သူမ လွန်ခဲ့သော နာရီအနည်းငယ်က အသက်ရှင်လျှက် ရှိနေသည် ဆိုသည်မှာ မယုံနိုင်စရာ ကောင်းသကဲ့သို့ပင် ဖြစ်နေသည်။ မီးဖွားစဉ် အချိန်က သူမ၏ မျက်နှာ ရှုံ့တွနေသည်ကို မြင်ယောင်နေမိသည်။ ထို့နောက် ယောက်ျားလေး မွေးသည်ကို တွေ့သော အခါတွင် သူမ၏ ဂုဏ်ယူသော အပြုံးကို မြင်ယောင်မိသည်။ ထို့နောက် သူမ သူ့ကို ပြောသွားသည့် စကားများကို သတိရမိသည်။ ရှင် ကက်သီဒရယ် ဘုရားကျောင်းကြီး ဆောက်ခွင့်ရလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျွန်မ အတွက် ကက်သီဒရယ် ဘုရားကျောင်း လှလှပပတစ်ခု ဆောက်ပေးပါ။ သူမအနေနှင့် သူမ သေဆုံးတော့မည်ကို ကြိုသိနေသည့် အလား ထိုစကားများကို ပြောခဲ့သည်။

ဆက်လျှောက်လာသော အခါတွင် သူ ချန်ထားခဲ့သော အင်္ကျီတစ်ဝက်ဖြင့် ရစ်ပတ်ထားသော မြေပုံပေါ်တွင် လဲလျောင်းနေသော ကလေးငယ်ကိုသာ ထပ်တလဲလဲ တွေးမိလာသည်။ သူ့အနေနှင့် ဆက်လက် အသက်ရှင်နေနိုင်သေးသည်။ မြေခွေးတွေက သူ့ရဲ့ အနံ့ကို မရသေးရင်ပေါ့။ သို့သော်လည်း မနက်မတိုင်မီတွင် သူသေဆုံးသွားပေလိမ့်မည်။ သူ့အနေနှင့် ခဏတဖြုတ် ငိုနေမည်။ ထို့နောက် မျက်လုံးများ မှိတ်သွားမည်။ သူအိပ်နေသော အချိန်တွင်ပင် တဖြည်းဖြည်း အေးသည်ထက် အေးလာပြီး မသိလိုက် မသိဘာသာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားပေလိမ့်မည်။

အကယ်၍ မြေခွေးတွေ သူ့ရဲ့အနံ့ကို မရရင်ပေါ့။

တွမ်အနေနှင့် ကလေးငယ်အတွက် ဘာမှ လုပ်မပေးနိုင်ပေ။ သူ့အတွက် ဆက်လက် အသက်ရှင်ရန် နို့လိုသည်။ သို့ သော်လည်း သူတို့တွင် ဘာမှမရှိပေ။ ကလေးငယ်ကို အငှားနို့တိုက်ပေးမည့် အမျိုးသမီး ရှိသော ရွာလည်း မရှိပေ။ သို့မဟုတ် မိခင်နို့နှင့် အလားတူနို့မျိုး ပေးနိုင်သော သိုးဖြစ်စေ၊ ဆိတ်ဖြစ်စေ၊ နွားဖြစ်စေ သူတို့တွင် မရှိပေ။ တွမ်အနေနှင့် ပေးနိုင်သည်က ခါးဖုဖြူသာ ရှိသည်။ ခါးဖုဖြူကလည်း မြေခွေးကဲ့သို့ပင် သူ့ကို သတ်နိုင်ပေလိမ့်မည်။

ည၏အမှောင်က တဖြည်းဖြည်း ပျောက်ကွယ်လာသည်နှင့် အမျှ ကလေးငယ်ကို စွန့်ပစ်ခဲ့သည့် အတွက် သူ့အနေနှင့် ပို၍ ပို၍ စိတ်ခြောက်ခြားလာသည်။ ထိုအဖြစ်က ဖြစ်နေကျ အဖြစ်အပျက်ဆိုသည်ကို သူသိသည်။ မိသားစုကြီးကြီး နှင့် လယ်ယာသေးသေးရှိသော လယ်သမားများသည် တစ်ခါတစ်ရံတွင် ကလေးငယ်ကို သူ့ဘာသာသူ သေဆုံးသွားရန် စွန့်ပစ်ကြသည်။ တရားဟောဘုန်းကြီးများကလည်း မျက်စိမှိတ်ထားကြသည်။ သို့သော်လည်း တွမ်သည် ထိုကဲ့သို့သော လူအမျိုးအစားတွင် မပါဝင်ပေ။ သူ့အနေနှင့် ကလေးငယ်ကို သေဆုံးသည် အထိ သူ့လက်မောင်းများအတွင်း ပွေ့ချီထားသင့်ပြီး သူသေဆုံးသော အခါတွင်မှ မြှုပ်နှံ သင့်သည်။ တကယ်တော့ ထိုသို့လုပ်လျှင်လည်း မည်သို့မှ ထူးခြားမည်တော့ မဟုတ်ပေ။ သို့သော်လည်း ထိုသို့ ပြုလုပ်ခြင်းကသာလျှင် မှန်ကန်သော လမ်း ဖြစ်ပေမည်။

နေ့ခင်း၏ အလင်းရောင် ထင်ထင်ရှားရှား ရှိနေသည်ကို သူသတိပြုလိုက်မိသည်။

သူရုတ်တရက် သွားနေရာမှ ရပ်လိုက်သည်။

 ကလေးများကလည်း ရပ်လိုက်ကြပြီး သူ့ကို စိုက်ကြည့်ကာ စောင့်နေကြသည်။ သူတို့အတွက် ဘာကိုမဆို အသင့်ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့အတွက် မည်သည့်အရာမျှ ပုံမှန် မဟုတ်တော့ပေ။

"ငါကလေးကို မထားခဲ့သင့်ဘူး။" တွမ်ကပြောသည်။

"ဒါပေမယ့် ငါတို့ သူ့ကို အစာကျွေးနိုင်မှာမှ မဟုတ်တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူသေမှာပဲ မဟုတ်လား။"

"အဲဒီလိုဆိုရင်တောင်မှ ငါ သူ့ကို မထားခဲ့သင့်ဘူး။" ဟု တွမ်က ပြောသည်။

"ဒါဆိုလည်း ပြန်သွားရအောင်။" မာသာက ပြောသည်။

တွမ်အနေနှင့် တုံ့ဆိုင်းနေဆဲပင် ဖြစ်သည်။ အခုပြန်သွားမည် ဆိုလျှင် သူ့အနေနှင့် ကလေးကို စွန့်ပစ်ခဲ့သည်မှာ မှားယွင်းကြောင်း ဝန်ခံရာ ရောက်မည်။

သို့သော်လည်း အမှန်ပင်။ သူမှားခဲ့လေသည်။

သူက နောက်ပြန်လှည့်လိုက်သည်။ "ကောင်းပြီ။ ငါတို့ ပြန်သွားကြမယ်။" ဟု သူကပြောသည်။

အခုအခါတွင်တော့ မကြာသေးခင် အချိန်က သူလျှော့လျှော့ပေါ့ပေါ့ တွက်ဆခဲ့သော အန္တရာယ်များက ဖြစ်နိုင်သည့် အလားအလာ ပိုများလာသကဲ့သို့ပင် ခံစားရသည်။ မြေခွေးတစ်ကောင် အနေနှင့် ကလေးငယ်၏ အနံ့ကို ယခုအခါ ရနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။ သူ့အနေနှင့် ကလေးငယ်ကို သူနေထိုင်ရာသို့ တရွတ်ဆွဲ သွားနိုင်သည်။ ထိုအကောင်သည် ဝံပုလွေလည်း ဖြစ်နိုင်သည်။ တောဝက်များကလည်း အသားမစားသော်လည်း အန္တရာယ်ရှိသည်။ ဇီးကွက်တွေကရော။ ဇီးကွက်တစ်ကောင်က ကလေးငယ်ကို ချီ မ မသွားနိုင်ပေ။ သို့သော်လည်း မျက်လုံးများကို ထိုးဆိတ် ဖောက်ပစ်လိုက်နိုင်သည်။ သူက ပို၍ မြန်အောင် လျှောက်သည်။ မောပန်းမှုနှင့် ဆာလောင်မှုကြောင့် သူ့ခေါင်းထဲတွင် အနည်းငယ်မျှ ရီဝေဝေ ဖြစ်လာသည်။ မာသာ အနေနှင့် သူ့ကို မှီအောင် ပြေးလိုက်နေရသည်။ သို့သော်လည်း သူမက ဘာမှ စောဒက မတက်ပေ။

သူ့အနေနှင့် မြေပုံရှိရာသို့ ပြန်ရောက်ချိန်တွင် မြင်ရမည့် အရာကို ကြောက်ရွံ့နေမိသည်။ အစာရှာသော သားကောင်များသည် ညှာတာမှု ကင်းမဲ့သော အကောင်များ ဖြစ်သည်။ သူတို့အနေနှင့် ကူကယ်ရာ မဲ့နေသော သက်ရှိကို ခွဲခြားသိနိုင်ကြသည်။

သူတို့ မည်မျှကြာအောင် လျှောက်လာခဲ့သည်ကို သူမသိတော့ပေ။ သူ့အနေနှင့် အချိန်ကို သတိမထားမိပေ။ လမ်းဘေးတစ်ဘက်တစ်ချက်ရှိ တောအုပ်မှာ သူ ခုနကပင် ဖြတ်လျှောက်လာခဲ့သော်လည်း ရင်းနှီးဟန် မပြပေ။ သူ့အနေနှင့် သင်္ချိုင်းမြေပုံ ရှိရာနေရာကို စိတ်ပူပန်စွာ ရှာဖွေနေမိသည်။ မီးမငြိမ်းနိုင်သေးသည်မှာ အသေအချာပင်ဖြစ်သည်။ သူတို့ အလွန်ကြီးသော မီးဖိုကြီးတစ်ခု ဖိုခဲ့ကြသည်။ သူက သစ်ပင်များကို အသေးစိတ် စစ်ဆေးနေမိသည်။ ရေမျောပင်၏ သိသာထင်ရှားသော အရွက်များကို ရှာဖွေနေမိသည်။ သူတို့သည် သူမမှတ်မိတော့သော ကွေ့တစ်ခုကို ကျော်လွန်လာခဲ့သည်။ သူ့အနေနှင့် သင်္ချိုင်းမြေပုံရှိရာ နေရာကို ကျော်လွန်လာခဲ့ပြီး မမြင်မိဘူးလားဟု သွေးရူးသွေးတမ်းဖြင့် တွေးမိသည်။ ထို့နောက်တွင် သူသည် လိမ္မော်ရောင် မှိန်ပျပျ လင်းလက်နေသည်ကို ရှေ့တွင် တွေ့လိုက်ရသည်ဟု ထင်သည်။

သူ၏ နှလုံးခုံသံ မမှန်တော့ဟု ထင်ရသည်။ သူက ခြေလှမ်းကို အမြန်လျှောက်လိုက်ပြီး မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ မှန်ပါသည်။ အဲဒါ မီးပုံ တစ်ခုပါ။ သူ အလျင်အမြန် ပြေးမိသည်။ မာသာက သူမတို့ကို ထားခဲ့သည် အထင်နှင့် ဟစ်အော်လိုက်သံကို ကြားရသည်။ သူက ပုခုံးပေါ်မှ နောက်ပြန်ကြည့်ရင်း လှမ်းအော်လိုက်သည်။ "ငါတို့ ရောက်ပြီဟေ့။" ထို့နောက် ကလေးနှစ်ယောက် သူ့နောက်မှ ပြေးလိုက်လာသည်ကို ကြားရသည်။

သူ ရေမျောပင်ကြီး၏ အနီးသို့ ရောက်လာသည်။ သူ၏ ရင်ဘတ်ထဲတွင် နှလုံးက ပြင်းပြစွာ ခုံနေသည်။ မီးက ရွှင်မြူးစွာ တောက်လောင်နေဆဲပင် ဖြစ်သည်။ ထိုနေရာတွင် ထင်းပုံရှိသည်။ အက်ဂနက်စ် သွေးထွက်လွန်၍ သေဆုံးခဲ့သော သွေးတို့ဖြင့် စွန်းထင်းနေသည့် မြေကြီးရှိသည်။ သူမ ယခုအခါ လဲလျောင်းအိပ်စက်နေသော သင်္ချိုင်းမြေပုံနှင့် လတ်လတ်ဆတ်ဆတ် တူးထားသော မြေကြီးရှိသည်။ သို့သော်လည်း မြေပုံပေါ်တွင်တော့ ဘာမှ မရှိပေ။

တွမ်က အနီးပတ်ဝန်းကျင်ကို ခြောက်ခြားစွာ ကြည့်မိသည်။ သူ၏ စိတ်တို့က ရှုပ်ထွေးနောက်ကျိနေသည်။ ထိုနေရာတွင် ကလေးငယ်၏ အရိပ်အယောင်မျှကိုပင် မတွေ့ရပေ။ တွမ်၏ မျက်လုံးထဲတွင် စိတ် ပျက်မှုဖြင့် မျက်ရည်များ ရစ်ဝဲလာသည်။ ကလေးငယ်ကို ရစ်ပတ်ထားသော ခြုံထည်အင်္ကျီ၏ တစ်ဝက်လည်း မရှိတော့ပေ။ မြေပုံကမူ ခြေရာလက်ရာ မပျက်ပေ။ မြေကြီးပျော့ပျော့တွင် မည်သည့် တိရစ္ဆာန်၏ ခြေရာမျှ မတွေ့ရပေ။ သွေးစလည်း မရှိပေ။ ကလေးငယ်ကို တိရိစ္ဆာန်တစ်ကောင်ကောင်က ဆွဲယူသွားသည့် လက္ခဏာလည်း မရှိပေ။

တွမ်သည် ဘာကိုမှ ကောင်းကောင်း မမြင်နိုင်တော့သည့် ပမာ ခံစားရသည်။ ရှင်းရှင်းလင်းလင်း တွေးနိုင်ရန် ခက်ခဲလာသည်ကို တွေ့ရသည်။ အခုအခါတွင် ကလေးငယ်ကို အသက်ရှင်နေလျှက်နှင့် စွန့်ပစ်ထားခဲ့သည်မှာ ဆိုးရွားလှသော အလုပ်တစ်ခု ဖြစ်ကြောင်း သူသဘောပေါက်ပြီ ဖြစ်သည်။ အကယ်၍ သူသေသွားခဲ့သည် ဆိုသည်ကို သူသိလျှင် သူ စိတ်ချလက်ချ အနားယူနိုင်မည်။ သို့သော်လည်း ကလေးငယ်က တစ်နေရာရာတွင် အသက်ရှင် နေနိုင်သေးသည်။ အနီးအနား တစ်ဝိုက်တွင် ဖြစ်နိုင်သည်။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်၍ ရှာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ။" ဟု အဲဖရက်က မေးသည်။

"ငါတို့ ကလေးကို ရှာရမယ်။ " တွမ်က လှည့်မကြည့်ဘဲ ပြန်ပြောသည်။ သူက ရှင်းလင်းနေသော မြေကြီး၏ အစပ်တလျှောက်တွင် လှည့်ပတ်လျှောက်ရင်း သူ့ခေါင်းများ မူးဝေနောက်ကျိ နေသော်လည်း ချုံပုတ်များ၏ အောက်သို့ ရှာကြည့်နေမိသည်။ သို့သော်လည်း ဘာမှ မတွေ့ရပေ။ ဝံပုလွေက ကလေးငယ်ကို ဆွဲသွားသည့် အရပ် ကို ညွှန်ပြသည့် သဲလွန်စပင် မတွေ့ရသည်။ ယခုတော့ ကလေးငယ်ကို ဆွဲသွားသည် မှာ ဝံပုလွေ ဖြစ်မည်ဟု သူ့စိတ်ထဲတွင် သေချာနေသည်။ ဝံပုလွေ၏ အသိုက်မှာ အနီးအနားတဝိုက်တွင် ရှိနိုင်သည်။

 "ငါတို့ ဒီထက်ပိုပြီး ဝေးဝေး လျှောက်ကြည့်မှ ဖြစ်မယ်။" ဟု သူက ကလေးများကို လှမ်းပြောလိုက်သည်။

သူက သူတို့ကို ဦးဆောင်၍ နောက်တစ်ပတ် ပတ်ပြန်သည်။ မီးပုံမှ ပို၍ ဝေးသော နေရာရှိ ချုံနွယ်ပိတ်ပေါင်းများကို တိုးဝှေ့၍ လျှောက်ကြသည်။ သူ၏ စိတ်ရှုပ်ထွေးစ ပြုလာသော်လည်း သူ့အနေနှင့်  ကလေးငယ်ကို ရှာမှဖြစ်မည် ဟူသော အရာတစ်ခုထဲသို့ သူ၏ စိတ် အာရုံစိုက်ထားနိုင်သည်။ သူ့အတွက် ယခုအခါ ဝမ်းနည်း ပူဆွေးမှုကို မခံစားရတော့ပေ။ ပြင်းထန်စွာ တောက်လောင်နေသော ဆုံးဖြတ်ချက် တစ်ခုသာ ရှိသည်။ နောက်ကွယ်ရှိ သူ၏ စိတ်ထဲတွင်မူ ထိုအရာ အားလုံးက သူ့အမှားကြောင့် ဖြစ်သည်ဟူသော ခြောက်ချားစရာ အသိက ရှိနေသည်။ သူသည် သစ်တောအတွင်း ဒယီးဒယိုင်ဖြင့် လျှောက်နေပြီး သူ၏ မျက်လုံးများက မြေကြီးပေါ်တွင် ရှာဖွေနေမိသည်။ ခြေလှမ်းအနည်းငယ်မျှ သွားပြီးသည့် အခါတိုင်းတွင် ရပ်၍ မှားစရာ မရှိသော မွေးကင်းစကလေးငယ်၏ တစ်ခုတည်းသော အော်ငိုသံကို နားစွင့်နေမိသည်။ သို့သော်လည်း သူနှင့် သူ၏ ကလေးများက တိတ်ဆိတ်နေသလို သစ်တောကလည်း တိတ်ဆိတ်နေသည်။

အချိန်မည်မျှ ကြာသွားသည်ကို သူမသိတော့ပေ။ တဖြည်းဖြည်း ကျယ်သည်ထက် ကျယ်လာသော သူ၏ လှည့်ပတ်လျှောက်နေသည့် လမ်းကြောင်းက တချို့သော အချိန်အပိုင်းအခြားများတွင် လမ်းမ အနီးသို့ ခဏတာမျှ ပြန်ရောက်သွားသည်။ သို့သော်လည်း ဤနေရာကို ဖြတ်သွားခဲ့ဖူးသည်မှာ အလွန်ကြာခဲ့ပြီး ဖြစ်သည့် အကြောင်း နောက်မှ သူသတိရသည်။ တစ်ချိန်တွင် သူ့အနေနှင့် သစ်တောစောင့် ဗာဒရာ၏ တဲအိမ်ကို အဘယ်ကြောင့် မတွေ့ရသလဲ ဟု စဉ်းစားမိသည်။ ထိုအခါတွင် သူ လမ်းပျောက်သွားပြီ ဆိုသော အကြောင်းကို စိတ်ထဲတွင် ရေးရေးမျှ တွေးဆမိသည်။ သူ မြေပုံရှိရာကို ဝိုင်းပတ်လျှောက်နေခြင်း မဟုတ်တော့ပဲ သစ်တောအတွင်း ဟိုမှသည်မှ အနည်းနှင့် အများ လျှောက် သွားနေမိသည့် အကြောင်းကို သတိပြုမိသည်။ သို့သော်လည်း သူ ဆက်ရှာနေသေးသည့် အတွက် ဘယ်နေရာကို ရောက်ရောက် သူ့အတွက် အကြောင်းမဟုတ်ပေ။

"အဖေ" ဟု အဲဖရက်က ခေါ်သည်။

တွမ်က သူ့ကို လှမ်းကြည့်သည်။ သူ၏ စိတ်အာရုံစူးစိုက်မှုကို နှောင့်ယှက်သည့် အတွက် စိတ်တိုသွားသည်။

အဲဖရက်က မာသာကို ကျောပိုးထားသည်။ သူမက သူ၏ ကျောပေါ်တွင် အိပ်ပျော်နေသည့် ပမာပင် ဖြစ်သည်။ "ဘာလဲ။" ဟု တွမ်က ပြန်မေးသည်။

"ကျွန်တော်တို့ နားရမလားဟင်။" ဟု အဲဖရက်က မေးသည်။

 တွမ်က ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ သူ့အနေနှင့် မရပ်ချင်သေးပေ။ သို့သော်လည်း အဲဖရက်ကို ကြည့်ရသည်မှာ လဲပြိုကျတော့မလို ဖြစ်နေသည်။

"ကောင်းပြီ။" သူက စိတ်မပါ့တပါဖြင့် ပြန်ဖြေသည်။ "ဒါပေမယ့် အကြာကြီးတော့ နားလို့ မဖြစ်ဘူး။"

ထိုနေရာမှာ ကုန်းလျှောတစ်ခု ဖြစ်သည်။ အောက်ခြေတွင် စမ်းချောင်းတစ်ခု ရှိနိုင်သည်။ သူသည် ရေဆာနေပြီ ဖြစ်သည်။ သူက အဲဖရက်ထံမှ မာသာကို လှမ်းယူလိုက်ပြီး ကုန်းလျှော၏ အောက်ခြေသို့ သူမကို ချီပိုးကာ သူ၏ လက်မောင်းများအတွင် လွှဲ၍ သိပ်ရင်း ဆင်းလာခဲ့သည်။ သူမျှော်လင့် ထားသည့် အတိုင်းပင် အောက်ခြေတွင် ကြည်လင်ပြီး ကမ်းစပ်တွင် ရေခဲ အချို့ ရှိနေသော စမ်းချောင်းငယ်ကလေး တစ်ခုကို တွေ့ရသည်။ သူက မာသာကို ကမ်းစပ်တွင် ချလိုက်သည်။ သူမ မနိုးပေ။ သူနှင့် အဲဖရက်တို့ ဒူးထောက်ထိုင်ချလိုက်ကြပြီး လက်ခုပ်များဖြင့် ရေအေးအေးကို ခပ်သောက်ကြသည်။

အဲဖရက်က မာသာ့ဘေးတွင် လှဲချလိုက်ပြီး သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။ တွမ်က သူ၏ အနီးအနားကို ပတ်ကြည့်မိသည်။ သူရောက်နေသော နေရာမှာ သစ်ရွက်ကြွေများဖြင့် ဖုံးလွှမ်းနေသော မြေပြန့် တစ်ခုဖြစ်သည်။ အနီးပတ်ဝန်းကျင်တွင် ရှိသော သစ်ပင်များမှာ အပင်နိမ့်ပြီး ပင်စည်ကြီးမားသော ဝက်သစ်ချပင်များ ဖြစ်ကြပြီး အထက်ဖက်တွင် တစ်ပင်နှင့် တစ်ပင် အကိုင်းအခက်များ ယှက်နွယ်နေကြသည်။ တွမ်ကသစ်ပင်များ၏ နောက်တွင် ကလေးငယ်ကို ရှာဖွေရန် တွေးဆ၍ မြေပြန့်နေရာကို ဖြတ်လိုက်သည်။ သို့သော်လည်း အခြားတစ်ဖက်သို့ ရောက်သောအခါတွင် သူ၏ ခြေထောက်များ မခိုင်တော့ဘဲ သူ ရုတ်တရက် ထိုင်ချလိုက်ရသည်။

ယခုအခါတွင် နေ့ခင်း အလင်းရောင်သည် အပြည့်အဝ လင်းချင်း နေပြီ ဖြစ်သည်။ သို့သော်လည်း မြူဆိုင်းနေကာ ညသန်းခေါင်ထက် ဘယ်လောက်မှ ပို၍ မနွေးသလို ခံစားရသည်။ သူသည် ချမ်းလွန်း၍ ချုပ်ထိန်းမရနိုင်လောက်အောင် တဆတ်ဆတ် တုန်နေသည်။ ထိုအခါမှ သူသည် အောက်ခံအင်္ကျီကိုသာ ဝတ်ဆင်ပြီး လျှောက်သွားနေမိသည်ကို သတိထားမိသည်။ သူ၏ ခြုံထည် အင်္ကျီ ဘာဖြစ်သွားသလဲဟု သူတွေးနေမိသည်။ သို့သော်လည်း သူ သတိမရနိုင်ပေ။ မြူမှုန်များက ပို၍ ထူလာသည်လား ဒါမှမဟုတ် သူ၏ အမြင်အာရုံ တစ်ခုခု ထူးထူးဆန်းဆန်း ဖြစ်သွားသည်လား မသိပေ။ သူသည် မြေကွက်လပ်၏ တခြား တစ်ဖက်ရှိ ကလေးငယ်များကို မမြင်ရတော့ပေ။ သူသည် ထ၍ သူတို့ထံသို့ လျှောက်သွားချင်မိသော်လည်း သူ့ခြေထောက်က တစ်စုံတစ်ခု ဖြစ်နေသည်။

ခဏမျှ ကြာသော အခါတွင် နေရောင်ခြည် မှိန်ပျပျက တိမ်တိုက်များကို ထိုးဖောက်၍ ထွက်လာသည်။ ထို့နောက် မကြာမီတွင် နတ်သမီး တစ်ပါး ရောက်လာလေသည်။

သူမသည် မြေကွက်လပ်၏ အရှေ့ဘက်မှ ဖြတ်၍ လျှောက်လာသည်။ အရောင်ချွတ်ထားသော သိုးမွှေးများဖြင့် ယက်လုပ်ထားပြီး ဆွတ်ဆွတ်ဖြူနီးပါးမျှ ဖြစ်နေသော ဆောင်းရာသီဝတ် သားမွှေးအင်္ကျီရှည်ကို ဝတ်ထားသည်။ သူက သူမ အနီးသို့ ရောက်လာသည်ကို အံ့ဩခြင်း စူးစမ်းခြင်း မပါသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူသည် အံ့ဩြခင်း ကြောက်ရွံ့ခြင်းတို့မှ လွန်မြောက်ခဲ့ပြီ ဖြစ်လေသည်။ သူက သူမအား အနီးအနားရှိ ဝက်သစ်ချပင်တို့၏ ပင်စည်များအား ကြည့်နေသည့် အကြည့်များကဲ့သို့ပင် ထုံထိုင်းသော၊ ဟာလာဟင်းလင်း ဖြစ်နေသော၊ ခံစားချက်မပါသော အကြည့်များဖြင့် ကြည့်နေသည်။ သူမ၏ ဘဲဥပုံမျက်နှာကို ထူထဲနက်မှောင်သော ဆံပင်များဖြင့် ဝိုင်းရံထားကြသည်။ သူမ၏ အင်္ကျီရှည်က သူမ၏ ခြေထောက်များကို ဖုံးကွယ်ထားသည်။ ထို့အတွက်ကြောင့် သူမအနေနှင့် သစ်ရွက်ခြောက်များပေါ်တွင် ရှပ်တိုက်လာသကဲ့သို့ပင် ထင်ရသည်။ သူမက သူ၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။ သူမ၏ ဖျော့တော့သော ရွှေရောင်မျက်လုံးများက သူ၏ စိတ်ဝိဉာဉ်ကို ထွင်းဖောက် မြင်ရသည့် ပမာ၊ သူ၏ နာကျင်မှုများကို နားလည်သည့် ပမာပင် ဖြစ်သည်။

သူ့အနေနှင့် လတ်တလော တက်ခဲ့ဖူးသော ဘုရားကျောင်း တစ်ကျောင်းတွင်  ရေးဆွဲထားသော နတ်သမီးပုံ ပန်းချီကားထဲမှ နတ်သမီးပုံကဲ့သို့ပင် သူမကို လတ်တလော မြင်ဖူးသည်ဟု ထင်မိသည်။ ထို့နောက်တွင် သူမသည် သူမ၏ ခြုံထည်အင်္ကျီကို ဖွင့်လှစ် ပြလိုက်သည်။ အင်္ကျီအောက်တွင် သူမ ဘာမှ ဝတ်မထားပေ။ သူမတွင် အသက်နှစ်ဆယ့်ငါး နှင့် သုံးဆယ်ကြား မိန်းမ တစ်ယောက်၏ သာမာန် ခန္ဓာကိုယ်မျိုး ရှိပြီး ဖျော့တော့သော အသားရောင် နှင့် ပန်းရောင် ရင်သားထိပ်များ ရှိသည်။ တွမ်အနေနှင့် နတ်သမီး၏ ခန္ဓာကိုယ်သည် အမွှေးအမျှင်ဟူ၍ တစ်စက်မှ မရှိပဲ ပြစ်မျိုးမှည့်မထင် ဖြစ်နေမည်ဟု ထင်ထားခဲ့ဖူးသည်။ သို့သော်လည်း သူမကတော့ ဤသို့မဟုတ်ပေ။ သူမက ဝက်သစ်ချပင် ရှေ့တွင် ခြေထောက်ချိတ်၍ ထိုင်နေသော သူ၏ ရှေ့တွင် ဒူးတစ်ဖက်ချ၍ ထိုင်လိုက်သည်။ သူ့ဘက်သို့ ကိုင်းလိုက်ပြီး သူ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူ့အနေနှင့် မကြာခင်က ကြုံခဲ့ရသော ထိတ်လန့်စရာများကြောင့် ဤအရာကိုပင် အံ့ဩခြင်း မဖြစ်မိတော့ပေ။ သူမက သူ့အား ကျောချ၍ လဲလျောင်းမိသည့်တိုင်အောင် နောက်သို့ တွန်းချလိုက်သည်။ ထို့နောက်တွင် သူမသည် အင်္ကျီကို ဖွင့်ချလိုက်ပြီး သူ၏ ကိုယ်ပေါ်တွင် သူမ၏ အဝတ်မဲ့နေသော ခန္ဓာကိုယ်ဖြင့် ဖိကပ်လျှက်ပင် လှဲချလိုက်သည်။ သူ့အနေနှင့် အောက်ခံအင်္ကျီအောက်မှ သူမ၏ ခန္ဓာကိုယ် အပူချိန်ကို ခံစားသိရှိရသည်။ ခဏ အကြာတွင် သူ၏ ချမ်း၍ တုန်နေမှုများ ပျောက်သွားသည်။

သူမသည် သူ၏ မုတ်ဆိတ်မွေး ထူထပ်နေသော မျက်နှာကို သူမ၏ လက်များဖြင့် ဆွဲယူ၍  ရှည်လျား ခြောက်သွေ့သော နေ့တစ်နေ့ကို ကျော်ဖြတ်ပြီးခဲ့သော သူတစ်ယောက်  ရေအေးအေးကို သောက်လိုက်သကဲ့သို့ သူ့ကို မွတ်သိပ်စွာ နောက်တစ်ကြိမ် နမ်းလိုက်သည်။ ခဏမျှကြာသော အခါတွင် သူမက သူမ၏ လက်များကို သူ၏ လက်မောင်းမှ တဆင့် လက်ကောက်ဝတ်ဆီသို့ လျှောဆင်းသွားသည်။ ထို့နောက် သူ၏ လက်များကို မယူ၍ သူမ၏ရင်သားများပေါ်သို့ တင်ပေးသည်။ သူက စိတ်ထဲမှ မသိသော်လည်း လက်က အလိုအလျောက် ဖြစ်ညှစ်လိုက်မိသည်။ သူမ၏ ရင်သားများက ပျော့ပြောင်းပြီး အလိုက်သင့် ပါလာကြသည်။ သူမ၏ နို့သီးခေါင်းများက သူ့လက်ဖျားအောက်တွင် တောင့်တင်းလာကြသည်။ 

သူ၏ စိတ်ထဲတွင်မူ သူသေသွားပြီဟု ထင်မိသည်။ ကောင်းကင်ဘုံဆိုသည်မှာ ဤသို့ မဟုတ်နိုင် ဆိုသည်ကို သူသိသည်။ သို့သော် သူဂရုမစိုက်ပေ။ သူ၏ ဆင်ခြင်တွေးတောနိုင်သောစိတ် အလုပ်မလုပ်တော့သည်မှာ နာရီပေါင်းများစွာပင် ရှိခဲ့သည်။ စိတ်ထဲမှ ဓမ္မဓိဌာန်ကျကျ တွေးနိုင်သော ခွန်အား လုံးဝ ကွယ်ပျောက် သွားသည့် အတွက် သူသည် ကိုယ်ခန္ဓာက ဦးဆောင်ရာ နောက်ကို လိုက်နေမိသည်။ သူက အပေါ်သို့ ကုန်းရုန်းထလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို သူမ၏ ခန္ဓာကိုယ်နှင့် ဖိကပ်ထားမိသည်။ သူမ၏ အဝတ်မဲ့နေသော ခန္ဓာကိုယ် နှင့် သူမခန္ဓာကိုယ် အပူဓာတ်မှ နေ၍ ခွန်အားများရနေသည်။ သူမက သူမ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး သူ၏ ပါးစပ်အတွင်းသို့ သူမ၏ လျှာကို ထိုးထည့်လိုက်ကာ သူ၏ လျှာကိုရှာဖွေနေသည်။ သူက စိတ်အားထက်သန်စွာပင် တုံ့ပြန်မိသည်။ 

သူမက သူ့ဆီမှ ခေတ္တမျှခွာလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို သူ့ကိုယ်ပေါ်မှ ကြွလိုက်သည်။ သူမက သူ၏ အောက်ခံအင်္ကျီကို ခါးပေါ်ရောက်သည် အထိ တွန်းတင်လိုက်ကာ သူ၏ တင်ပါးကို ဆွဲကားလိုက်သည်ကို သူက ရီဝေစွာ ကြည့်နေမိသည်။ သူမက သူ၏ မျက်လုံးများအတွင်းသို့ စိုက်ကြည့်သည်။ ထို့နောက် သူ့ကို ထိုးထွင်းကြည့်နေသကဲ့ သို့သော သူမ၏ မျက်လုံးများဖြင့်ပင် သူမ၏ ကိုယ်ကို အောက်သို့ နှိမ့်ချ လိုက်သည်။ သူတို့၏ ခန္ဓာကိုယ် နှစ်ခု ထိကပ်သွားချိန်မှာ အလွန်အမင်း စိတ်လှုပ်ရှားစရာ ကောင်းသော အချိန်ပင် ဖြစ်သည်။ သူမက ခေတ္တမျှ တုံ့ဆိုင်းနေသည်။ ထို့နောက် သူ့အနေနှင့် သူမနှင့် အချစ်နယ်ကျွံသွားမှန်း ခံစားသိရှိလိုက်သည်။ ခံစားမှုက အလွန်အမင်းကောင်းလွန်းလှသဖြင့် သူ့အနေနှင့် သာယာမှုဖြင့် ပေါက်ကွဲထက်သွားမလားဟုပင် ခံစားရသည်။ သူမက သူမ၏ တင်ပါးများကို အသာလှုပ်နေသည်။ သူ့ကို ပြုံးကြည့်နေပြီး သူ၏ မျက်နှာကိုနမ်းနေသည်။ 

ခဏမျှ အကြာတွင် သူမက မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ရှူသံ ပြင်းလာသည်။ သူမဘာသာ ချုပ်ထိန်းနိုင်စွမ်း ကင်းမဲ့သွားပြီ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ သူက ပျော်ရွှင်မြူးထူးနေသော စိတ်ဖြင့် သူမကို ကြည့်နေမိသည်။ သူမက စည်းချက်ကျကျ အသံတိုးညှင်းစွာ ညည်းညူနေသည်။ သူမ၏ လှုပ်ရှားမှုများ မြန်သည်ထက် မြန်လာသည်။ သူမ၏ သာယာမှုသည် တွမ်အား သူ၏ အနာတရ ဖြစ်နေသော စိတ်ဝိဉာဉ်၏ အတွင်းဆုံး အပိုင်းကို လှုပ်ရှား သွားစေသည်။ သူ့အနေနှင့် စိတ်ပျက်လက်ပျက် ငိုကြွေးရမည်လား၊ ပျော်ရွှင်စွာ ဟစ်အော်ရမည်လား၊ စိတ်ကစဉ့်ကလျားဖြင့် ရယ်မောရမည်လား သူမသိတော့ပေ။ ထို့နောက် ပျော်ရွှင်ခြင်း၏ ပေါက်ကွဲထွက်မှုက သူတို့နှစ်ဦးစလုံးအား လေညှင်းတွင် လှုပ်ခါနေသော သစ်ပင်ကဲ့သို့ အကြိမ်ကြိမ်အခါခါ လှုပ်ခတ်သွားစေသည်။ သူတို့၏ နောက်ဆုံး ရမ္မက်မီး ချုပ်ငြိမ်းသွားချိန်တွင် သူမက သူ၏ ရင်ဘတ်ပေါ်တွင် လှဲချလိုက်တော့သည်။

သူတို့နှစ်ဦး ထိုအတိုင်းပင် အချိန်အတော်ကြာ လှဲလျောင်းနေကြသည်။ သူမခန္ဓာကိုယ်မှ အပူချိန်က သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းလျှက် အနွေးဓာတ်ပေးနေသည်။ သူသည် မှေးကနဲ အိပ်ပျော်သကဲ့သို့ ဖြစ်သွားသည်။ သို့သော်လည်း အိပ်ပျော်သည့် အချိန်မှာ အလွန်တိုတောင်းပြီး အိပ်ပျော်သည်နှင့် မတူဘဲ နေ့ခင်းအိပ်မက်မက်နေ သကဲ့သို့ပင် ဖြစ်သည်။ သို့သော် သူမျက်လုံးပြန်ပွင့်လာချိန်တွင် သူ၏ စိတ်က ရှင်းလင်းသွားပြီဖြစ်သည်။

သူက သူ၏ အပေါ်တွင် လှဲလျောင်းနေသော လှပသော မိန်းမငယ်ကို ကြည့်နေမိသည်။ ထို့နောက် သူမသည် နတ်သမီး မဟုတ်ဘဲ သစ်တော၏ တစ်နေရာတွင် သူ၏ ဝက် အခိုးခံရသည့် နေ့က ဆုံခဲ့သော တောပုန်းမိန်းမ အဲလန် သာဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ သူမက သူလှုပ်ရှားလာသည်ကို သတိပြု
မိပြီး သူမ၏ မျက်လုံးကို ဖွင့်လိုက်သည်။ သူ့ကို စိုးရိမ်သော စိတ်နှင့် ချစ်မြတ်နိုးသောစိတ် ရောနှောနေသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ သူက ရုတ်တရက်ပင် သူ့ကလေးများကို သတိရသွားသည်။ သူက အဲလန်ကို သူ့ကိုပေါ်မှ အသာအယာ လျှောချလိုက်ပြီး ထထိုင်လိုက်သည်။ အဲဖရက်နှင့် မာသာက
သစ်ရွက်များပေါ်တွင် သူတို့၏ ခြုံထည်အင်္ကျီများကို ရစ်ပတ်လျှက် လဲလျောင်းနေကြသည်။ နေက အိပ်ပျော်နေသော သူတို့၏ မျက်နှာပေါ်တွင် ထိုးကျနေသည်။ ထို့နောက်တွင် ညက ဖြစ်ပျက်ခဲ့သော ခြောက်ချားစရာ အဖြစ်အပျက်များ သူ့ဆီသို့ ပြန်လည်ဝင်ရောက်လာသည်။ အဲဂနက်စ် သေဆုံးသွားပြီ ဆိုသော အချက်ကို သူပြန်၍ သတိရလိုက်မိသလို သူ၏ သားငယ် ပျောက်ဆုံးသွားပြီ ဆိုသည်ကိုလည်း သူသတိရ လိုက်သည်။ သူ မျက်နှာကို လက်ဝါးဖြင့် အုပ်ထားလိုက်မိတော့သည်။

အဲလန်က နှစ်ချက်ဆင့်၍ လေချွန်လိုက်သည်ကို သူကြားလိုက်မိသည်။ သူက မော့ကြည့်လိုက်သည်။ တောအုပ် အတွင်းမှ သဏ္ဌန်တစ်ခု ပေါ်ထွက်လာပြီး ထိုသူမှာ ထူးဆန်းသော ရုပ်သွင်ရှိသော သူမ၏ သား ဂျက် ဖြစ်မှန်း တွမ် မှတ်မိလိုက်သည်။ သူ့တွင် လူသေကောင် ပမာ ဖြူဆွတ်နေသော အသားရောင်၊ လိမ္မော်ရောင် ဆံပင်များနှင့် ငှက်နှင့်တူသော မျက်လုံးပြာပြာများ ရှိသည်။ တွမ်က ထရပ်လိုက်ပြီး သူ၏ အင်္ကျီများကို ပြန်၍ ပြင်ဆင်လိုက်သည်။ အဲလန်ကလည်း ထရပ်လိုက်ပြီး သူမ၏ ခြုံထည်အင်္ကျီကို ပြန်၍ စိလိုက်သည်။

ကောင်လေးက တစ်စုံတစ်ခုကို သယ်လာသည်။ သူက ထိုအရာကို တွမ်အား ယူလာပြီး ပြသည်။ တွမ်က သူသယ်လာသော အရာကို မှတ်မိသည်။ ထိုအရာမှာ တွမ်၏ အင်္ကျီ တစ်ပိုင်းဖြစ်ပြီး သူကလေးငယ်အား အက်ဂနက်စ်၏ မြေပုံပေါ်သို့ မတင်မီက ရစ်ပတ်ခဲ့သော အဝတ်ဖြစ်သည်။

နားမလည်နိုင်စွာဖြင့်ပင် တွမ်က ကောင်လေးကို ကြည့်လိုက်ပြီးနောက် အဲလန်အား ကြည့်လိုက်သည်။ သူမက သူ၏ လက်ကို ဆွဲယူလိုက်ပြီး သူ၏ မျက်လုံးများ အတွင်း စိုက်ကြည့်ကာ ပြောသည်။
"ရှင့်ကလေး အသက်ရှင်နေတုန်းပဲ။"

တွမ်အတွက် သူမ၏ စကားကို မယုံကြည်ရဲပေ။ ထိုအဖြစ်သည် အလွန်အံ့ဩစရာ အဖြစ် ကမ္ဘာပေါ်တွင် ပျော်စရာ အကောင်းဆုံး အဖြစ်ပင် ဖြစ်ပေလိမ့်မည်။

"သူ အသက်ရှင်နိုင်မယ် မထင်ဘူး။" ဟု သူကပြောသည်။
"မဟုတ်ဘူး။ သူရှင်နေတုန်းပဲ။"
တွမ်အတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်။

"တကယ်ပဲလား။" သူက မေးသည်။ "ဒါတကယ်လား။"

သူမက ခေါင်းငြိမ့်ပြသည်။ "တကယ်ပါပဲ။ ကျွန်မရှင့်ကို သူရှိတဲ့နေရာကို ခေါ်သွားမယ်။"

သူမတကယ်ပြောနေခြင်းဖြစ်ကြောင်း တွမ်သဘောပေါက်သွားသည်။ စိတ်သက်သာရာရခြင်းနှင့် ပျော်ရွှင်ခြင်းတို့က သူ့အား လွှမ်းခြုံသွားသည်။ သူမြေကြီးပေါ်တွင် ဒူးထောက် မိသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ရေကာတာကို ဖွင့်လိုက်သလိုပင် သူငိုကြွေးလိုက်မိတော့သည်။

No comments:

Post a Comment