Sunday, January 2, 2011

စာအုပ်(၁) ၁၁၃၅-၁၁၃၆ အပိုင်း(၁) အခန်း(၃)

သူတို့ ဝက်ကို ဆုံးရှုံးခဲ့ရသောနေ့သည် သမမျှတသော ရာသီဥတု၏ နောက်ဆုံးနေ့လည်း ဖြစ်သည်။ သူတို့သည် ထိုညကို စပါးကျီ တစ်ခုအတွင်းတွင် ကုန်ဆုံးခဲ့ကြသည်။ နောက်တစ်နေ့မနက် သူတို့ ထိုနေရာမှ ထွက်လာချိန်တွင် ကောင်းကင်ပြင်သည် ခဲသားခေါင်မိုးတစ်ခု၏ အရောင်ပမာပင် ညိုပုပ်ပုပ် ဖြစ်နေပြီး ပြင်ပတွင်မူ အေးစက်သော လေပြင်းနှင့် ရုတ်တရက် သည်းကြီးမည်းကြီး ရွာချလိုက်သော မိုးစက်မိုးပေါက်များ ရှိနေသည်။ သူတို့သည် သူတို့၏ ထူထဲသော သက္ကလပ် ကုတ်အင်္ကျီများကို ထုတ်၍ ဝတ်ဆင်ကြပြီး မေးစေ့အောက်တွင် တင်းတင်းချည်၍ သူတို့မျက်နှာကို မိုးစက်မိုးပေါက်များမှ လွတ်ကင်းရန်အတွက် ခေါင်းဆောင်းကို ရှေ့သို့ ခပ်ငိုက်ငိုက်ဆောင်းထား ကြသည်။ သူတို့သည် စိတ်ပျက်ညှိုးနွမ်းသော အနေအထားဖြင့်ပင် ခရီး စတင်ထွက်ခွာ လာခဲ့ကြသည်မှာ မိုးသက်မုန်တိုင်းအတွင်းမှ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေသော သရဲလေးကောင် နှင့်ပင် အလားသဏ္ဌန် တူလေတော့သည်။ ရေအိုင်ငယ်လေးများဖြင့် ပြည့်ပြီး ရွှံ့နွံထူထပ်သော လမ်းတလျှောက် သူတို့၏ သစ်သားခုံဖိနပ်များဖြင့် ရေစက်ရေမှုန်များကို လွင့်စင်ထွက်သွားအောင် လျှောက်လှမ်းနေကြသည်။

တွမ်က ဆာ့စ်ဘူရီ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းသည် မည်သို့သော ပုံစံရှိမည်နည်းဟု စဉ်းစားနေမိသည်။ ယေဘူယျအားဖြင့် ကက်သီဒရယ် မှာ အခြားဘုရားရှိခိုးကျောင်းများနှင့် အတူတူပင် ဖြစ်သည်။ ကက်သီဒရယ် ဆိုသည်မှာ ဘစ်ရှော့၏ ပလ္လင်ရှိရာ ဘုရားရှိခိုးကျောင်းသာလျှင် ဖြစ်သည်။ သို့သော်လည်း တကယ်တမ်းတွင်တော့ ကက်သီဒရယ် များမှာ အကြီးကျယ်ဆုံး၊ အချမ်းသာဆုံး၊ အခမ်းနားဆုံးနှင့် အချဲ့ကားဆုံး ဘုရားရှိခိုးကျောင်းများ သာလျှင် ဖြစ်ပေသည်။ ကက်သီဒရယ်များမှာ ပြတင်းပေါက်ပါသော လှိုဏ်ခေါင်းတစ်ခု ပုံသဏ္ဍာန်ဖြင့် ရှိသည်မှာ ရှားသည်။ အများအားဖြင့် လှိုဏ်ခေါင်း သုံးခု ပုံသဏ္ဍာန် ဆောက်လုပ်ထားပြီး မြင့်မားသော လှိုဏ်ခေါင်းတစ်ခုကို ဘေးနှစ်ဖက်မှ လှိုဏ်ခေါင်း အသေးနှစ်ခုက ခေါင်းကို ပုခုံးနှစ်ဖက်က ခြံရံထားသည့် ပမာပင် ပုံသဏ္ဍာန်ဖြင့် အလယ်ဗဟို ပင်မဆောင်နှင့် ဘေးဘက် ဆောင်များ ဖြစ်ပေါ်စေသည်။ အလယ်ခေါင်ရှိ ပင်မလှိုဏ်ခေါင်း၏ ဘေးဘက်နံရံများမှာ တိုင်လုံးများ တစ်ဖက်တစ်ချက်မှ စီတန်းထား၍ အပေါ်မှ အခုံးများဖြင့် ဆက်သွယ်ထားပြီး အမိုးခုံးစင်္ကြန် ပုံသဏ္ဌန် ဖြစ်ပေါ်စေသည်။ ဘေးဘက် အပိုင်းများမှာ ကက်သီဒရယ် ဘုရားကျောင်းများတွင် အထူး အနေနှင့် ရှိတတ်သည့် စီတန်းလှည့်လည်ခြင်း အတွက် အသုံးပြုမည် ဖြစ်ပြီး ထိုသို့ ပြုလုပ်ခြင်းသည် ကက်သီဒရယ် ဘုရားရှိခိုးကျောင်းများ အတွက် စိတ်လှုပ်ရှားစရာ ကောင်းသော အရာတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် သူတော်စင် တစ်စုံတစ်ယောက်အတွက် ရည်စူး ကိုးကွယ်ရာ ဝတ်ပြုဆောင် တည်ဆောက်ရန် နေရာ အတွက်လည်း ရှိနိုင်မည် ဖြစ်သည်။ ထိုသို့သော ဝတ်ပြုဆောင်မျိုးမှ ဘုရားကျောင်းအတွက် အရေးကြီးသော အပိုဝင်ငွေများ ရရှိနိုင်မည် ဖြစ်သည်။ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းများသည် ကမ္ဘာပေါ်တွင် ကုန်ကျစရိတ်အများဆုံး သုံးရသော အဆောက်အဦးများ ဖြစ်ပြီး နန်းတော်များ ရဲတိုက်များထက်ပင် အများအပြား ပို၍ ကုန်ကျသည်။ သူတို့အနေနှင့် ဝင်ငွေကို သူတို့ဘာသာ ရှာရန် လိုအပ်သည်။

ဆာ့စ်ဘရီသည် တွမ် ကြိုတင်၍ တွေးထင်ထားသည် ထက်ပင် ပို၍နီးသည်။ မနက်ခင်း အတော်လင်းသော အချိန်တွင် သူတို့သည် ကုန်းမြင့်တစ်ခုပေါ်သို့ ရောက်ရှိခဲ့ကြပြီး သူတို့၏ ရှေ့တွင် ရှည်လားသော လမ်းကွေ့ အဖြစ် ပြေပြစ်စွာ ဆင်းသက်သွားသော လမ်းတစ်လမ်း ကို တွေ့ရသည်။ မိုးသည်းထန်စွာ ရွာသွန်းနေသော လယ်ကွင်းပြင်များ အပေါ်တွင် ရေကန် တစ်ခုအတွင်းမှ လှေငယ်တစ်စင်း ပမာပင်  ကုန်းမြေပြန့် တစ်ခုပေါ်တွင် အထင်အရှား ပေါ်ထွက်နေသည့် ခံတပ်တည်ဆောက်ထားသော တောင်ကုန်းမြို့ ဆာ့စ်ဘရီကို သူတို့ တွေ့လိုက်ရသည်။ မြို့၏ မြင်ကွင်း အသေးစိတ်ကိုမူ မိုးရေစက် များက ဖုံးကွယ်ထားသည်။ သို့သော်လည်း တွမ်အနေနှင့် မြို့တံတိုင်း အပေါ်တွင် မြင့်မားစွာ ပေါ်ထွက်နေသာ လေး ငါး ခုမျှသော မျှော်စင် အချို့ကို မြင်နေရသည်။ ကျောက်တုံးနှင့် ပတ်သက်၍ လုပ်စရာ အလုပ်များစွာကို တွေ့လိုက်ရသောကြောင့် သူ၏ စိတ်ဓာတ် တက်ကြွသွားသည်။

သူတို့ အရှေ့ဘက် တံခါးသို့ ဦးတည်နေသာ လမ်းတလျှောက် လျှောက်လာချိန်တွင် အေးစက်သော လေက မြေပြန့်ကျယ်ကို ဖြတ်၍ ကြာပွတ်ဖြင့် ရိုက်ခတ်သည့် ပမာပင်  တိုက်ခတ်လာပြီး သူတို့၏ မျက်နှာများနှင့် လက်များကို အေးခဲ သွားစေခဲ့သည်။ မြို့၏ အပြင်ဖက် ပြန့်ကျဲနေသော အိမ်များ၏ အကြား တောင်ကုန်း၏ အခြေတွင် လမ်း ၄ခု ဆုံ သွားကြသည်။ ဆိုးရွာသော ရာသီဥတု အတွင်း ပုခုံးကို ကျုံ့၍ ခေါင်းကို ငုံ့ကာ မြို့နံရံများ ၏ အကာအကွယ်ဆီ ဦးတည်၍  တွန်းထိုး သွားလာနေကြသော အခြား ခရီးသည်များနှင့် သူတို့ ထိုနေရာတွင် ဆုံတွေ့ ကြလေသည်။

မြို့တံခါးဆီသို့ ဦးတည်နေသာ ကုန်းတက်တွင် ကျောက်တုံးများ သယ်ဆောင်လာသော နွားလှည်းတစ်စင်းကို သူတို့ နီးနီးကပ်ကပ် တွေ့လိုက်ရသည်။ တွမ်အတွက် မျှော်လင့်ချက်များနှင့် ပြည့်နေသော လက္ခဏာရပ်ပင် ဖြစ်သည်။ လှည်းသမားသည် အကြမ်းစား ဆောက်ထားသော သစ်သားလှည်း၏ နောက်တွင် သူ၏ ပုခုံးများကို အသုံးပြု၍ ကုန်းကုန်းကွကွဖြင့် နွားနှစ်ကောင်ကို အားဖြည့်ကာ လှည်းကို ကုန်းတက်ပေါ်သို့  တစ်လက်မချင်း ရွေ့အောင် တွန်းတင်နေသည်။ တွမ်သည် မိတ်ဆွေဖွဲ့ရန် အခွင့်အလမ်းကို တွေ့လိုက်ရသည်။ သူက အဲဖရက်ကို လှမ်း၍ အချက်ပြလိုက်ပြီး သူတို့နှစ်ယောက်စလုံး လှည်း၏ နောက်တွင် ပုခုံးထမ်း၍ ကူညီကာ တွန်းတင်ပေးကြသည်။

ကြီးမားသော သစ်သားဘီးကြီးများသည် ကြီးမားသော ကျုံးကို ဖြတ်၍ ထိုးထားသော သစ်လုံးတံတားပေါ်တွင် အသံမြည်၍ လိမ့်သွားသည်။ မြေကြီးကို တူးဖော်ထားသည့် ပညာရပ်မှာ လေးစားအားကျစရာ ကောင်းသည်။ ကျုံးကို တူးဖော်ပြီး ထွက်လာသော မြေကြီးများကို အသုံးပြု၍ မြို့တံတိုင်း အဖြစ် တည်ဆောက် ထားခြင်း ဖြစ်သည်။ လူ ၁၀၀ ခန့် လုပ်ဆောင်ရမည်ဟု တွမ် တွေးမိသည်။ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းကြီး၏ အုတ်မြစ်ချရန် တူးဖော်ရသည် ထက်ပင် ပို၍ အလုပ်များသော အလုပ်ဖြစ်သည်။ လှည်းနှင့် သန်မာသော တိရိစ္ဆာန်ကြီး နှစ်ကောင်၏ အလေးချိန်အောက်တွင် ကျုံးကို ဖြတ်သော တံတားမှာ တကျွိကျွိ အသံမြည်နေသည်။

သူတို့ မြို့အဝင် မုခ်တံခါးဝသို့ ချဉ်းကပ်လာသော အချိန်တွင် ကုန်းတက်မှာ ပြေပြစ်သွားပြီး  လှည်းမှာ ပို၍ လွယ်ကူစွာ ရွေ့လျား နိုင်လာသည်။ လှည်းသမားက ခါးကို ဆန့်လိုက်ပြီး တွမ်နှင့် အဲဖရက်တို့ကလည်း ခါးကိုဆန့်လိုက်ကြသည်။

"မင်းတို့ရဲ့ ကြင်နာတတ်မှု အတွက် ကျေးဇူးတင်ပါတယ်။" ဟု လှည်းသမားက ပြောသည်။

"ကျောက်တုံးတွေက ဘာအတွက်လဲ။" ဟု တွမ်က မေးသည်။

"ကက်သီဒရယ် ဘုရားရှိခိုးကျောင်း အသစ်ကြီး အတွက်။"
"အသစ် ဟုတ်လား။ ငါကြားတာကတော့ အဟောင်းကို ထပ်ချဲ့နေတာဆို။"
လှည်းသမားက ခေါင်းငြိမ့်ရင်း ပြောသည်။ " ဟုတ်တယ်။ ဒါက သူတို့ လွန်ခဲ့တဲ့ ဆယ်နှစ်က ပြောခဲ့တာ။ အခုတော့ အရင်ကထက် စာရင် အများကြီး သစ်နေပြီလေ။"

ဤသတင်းက ပို၍ ကောင်းသော သတင်းပင် ဖြစ်သည်။ "ဆောက်လုပ်ရေး ဆရာကြီးက ဘယ်သူလဲ။"

"ရှာ့ဖ်ဘရီက ဂျွန်ပါ။ ဒီဇိုင်းတွေကိုတော့ ဘစ်ရှော့ ရော်ဂျာကပဲ ဆွဲတာ များတယ်။"

ဤအရာမှာ ပုံမှန်ပင် ဖြစ်သည်။ ဘစ်ရှော့များသည် ဆောက်လုပ်ရေးဆရာများကို မျက်နှာလွဲ၍ အားလုံး လုပ်ခိုင်းခြင်းမှာ ရှားပါသည်။ ဆောက်လုပ်ရေး ဆရာကြီးများ ကြုံတွေ့ရလေ့ ရှိသော ပြသနာ တစ်ခုမှာ ဘုန်းကြီးတို့၏ လွန်ကြူးလှသော စိတ်ကူးစိတ်သန်းများကို နှစ်သိမ့်၍ သူတို့၏ မတန်တဆ စိတ်ကူးယဉ်ဆန်မှုများအတွက် လက်တွေ့ကျကျ ကန့်သတ်ပေးရန် ဖြစ်သည်။ သို့သော်လည်း ရှာ့ဖ်ဘရီက ဂျွန်သည်သာလျှင် လူငှားရာတွင် အရေးပါသူ ဖြစ်ပေလိမ့်မည်။

လှည်းသမားက တွမ်၏ လွယ်အိတ်ငယ်နှင့် ပစ္စည်းကိရိယာများကို ကြည့်၍ ခေါင်းတစ်ချက် ငြိမ့်သည်။
"ပန်းရန်ဆရာလား။"
"ဟုတ်တယ်။ ငါ အလုပ်ရှာနေတယ်။"
"မင်းရနိုင်ပါတယ်။ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းကြီးမှာ မဟုတ်ရင်တောင် ရဲတိုက်မှာ ဖြစ်ဖြစ်ပေါ့။" လှည်းသမားက ပုံမှန် အသံဖြင့်ပင် ပြောသည်။
"ရဲတိုက်ကို ဘယ်သူက အုပ်ချုပ်တာလဲ။"
"ရော်ဂျာပဲ။ ဘစ်ရှော့လဲ သူပဲ။ ရဲတိုက်မှူးလည်း သူပဲ။"
ဟုတ်မှာပေါ့။ ဟု တွမ်က တွေးသည်။ သူသည် တန်ခိုးအာဏာ ကြီးမားသော ဆာ့စ်ဘရီက ရော်ဂျာ အကြောင်းကို ကြားဖူးသည်။ သူသည် အများသိရှိ ထားသည့် အတိုင်းဆိုလျှင် ဘုရင်နှင့် အတော်နီးစပ်သူ ဖြစ်သည်။

သူတို့သည် မုခ်တံခါးဝကို ဖြတ်၍ မြို့တွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ထိုနေရာသည် အဆောက်အဦးများ၊လူများ၊ တိရိစ္ဆာန်များဖြင့် ပြွတ်သိပ် ပြည့်နှက် နေပြီး စက်ဝိုင်းပုံသဏ္ဍန် မြို့တံတိုင်းကိုပင် ကျော်လွန်၍ ကျုံးထဲအထိ ဖိတ်စင် လွင့်ကျသွားမည့်အလား ထင်ရသည်။ သစ်သားအိမ်များသည် တစ်လုံးနှင့် တစ်လုံး ပုခုံးချင်းတိုက် ပြည့်နှက်နေသည်။ ကြိုးပေးသတ်ပွဲတွင် နေရာတစ်နေရာ ရရန် တိုးဝှေ့နေကြသည့် ပွဲကြည့်ပိရိသတ်များ အလားပင် ဖြစ်သည်။ မြေကွက်လပ် သေးသေးကလေး မှန်သမျှ သည် တစ်ခုမဟုတ် တစ်ခုအတွက် အသုံးပြုထားသည်။ အကယ်၍ အိမ်နှစ်လုံး တည်ဆောက်ထားသော နေရာကြားတွင် လမ်းကြားသဏ္ဍာန် ဖြစ်နေပါက တစ်စုံတစ်ယောက်က အိမ်တဝက်စာ နေစရာ တစ်နေရာကို ဆောက်လုပ်ထားသည်သာလျှင် ဖြစ်သည်။ ထိုသို့သော နေစရာမျိုးတွင် ၄င်းတို့၏ တံခါးသည် အရှေ့ဖက်တွင် နေရာ အပြည့်နီးပါး ယူထားသောကြောင့် ပြတင်းပေါက်ဟူ၍ မရှိပေ။ အကယ်၍ နေရာသည် အိမ်သေးသေးကလေး တစ်ခုစာမျှပင် မကျယ်ပါက ဗျစ်ရည် သို့မဟုတ် ပေါင်မုန့် သို့မဟုတ် ပန်းသီး ရောင်းသော ဆိုင်တစ်ဆိုင် ရှိနေတတ်သည်။ အကယ်၍ ဆိုင်တစ်ဆိုင် စာမျှပင် နေရာမရှိပါက မြင်းဇောင်းတစ်ခု၊ ဝက်ခြံတစ်ခု၊ တိရိစ္ဆာန် မစင်ပုံ တစ်ခု သို့ ရေစည်တစ်ခု ရှိနေတတ်သည်။

ထို့အပြင် ဆူညံမှုကလည်း ရှိနေသည်။ လက်မှုပညာသည်တို့၏ အလုပ်ရုံများမှ ကျယ်ကျယ်လောင်လောင် ညာသံပေးနေသံများ၊ လမ်းဘေးရှိ ဈေးသည်များက သူတို့ပစ္စည်းများကို အော်ဟစ်ရောင်းချ နေသံများ၊ လူများ တစ်ဦးနှင့် တစ်ဦး အော်ဟစ်နှုတ်ဆက်နေသံများ၊ ဈေးဆစ်နေသံများ၊ ရန်ဖြစ်နေသံများ၊ တိရိစ္ဆာန်များ၏ ဟီသံများ၊ ဟောင်သံများနှင့် အချင်းချင်း တိုက်ခိုက် နေကြသံများကို လျော့ကျသွားအောင် မိုးရွာခြင်းက အနည်းငယ်မျှသာလျှင် စွမ်းဆောင် နိုင်သည်။

ဆူညံနေသံများကို ကျော်လွှားအောင် သူမ၏ အသံကို မြှင့်တင်၍ မာသာက မေးသည်။
"ဒီဟာက ဘာအနံ့ကြီးတုန်း။"
တွမ်က ပြုံးလိုက်သည်။ သူမအနေနှင့် မြို့သို့ မရောက်သည်မှာ နှစ်အနည်းငယ်မျှပင် ကြာခဲ့လေပြီ။
"ဒါက လူတွေရဲ့ အနံ့တွေပဲ။" ဟု တွမ်က သူမကို ပြန်ပြောသည်။

လမ်းသည် နွားလှည်းတစ်စင်းစာ ထက် အနည်းငယ်မျှသာ ပို၍ ကျယ်ဝန်းသည်။ သို့သော်လည်း လှည်းသမားသည် သူ၏ သတ္တဝါကြီးများကို နောက်တစ်ဖန်ပြန်၍ ရွေ့လျားအောင် မပြုနိုင်မည် စိုးသည့် အတွက် ရပ်တန့်ခွင့် မပေးပေ။ ထို့ကြောင့် သူသည် အတားအဆီးမှန်သမျှကို လျစ်လျူရှု၍ ၄င်းတို့ကို ကြိမ်ဖြင့် ဆက်ရိုက်နေသည်။ ထိုသို့ဖြင့် သူတို့သည် သူတို့၏ ထုံထိုင်းထိုင်း သတ္တဝါများကို ပုခုံးဖြင့် တွန်း၍ လူအုပ်ကြီး ကြားထဲမှ ဖြတ်သန်းကာ စစ်မြင်းပေါ်မှ နိုက်၊ လေးကိုင်ထားသည့် သစ်တောအမှုထမ်း၊ မြင်းပုကလေး ပေါ်မှ ဝတုတ်နေသော ဘုန်းကြီး၊ စစ်သည်တော်များ၊ အိမ်ရှင်မများ၊ ပြည့်တန်ဆာများ စသည့် ရှိရှိသမျှ လူများကို မည်သူမည်ဝါဟု ခွဲခြားဆက်ဆံနေခြင်း မရှိပဲ တွန်းထိုးဖယ်ထုတ်၍ ရှေ့ဆက် သွားကြသည်။

လှည်းသည် သိုးကျောင်းသားအိုကြီးတစ်ယောက် သိုးအနည်းငယ်မျှကို အတူတကွ သွားလာစေရန်အတွက် ကြိုးစားပမ်းစား ထိန်းကျောင်းနေသော နောက်သို့ ရောက်လာသည်။ ဒီနေ့သည် ဈေးနေ့ ဖြစ်ရမည်ဟု တွမ် သဘောပေါက်လိုက်သည်။ လှည်း ဖြတ်သန်းသွားသော အခါတွင် သိုးတစ်ကောင်သည် ဗျစ်ရည်ရောင်းသော အိမ်တစ်အိမ်၏ ပြတင်းပေါက်မှ အထဲသို့ ခုန်ပျံဝင်သွားပြီး ခဏတွင်းမှာပင် သိုးအုပ်တစ်အုပ်လုံးသည် အိမ်အတွင်းသို့ ရောက်သွားကြသည်။ သိုးတို့၏ အော်မြည်သံများ၊ အလန့်တကြား အော်ဟစ်သံများ ဆူညံသွားပြီး စားပွဲများ၊ ခွေးခြေများနှင့် ဗျစ်ရည်အိုးများကို ကြွမ်းထိုး မှောက်ခုံ ဖြစ်သွားစေသည်။

သူတို့၏ ခြေထောက်အောက်မှ မြေကြီးသည် ရွှံ့များ အမှိုက်များ ပြည့်နေသော ပင်လယ် ပမာပင် ဖြစ်သည်။ တွမ်သည်  မိုးရေစက်တို့ ကျနေသော အမိုးပေါ်သို့ ကြည့်မိပြီး ထိုမိုးရေစက်တို့ကို ဖယ်ရှားရန် လိုအပ်သော မြောင်း၏ အကျယ် အဝန်းကိုလည်း တွေ့ရသည်။ သူ့အနေနှင့် ဤမြို့တဝက်ရှိ အမိုးများ အားလုံးမှ စီးကျနေသော မိုးရေစက်များသည် လမ်းတစ်လျှောက် စီးဆင်းနေသည်ကို တွေ့နေရသည်။ အကယ်၍ ဆိုးဆိုးရွားရွား မုန်တိုင်းတစ်ခု တိုက်ခတ်ပါက လမ်းကို ဖြတ်ဖို့ လှေတစ်စင်းလောက် လိုလိမ့်မည်ဟု သူတွေးမိသည်။

သူတို့သည် တောင်ပေါ်တွင် ရှိသော ရဲတိုက်အနီးသို့ ချဉ်းကပ်လာသည့် အချိန်တွင် လမ်းသည် ပို၍ ကျယ်လာသည်။ ဤနေရာတွင်မူ ကျောက်တုံးအိမ်များကို တွေ့ရပြီး အိမ်တစ်လုံး နှစ်လုံးမှာ အနည်းငယ်မျှ ပြင်ဆင်ရန် လိုအပ်နေသည်ကို တွေ့ရသည်။ ထိုအိမ်များသည် လက်မှုပညာရှင်များနှင့် ကုန်သည်များ ပိုင်သော အိမ်များဖြစ်ပြီး ဆိုင်များနှင့် စတိုးများသည် မြေညီထပ်တွင် ရှိ၍ သူတို့မှာ အပေါ်ထပ်တွင် နေကြသည်။ သူ၏ အလေ့အကျင့် ရှိသော မျက်လုံးများနှင့် မည်သည့်ပစ္စည်းများ ရောင်းချနေသည် ဆိုသည်ကို ကြည့်လိုက်သော အခါတွင် တွမ်အနေနှင့် ဤမြို့သည် ကြွယ်ဝချမ်းသာသော မြို့တစ်မြို့ ဖြစ်သည်ဟု ပြောနိုင်သည်။ လူတိုင်းတွင် ဓားများ အိုးများ ရှိနိုင်သော်လည်း ကြွယ်ဝချမ်းသာသော လူများသာ ပန်းထိုးထားသော ပုဝါများ၊ အလှဆင်ထားသော ခါးပတ်များနှင့် ငွေသား ချိတ်များကို ဝယ်နိုင်ကြပေသည်။

ရဲတိုက်၏ ရှေ့သို့ ရောက်သောအခါတွင် လှည်းဆရာသည် သူ၏ လှည်းကို ညာဘက်သို့ ချိုးလိုက်ပြီး တွမ်နှင့် သူ၏ မိသားစုလည်း အနောက်မှ လိုက်ကြသည်။ လမ်းသည် စက်ဝိုင်းခြမ်း၏ တဝက်ပုံသဏ္ဍာန် ကို ကွေ့ပတ်သွားပြီး ရဲတိုက်၏ နံရံများဘေးမှ ရှောင်ကွင်းသွားသည်။ နောက်ထပ် ဂိတ်ပေါက်တစ်ခုကို ဖြတ်ပြီး သူတို့ အထဲသို့ ဝင်သွားသော အခါတွင် မြို့၏ ဆူညံသော အသံများကို အလျှင်အမြန်ပင် နောက်ချန်ထားခဲ့နိုင်ပြီး နောက်ထပ် ကွဲပြားခြားနားသော ဝန်းကျင်သစ်တစ်ခုသို့ ချဉ်းနင်းဝင်ရောက်ခဲ့လေသည်။ ဆူညံနေသော်လည်း စနစ်တကျ ဖြစ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီး တစ်ခု၏ အစီအစဉ်တကျ ဖြစ်နေသော နေရာပင် ဖြစ်သည်။

သူတို့သည် ကက်သီဒရယ် ဘုရားရှိခိုးကျောင်းတော်ကြီး၏ အတွင်းပိုင်းနံရံအတွင်းသို့ ရောက်ခဲ့ကြသည်။ ထိုနေရာသည် စက်ဝိုင်းပုံသဏ္ဍာန်ရှိသော မြို့၏အနောက်မြောက်ဖက် တစ်ခုလုံးကို နေရာယူထားသည်။ တွမ်သည် ခဏမျှရပ်ပြီး ကြည့်လိုက်သည်။ ကြည့်ရုံကြားရရုံ အနံ့ရရုံ မျှနှင့်ပင် သူ့အတွက် နေသာသော နေ့တစ်နေ့ပမာ စိတ်အား တက်ကြွသွားစေသည်။ လှည်းတစ်စင်းစာ ကျောက်တုံးများ ရှိရာ နေရာ၏ အနောက်သို့ ရောက်သွားချိန်တွင် လှည်းနှစ်စင်းမှာ အခွံသက်သက်ဖြင့် ပြန်လည် ထွက်ခွားသွားကြသည်။ ဘုရားရှိခိုးကျောင်း နံရံတလျှောက်ရှိ သုံးဘက်သုံးတန် ကာရံထားသော ကျီများ အတွင်းတွင် ပန်းရန်ဆရာများ သံဆောက်များ နှင့် သစ်သားတူများ အသုံးပြု၍ ​လေးထောင့်ကျောက်တုံးများကို တိုင်လုံး အောက်ခံဖိနပ်များ၊ တိုင်လုံးများ၊ တိုင်ကလပ်များ၊ တိုင်သန်များ၊ ဒေါက်တိုင်များ၊ မုခ်ခုံးများ၊ ပြတင်းပေါက်များ၊ ပြတင်းပေါက်အောက်ခြေစွန်းများ၊ အမွမ်းချွန်များ၊ နံရံနိမ့်များ အဖြစ် တည်ဆောက်နိုင်ရန် ပုံဖော်နေကြသည်ကို တွေ့နေရသည်။ ဘုရားကျောင်း ပုရဝုဏ်၏ အလယ် အခြား အဆောက်အအုံများမှ အတော်အတန်လှမ်းသော နေရာတွင် ပန်းပဲဖိုတည်ရှိနေပြီး လောင်ကျွမ်းနေသော မီးတောက်များကို ပွင့်နေသော တံခါးမှ လှမ်းမြင် နေရသည်။ ပန်းပဲဆရာက ပန်းရံဆရာများ အသုံးပြုပြီး၍ ပျက်စီးယိုယွင်းလာသော ကိရိယာများကို အစားထိုးရန် ကိရိယာ အသစ်များ ပြုလုပ်နေရာတွင် ပေပေါ်တွင် ထုရိုက်နေသော တူသံများသည် ပုရဝုဏ်ကို ဖြတ်၍ လွင့်ပျံ့လာသည်။ လူအများစု အတွက်မူ ထိုမြင်ကွင်းသည် ရှုပ်ရှက်ခတ်နေသော မြင်ကွင်းတစ်ခုမျှသာ ဖြစ်သော်လည်း တွမ်အတွက်မူ လက်ယားနေလောက်အောင် စီမံခန့်ခွဲချင်သော အလုပ်ကိစ္စများ အဖြစ်မြင်သည်။ သူ့အနေနှင့် လူတစ်ဦးချင်းစီတို့ ဘာလုပ်နေကြသည်ကို သိရှိပြီး သူတို့၏ အလုပ်များ မည်မျှ အထိခရီးရောက်နေပြီ ဆိုသည်ကိုလည်း တမဟုတ်ချင်း သိမြင်နိုင်သည်။ သူတို့သည် အရှေ့ဖက် မျက်နှာစာကို တည်ဆောက်နေကြခြင်း ဖြစ်သည်။

အရှေ့ဖက်ဆုံးတလျှောက်တွင် ၂၅ ပေ သို့ ပေ ၃၀ ခန့် မြင့်သည် ငြမ်းတစ်ခု ရှိသည်။ ပန်းရန်ဆရာများသည် ဆင်ဝင်အောက်တွင် ရှိနေကြပြီး မိုးစဲရန် အတွက် စောင့်နေကြသော်လည်း သူတို့၏ အလုပ်ကြမ်းသမားများကမူ လှေကားများ တလျှောက် ကျောက်တုံးများကို ပုခုံးတွင် ထမ်းလျှက် ပြေးတက်ပြေးဆင်း လုပ်နေကြလေသည်။ အပေါ်ဘက်ရှိ ခေါင်မိုး၏ သစ်သားဘောင်များပေါ်တွင်မူ ဧရာမ သစ်သားပင့်ကူအိမ်ကြီး တစ်ခုပေါ်တွင် တွားသွားနေကြသော ပင့်ကူများပမာ ရေပိုက်ဆင်သည့် သူများ ရှိနေကြသည်။ သူတို့သည် ဒေါက်များပေါ်တွင် ခဲပြားများကို သံဖြင့်ရိုက်၍ ရေဆင်းပိုက်များ၊ ရေတံလျှောက်များကို တပ်ဆင်နေကြသည်။

တွမ်အနေနှင့် အဆောက်အဦးမှာ ပြီးလုပြီးခင် အနေအထား ရှိနေပြီဆိုသည့် အချက်ကို ဝမ်းနည်းစွာ သဘောပေါက် နားလည်လိုက်သည်။ အကယ်၍ သူ့အနေနှင့် ဤနေရာတွင် အလုပ်ရစေကာမူ နှစ်အနည်းငယ်မျှထက် ပို၍ ကြာမည် မဟုတ်သဖြင့် သူ့အနေနှင့် ဆောက်လုပ်ရေးဆရာကြီး ဖြစ်ရန် ဝေးစွ ပန်းရန်ဆရာ အကြီးအမှူးဖြစ်ရန်ပင် မနည်း ကြိုးစားရမည် ဖြစ်သည်။ သို့သော်လည်း အလုပ်ရမည် ဆိုပါက ဆောင်းတွင်းရောက်တော့မည် ဖြစ်၍ သူ့အနေနှင့် လုပ်မည်သာလျှင် ဖြစ်သည်။ အကယ်၍ သူတို့တွင် ဝက်သာ ရှိနေသေးပါက သူတို့ အနေနှင့် အလုပ်မရှိပဲ ဆောင်းတွင်းကို ဖြတ်ကျော်နိုင်မည် ဖြစ်သော်လည်း ဝက်မရှိတော့သည့်အတွက် တွမ် အလုပ်ရမှသာလျှင် ဖြစ်မည်။

သူတို့သည် လှည်းနောက်မှ ကျောက်တုံးများ ပုံထားသည့် ပုရဝုဏ် အတွင်းသို့ လိုက်လာခဲ့သည်။

နွားတို့သည် ဝမ်းမြောက်ဝမ်းသာပင် ရေထည့်ထားသောခွက်တွင် ခေါင်းစိုက်၍ သောက်ကြသည်။ လှည်းသမားက အနားမှ ဖြတ်သွားသော ပန်းရန်ဆရာ တစ်ယောက်ကို လှမ်းမေးသည်။
"ဆောက်လုပ်ရေး ဆရာကြီး ဘယ်မှာလဲ။"

"ရဲတိုက်ထဲမှာ။" ဟု ပန်းရန်ဆရာက ပြန်ဖြေသည်။ လှည်းသမားက ခေါင်းငြိမ့်ပြပြီး တွမ် ဘက်သို့ လှည့်၍ ပြောသည်။

"မင်း သူ့ကို ဘစ်ရှော့ရဲ့ နန်းတော်ထဲမှာ တွေ့လိမ့်မယ်လို့ ငါထင်တယ်။"

"ကျေးဇူးပဲ။"

"ငါက မင်းကို ကျေးဇူးတင်ရမှာပါ။"

တွမ်က ပုရဝုဏ်အတွင်းမှ ထွက်လာပြီး အက်ဂနက်စ်နှင့် ကလေးများက နောက်မှ လိုက်လာသည်။ သူတို့သည် လူများဖြင့် ပြည့်နှက်နေသော လမ်းကျဉ်းကလေးများ တလျှောက် ရဲတိုက်၏ အရှေ့ဖက်သို့ ပြန်လျှောက်လာကြသည်။

ဤနေရာတွင် ရေမရှိသော အခြား ကျုံးတစ်ခုနှင့် အလယ်ဗဟို ရဲတိုက်ကို ဝိုင်းရံထားသော ကြီးမားသည့် မြေသားခံတပ်တစ်ခု ရှိနေသည်။ သူတို့သည် ရဲတိုက်အဝင်ဝ တံတားအရှင်ပေါ်မှ ဖြတ်၍ လျှောက်ခဲ့ကြသည်။ မုခ်ဝ၏ ဘေးမှ အစောင့်တဲတွင် ကိုယ်လုံးကိုယ်ထည်ကြီးမားသော လူတစ်ယောက်သည် သားရေ သင်တိုင်းအင်္ကျီရှည်ကို ဝတ်၍ ခွေးခြေတစ်လုံးပေါ်တွင် ထိုင်နေပြီး ပြင်ပတွင် မိုးရွာနေသည်ကို စောင့်ကြည့်နေသည်။ သူသည် ဓားရှည် တစ်ချောင်းကို ကိုင်ထားသည်။ တွမ်က သူ့ကို မိတ်ဆက်လိုက်သည်။

"ကောင်းသောနေ့ပါ။ ကျုပ်က ဆောက်လုပ်ရေးဆရာ တွမ်ပါ။ ကျွန်တော် ဆောက်လုပ်ရေး ဆရာကြီး ရှာ့ဖ်ဘရီက ဂျွန်နဲ့ တွေ့ချင်လို့ပါ။"

"ဘစ်ရှော့နဲ့ အတူတူ ရှိနေတယ်။" ဟု အစောင့်က သာမန် အတိုင်းပင် ပြန်ပြောသည်။

သူတို့ အထဲသို့ ဝင်ခဲ့ကြသည်။ အခြားရဲတိုက်အများစု ကဲ့သို့ပင် မြေသားနံရံအတွင်းတွင် အမျိုးမျိုးသော အဆောက်အဦး အများအပြား တစုတဝေးတည်း ရှိနေကြသည်။ ရဲတိုက်ဝင်းသည် ကိုက်၁၀၀ ခန့်အကွာတွင် ရှိနေသည်။ မုခ်ဝ၏ ဆန့်ကျင်ဘက် အစွန်ဆုံးနေရာတွင် မြေတိုက်ခန်းပါသော မျှော်စင်အကြီးကြီး တစ်ခု ရှိသည်။  တိုက်ခိုက်ခြင်းခံရပါက နောက်ဆုံးအနေနှင့် အမာခံခုခံရာ နေရာဖြစ်ပြီး မြေသားနံရံ၏ အပေါ်တွင် မြင့်တက်၍ ဘေးပတ်လည်ကို ကြည့်ရှုနိုင်ရန် တည်ဆောက်ထားသည်။ သူတို့၏ ဘယ်ဘက်တွင်မူ တကွဲတပြား ရှိနေကြသော အဆောက်အအုံ အနိမ့်များ ရှိပြီး အများအားဖြင့် သစ်သားဖြင့် တည်ဆောက်ထားကြသည်။ ရှည်လျားသော မြင်းဇောင်း၊ မီးဖိုဆောင်၊ မုန့်ဖုတ်ဆောင်နှင့် စတိုအချို့တို့ ဖြစ်ပေသည်။ အလယ်ခေါင်တွင်မူ ရေတွင်း ရှိသည်။ ညာဖက်တွင်မူ ဝင်း၏ မြောက်ဖက်ပိုင်း အတော်များများကို နေရာယူတည်ဆောက်ထားသော ကြီးမားသည့် ကျောက်တုံးအိမ်ကြီး ဖြစ်ပြီး ထိုအရာမှာ နန်းတော် ဖြစ်သည်မှာ အထင်အရှားပင် ဖြစ်သည်။ ထိုအဆောက်အဦးမှာ ကက်သီဒရယ် ဘုရားကျောင်း အသစ်နှင့် ပုံစံတူဖြစ်ပြီး သေးငယ်၍ စက်ဝိုင်းပုံ ထိပ်များရှိသော တံခါးပေါက်များနှင့် ပြတင်းပေါက်များဖြင့် တည်ဆောက်ထားကာ အထပ် နှစ်ထပ် ဖြစ်သည်။ ဤ အဆောက်အဦးမှာလည်း အသစ်ပင် ဖြစ်ပြီး ပန်းရန်ဆရာများသည် ထောင့်တစ်နေရာတွင် အလုပ်လုပ်နေကြကာ မျှော်စင်တစ်ခုကို တည်ဆောက်နေခြင်း ဖြစ်သည်မှာ အထင်အရှားပင် ဖြစ်သည်။ မိုးရွာနေသော်လည်း ဝင်းထဲတွင် လူအများအပြား ရှိနေကြသည်။ အဆောက်အဦးတစ်ခုမှ တစ်ခု အတွင်းသို့ ထွက်လိုက်ဝင်လိုက်နှင့် မိုးရွားထဲတွင် ပြေးလွှားနေကြသည်။ ထိုသူတို့မှာ စစ်သည်တော်များ၊ တရားဟော ဘုန်းကြီးများ၊ ကုန်သည်များ၊ ဆောက်လုပ်ရေး လုပ်သားများနှင့် နန်းတော်အမှုထမ်းများ ဖြစ်ကြသည်။

တွမ်အနေနှင့် မိုးရွာနေသော်လည်း ဖွင့်ထားကြသော နန်းတော်၏ တံခါးဝ အချို့ကို လှမ်းတွေ့နေရသည်။ သူ့အနေနှင့် နောက်ဘာဆက်လုပ်ရမည်ကို ရေရေရာရာ မသိပေ။ အကယ်၍ ဆောက်လုပ်ရေးဆရာကြီးသည် ဘစ်ရှော့နှင့် အတူရှိနေပါက သူ့အနေနှင့် မနှောင့်ယှက်သင့်ပေ။ အခြားတဖက်တွင်လည်း ဘစ်ရှော့သည် ဘုရင်မဟုတ်သည့်အတွက် တွမ်လို လွတ်လပ်ပြီး တရားဝင် အလုပ်အကိုင်ရှိသည့် ပန်းရန်ဆရာ တစ်ယောက် အနေနှင့် တိုင်ကြားရန်လာသော မြေကျွန်လို လူစားမျိုး မဟုတ်သည့် အတွက် ပြသနာ မရှိပေ။ သူသည် ရဲဝံ့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် အက်ဂနက်စ် နှင့် မာသာကို ထားခဲ့ပြီး အဲဖရက်နှင့် အတူ ရွှံ့များပြည့်နေသော ဝင်းအတွင်း ဖြတ်၍ နန်းတော်ဆီသို့ လျှောက်ခဲ့ပြီး အနီးဆုံးတံခါးမှ ဖြတ်ကျော်ဝင်ရောက် ခဲ့သည်။

ထိုအခါ သူတို့သည် မျက်နှာကြက် အမိုးခုံး ရှိပြီး အခြား တစ်ဖက်စွန်းတွင် ဝတ္ထုပစ္စည်းဆက်ကပ်ရန် ထားသည့် စင်တစ်ခုနှင့် ၄င်း၏ အပေါ်တွင်  ပြတင်းပေါက် တစ်ပေါက်ရှိသော ဝတ်ပြုဆောင်ကလေး တစ်ခုအတွင်းသို့ ရောက်ရှိသွားကြသည်။ တံခါးဝ အနီးတွင် တရားဟောဘုန်းကြီးတစ်ပါးသည် စားပွဲခံအမြင့်ဖြင့် ထိုင်နေပြီး သားရေပြားပေါ်တွင် အလျှင်အမြန်စာရေးနေသည်။ သူက မော့ကြည့်သည်။

တွမ်က အဆောတလျင် ပြောလိုက်သည်။ "ဆရာကြီး ဂျွန်ဘယ်မှာလဲ။"

"ကျက်သရေခန်းထဲမှာ။" ဟု တရားဟောဘုန်းကြီးက ပြန်ပြောပြီး ဘေးဖက်နံရံဘက်သို့ သူ၏ ခေါင်းကို ဆတ်ပြသည်။

တွမ်အနေနှင့် ဆရာကြီးကို တွေ့ရန် မေးခြင်း မဟုတ်ပေ။  သို့သော်လည်း သူ့အနေနှင့် ဆရာကြီးနှင့် ချိန်းဆိုထားသည့် ပမာ ဟန်ဆောင်ပြီး ဖြစ်နေသည်ကို တွေ့ရသည့် အတွက် စောင့်ဆိုင်းခြင်းဖြင့် အချိန်ကုန် မခံတော့ပေ။ သူသည် ဝတ်ပြုခန်းကို ခြေလှမ်းကျဲကျဲ အနည်းငယ်မျှဖြင့်ပင် ဖြတ်သန်းခဲ့ပြီး ကျက်သရေခန်းတွင်းသို့ ဝင်ခဲ့သည်။

ထိုအခန်းမှာ ဖယောင်းတိုင် အများအပြား ထွန်းထားသော လေးထောင့် အခန်းကျဉ်းကလေး တစ်ခု ဖြစ်သည်။ ကြမ်းပြင် နေရာ အတော်များများကို သဲကျင်း တိမ်တိမ် ကလေးများက နေရာယူထားသည်။ သဲမှုန် အနုစားများကို ပေတံသုံး၍ စင်းလုံးချော ချောမွေ့နေစေရန် ပြုလုပ်ထားသည်။ အခန်းထဲတွင် လူနှစ်ယောက်ရှိနေကြသည်။ နှစ်ယောက်စလုံးက တွမ်ကို တခဏတာမျှ လှမ်းကြည့်ကြသည်။ ထို့နောက်သူတို့သည် သူတို့၏ အာရုံကို သဲများသို့ ပြန်လွှဲလိုက်ကြသည်။ အရေပြားများ တွန့်နေပြီး မျက်လုံးတောက်တောက်များ ရှိသော ဘစ်ရှော့သည် ထိပ်ချွန် တုတ်ချောင်းတစ်ချောင်းဖြင့် သဲပေါ်တွင် ပုံဆွဲနေသည်။ သားရေ ရှေ့ဖုံးခါးစည်းကို ဝတ်ဆင်ထားသော ဆောက်လုပ်ရေးဆရာကြီးက သူ့ကို စိတ်ရှည်ရှည် ခနဲ့တဲ့တဲ့ အမူအရာဖြင့် ကြည့်နေသည်။

တွမ်သည် တိတ်တဆိတ် စိတ်လှုပ်ရှားစွာ စောင့်နေသည်။ သူ့အနေနှင့် မျက်နှာပန်းလှရန် လိုသည်။ ယဉ်ကျေးရန် လိုအပ်ပြီး နှိမ့်ချရန် မလိုအပ်ပေ။ သူ့တွင် အသိပညာရှိကြောင်း ပြရန် လိုသော်လည်း ကြွစောင်းစောင်း ပုံစံမပေါက်အောင် ပြရန်လိုသည်။ တွမ်သည် သူကိုယ်တိုင် တခြားသူများကို ငှားရမ်းခဲ့ဖူး၍ သူ၏ ကိုယ်ပိုင် အတွေ့အကြုံအရ သိရှိထားသည်မှာ လက်မှုပညာသည် ဆရာကြီးများသည် သူတို့၏ လက်အောက်ငယ်သားများကို နာခံတတ်ရုံမျှသာမက တတ်ကျွမ်းနားလည်သည်ကို လိုချင်ကြသည် ဟူ၍ ဖြစ်သည်။

ဘစ်ရှော့ရော်ဂျာသည် သုံးဘက်သုံးတန်တွင် ပြတင်းပေါက်ကြီးများ ပါရှိသော နှစ်ထပ် အဆောက်အအုံတစ်လုံး၏ ပုံကြမ်းကို ရေးခြစ်နေသည်။ သူသည် ပုံဆွဲဆရာ ကောင်း တစ်ယောက် ဖြစ်၍ မျဉ်းများကို ဖြောင့်နေအောင် ဆွဲပြီး ထောင့်မှန်များကို မတ်နေအောင် ရေးဆွဲနိုင်သည်။ သူသည် အဆောက်အဦးကို အပေါ်မှ ကြည့်သောပုံနှင့် ဘေးမှကြည့်သော ပုံကို ရေးဆွဲနေသည်။ တွမ်အနေနှင့် ထိုအဆောက်အဦးကို မည်သို့မျှ တည်ဆောက်ရန် မဖြစ်နိုင်ကြောင်းကို တွေ့နေရသည်။

ဘစ်ရှော့သည် ပုံဆွဲပြီးသွားသော အခါတွင် ပြောသည်။ "ဒီမှာကြည့်။"

ဂျွန်က တွမ်ဘက်သို့ လှည့်၍ ပြောသည်။ "ဘာလဲ။"

တွမ်က သူ့အား ပုံနှင့် ပတ်သက်၍ သူ၏ အယူအဆကို မေးသည်ဟု ဟန်ဆောင်လိုက်သည်။ သူက ပြောသည်။

"စတိုခန်းမှာ အဲဒီလောက် ကြီးတဲ့ ပြတင်းပေါက်တွေ ထားဖို့ မဖြစ်နိုင်ဘူး။"

ဘစ်ရှော့က သူ့ကို စိတ်တိုတောင်းသွားသည့် ပုံစံဖြင့် ကြည့်၍ ပြောသည်။

"ဒါ စာရေးတဲ့အခန်း။ စတိုခန်း မဟုတ်ဘူး။"

"ဒါပေမယ့်လည်း ပြိုကျမှာတော့ အတူတူပဲ။

"သူပြောတာ မှန်တယ်။" ဟု ဂျွန်က ပြောသည်။

"ဒါပေမယ့် စာရေးဖို့တော့ အလင်းရောင် ရှိမှ ဖြစ်မယ်လေ။"

ဂျွန်က ပုခုံးကိုတွန့်ပြီး တွန်ဘက်သို့ လှည့်လိုက်သည်။

"မင်းဘယ်သူလဲ။"

"ကျုပ်နာမည် တွမ်ပါ။ ပန်းရန်ဆရာပါ။"

"အင်း ငါထင်တယ်။ မင်းဘာကိစ္စနဲ့ ဒီကိုလာတာလဲ။"

"ငါ အလုပ်လိုချင်လို့ပါ။" တွမ်က အသက်ကိုအောင့်ရင်း ပြောလိုက်သည်။

ဂျွန်က သူ့ခေါင်းကို အလျှင်အမြန်ပင် ယမ်းခါလိုက်သည်။

"ငါမင်းကို အလုပ်မပေးနိုင်ဘူး။"

တွမ်၏ နှလုံးသားထဲတွင် အဆုံးစွန်ထိအောင် ဝမ်းနည်းသွားသည်။ သူ့အနေနှင့် ချက်ချင်း လှည့်ထွက်သွားချင်စိတ် ပေါ်သော်လည်း ယဉ်ကျေးစွာပင် သူ၏ အကြောင်းပြချက်ကို ကြားရန် စောင့်နေမိသည်။

"ငါတို့ ဒီမှာ အဆောက်အဦး ဆောက်နေတာ ဆယ်နှစ် ရှိသွားပြီ။" ဂျွန်က ဆက်ပြောသည်။ "ပန်းရန်ဆရာ အများစုတောင်မှ မြို့ထဲမှာ အိမ်တွေ ဆောက်ပြီးနေကြပြီ။ ငါတို့ အလုပ်က ဒီမှာ ပြီးတော့မယ်။ အခုဆိုရင် ငါ့မှာ ပန်းရန်ဆရာတွေ တကယ် လိုအပ်တာထက်တောင် ပိုများနေတယ်။"

တွမ်အနေနှင့် မျှော်လင့်ချက် မဲ့နေပြီ ဆိုသည်ကို သိလိုက်ရသည်။ သို့သော်လည်း သူက ဆက်ပြောသည်။

"ဒါဆိုရင် နန်းတော် အတွက်ကော။"

"အတူတူပဲ။" ဂျွန်က ပြောသည်။ "အဲဒါက ငါ့ရဲ့ ပိုနေတဲ့ လူတွေကို သုံးတဲ့နေရာပဲ။ အဲဒီအတွက် နဲ့ ဘစ်ရှော့ရော်ဂျာရဲ့ တခြား ရဲတိုက်တွေ အတွက် မဟုတ်ဘူး ဆိုရင် ငါပန်းရန်ဆရာတွေကို အလုပ်ထုတ်ပြီး ရောပေါ့။"

တွမ်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ပုံမှန် အသံဖြင့်ပင် စိတ်ဓာတ်ကျသံ မပေါက်စေဘဲ ဆက်ပြောသည်။

"တခြား တနေရာမှာ အလုပ်ရှိတယ်လို့များ ကြားမိသေးလား။"

"ရှာ့ဖ်ဘူရီမှာတော့ သူတို့ ဘုန်းကြီးကျောင်း တစ်ကျောင်း ဒီနှစ်ဆန်းပိုင်း လောက်က ဆောက်နေကြတယ်။ သူတို့ ဆောက်နေကြတုန်းလို့ ထင်တာပဲ။ အဲဒီနေရာက ဒီကနေ့ တစ်နေ့ခရီးလောက် သွားရတယ်။"

"ကျေးဇူးတင်ပါတယ်။" တွမ်က ထွက်သွားရန် နောက်လှည့်လိုက်သည်။

"ငါစိတ်မကောင်းပါဘူး။ မင်းကြည့်ရတာ လူကောင်း တစ်ယောက်ပါပဲ။"

တွမ်သည် ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့သည်။ သူ့သည် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူသည် မျှော်လင့်ချက်များဖြင့် စောစီးစွာပင် စိတ်ဓာတ်တက်ကြွခဲ့သည်။ ငြင်းပယ်ခံရခြင်းမှာ အဆန်းတော့ မဟုတ်ပေ။ သို့သော်လည်း သူ့အနေနှင့် ကက်သီဒရယ် ဘုရားကျောင်းတွင် နောက်တစ်ကြိမ် အလုပ်လုပ်ခွင့်ရရန် အခွင့်အလမ်းအတွက် စိတ်လှုပ်ရှားခဲ့သည်။ အခုတော့ သူ့အနေနှင့် အပြောင်းအလဲ သိပ်မရှိသော မြို့တံတိုင်း တစ်ခု သို့မဟုတ် ငွေပန်းတိမ်ဆရာ အတွက် အရုပ်ဆိုးဆိုး အိမ်တစ်လုံး စသည်တို့တွင် အလုပ်လုပ်ရ ပေဦးမည်။

သူသည် အက်ဂနက်စ်နှင့် မာသာတို့ စောင့်ဆိုင်းနေသော ရဲတိုက်ဝင်း၏ တခြားဘက်သို့ ပြန်လျှောက်လာချိန်တွင် မကြောက်မရွံသည့် အသွင်သဏ္ဍာန် ပြန်ပြင် ထားလိုက်သည်။ သူ့သည် သူ၏ စိတ်ပျက်လက်ပျက် ဖြစ်မှုကို သူမအား ဘယ်တော့မှ မပြပေ။ အမြဲတမ်း လိုလိုပင် အားလုံး ကောင်းနေပါသည်။ သူ့အနေနှင့် အားလုံးကို ထိန်းချုပ်နိုင်ပါသည်။ ဤနေရာတွင် အလုပ်မရှိလျှင်လည်း နောက်တစ်မြို့ သို့မဟုတ် နောက်ထပ်တစ်မြို့တွင် အလုပ်ရှိသည်မှာ သေချာသောကြောင့် အကျိုးဆက် ကြီးကြီးမားမား မရှိပါ ဆိုသည့် ပုံသဏ္ဌန်မျိုး ဖမ်းထားလေ့ ရှိသည်။ အကယ်၍ သူကသာ စိတ်ဓာတ်ကျသည့် ပုံစံကို ပြပါက အက်ဂနက်စ်က သူ့အား တစ်နေရာရာတွင် အခြေချ နေထိုင်ရန် ပြောလိမ့်မည် ဆိုသည်ကို သူသိထားသည်။ သူ့အနေနှင့် ကက်သီဒရယ် ဘုရားကျောင်း ဆောက်လုပ်ရန်ရှိသည့် နေရာမှ အပ မည်သည့်နေရာတွင်မှ အခြေမချ ချင်ပေ။

"ဒီမှာ ငါ့တွက် ဘာအလုပ်မှ မရှိဘူး။ ဆက်သွားကြစို့။" ဟု သူက အက်ဂနက်စ်ကို ပြောသည်။

သူမသည် အလွန်အမင်း စိတ်ဓာတ်ကျသွားပုံ ပေါ်သည်။ "ကက်သီဒရယ်နဲ့ နန်းတော် တစ်ခု ဆောက်နေတာတောင်မှ ပန်းရန်ဆရာ တစ်ယောက်အတွက် အလုပ်တစ်နေရာစာ မရှိနိုင်ဘူးလား။"

"အဆောက်အဦး နှစ်ခုစလုံးက ပြီးခါနီးပြီ။ သူတို့မှာ လူတွေက လိုတာထက်တောင် ပိုများနေတယ်။" ဟု တွမ်က ပြန်ရှင်းပြသည်။

သူတို့မိသားစုသည် တံတား အရှင်ပေါ်မှ ပြန်ဖြတ်၍ လူတို့ ပြည့်ကျပ်နေသော မြို့၏ လမ်းများပေါ်သို့ ပြန်လည် တွန်းထိုး ဝင်ရောက်လာခဲ့သည်။ သူတို့သည် ဆာ့စ်ဘရီကို အရှေ့ဘက် တံခါးပေါက်မှ ဝင်လာခဲ့ပြီး အနောက်ဖက် တံခါးပေါက်မှ ပြန်ထွက်ကြမည် ဖြစ်သည်။ သူတို့အနေနှင့် ရှာ့ဖ်ဘရီကို သွားမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ တွမ်သည် ညာဖက်သို့ လှည့်လိုက်သည်။ သူတို့အား ယခုထက်တိုင် မမြင်ဖူးသေးသော မြို့၏ အပိုင်းဘက်သို့ ဦးဆောင် ခေါ်သွားလိုက်သည်။

သူတို့သည် ပြင်ဆင်ရန် အတွက် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်သော ကျောက်တုံးအိမ် တစ်လုံး၏ အပြင်ဖက်တွင် ရပ်လိုက်သည်။ အဆောက်အဦးတွင် သုံးထားသော အင်္ဂတေများမှာ အလွန်ပင် အားနည်းနေကြပြီ ဖြစ်ပြီး အစိတ်စိတ် အမြွှာမြွှာဖြစ်ကာ ပြုတ်ကျ ပြန့်ကြဲထွက်နေသည်။ ရေခဲတို့က အပေါက်များ အတွင်း ဝင်၍ အချို့သော ကျောက်တုံးများကို ကွဲအက်စေသည်။ အကယ်၍ နောက်ထပ် ဆောင်းတွင်း တစ်ခုမျှ ဤအတိုင်း ဆက်၍ ထားမည် ဆိုပါက  အပျက်အစီးမှာ ပို၍ ဆိုးသွားနိုင်သည်။ တွမ်သည် အိမ်ရှင်အား ထိုအကြောင်းကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။

မြေညီထပ် အဝင်ပေါက်မှာ ကျယ်ဝန်းသော တံခါးခုံး ဖြစ်သည်။ သစ်သားတံခါးမှာ ဖွင့်ထားသည်။ တံခါးပေါက်တွင် မူ ညာဖက်လက်တွင် တူတစ်ချောင်းနှင့် ဘယ်ဖက်တွင် ထိပ်ချွန်ရှိသည့် ဘရာဒေါလ်ဟု ခေါ်သည့် သံထည် ကိရိယာ တစ်ခုကို ကိုင်ထားသည့် လက်မှုပညာသည် တစ်ယောက် ထိုင်နေသည်။ သူသည် ရှုပ်ထွေးပွေလီသော ဒီဇိုင်း ရှိသည့် သူ၏ ရှေ့ရှိ ခုံတန်းရှည်ပေါ်တွင် တင်ထားသော မြင်းကုန်းနှီးတစ်ခုကို ထုဆစ်နေခြင်း ဖြစ်သည်။ နောက်ခံတွင်မူ တွမ်အနေနှင့် သစ်သားများနှင့် သားရေများ သိုလှောင်ထားရာ စတိုကို တွေ့မြင်နေရပြီး ကောင်လေးတစ်ယောက်သည် တံမြက်စည်းဖြင့် အမှုန်အမွှားစများကို လှည်းကျင်းနေသည်ကို တွေ့ရသည်။

"ကောင်းသောနေ့ပါ။ မြင်းကုန်းနှီး ဆရာကြီး။"

မြင်းကုန်းနှီးဆရာက မော့ကြည့်သည်။ တွမ်အား အကယ်၍ မြင်းကုန်းနှီး လိုအပ်ပါက ကိုယ်တိုင်လုပ်မည့်သူဟု ခွဲခြား သိရှိသည့်ပမာပင် ခေါင်းကို ခပ်ဆတ်ဆတ် တစ်ချက် ငြိမ့်ပြသည်။

"ကျုပ်က အိမ်ဆောက်ဆရာပါ။ ခင်ဗျားအတွက် ကျုပ် ဝန်ဆောင်မှု ပေးနိုင်တယ်ဆိုတာ တွေ့လို့ပါ။ " တွမ်က ဆက်ပြောသည်။

"ဘာလို့လဲ။"

"ခင်ဗျားရဲ့ အင်္ဂတေတွေ အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေပြီ။ ခင်ဗျားရဲ့ ကျောက်တုံးတွေလည်း အက်နေပြီ။ ခင်ဗျားအိမ်က နောက်ထပ် ဆောင်းတွင်း တစ်ခုစာ ခံမှာ မဟုတ်တော့ဘူး။"

"ဒီတစ်မြို့လုံးမှာ ပန်းရန်ဆရာတွေ ချည်းပဲ။ ငါဘာလို့ မျက်နှာစိမ်းကို အလုပ်ပေးရမှာလဲ။ " မြင်းကုန်နှီးဆရာက ခေါင်းကို ယမ်းရင်း ပြောသည်။

"ကောင်းပါပြီ။ ဘုရားသခင် သင်နဲ့အတူ ရှိပါစေ။" တွမ်က လှည့်ထွက်လိုက်သည်။

"ငါလည်း အဲဒီလို မျှော်လင့်ပါတယ်။" ဟု မြင်းကုန်းနှီးဆရာက ပြန်ပြောသည်။

"စိတ်ကောင်းမရှိတဲ့သူ။" သူတို့ လမ်းလျှောက်ထွက်လာချိန်တွင် အက်ဂနက်စ်က တွမ်ကို အသံတိုးတိုးဖြင့် ညည်းရင်း ပြောသည်။

လမ်းက သူတို့အား ဈေးရှိရာသို့ ဦးတည်ခေါ်ဆောင်သွားသည်။ ဤနေရာသည် ဧကတစ်ဝက်ခန့် ရှိသော ရွှံ့ညွှန်ထူထပ်ရာ နေရာဖြစ်ပြီး ဘေးပတ်ဝန်းကျင် တောရွာများမှ လယ်သမားများသည် သူတို့တွင် အပိုအလျှံ အနည်းငယ်မျှ ရှိသော အသား သို့မဟုတ် ဂျုံစပါး၊  နို့ သို့မဟုတ် ကြက်ဥ စသည်တို့ကို သူတို့တွင် လိုအပ်ပြီး သူတို့ကိုယ်တိုင် မပြုလုပ်နိုင်သည့် အိုးများ၊ လယ်ထွန်ကိရိယာများ၊ ကြိုးများ၊ ဆား စသည့် အရာများနှင့် လာရောက် လဲလှယ်ကြသည်။ ပုံမှန်အားဖြင့် စျေးသည် အရောင်အသွေးစုံနေပြီး မြူးထူးတက်ကြွနေသော နေရာပင် ဖြစ်သည်။ စိတ်ရင်း အမှန်ဖြင့် ဈေးဆစ်ဈေးညှိကြခြင်း၊ အနီးအနားချင်း ကပ်နေသော ဈေးသည်အချင်းချင်း လှောင်ပြောင် ပြိုင်ဆိုင်ကြခြင်း၊ ကလေးငယ်များအတွက် အပေါစား ကိတ်မုန့်များ၊ နေရာလှည့်၍ ကဗျာရွတ် သီချင်းဆိုသူများ၊ ကျွမ်းဘား သမား အုပ်စုများ၊ ဆေးခြယ်ထားသော ပြည့်တန်ဆာ အများအပြားနှင့် ခြေထောက်ကျိုးနေပြီး အရှေ့ဘက် သဲကန္တာရတွင် ဇာတ်လမ်းဖြစ်ခဲ့သော စစ်သားများနှင့် သဲကန္တာရအတွင်း နေထိုင်သော ကြမ်းတမ်းခက်ထန်သည့် လူမျိုးစုများ စသည်တို့ကို တွေ့ရတတ်သည်။ အရောင်းအဝယ် ကောင်းကောင်းဖြစ်သော သူများ အနေနှင့် အောင်ပွဲခံနိုင်သည့် စိတ်ကို ဖယ်ရှားရန် ခက်ခဲပြီး သူတို့၏ အမြတ်အစွန်းများကို ဗျစ်ရည်ပြင်းပြင်းများ အတွက် အသုံးပြုကြသဖြင့် နေ့လည်ချိန်လောက်တွင် ဆူညံပွက်လောရိုက်နေသော အခြေအနေမျိုး ဖြစ်လာတတ်လေသည်။ အချို့မှာလည်း သူတို့၏ ပဲနိများကို အံစာတုံး ကစားရာတွင် ရှုံးနိမ့်ကြပြီး ထိုမှစ၍ ရန်ဖြစ်ကြသည်။ အခုအခါတွင်မူ စိုစွတ်သော မနက်ခင်း တစ်ခုဖြစ်၍ ဤနှစ် ရိတ်သိမ်းပြီးသမျှကို ရောင်းချ သိမ်းဆည်း ပြီးပြီ ဖြစ်သဖြင့် စျေးသည် အတော်အတန် တည်ငြိမ်နေသည်။ မိုးရေ စိုရွှဲနေသော လယ်သမားတို့သည် ခိုက်ခိုက်တုန် ချမ်းနေသော ဆိုင်ရှင်များနှင့် စကားနည်းနည်းဖြင့် ဈေးဆစ်နေကြသည်။ လူတိုင်းသည် အိမ်ပြန်၍ မီးတောက်လောက်နေသော မီးလင်းဖို နံဘေးတွင် ထိုင်ရန် မျှော်လင့် တောင့်တနေကြသည်။

တွမ်တို့ မိသားစုသည် ဝက်အူချောင်း ရောင်းသူနှင့် ဓားသွေးသူတို့၏ တက်တက်ကြွကြွမရှိသော ဈေးကြိုသံများကို လျစ်လျူရှုခဲ့ပြီး စိတ်မသက်မသာ ဖြစ်နေသော လူအုပ်ကြားမှ တွန်းထိုး ထွက်လာခဲ့သည်။ သူတို့သည် ဈေး၏ တခြားဘက်စွန်းသို့ ရောက်ခါနီးဆဲဆဲတွင် တွမ်သည် သူ၏ ဝက်ကို လှမ်းမြင်လိုက်သည်။

သူသည် အလွန်အံ့အားသင့် သွားသဖြင့် အစပိုင်းတွင် ကိုယ့်မျက်လုံးကိုပင် ကိုယ် မယုံနိုင်အောင် ဖြစ်သွားသည်။ ထိုအချိန်တွင် အက်ဂနက်စ်က အသံစူးစူးဖြင့် အော်လိုက်သည်။ "ကြည့်လိုက်စမ်း။ တွမ်။" သူမလည်း မြင်လိုက်သည်ကို သူသိသည်။

သူသည် အဲဖရက်တို့ မာသာတို့ကို သိသလိုပင် ဝက်ကို ရင်းရင်းနှီးနှီး သိသဖြင့် သံသယ ဖြစ်စရာ မရှိပေ။ ၄င်းကို  အသားအရောင် နီစပ်စပ်ရှိပြီး အသားကို လူတစ်ဦးတစ်ယောက် လိုအပ်သည်ထက် ပိုစားသဖြင့် ပြန့်ကားသော ခန္ဓာကိုယ် ရှိနေသာ လူတစ်ယောက်က သူ၏ ကျွမ်းကျင်သော လက်များဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ သားသတ်သမား ဖြစ်သည်မှာ သံသယ ဖြစ်စရာ မရှိပေ။ တွမ်နှင့် အက်ဂနက်စ် နှစ်ဦးစလုံးသည် ရပ်ပြီး သူ့ကို စိုက်ကြည့်နေကြသည်။ သူတို့က သူ၏ လမ်းကို ပိတ်ထားသဖြင့် သူ့အနေနှင့် သူတို့ကို သတိမထားမိပဲ မနေနိုင်ချေ။

"အင်း။ ဘာလဲ။" သူသည် သူတို့၏ စိုက်ကြည့်နေသော မျက်ဝန်းများကို ပဟေဠိ ဖြစ်နေသည့် ပမာနှင့် ဆက်သွားရန် စိတ်မရှည်သည့် ပမာပင် မေးသည်။

တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သူမှာ မာသာဖြစ်သည်။ "ဒါငါတို့ဝက်။" သူမက စိတ်လှုပ်ရှားစွာ ပြောသည်။

"ဟုတ်တယ်။ အဲဒါပဲ။" တွမ်က သားသတ်သမားကို တည့်တည့် စိုက်ကြည့်ရင်း ပြောသည်။

ထိုသူ၏ မျက်နှာတွင် ခဏတာမျှ မလုံမလဲ အကြည့် ပေါ်လာသည်။ တွမ်အနေနှင့် သူသည် ဝက်ကို ခိုးရာပါပစ္စည်းမှန်း သိသည်ဟု သဘောပေါက်လိုက်သည်။ သို့သော်လည်း သူက ပြန်ပြောသည်။

"ငါ အခုပဲ ပဲနိ ငါးဆယ် ပေးပြီး ဝယ်လာတာ။ ဒါကြောင့် ငါ့ဝက် ဖြစ်သွားပြီ။"

"မင်း ဘယ်သူ့ကိုပဲ ပိုက်ဆံပေးခဲ့ပေးခဲ့။ ဒီဝက်က သူရောင်းလို့ ရတဲ့ ဝက်မှ မဟုတ်တာ။ ဒါကြောင့်လည်း မင်းဒီလောက် ဈေးချောင်ချောင်နဲ့ ရတာပေါ့။ မင်းဘယ်သူ့ဆီက ဝယ်လာတာလဲ။"

"လယ်သမား တစ်ယောက်ဆီက။"

"မင်းသိတဲ့သူလား။"

"မဟုတ်ဘူး။ နားထောင်ဦး။ ငါက စစ်တပ်ကို အသားသွင်းရတဲ့ သားသတ်သမား။ ငါ့ကို လာပြီး ဝက်တစ်ကောင် ဒါမှမဟုတ် နွားတစ်ကောင် လာရောင်းတဲ့ လယ်သမားတိုင်းကို လူ ၁၂ ယောက် ခေါ်လာပြီး ဒါသူ့ပစ္စည်း အမှန် အကန် ဖြစ်ပါတယ်လို့ ကျိန်ခိုင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး။"

ထိုလူက ဘေးတစ်ဖက်သို့ လှည့်ပြီး ထွက်သွားရန် ပြင်သည်။ သို့သော်လည်း တွမ်က သူ၏ လက်မောင်းကို ဖမ်းထားပြီး သူ့ကို ရပ်တန့်စေလိုက်သည်။ တခဏမျှပင် ထိုလူသည် ဒေါသဖြစ်ပုံ ပေါက်သွားသည်။ သို့သော်လည်း ရန်ဖြစ်မည် ဆိုပါက သူ့အနေနှင့် ဝက်ကို အောက်သို့ ချရမည် ဖြစ်သည်။ အကယ်၍ တွမ်၏ မိသားစု ဝင်တစ်ဦးဦးက
ဝက်ကို ကောက်ယူ နိုင်လိုက်သည် ဆိုပါက တွမ်တို့ဘက်က အသာစီးရ သွားမည် ဖြစ်ပြီး သားသတ်သမား အနေနှင့် ဝက်ကို သူပိုင်ဆိုင်ကြောင်း သက်သေပြရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ဘာသာသူ ပြန်ထိန်းလိုက်ပြီး ပြောသည်။

"တကယ်လို့ မင်းငါ့ကို စွပ်စွဲချင်ရင် မြို့ဝန်ဆီ သွားပါ။"

တွမ်သည် ခဏတာမျှ စဉ်းစားပြီး ထို အချက်ကို မေ့ပစ်လိုက်သည်။ သူ့တွင် သက်သေအထောက်အထား ဘာမှ မရှိပေ။ ထို့အတွက်ကြောင့် သူက မေးလိုက်သည်။

"သူ ဘယ်လို ပုံစံလဲ။ ငါ့ဝက်ကို မင်းကို ရောင်းသွားတဲ့သူ။"

သားသတ်သမားက ကောက်ကျစ်သည့် ပုံသဏ္ဌန်ဖြင့် ပြန်ဖြေသည်။

"တခြားသူတွေ လိုပဲပေါ့။"

"သူက သူ့ရဲ့ ပါးစပ်ကို အုပ်ထားသလား။"

"အခုမှ ငါတွေးမိတယ်။ ဟုတ်တယ်။"

"သူက တောပုန်းပဲ။ နှုတ်ခမ်း အဖြတ်ခံထားရတာကို ဖုံးထားတာ။ မင်းဒါကို မတွေးမိဘူးလို့ ငါထင်တယ်။" တွမ်က ခါးသီးစွာဖြင့် ပြောသည်။

"အခု မိုးက အကြီးအကျယ် ရွာနေပြီ။ လူတိုင်း နွေးထွေးတဲ့နေရာကို ရှာနေကြပြီ။" သားသတ်သမားက ကန့်ကွက်သည့် လေသံဖြင့် ပြောသည်။

"သူ ဘယ်အချိန်လောက်က မင်းဆီက ထွက်သွားခဲ့တာလဲ ဆိုတာပဲ ငါ့ကို ပြောခဲ့ပါ။"
"အခုလေးတင်ပဲ။"

"သူ ဘယ်ဖက်ကို ထွက်သွားသလဲ။"

"ဗျစ်ရည်ဆိုင်ဖက်ကို လို့ ငါထင်တယ်။"

"ငါ့ရဲ့ ပိုက်ဆံတွေကို သုံးဖြုန်းပစ်ဖို့ပေါ့။" တွမ်က ရွံရှာသည့် လေသံဖြင့် ပြောသည်။

"ကဲ မင်းသွားတော့။ ငါ့ရှေ့က ထွက်သွားတော့။ တစ်နေ့ကျရင် မင်းဓားပြတိုက်ခံရတဲ့ အချိန်ကျရင်တော့ မင်းဆီက တိုက်သွားတဲ့ ပစ္စည်းကို ဘာမှ မမေးပဲ ဈေးချောင်ချောင်နဲ့ ဝယ်တဲ့သူ များများစားစား မရှိပါစေနဲ့လို့ မင်းဆုတောင်း မှာပေါ့ကွာ။"

သားသတ်သမားသည် ဒေါသဖြစ်သည့်ပုံ ပေါက်သွားသည်။ သူ့အနေနှင့် တစ်စုံတစ်ခုကို ပြန်ပြောလိုက်ချင်သည့် ပမာ တုံ့ဆိုင်းသွားသည်။ ထို့နောက် ဘာမှပြန်မပြောသည်က ပိုကောင်းသည်ဟု တွေးမိသည့်အလား ထွက်ခွာပျောက်ကွယ် သွားလေသည်။

အက်ဂနစ်က မေးသည်။ "ဘာလို့ သူ့ကို သွားခွင့် ပေးလိုက်တာလဲ။"

"ဘာလို့လဲ ဆိုတော့ ဒီမြို့မှာ လူတွေက သူ့ကို သိကြတယ်။ ငါ့ကို မသိကြဘူး။ တကယ်လို့ ငါသူနဲ့ ရန်ပွဲ ဖြစ်မယ်ဆိုရင် လူတွေက ငါ့ကို အပြစ်တင်ကြမယ်။ ဝက်ရဲ့ဖင်မှာလဲ ငါ့ရဲ့ နာမည်ကို စာနဲ့ ရေးမထားတဲ့အတွက် ဘယ်သူက ဒါ ငါ့ဝက်ဟုတ်တယ် မဟုတ်ဘူးလို့ ပြောနိုင်မှာလဲ။" ဟု တွမ်က ပြန်ပြောသည်။

"ဒါပေမယ့်လည်း ငါတို့ စုဆောင်းထားသမျှတွေ။"

"ငါတို့ ဝက်အတွက် ပိုက်ဆံကို ပြန်ရနိုင်သေးတယ်။ မင်းပါးစပ် ပိတ်ထားဦး။ ငါတွေးပါရစေဦး။" တွမ်က ပြောသည်။ သားသတ်သမားနှင့် ဆူညံစွာ စကားများ ရန်ဖြစ်လိုက်ရသည်က သူ့ကို ဒေါသဖြစ်စေသည်။ အက်ဂနက်စ်ကို ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်ရသဖြင့် သူ့စိတ်မကျေမနပ်မှုများ လျော့ကျသွားသလို ခံစားရသည်။

"ဒီမြို့ရဲ့ တစ်နေရာမှာ  နှုတ်ခမ်းမရှိတဲ့ လူတစ်ယောက် သူအိတ်ကပ်ထဲမှာ ငွေပဲနိစေ့ ၅၀ စေ့နဲ့ ရှိနေလိမ့်မယ်။ ငါတို့လုပ်ရမှာက ဒီလူကို ရှာပြီး သူ့ဆီက ပိုက်ဆံကို ရအောင်ယူဖို့ပဲ။"

"ဟုတ်တယ်။" အက်ဂနက်စ်က ခိုင်မာစွာ ဆုံးဖြတ်ထားသည့် လေသံဖြင့် ပြန်ပြောသည်။

"မင်းက ငါတို့ လာခဲ့တဲ့ လမ်းအတိုင်း ပြန်လျှောက်။ ကက်သီဒရယ် ဘုရားကျောင်းရဲ့ ပုရဝုဏ် အထိအောင်သွား။ ငါက ဒီအတိုင်း ဆက်လျှောက်သွားမယ်။ ကက်သီဒရယ် ဘုရားကျောင်းကို အခြားတစ်ဖက်ကနေ ပတ်ပြီး လာခဲ့မယ်။ ငါတို့ နောက်လမ်းတွေကိုလည်း တစ်လမ်းပြီး တစ်လမ်း ဒီနည်းအတိုင်း ဆက်ရှာကြမယ်။ တကယ်လို့ သူ လမ်းပေါ်မှာ မရှိဘူး ဆိုရင် ဗျစ်ရည်ဆိုင်ထဲမှာ ရှိမှာပဲ။ မင်းသူ့ကို တွေ့ရင် အနီးအနားမှာ စောင့်နေပြီး ငါ့ကိုရှာဖို့ မာသာ့ကို လွှတ်လိုက်။ ငါက အဲဖရက်ကို ခေါ်သွားမယ်။ တောပုန်းက မင်းတို့ကို မမြင်စေနဲ့။

"ဘာမှ စိတ်မပူနဲ့။ ငါ့ကလေးတွေကို ကျွေးဖို့မွေးဖို့ ဒီပိုက်ဆံကို ငါလိုချင်တယ်။ " ဟု အက်ဂနက်စ်က ခပ်ထန်ထန် ပြန်ပြောသည်။

တွမ်က သူမ၏ လက်မောင်းကို ထိကိုင်လိုက်ပြီး ပြုံးလိုက်သည်။ "အက်ဂနက်စ်။ မင်းဟာ ခြင်္သေ့လိုပဲ။"

သူမက သူ၏ မျက်လုံးအစုံကို တခဏတာမျှ စိုက်ကြည့်လိုက်ပြီး ရုတ်တရက်ပင် ခြေဖျားထောက်၍ သူ့နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။ ခဏတာမျှသာ ဖြစ်ပေမယ့် ပြင်းပြသော အနမ်းဖြစ်သည်။ ထို့နောက် သူမသည် လှည့်ထွက်ပြီး မာသာ့ကို ဆွဲလျှက် ဈေးနေရာကို ဖြတ်၍ လာလမ်းအတိုင်း ပြန်လျှောက်သွားလေသည်။ တွမ်သည် သူမ မြင်ကွင်းမှ ပျောက်သွားသည် အထိ ကြည့်နေသည်။ သူမ သတ္တိရှိမှန်း သိသော်လည်း သူမအတွက် စိုးရိမ်ပူပန် မိသည်။ ထို့နောက်သူသည် ဆန့်ကျင်ဖက် အရပ်သို့ အဲဖရက်နှင့် အတူ ထွက်လာခဲ့သည်။

သူခိုးအနေနှင့်မူ သူ့အတွက် လုံးဝ လုံခြုံစိတ်ချရသည်ဟု ထင်ပေလိမ့်မည်။ အမှန်တကယ်ပင် သူ ဝက်ကိုခိုးသွားသော အချိန်က တွမ်သည် ဝင်ချက်စတာသို့ ဦးတည်သွားနေသည်။ သူခိုးက ဆန့်ကျင်ဖက် အရပ်သို့ သွား၍ ဝက်ကို ဆာ့စ်ဘရီတွင် ရောင်းချခြင်း ဖြစ်သည်။ သို့သော် တောပုန်းမိန်းမ အဲလန်က တွမ်အား ဆာ့စ်ဘရီ ကက်သီဒရယ် ဘုရားကျောင်း ပြန်လည်တည်ဆောက်နေကြောင်း ပြောသဖြင့် သူ၏ အစီအစဉ်ကို ပြောင်းလဲ လိုက်ခြင်း ဖြစ်ပြီး မထင်မှတ်ပဲ သူခိုးကို မီလာခြင်း ဖြစ်သည်။ သို့သော်လည်း ထိုလူ အနေနှင့် တွမ်ကို နောက်တကြိမ် ပြန်တွေ့ရ လိမ့်မည်ဟု တွေးထင်ထားပေလိမ့်မည်။ ထို့အတွက်ကြောင့် တွမ်အနေနှင့် သူ့ကို သတိမပြုမိ စေပဲ ဖမ်းဆီးနိုင်ရန် အခွင့်အလမ်းကို ရစေသည်။

တွမ်သည် ရွှံ့များဖြင့် ပြည့်နေသော လမ်းတလျှောက် ဖြည်းညင်းစွာ လျှောက်လာသည်။ ဖွင့်ထားသော တံခါးများမှ အတွင်းသို့ မသိမသာဖြင့် ကြည့်နိုင်ရန် ကြိုးစားသည်။ သူ့အနေနှင့် လူအများသူ့ကို သတိမပြုမိပဲ ရှိနေစေချင်သည်။ ဤဇာတ်လမ်း အပိုင်းသည် ကြမ်းတမ်းစွာ အဆုံးသတ်နိုင်သည်။  သူ့အနေနှင့် အရည်ရှည်ရှည် ပန်းရန်ဆရာ တစ်ယောက် မြို့ထဲတွင် လှည့်ပတ်ရှာဖွေနေခြင်းကို လူအများ မှတ်မိနေမည်ကို မလိုလားပေ။ အိမ်အများစုမှာ သစ်သား၊ ရွှံ့နှင့် သက်ကယ်တို့ဖြင့် တည်ဆောက်ထားသော သာမန် အိမ်ငယ်ကလေးများ ဖြစ်ပြီး ကြမ်းပြင်ပေါ်တွင် ကောက်ရိုး ခင်းထားကာ အလယ်ခေါင်တွင် မီးဖိုရှိပြီး ကိုယ့်ဘာသာကိုယ် ပြုလုပ်ထားကြသော ပရိဘောဂ အနည်းငယ်မျှ ရှိနေသည်။ သစ်သားစည်နှင့် ခုံတန်းရှည် အချို့ ရှိသည်က ဗျစ်ရည်ဆိုင် ဖြစ်ပြီး အိမ်ထောင့်တွင် ခုတင်နှင့် လိုက်ကာကာထားပါက ပြည့်တန်ဆာအိမ် ဖြစ်သည်။ စားပွဲတစ်လုံးဘေးတွင် လူအများစု ဝိုင်းရံနေကြပြီး ဆူညံနေပါက အံစာတုံး လှိမ့်နေကြသည်မှာ ထင်ရှားသည်။

နှုတ်ခမ်းဆိုးဆေး အနီရောင် ဆိုးထားသော မိန်းမတစ်ယောက်က သူ့အား သူမ၏ ရင်သားများကို ဖွင့်ပြသည်။ သူက ခေါင်းရမ်းပြပြီး အလျှင်အမြန်ပင် ဆက်ထွက်လာခဲ့သည်။ သူ့အနေနှင့် လုံးဝမသိသော သူစိမ်းတစ်ယောက်နှင့် နေ့လည်နေ့ခင်းတွင် ပိုက်ဆံပေး၍ လုပ်ရမည် ဆိုသည့် အိုင်ဒီယာကို သူ့ဘဝတလျှောက်လုံး တစ်ခါမှ စမ်းမကြည့် ခဲ့ဖူးသော်လည်း တိတ်တခိုး စိတ်ဝင်စားမိသည်။

သူသည် တောပုန်းမိန်းမ အဲလန် အကြောင်းကို တွေးမိပြန်သည်။ သူမတွင်လည်း စိတ်ဝင်စားစရာ ကောင်းသည် အချို့ ရှိသည်။ သူမသည် အလွန်တရာ အားကောင်းစွာ စွဲဆောင်မှု ရှိသည်။ သို့သော်လည်း နက်ရှိုင်းပြီး စူးရှသော မျက်ဝန်းများမှာ သွေးပျက်ဖွယ် ကောင်းလှသည်။ ပြည့်တန်ဆာမ ထံမှ ဖိတ်ခေါ်ခြင်း ခံရပြီးနောက် တွမ်အတွက် ခဏတာမျှ စိတ်မကျေမနပ်မှု ဖြစ်လာစေသော်လည်း အဲလန်ထံမှ ပြုစားထားခြင်းက ပျောက်ကွယ် မသွားသေးပေ။ သူ့အနေနှင့် တောထဲကို အလျင်အမြန် ပြန်ပြေးသွားပြီး သူမအပေါ်သို့ လှဲချလိုက်ချင်သော ရူးနှမ်းသော ဆန္ဒ ရုတ်တရက် ပေါ်ပေါက်လာသည်။

သူသည် တောပုန်းကို မတွေ့ရဘဲ ကက်သီဒရယ်၏ ပုရဝုဏ် အထိ ရောက်လာခဲ့သည်။ သူသည် ဘုရားကျောင်း အလယ်ဆောင်၏အပေါ်ဘက်ရှိ တြိဂံပုံစံ သစ်သား အမိုးပေါ်တွင် ခဲပြားများကို သံရိုက်နေသော ရေပိုက်သမားများကို မော့ကြည့်မိသည်။ သူတို့သည် ဘုရားကျောင်း ဘေးဖက်ခြမ်းများတွင် ရှိသော  အမိုးစောင်း သုံးဖက်ဖွင့် အဆောင်များ၏ခေါင်မိုးများကို စတင်၍ မိုးကာခြင်း မပြုရသေးပေ။ ဘေးဖက်ခြမ်း၏ အပြင်ဖက်ဆုံး အစွန်းနှင့် အလယ်ဆောင်၏ ပင်မနံရံတို့ကို ထောက်ကန် ဆက်သွယ်ပေးထားပြီး ဘုရားကျောင်း၏ အပေါ်ပိုင်းတစ်ဝက်ကို မတည်ပေးထားသော တစ်ဝက်မုခ်ခုံးများကို တွေ့နိုင်သေးသည်။ သူက အဲဖရက်အား ထိုအရာကို ညွှန်ပြရင်း
ပြောသည်။ "တကယ်လို့ ဒီအထောက်အကန်တွေသာ မရှိဘူးဆိုရင် အလယ်ဆောင်ရဲ့ နံရံတွေက အပြင်ကို ကွေးထွက်လာပြီး ညွတ်ကျသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ အထဲမှာရှိတဲ့ ကျောက်သား အမိုးခုံးတွေရဲ့ အလေးချိန်ကြောင့်။" သူက ထိုသို့ ရှင်းပြသည်။ "ဘေးနံရံမှာ မုခ်ခုံးဝက်တွေနဲ့ ဒေါက်တိုင်တွေ ဘယ်လို စီတန်း ထားတယ် ဆိုတာကို ကြည့်စမ်းပါ။ သူတို့ဟာ အလယ်ဆောင်က အမိုးခုံးစင်္ကြန်ရဲ့ တိုင်လုံးတွေနဲ့လည်း အတူတူ စီတန်း ထားတယ်။ ဘေးဘက်ဆောင်ရဲ့ ပြတင်းပေါက်တွေက အမိုးခုံးစင်္ကြန်ရဲ့ မုခ်ခုံးတွေနဲ့ အတူတူ စီထားတယ်။ အားကောင်းတဲ့ အရာကို အားကောင်းတဲ့ အရာနဲ့။ အားနည်းတဲ့ အရာကို အားနည်းတဲ့ အရာနဲ့ အတူတူ စီတန်းထားတာ။"

အဲဖရက်ကမူ စိတ်ရှုပ်ထွေးသည့်ပုံ စိတ်မပါသည့် ပုံ ပြနေသည်။ တွမ်က သက်ပြင်းချလိုက်သည်။

သူသည် အက်ဂနက်စ် အခြားတစ်ဖက်မှ လျှောက်လာသည်ကို တွေ့လိုက်ရပြီး သူ၏ စိတ်သည် လတ်တလော ပြသနာဆီသို့ ပြန်ရောက်သွားသည်။ အက်ဂနက်စ်၏ ခေါင်းစွပ်က မျက်နှာကို ဖုံးအုပ်ထားသော်လည်း တွမ်သည် သူမ၏ ရှေ့ထွက်နေသောမေးနှင့် သေချာသော ခြေလှမ်းများကို မှတ်မိနေသည်။ ပုခုံးကျယ်သော အလုပ်ကြမ်းသမားများက
သူမ ဖြတ်သန်းသွားနိုင်ရန် ဘေးသို့ ရှောင်ပေးကြသည်။ အကယ်၍ သူမသာ တောပုန်းကို ရှာတွေ့ပြီး တိုက်ခိုက်ကြမည် ဆိုပါက လက်ရည်ညီသော ပွဲပင် ဖြစ်လိမ့်မည်ဟု မသက်မသာ တွေးမိသည်။

"ရှင်သူ့ကို တွေ့သလား။" သူမက မေးသည်။

"မတွေ့ဘူး။ အသေအချာပဲ။ မင်းလဲ မတွေ့ဘူး မဟုတ်လား။" တွမ်သည် သူခိုးအား မြို့ထဲမှာ ထွက်မသွားသေးဟု မျှော်လင့်မိသည်။ သေချာတာကတော့ သူသည် သူ့တွင် ရှိသော ပဲနိစေ့ အချို့ကို မသုံးဘဲ သွားလိမ့်မည် မဟုတ်ပါလား။ တောအုပ်ထဲတွင် ပိုက်ဆံသည် ဘာမှ သုံးမရပေ။

အက်ဂနက်စ်ကလည်း အလားတူ တွေးထင်သည့် ပုံစံ ရှိသည်။ "သူဒီမှာ တနေရာရာ မှာ ရှိမှာ အသေအချာပဲ။ ဆက်ရှာကြစို့။"

"ငါတို့တွေ တစ်လမ်းစီက သွားကြမယ်။ ပြီးမှ ဈေးမှာ ပြန်ဆုံကြမယ်။"

တွမ်နှင့် အဲဖရက်တို့သည် ပုရဝုဏ်အတွင်း လာလမ်းအတိုင်း ပြန် လျှောက်လာခဲ့ကြပြီး မုခ်ဝမှ ဖြတ်ထွက် လာခဲ့ကြသည်။ အခုအခါတွင် မိုးရေက သူတို့၏ ခြုံထည် အဝတ်များကို ရွှဲနစ်နေစေသည်။ တွမ်၏ အတွေးထဲတွင် ဗျစ်ရည်ဆိုင်၏ မီးဖိုဘေးမှ ဘီယာအိုးတစ်အိုးနှင့် အမဲသား ပြုတ်ရည်တစ်ခွက်က ဖြတ်ကနဲ ပေါ်လာသည်။ ထို့နောက်တွင် သူ့အနေနှင့် ဝက်ကို ဝယ်ရန်အတွက် မည်မျှ ခက်ခဲပင်ပန်းစွာ အလုပ်လုပ်ခဲ့ရပုံ ကို တွေးမိပြီး နှုတ်ခမ်းမရှိသောလူက မာသာ၏ အပြစ်မဲ့သော ခေါင်းပေါ်ကို တင်းပုတ်နှင့် လွှဲရိုက်လိုက်သည်ကို မြင်ယောင်လာသဖြင့် ဒေါသတို့ကြောင့် သူ့ကို ပူနွေးလာစေသည်။

လမ်းများမှာ အစီအစဉ်တကျ မရှိသဖြင့် စနစ်တကျ ရှာဖွေရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။ သူတို့သည် လူတို့ အိမ်ဆောက် ထားသည့် နေရာကို လိုက်၍ ဟိုမှ သည်မှ လှည့်ပတ် သွားလာ နေရသည်။ ရုတ်တရက်ကွေ့သွားသော လမ်းချိုးများနှင့် မမြင်ရသော လမ်းကြိုလမ်းကြားများ ကလည်း အများအပြားပင် ဖြစ်သည်။ ဖြောင့်တန်းနေသော လမ်းဟူ၍ အရှေ့ဘက် မုခ်တံခါးမှ ရဲတိုက်၏ တံတားအရှင်သို့ ဦးတည်သွားသော လမ်းတစ်လမ်းသာ ရှိသည်။ ပထမ အကြိမ် ရှာဖွေခြင်းတွင် တွမ်သည် ရဲတိုက်၏ မြေသားနံရံများ အနီးတွင် ရှာဖွေခဲ့သည်။ အခုအခါတွင်မူ မြို့အပြင်ဘက်တွင် ရှာဖွေနေပြီး မြို့နံရံအတိုင်း မြွေလိမ်မြွေကောက် သွားလာရင်း အတွင်းဘက်သို့ ပြန်ရောက်လာခဲ့သည်။ ဤနေရာမှာ ပို၍ ဆင်းရဲသော ရပ်ကွက် ဖြစ်ပြီး အစုတ်ပြတ်ဆုံး အဆောက်အဦးများ၊ အဆူညံဆုံး ဗျစ်ရည်ဆိုင်များနှင့် အသက်အကြီးဆုံး ပြည့်တန်ဆာများ ရှိကြသည်။ မြို့၏ အစွန်မှာ မြို့လယ်ကုန်းမြင့်မှ နိမ့်ဆင်း သွားသဖြင့် ချမ်းသာသော ရပ်ကွက်များမှ အမှိုက်များသည် အောက်သို့ ကျဆင်းလာပြီး နံရံများအောက်တွင် ပုံကျနေလေသည်။ လူများအားလုံး တစ်ခုခု အတူတူ ဖြစ်နေသည့်ပမာပင် ဤနယ်ပယ်တွင် ခြေကျိုးများ၊ သူတောင်းစားများ၊ ဆာလောင်နေသော ကလေးများ၊ ဖူးယောင်နေသာ မိန်းမများနှင့် မထိန်းနိုင် မသိမ်းနိုင် အရက်သမားများက တခြားနေရာထက် ပိုများနေသည်။

သို့သော်လည်း နှုတ်ခမ်းမရှိသောလူကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။

တွမ်သည် ထိုသူနှင့် ကိုယ်ခန္ဓာအချိုးအစား ဆင်တူပြီး သာမန်ပုံသဏ္ဍာန် ရှိသော လူတစ်ယောက်ကို နှစ်ကြိမ်မျှ တွေ့မိသည်။ သို့သော်လည်း အသေအချာ ကြည့်သောအခါတွင် ထိုလူတို့၏ မျက်နှာမှာ ပုံမှန် အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရသည်။ သူသည် သူ၏ ရှာဖွေခြင်းကို ဈေးတွင် အဆုံးသတ်လိုက်သည်။ ထိုနေရာတွင် အက်ဂနက်စ်က သူ့အား စိတ်မရှည်စွာ စောင့်ဆိုင်းနေသည်။ သူမ၏ ကိုယ်ခန္ဓာက တောင့်တင်းနေပြီး သူမ၏ မျက်လုံးများက အရောင်တောက်နေသည်။
"ငါ သူ့ကို တွေ့ပြီ။" ဟု သူက အသံစူးစူးဖြင့် အော်သည်။
တွမ်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုနှင့် ယှဉ်သော စိတ်လှုပ်ရှားမှု တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
"ဘယ်မှာလဲ။"
"သူ အရှေ့ဖက်ဂိတ်နားက စားသောက်ဆိုင်ထဲကို ဝင်သွားတယ်။"
"ငါ့ကို အဲဒီနေရာကို ခေါ်သွားစမ်းပါ။"

သူတို့သည် ရဲတိုက်ကို ကွေ့ပတ်၍ တံတားရှင် ရှိရာသို့သွားကြသည်။ ထိုမှ တဆင့် လမ်းဖြောင့် အတိုင်း အရှေ့ဖက်ဂိတ်သို့ သွားကြသည်။ ထို့နောက် တံတိုင်း အောက်ခြေရှိ ဝင်္ကပါနှင့် တူသော လမ်းကြိုလမ်းကြားများသို့ ဝင်ခဲ့ကြသည်။ ခဏမျှ အကြာတွင် တွမ်သည် စားသောက်ဆိုင်ကို မြင်ရသည်။ ထိုဆိုင်မှာ အိမ်ပင် မဟုတ်ပေ။ တိုင်လေးတိုင် ပေါ်တွင် မြို့နံရံကို မှီ၍ အမိုးကို တစောင်းမိုးထားခြင်းသာဖြစ်သည်။ အနောက်ဖက်တွင် မီးတောက်ကြီး တစ်ခု အပေါ်တွင် သားရေကျစရာ သိုးတစ်ကောင်နှင့် အမြှုပ်ထနေသာ အိုးတစ်လုံး ရှိသည်။ အခုအခါတွင် နေခင်းခန့် ရှိပြီ ဖြစ်သဖြင့် ထိုနေရာတွင် လူများဖြင့် ပြည့်နှက်နေပြီး အများစုမှာ ယောက်ျားသားများ ဖြစ်ကြသည်။ အသား၏ ရနံ့က တွမ်၏ ဝမ်းကို တကြုတ်ကြုတ်မြည်လာစေသည်။ သူက သူ့မျက်လုံးအစုံဖြင့် လူအုပ်ကြားတွင် အသေအချာ ရှာဖွေလိုက်သည်။ သူတို့ ဤနေရာသို့ လာနေစဉ် အချိန်အတွင်းမှာပင် တောပုန်း ထွက်ခွာသွားမည်ကို စိုးရိမ်မိသည်။ သူသည် ထိုလူကို ချက်ချင်း တွေ့လိုက်မိသည်။ လူစုနှင့် အနည်းငယ် ကွာဝေးသော နေရာတွင် ခွေးခြေတစ်လုံးဖြင့် ထိုင်နေပြီး အသားပြုတ် ပန်းကန်ကို ဇွန်းဖြင့် ခပ်သောက်နေသည်။ သူ၏ ပုဝါကို သူ့မျက်နှာ ရှေ့တွင် ကာထားခြင်းဖြင့် နှုတ်ခမ်းကို ဖုံးကွယ်ထားသည်။  တွမ်က သူမမြင်အောင် တခြားဖက်သို့ အမြန်လှည့်လိုက်သည်။ အခုအခါတွင် သူ့အနေနှင့် ထိုလူကို မည်သို့မည်ပုံ ကိုင်တွယ်ရမည် ဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်သည်။ သူသည် တောပုန်းကို အလဲထိုး၍ သူ၏ ပိုက်ဆံအိတ်ကို ယူချင်သည် အထိ ဒေါသများ ဖြစ်လာသည်။ သို့သော်လည်း လူအုပ်က သူ့ကို ထွက်သွားခွင့် ပြုလိမ့်မည် မဟုတ်ပေ။ သူ့အနေနှင့် ရှင်းပြရန် လိုအပ်သည်။ ဘေးလူများကို မဟုတ်ပေ။ မြို့ဝန်ကို ဖြစ်သည်။ တွမ်ဘက်မှ အခွင့်အရေး အပြည့်အဝ ရှိသည်။ သူခိုးသည် တောပုန်းသာ ဖြစ်သည့်အတွက် မည်သူကမှ သူ၏ ရိုးသားမှုကို ထောက်ခံလိမ့်မည် မဟုတ်ပေ။ တွမ်ကမူ ယုံကြည်လောက်သော လူဖြစ်သည်မှာ အထင်အရှား ဖြစ်ပြီး ပန်းရန်ဆရာ တစ်ယောက်လည်း ဖြစ်သည်။ သို့သော်လည်း ထိုအရာများကို လုပ်ဆောင်ရန် အတွက် အချိန်ပေးရန် လိုသည်။ အကယ်၍ မြို့ဝန်ကသာ ကောင်တီ၏ အခြားနယ်တစ်ခုသို့ သွားနေပါက သီတင်းပတ် အနည်းငယ်မျှပင် ကြာနိုင်သည်။ အကယ်၍ ရန်ပွဲဖြစ်ပါက ဘုရင့် အာဏာစက်အတွင်း ငြိမ်းချမ်းမှုကို ဖျက်စီးသည်ဟု စွပ်စွဲခံရနိုင်သည်။

ထိုသို့ လုပ်ရန် မဖြစ်နိုင်ပေ။ သူခိုးနှင့် တစ်ယောက်ချင်းရှင်းရန်မှာ ပို၍ သင့်လျော်သည်။

ထိုသူအနေနှင့် မြို့ထဲတွင် ညအိပ်ရန် မဖြစ်နိုင်ပေ။ သူ့တွင် ဤနေရာတွင် အိမ်မရှိပေ။ သူ့အနေနှင့် ယုံကြည်အပ်သော လူတစ်ယောက် ဖြစ်ကြောင်း တနည်းနည်းဖြင့် သက်သေ မပြနိုင်ပါက တည်းခိုရန် နေရာရမည် မဟုတ်ပေ။ ထို့အတွက်ကြောင့် ညမိုးချုပ်၍ မြို့တံခါး မပိတ်မီ အချိန်အတွင် သူ့အနေနှင့် မြို့တွင်းမှ ထွက်ခွာရန် လိုအပ်သည်။

မြို့တွင် တံခါး နှစ်ခုသာ ရှိသည်။

တွမ်က အက်ဂနက်စ် ကို ပြောသည်။ "သူ လာတဲ့ လမ်းအတိုင်း ပြန်မှာပဲ။ ငါက အရှေ့တံခါးရဲ့ အပြင်ဖက်မှာ စောင့်မယ်။ အဲဖရက်ကို အနောက်တံခါးမှာ စောင့်ကြည့်ခိုင်းလိုက်။ မင်းက မြို့ထဲမှာ နေပြီး သူခိုး ဘာလုပ်တည်ဆိုတာကို စောင့်ကြည့်။ မာသာကို မင်းနဲ့အတူ ခေါ်ထား။ ငါ့ကို ဖြစ်ဖြစ် အဲဖရက်ကို ဖြစ်ဖြစ် သတင်းပေးစရာ ရှိရင် မာသာ့ကိုခိုင်းလိုက်။"

"ကောင်းပြီ။" ဟု အက်ဂနက်စ်က တိုတိုပြတ်ပြတ် ပြန်ပြောသည်။

"တကယ်လို့ သူ ကျွန်တော့် လမ်းဘက်က ထွက်လာရင် ကျွန်တော်ဘာလုပ်ရမလဲ။" အဲဖရက်က ပြောသည်။ သူ၏ အသံမှာ စိတ်လှုပ်ရှားသံ ပေါက်နေသည်။

"ဘာမှမလုပ်နဲ့။" တွမ်က ပြတ်သားစွာပြောသည်။ "သူဘယ်လမ်းကို သွားသလဲဆိုတာကိုကြည့်။ ပြီးရင်စောင့်နေ။ မာသာက ငါ့ကို လာခေါ်လိမ့်မယ်။ ငါတို့အတူတူ သူ့ကို အနိုင်တိုက်ကြတာပေါ့။"

အဲဖရက်က စိတ်ပျက်သွားသည့် ပုံပေါက်သွားသည်။ တွမ်က ဆက်ပြောသည်။

"ငါပြောတဲ့အတိုင်းလုပ်။ ငါ့အနေနဲ့ ဝက်ကော သားပါ အဆုံးမခံနိုင်ဘူး။"

အဲဖရက်က စိတ်မပါ့တပါ ခေါင်းငြိမ့်ရင်း သူပြောသည်ကို လက်ခံသည်။

"လူစုခွဲကြစို့။ ငါတို့အချင်းချင်းတိုင်ပင်ပြီး အကွက်ချနေတာကို သူသတိမထားခင်။ သွားတော့။"

တွမ်က သူတို့ ရှိရာမှ အလျှင်အမြန် ထွက်ခွာခဲ့ပြီး နောက်သို့ပင် လှည့်မကြည့်တော့ပေ။ သူ့အနေနှင့် အကြံအစည်အတိုင်း လုပ်ရန် အက်ဂနက်စ်ကို အားကိုးနိုင်သည်။ သူသည် အရှေ့ဖက် မုခ်တံခါးဝသို့ အမြန်လျှောက်ခဲ့ပြီး သူမနက်က နွားလှည်းကို တွန်းခဲ့သော ယိုင်နဲ့နဲ့ တံတားပေါ်မှ ဖြတ်၍ မြို့တွင်းမှ ထွက်ခွာခဲ့သည်။ သူ့အရှေ့တည့်တည့်တွင် ရှိနေသည်မှာ ဝင်ချက်စတာလမ်း ဖြစ်သည်။ ထိုလမ်းသည် တဖြောင့်တည်း ဖြစ်နေသည်မှာ ရှည်လျားသော ကော်ဇောတစ်ခုကို တောင်ကုန်းများ တောင်ကြားများပေါ်တွင် ဖြန့်ခင်းထားသည့် ပမာပင် ဖြစ်သည်။ သူ၏ ဝဲဖက်တွင်မူ တွမ်တို့ လာခဲ့ရာနှင့် သူခိုး လာခဲ့ရာ လမ်းဖြစ်နိုင်သော ဆာ့စ်ဘရီသို့ လာသောလမ်း ဖြစ်သော ပေါ့တ်ဝေးလမ်း ဖြစ်ပြီး တောင်ကုန်းပေါ်သို့ ကွေ့ကောက်တက်ပြီး ပျောက်ကွယ်သွားသည်။ သူခိုးသည် ပေါ့တ်ဝေးလမ်းအတိုင်း လာသည်မှာ သေချာသလောက်ပင် ဖြစ်သည်။

တွမ်သည် တောင်ကုန်းပေါ်မှ ဆင်းလာခဲ့ပြီး လမ်းဆုံလမ်းခွတွင် ရှိသော အိမ်အစုအဝေးများကြားမှ ဖြတ်ကာ ပေါ့တ်ဝေးဘက်သို့ ချိုးကွေ့လိုက်သည်။ သူ့အနေနှင့် ပုန်းနေရန် လိုအပ်သည်။ သူသည် လမ်းတလျှောက် လျှောက်လာရင်း သင့်လျှော်မည့် နေရာကို ရှာဖွေနေမိသည်။ သိုသော် ကိုက် နှစ်ရာခန့် သွားပြီးသည်အထိ တစ်နေရာမှ မတွေ့ရပေ။ နောက်သို့ လှည့်ကြည့်သော အခါ အလွန်ဝေးသွားပြီကို သူ သဘောပေါက်လိုက်သည်။ သူ့အနေနှင့် လမ်းဆုံလမ်းခွတွင် ရှိသော လူများ၏ မျက်နှာကို မမြင်နိုင်တော့ပေ။ အကယ်၍ နှုတ်ခမ်းမပါသောသူသည် ဝင်ချက်စတာလမ်း တလျှောက် လာမည်ဆိုပါက သူ့အနေနှင့် သိနိုင်တော့မည် မဟုတ်ပေ။ သူက ပတ်ဝန်းကျင် မြင်ကွင်းကို နောက်တစ်ကြိမ် ထပ်၍ လေ့လာကြည့်မိသည်။ လမ်း၏ တစ်ဖက်တစ်ချက်တွင် မြောင်းများဖြင့် အဆုံးသတ်ထားသည်။ အကယ်၍ ခြောက်သွေ့သော ရာသီဥတုသာ ဖြစ်ပါက သူပုန်းကွယ်နေရန် နေရာရမည် ဖြစ်သော်လည်း ယနေ့တွင်မူ ရေတို့ စီးဆင်းနေကြသည်။ မြောင်းများ၏ နောက်တွင်မူ မြေကြီးက မြင့်တွက်သွားပြီး ကမူကဲ့သို့ ဖြစ်နေသည်။ လမ်း၏ တောင်ဖက် အခြမ်းရှိ ကွင်းပြင်ထဲတွင်မူ နွားအချို့ ရိုးပြတ်များကို စားနေကြသည်။ ထိုအထဲမှ နွားတစ်ကောင်သည် မြင့်တက်နေသော ကွင်းပြင်၏ အစွန်းတွင် လဲလျောင်းနေပြီး လမ်းကို လမ်းကြည့်နေကာ ကမူက တဝက်တပျက် ဖုံးကွယ်ထားသည်ကို သတိပြုမိသည်။ သက်ပြင်းတစ်ချက် ချလိုက်ပြီး တွမ်သည် နောက်သို့ ပြန်လှမ်းလာခဲ့သည်။  သူသည် မြောင်းကို ခုန်ကျော်လိုက်ပြီး နွားကို ပိတ်ကန်လိုက်သည်။ နွားက ထပြီး ထွက်သွားသည်။ တွမ်သည် သူထွက်သွားသော ခြောက်သွေ့ပြီး နွေးထွေးနေသည့် နေရာတွင် လဲလျောင်း လိုက်သည်။ သူ၏ ခေါင်းဆောင်းကို မျက်နှာတွင် ဖုံးကွယ်လိုက်ပြီး နေရာယူ၍ စောင့်နေလိုက်သည်။ သူ့အနေနှင့် မြို့တွင်းမှ မထွက်ခွာမီက ပေါင်မုန့်အနည်းငယ်မျှ ဝယ်လာခဲ့လျှင် မည်မျှကောင်းမည်နည်းဟု ဆန္ဒပြုမိသည်။

သူသည် စိတ်ပူပန်နေပြီး အနည်းငယ်မျှလည်း ကြောက်လန့်နေသည်။ တောပုန်းသည် သူ့ထက်သေးငယ်သော လူတစ်ယောက် ဖြစ်သော်လည်း အလျှင်အမြန်လှုပ်ရှားနိုင်၍ စိတ်ယုတ်သူ ဖြစ်သည်။ သူ့အနေနှင့် မာသာ့ကို တင်းပုတ်ဖြင့် ရိုက်၍ ဝက်ကို ခိုးသွားသော အချိန်က ထိုအရာကို တွေ့လိုက်ရသည်။ တွမ်သည် နာကျင်မည်ကို အနည်းငယ်မျှ ကြောက်ရွံ့သော်လည်း သူ၏ ပိုက်ဆံ ပြန်မရမည်ကို ပို၍ စိုးရိမ်မိသည်။

သူ့အနေနှင့် အက်ဂနက်စ်နှင့် မာသာတို့ အားလုံး အဆင်ပြေကြမည်ဟု မျှော်လင့်မိသည်။ အက်ဂနက်စ် အနေနှင့် သူမဘာသာ ကြည့်ရှုစောင့်ရှောက်နိုင်သည်။ အကယ်၍ တောပုန်းက သူမကို တွေ့သွားခဲ့လျှင်တောင် သူဘာလုပ် နိုင်မည်နည်း။ သူ့အနေနှင့် သူ့ဘာသာသူ သတိထား၍ သွားလာနိုင်ခြင်းကိုသာ လုပ်နိုင်မည် ဖြစ်သည်။

သူလဲလျောင်းနေသော နေရာမှနေ၍ တွမ်သည် ကက်သီဒရယ် ဘုရားကျောင်းကြီး၏ မျှော်စင်များကို မြင်နိုင်သည်။ သူ့အနေနှင့် အထဲသို့ တခဏတာမျှ ကြည့်ခွင့်ရမည် ဆိုလျှင် မည်မျှကောင်းမည်နည်းဟု ဆန္ဒပြုမိသည်။ သူသည် အမိုးခုံးစင်္ကြန်၏ တိုင်လုံးများကို မည်သို့မည်ပုံ အချောသတ်မည် ဆိုသည်ကို စိတ်ဝင်စားမိသည်။ ထိုတိုင်လုံးများမှာ ပုံမှန်အားဖြင့် တုတ်ခိုင်ကြီးမားသော တိုင်လုံးကြီးများ တိုင်လုံးတစ်ခုစီ၏ ထိပ်တွင် အပေါ်မှစ၍ ပြန့်ကားလာသော မုခ်ခုံးများ ရှိသည်။ မုခ်ခုံးနှစ်ခုမှာ တစ်ခုက တောင်ဖက် နောက်တစ်ခုက မြောက်ဖက်သို့ သွားပြီး အမိုးခုံးစင်္ကြန် အတွင်းရှိ အခြား အနီးအနားရှိ တိုင်လုံးများနှင့် ဆက်သွယ်ထားသည်။ မုခ်ခုံးတစ်ခုမှာ ဘေးဘက် အဆောင်ကို ဖြတ်၍ အရှေ့သို့မဟုတ် အနောက်ဖက်သို့ သွားလေသည်။ လုံးဝိုင်းသော တိုင်၏ ထိပ်မှ မုခ်ခုံးများ ပြန့်ကားထွက်လာသည်မှာ တစ်စုံတစ်ခုတော့ လွဲမှားနေပြီး အရုပ်ဆိုးလှသည်။ တွမ် သာ သူ၏ ကက်သီဒရယ်ကို ဆောက်မည် ဆိုပါက တိုင်လုံးတိုင်းသည် တိုင်သန်အစုအဝေး တစ်ခု ဖြစ်မည် ဖြစ်ပြီး မုခ်ခုံးများမှာ တိုင်သန် တစ်ခုချင်းစီ၏ ထိပ်မှ ပြန့်ထွက် လာမည် ဖြစ်သည်။ သို့မှသာလျှင် အံဝင်ခွင်ကျ ဖြစ်ပြီး စနစ်ဇယားကျသော အစီအစဉ်တစ်ခု ဖြစ်ပေလိမ့်မည်။

သူသည် မုခ်ခုံးများကို မည်သို့ ပြင်ဆင်မွမ်းမံမည်ကို တွေးတော စဉ်းစားနေမိသည်။ ဂဲဩမေတြီပုံများမှ အမြဲတစေ တွေ့ရလေ့ ရှိသော ပုံသဏ္ဍာန်များ ဖြစ်သည်။ တစ်ဆစ်ချိုး ပုံသို့မဟုတ် မှန်ကူကွက်ပုံစသည်တို့ကို ပုံဖော်ရန် ကျွမ်းကျင်မှု သိပ်မလိုလှပေ။ သို့သော် တွမ်ကမူ သစ်ရွက်ပုံများကို သဘောကျသည်။ သစ်ရွက်ပုံများမှာ ပျော့ပြောင်းနူးညံသည့် အသွင်ဆောင်ပြီး ကျောက်တုံးများ၏ ပုံမှန်မာကျောသည့် အသွင်အပြင်ကို သဘာဝနှင့် ထိတွေ့မှု ဖြစ်စေသည်။

စိတ်ကူးယဉ်ပုံဖော်ထားသည့် ကက်သီဒရယ် ဘုရားကျောင်းသည် သူ၏ စိတ်ထဲတွင် နေ့လည်ခင်း အလယ်ပိုင်း လောက်အထိ နေရာယူထားသည်။ သေးသွယ်သော ပုံစံနှင့် ရွှေရောင်ဆံပင်များရှိသည့် မာသာ့၏ ပုံမှာ တံတားကို ဖြတ်ကျော်၍ အိမ်များကြားမှ ထွက်လာသည့် အချိန်အထိပင် ဖြစ်သည်။ သူမသည် လမ်းဆုံတွင် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ညာဖက်လမ်းကို ရွေးလိုက်သည်။ တွမ်က သူမ သူ့ထံသို့ လျှောက်လာနေသည်ကို ကြည့်နေမိသည်။ သူမသည် မျက်မှောင်ကြုတ်ပြီး သူဘယ်နားတွင် ရှိမည်ကို တွေးတောနေသည်ကို မြင်နေရသည်။ သူမသူနှင့် တည့်တည့်သို့ ရောက်လာချိန်တွင် သူက သူမကို တိုးညှင်းစွာ အသံပြုလိုက်သည်။

"မာသာ"

သူမက ခဏမျှ လန့်အော်လိုက်ပြီးနောက် သူ့ကို မြင်သွားပြီး မြောင်းကို ခုန်ကျော်၍ သူ့ထံ ပြေးလာသည်။ "မာမီက ဒါကိုပို့ခိုင်းလိုက်လို့။" ဟု သူမကပြောပြီး သူမ၏ ခြုံထည်အင်္ကျီထဲမှ တစ်ခုတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအရာမှာ ပူးနွေးသော အသားမုန့်တစ်ခု ဖြစ်သည်။ "ဘုရားသခင်ကို တိုင်တည်ပြီး ပြောရရင် မင်းအမေဟာ မိန်းမကောင်း တစ်ယောက်ပဲ။" တွမ်က ပြောပြီး ကြီးမားသာ အစိတ်အပိုင်း တစ်ခုစာကို ကိုက်ဝါးလိုက်သည်။ ထိုမုန့်မှာ အမဲသားနှင့် ကြက်သွန်တို့ဖြင့် ပြုလုပ်ထားပြီး အရသာမှ နတ်သုဒ္ဓါ အလား ကောင်းမွန်လှသည်။

မာသာက တွမ်၏ နံဘေး မြက်ခင်းပေါက်တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ "သမီးတို့ရဲ့ ဝက်ကို ခိုးသွားတဲ့သူ ဘာဖြစ်သွားသလဲ ဆိုတော့ " သူမက နှာခေါင်းကို ရှုံ့လိုက်ပြီး သူမကို ဘာပြောခိုင်းလိုက်သည်ကို အာရုံစိုက်၍ စဉ်းစားနေသည်။ သူမ၏ ပုံသဏ္ဍာန်မှာ အလွန်ချစ်စရာ ကောင်းလှသဖြင့် တွမ်အနေဖြင့် အသက်ရှူပင် မှားလောက်သည်။ "သူ စားသောက်ဆိုင်ထဲက ထွက်လာပြီးတော့ မျက်နှာမှာ ဆေးခြယ်ထားတဲ့ မိန်းမတစ်ယောက်နဲ့ တွေ့တယ်။ ပြီးတော့ အဲဒီမိန်းမရဲ့ အိမ်ကို သွားကြတယ်။ သမီးတို့က အပြင်က စောင့်နေကြတယ်။"

တောပုန်းက ငါတို့ပိုက်ဆံတွေကို ပြည်တန့်ဆာမအတွက် သုံးနေတယ်ဟု တွမ်က ခါးသီးစွာ တွေးလိုက်မိသည်။ "ဆက်ပြောပါဦး။"

သူက အဲဒီမိန်းမရဲ့ အိမ်ထဲမှာ သိပ်မကြာဘူး။ သူထွက်လာပြီးတော့ သူဗျစ်ရည်ဆိုင်ထဲကို သွားတယ်။ အခုသူအဲဒီမှာ။ သူ သိပ်တော့ မသောက်ဘူး။ ဒါပေမယ့် အံစာကစားနေတယ်။"

"သူနိုင်မယ်လို့ ထင်ရတာပဲ။" တွမ်က လေသံတင်းတင်းဖြင့် ပြောလိုက်သည်။ "ဒါပဲလား။"

"ဒါအကုန်ပဲ။"

"သမီး။ ဗိုက်ဆာနေလား။"

"ပေါင်မုန့်စားပြီးပြီ။"

"အဲဖရက်ကိုကော ဒါတွေ ပြောပြပြီးပြီလား။"

"မပြောရသေးဘူး။ ပြီးရင် သူ့ဆီကို သွားမယ်။"

"သူ့ကိုပြောလိုက်။ ခြောက်ခြောက်သွေ့သွေ့ ဖြစ်အောင် ကြိုးစားပြီးနေလို့။"

"ခြောက်ခြောက်သွေ့သွေ့ ဖြစ်အောင် ကြိုးစားနေ။" သူမက နောက်တစ်ကြိမ် ထပ်ပြောသည်။ "အဲဒါ သူ့ကို သမီးတို့ ဝက်ကို ခိုးသွားတဲ့ သူအကြောင်း မပြောခင် ပြောရမှာလား။ အဲဒီအကြောင်း ပြောပြီးမှ ပြောရမှာလား။"

တကယ်တော့ ဘယ်လိုပဲ ဖြစ်ဖြစ်ကိစ္စမရှိပေ။ "ပြီးမှ" ဟု တွမ်က ပြောသည်။ သူမက တိကျသော အဖြေကို လိုချင်သည် မဟုတ်လား။ တွမ်က သူမကို ပြုံးပြပြီး ပြောသည်။ "မင်းက လိမ္မာတဲ့ ကောင်မလေးပဲ။ ကဲသွားတော့။"

"သမီးက ဒီလိုကစားရတာ ကြိုက်တယ်။" ဟု သူမက ပြောသည်။ သူမက လက်ပြပြီး ထွက်ခွာသွားသည်။ သူမ၏ မိန်းကလေး ဆန်သော ခြေထောက်များက သူမမြောင်းကို ဖြည်းဖြည်းသာသာ ခုန်ကူးသွားချိန်တွင် အရောင်လက် သွားပြီး သူမ မြို့ဆီသို့ ပြန်ပြေးသွားလေသည်။ တွမ်က သူမကို ချစ်မြတ်နိုးစွာ ကြည့်နေလိုက်ပြီး သူ၏ နှလုံးသားထဲတွင်မူ ဒေါသဖြစ်နေမိသည်။ သူနှင့် အက်ဂနက်စ်တို့သည် ကလေးများကို ကျွေးမွေးရန်အတွက် ပင်ပန်းစွာ အလုပ်လုပ်ခဲ့ရသည်။ သူသည် ထိုသူ သူတို့ထံမှ ခိုးယူသွားသည်တို့ ပြန်ရရန် အတွက် လိုအပ်လျှင် ထိုသူကို သတ်ပစ်ရန်ပင် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

တောပုန်းကလည်း သူ့ကို သတ်ရန် အသင့်ပင် ဖြစ်ပေလိမ့်မည်။ တောပုန်းတို့သည် သူတို့နာမည်အတိုင်းပင် ဥပဒေ ပြင်ပမှ လူများဖြစ်ပြီး သူတို့သည် မချုပ်မထိန်းသော ကြမ်းတမ်းခက်ထန်မှုတို့ဖြင့် အသက်ရှင် နေထိုင်ကြသည်။ ဤတစ်ကြိမ်သည် ပါးစပ်ပြဲ ဖာရာမွန် အနေဖြင့် အပြစ်မဲ့သူများ အပေါ်တွင် ပထမဆုံး ကျူးလွန်သည့် ပြစ်မှု ဟုတ်ဟန်မတူပေ။ သူသည် အန္တရာယ်များသည် ဆိုခြင်းမှအပ တခြား မရှိနိုင်ပေ။

နေ့လည်ခင်းနေသည် အံ့ဩစရာကောင်းအောင်ပင် စောစောစီးစီး မှေးမှိန်သွားသည်။ ပုံမှန်အားဖြင့် စိုစွတ်သော ဆောင်းဦးရာသီ၏ နေ့လည်ခင်းများတွင် တခါတရံ ဖြစ်လေ့ ဖြစ်ထ ရှိသည်။ တွမ်က သူ့အနေနှင့် သူခိုးအား မိုးရေထဲတွင် မှတ်မိနိုင်ပါ့မလားဟု စိုးရိမ်စိတ် စတင် ဖြစ်ပေါ်လာသည်။ ညနေစောင်းလာသော အခါတွင် မြို့သို့လာသူများနှင့် မြို့မှ ထွက်ခွာသွားသူများမှ တဖြည်းဖြည်း နည်းလာသည်။ မြို့သို့ လာကြသူ အများစုမှာ ညမိုးမချုပ်မီ သူတို့ အိမ်ရှိရာ ရွာများဆီသို့ ပြန်ရောက်ရန် အချိန်မီ ပြန်ကြသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ မြို့တွင်းရှိ မြင့်မားသော အိမ်များနှင့် မြို့စွန် ဆင်ခြေဖုံးရှိ အိမ်ငယ်လေးများမှ ဖယောင်းတိုင်မီးများနှင့် မီးအိမ်များ လင်းလက်တောက်ပနေသည်ကို စတင်ပြီးတွေ့နေရသည်။ တွမ်က သူခိုးသည် တညလုံး မြို့ထဲတွင် နေချင်နေနိုင်သည်ဟု အဆိုးမြင်စွာပင် တွေးတော မိလာသည်။ သူသည် တောပုန်းဖြစ်မှန်းကို သိသော်လည်း သူ့ကို လက်ခံနိုင်သည့် မရိုးသားသည့် သူငယ်ချင်းများ မြို့ထဲတွင် ရှိချင်ရှိနိုင်သည်။ နောက်ထပ် ဖြစ်နိုင်သည်မှာဟု တွမ်တွေးနေစဉ်မှာပင် တွမ်သည် ပါးစပ်တွင် ပုဝါအုပ်ထားသော လူကို တွေ့လိုက်ရသည်။

သူက အခြားလူ နှစ်ယောက်၏ အနီးတွင် သစ်သားတံတားကို ဖြတ်၍ လျှောက်လာသည်။ သူခိုးတွင် အပေါင်းအဖော် နှစ်ယောက် ရှိသည် ဆိုသည့်အချက်ကို တွမ်ရုတ်တရက် တွေးလိုက်မိသည်။ ထိပ်ပြောင်နှင့် ဦးထုပ်စိမ်း ဆောင်းထားသူတို့မှာ သူနှင့်အတူ ဆာ့စ်ဘရီသို့ အတူလာကြသည်။ တွမ်သည် အခြားနှစ်ယောက်ကို မြို့ထဲတွင် မတွေ့သော်လည်း သူတို့သည် ခဏတာမျှ လူစုခွဲ၍ အပြန်ခရီးတွက် ပြန်ဆုံကြသည်မှာ ဖြစ်နိုင်သည်။ တွမ်က သူ၏ အသက်ရှူသံအောက်တွင် ကျိန်ဆဲလိုက်မိသည်။ သူ့အနေနှင့် လူ သုံးယောက်ကို တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်ပေ။ သို့သော် သူတို့ နီးလာချိန်တွင် အုပ်စုမှာ ကွဲသွားသည်။ သူတို့သည် အတူတူ မဟုတ်ဆိုသည့် အချက်ကို တွမ်သည် စိတ်သက်သာရာ ရစွာပင် သဘောပေါက်သွားခဲ့သည်။

ပထမနှစ်ယောက်မှာ သားအဖ ဖြစ်သည်။ နီးကပ်၍ နှက်မှောင်သော မျက်လုံးများနှင့် နှာခေါင်းကောက်ကောက်များ ရှိကြသော လယ်သမားများ ဖြစ်ကြသည်။ သူတို့သည် ပေါ့တ်ဝေးလမ်းကို ရွေးကြပြီး ပုဝါနှင့်လူမှာ အနောက်မှ လိုက်လာသည်။

တွမ်က သူခိုးနီးကပ်လာချိန်တွင် သူ၏ အမူအရာကို ကြည့်မိသည်။ သူ၏ ပုံစံမှာ မူးနေပုံပေါက်သည်။ သနားစရာပင်။

မြို့ဖက်သို့ လှမ်းကြည့်လိုက်သော အခါတွင် သူသည် မိန်းမတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့ တံတားပေါ်သို့ ရောက်လာသည်ကို တွေ့ရသည်။ အက်ဂနက်စ် နှင့် မာသာပင် ဖြစ်သည်။ သူ့အနေနှင့် သူ သူခိုးနှင့် ရင်ဆိုင်နေချိန်တွင် သူတို့ ရှိနေမည်ကို ကြိုမတွေးမိပေ။ သို့သော်လည်း သူ့အနေနှင့် ထိုသို့ မဖြစ်စေရန် အတွက် သူတို့ကို ညွှန်ကြားမထားမိ ဆိုသည်ကို သဘောပေါက်လိုက်မိသည်။

သူတို့အားလုံး သူရှိရာသို့ လာသောလမ်းပေါ်သို့ ရောက်လာချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းလာသည်။ တွမ်၏ ခန္ဓာကိုယ်မှာ ကြီးမားလှသဖြင့် လူအများစုမှာ သူနှင့် ရင်ဆိုင်တွေ့ချိန်တွင် အလျော့ပေးသွား တတ်ကြသည်။ သို့သော်လည်း တောပုန်းများမှာ မျှော်လင့်စရာ ဘာမှ မရှိသူများဖြစ်ပြီး တိုက်ခိုက်ရာတွင် ဘာဖြစ်မည်ကို ကြိုပြောရန် မဖြစ်နိုင်ပေ။

လယ်သမားနှစ်ယောက်က မြင်းများ အကြောင်းကို ပြောရင်း အလွန်ရွှင်မြူးစွာဖြင့် သူ့ဘေးမှ ဖြတ်သွားကြသည်။ တွမ်က သံခေါင်းရှိသည့် တူကို သူ၏ ခါးပတ်မှ ထုတ်ယူလိုက်ပြီး သူ၏ ညာဖက်လက်ထဲတွင် ဆ လိုက်သည်။ သူသည် အလုပ်မလုပ်ဘဲ လူကောင်းများထံမှ စားစရာ များကို လုယူကြသော သူခိုးများကို မုန်းသည်။ သူ့အနေနှင့် ဤလူကို တူဖြင့် ထုသည့် အတွက် ဘာမှ စိတ်မကောင်း ဖြစ်စရာ မရှိပေ။

သူခိုးသည် နီးလာချိန်တွင် အရှိန်လျှော့လာသည်။ သူ့အနေနှင့် အန္တရာယ်၏ အနံ့အသက်ကို ရလိုက်သည့် အလားပင် ဖြစ်သည်။ တွမ်က သူ ရှေ့သို့ပြေးရန် နီးလွန်းသော နောက်သို့ ပြန်ပြေးရန်လည်း ဝေးလွန်းသော လေး ငါးကိုက်မျှ အကွာအဝေးအထိ ရောက်လာသည် အထိ စောင့်နေလိုက်သည်။ ထို့နောက် တွမ်သည် ကန်သင်းရိုးပေါ်မှ  လှိမ့်ချ၍ မြောင်းကို အလျှင်အမြန် ဖြတ်ကျော်လိုက်ပြီး သူ၏ လမ်းတွင် ပိတ်ရပ်လိုက်သည်။

ထိုလူက လုံးဝရပ်တန့်လိုက်ပြီး သူ့ကို စိုက်ကြည့်သည်။ "ဒါဘာသဘောလဲ။ " သူက စိတ်လှုပ်ရှားသော အသံဖြင့် မေးသည်။

သူငါ့ကို မမှတ်မိဘူးဟု တွမ်တွေးမိသည်။ တွမ်က ပြောသည်။ "မနေ့က မင်းငါ့ဝက်ကို ခိုးသွားပြီး ဒီနေ့သားသတ်သမားကို ရောင်းလိုက်တယ်။"

"ငါ ဘယ်တုန်းကမှ။"

"မင်းငါ့ကို မငြင်းနဲ့။ မင်း အဲဒီက ရတဲ့ ပိုက်ဆံကိုပဲ ငါ့ကိုပေး။ ငါမင်းကို အသားနာအောင် မလုပ်ဘူး။"

ခဏတာမျှပင် သူခိုးက သူပြောသည့် အတိုင်းလုပ်လိမ့်မည်ဟု တွမ်တွေးမိသည်။ ထိုသူက တုံ့ဆိုင်းဆိုင်း လုပ်နေသော အခါတွင် သူ့အနေနှင့် ခုန တွေးထားသည်နှင့် ဆန့်ကျင်ဖက် ခံစားမှု ဖြစ်ပေါ်လာသည်။ ထို့နောက် သူခိုးက သူ့ဖနောင့်ကို လှည့်ပြီး ပြေးသည်။ အက်ဂနက်စ် ရှိရာသို့ တည့်တည့်ပင် ဖြစ်သည်။

သူ့အနေနှင့် သူမကို လဲကျသွားစေလောက်အောင် အလျှင်အမြန် ရွေ့လျားခြင်း ဖြစ်သည်။ သူမသည်လည်း ထိုသို့တွန်းထိုးခြင်းကို အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးပြီ ဖြစ်သဖြင့် သူတို့နှစ်ယောက်သည် ကိုးယိုးကားယား ကနေသည့်အလား တစ်ဖက်မှ တစ်ဖက်သို့ ယိမ်းထိုးနေကြသည်။ ထိုအခါတွင် သူသဘောပေါက်လိုက်သည်မှာ သူမသည် သူ့အား တမင်သက်သက် လမ်းပိတ်ထားခြင်း ဖြစ်သည် ဟူ၍ ဖြစ်သည်။ သူက သူမကို ဖြတ်ကျော်သွားချိန်တွင် သူမက ခြေထိုးခံလိုက်သည်။ သူမ၏ ခြေထောက်က သူ၏ ဒူးခေါင်းများအတွင်း ဝင်သွားပြီး သူတို့ နှစ်ဦးစလုံး လဲကျသွားကြသည်။ 

တွမ်က သူမနံဘေးသို့ ပြေးသွားချိန်တွင် သူ့နှလုံးသားက ပါးစပ်အထိတိုင် တက်ရောက်နေသည့်အလား စိတ်လှုပ်ရှားမိသည်။ သူခိုးက ထပြီး သူ၏ ဒူးခေါင်းတစ်ဖက်ကို သူမ၏ ကျောပေါ်တွင် ရှိနေသည်။ တွမ်က သူ၏ကော်လာကို ဆွဲ၍ သူမပေါ်မှ ဆောင့်ဆွဲလိုက်သည်။ တွမ်က သူ့ဘာသာသူ ကိုယ်ဟန်ကို ပြန်မထိန်းနိုင်မီ သူ့ကို လမ်းနံဘေးသို့ ဆွဲယူသွားမိသည်။ ထို့နောက်သူသည့် သူခိုးအား မြောင်းတွင်းသို့ ပစ်ချလိုက်သည်။

အက်ဂနက်စ်က မတ်တပ်ရပ်လိုက်သည်။ မာသာက သူမထံသို့ ပြေးလာသည်။ တွမ်က အလျှင်အမြန် ပြောလိုက်သည်။
"အဆင်ပြေလား။"
"ပြေတယ်။" ဟု အက်ဂနက်စ်က ပြန်ဖြေသည်။

လယ်သမားနှစ်ယောက်က ရပ်တန့်ပြီး လှည့်ကြည့်သည်။ သူတို့သည် မြင်ကွင်းကို စိုက်ကြည့်နေကြပြီး ဘာဖြစ် နေတာလဲဟု တွေးတောနေကြသည်။ သူခိုးက မြောင်းထဲတွင် ဒူးထောက်လျှက်သား ရောက်နေသည်။ " သူက တောပုန်း" ဟု အက်ဂနက်စ်က သူတို့အား အော်ပြောသည်။ သူတို့ဝင်၍ မနှောင့်ယှက်ရန် တိုက်တွန်းခြင်းပင် ဖြစ်သည်။ "သူ ငါတို့ ဝက်ကို ခိုးသွားတယ်။" လယ်သမားများက ဘာမှ ပြန်မပြောပေ။ သို့သော်လည်း ရှေ့ဆက်၍ ဘာဖြစ်မည်ကို စောင့်ကြည့် နေကြသည်။

"ငါ့ကို ငါ့ပိုက်ဆံ ပြန်ပေး။ ငါမင်းကို သွားခွင်ပေးမယ်။" တွမ်က သူခိုးကို နောက်တစ်ကြိမ် ပြောပြန်သည်။

ထိုလူသည် မြောင်းထဲမှနေ၍ လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ရင်း ထွက်လာသည်။ ကြွက်တစ်ကောင်ပမာပင် လျှင်မြန်ပြီး တွမ်၏ လည်ချောင်းကို ဦးတည်၍ လာနေသည်။ အက်ဂနက်စ်က အသံကုန်အော်လိုက်သည်။ တွမ်က နံဘေးသို့ တိမ်းရှောင်လိုက်သည်။ ဓားက သူ့မျက်နှာရှေ့မှ လျှင်မြန်စွာ ဖြတ်သွားပြီး တွမ်သည် သူ၏ မေးတွင် မီးစအလား ပူသွားသည့် ပမာ ခံစားရသည်။

သူက နောက်သို့ ဆုတ်လိုက်ပြီး နောက်ထပ်ဓားရောင်တစ်ချက် လက်သွားချိန်တွင် သူ၏ တူကို လွှဲရိုက်လိုက်သည်။ သူခိုးက နောက်သို့ ခုန်ဆုတ်လိုက်သည်။ ဓားနှင့် တူ နှစ်ခုစလုံးသည် ညနေခင်း၏ လေထုထဲတွင် တစ်ခုနှင့်တစ်ခု ထိခိုက်ခြင်းမရှိပဲ တဝီဝီ ရွေ့လျားနေကြသည်။

ခဏမျှပင် သူတို့နှစ်ယောက်သည် မျက်နှာခြင်းဆိုင်ပြီး ငြိမ်ဆိတ်စွာ ရပ်နေကြကာ အသက်ပြင်းပြင်း ရှူနေကြသည်။

တွမ်၏ ပါးပြင်မှာ နာကျင်နေသည်။ တွမ်က သူတို့နှစ်ဦး အညီအမျှ ဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။ တွမ်က ပို၍ လူကောင်ကြီးသော်လည်း သူခိုးတွင် ပန်းရံဆရာ၏ တူထက်ပို၍ သေစေနိုင်လောက်သော လက်နက်ဖြစ်သည့် ဓားရှိနေသည်။  သူ့အနေနှင့် သေလျှင် သေသွားနိုင်သည်ကို သဘောပေါက်သည့်တွက် ကျောချမ်းသွားမိသည်။

သူသည် ရုတ်တရက်ပင် အသက်မရှူနိုင်တော့အောင် ခံစားရသည်။

သူ၏ မျက်လုံးထောင့်မှ နေ၍ ရုတ်တရက် လှုပ်ရှားမှုကို သူတွေ့ရသည်။ သူခိုးကလည်း မြင်လိုက်ပြီး အက်ဂနက်စ်ကို တချက်မျှ စူးစိုက်ကြည့်လိုက်ကာ သူ၏ ခေါင်းကို ဘေးသို့ ရှောင်တိမ်းလိုက်သည်။ သူမ၏ လက်မှ ကျောက်ခဲတစ်လုံးက သူ့ထံသို့ ဝဲပျံလာ၍ ဖြစ်သည်။

တွမ်က အသက်ဘေးတွေ့နေရသော လူတစ်ယောက်၏ လျှင်မြန်မှုမျိုးဖြင့် တုံ့ပြန်လိုက်သည်။ သူခိုးက ခေါင်းကို ငုံ့လိုက်ချိန်တွင် သူ၏ တူဖြင့် လွှဲရိုက်လိုက်သည်။

ထိုသူက မော့ကြည့်လိုက်ချိန်နှင့် ဆုံသွားသည်။ သံတူက သူ၏ နဖူးဆံစပ်ကို ရိုက်ခတ်မိသည်။ ထိုအချက်မှာ အလျှင် အမြန် ရိုက်ချက်ဖြစ်ပြီး တွမ်တွင် ရှိသမျှ အားအကုန် မပါပေ။ သူခိုးက ယိုင်သွားသော်လည်း လဲကျမသွားပေ။

တွမ်က သူ့အား နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။

ဤတစ်ချက်မှာ ပို၍ ပြင်းသည်။ သူ့အနေနှင့် တူကို ခေါင်းပေါ် မြှောက်ချိန် ရလိုက်ပြီး မူးနောက်နေသော သူခိုးက သူ၏ မျက်လုံးများဖြင့် အာရုံစိုက်ရန် ကြိုးစားချိန်တွင် သေချာစွာ ချိန်တွယ်ခွင့် ရလိုက်သည်။ တွမ်က တူကို လွှဲရိုက် ချလိုက်ချိန်တွင် မာသာ့ကို တွေးလိုက်မိသည်။ သူ့အနေနှင့် အားရှိသမျှ ရိုက်ထည့်လိုက်ခြင်း ဖြစ်ပြီး သူခိုးသည် မြေကြီးပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။

တွမ်အနေနှင့် ခက်ခဲစွာ အဆုံးသတ်လိုက်ရသဖြင့် စိတ်မှာ သက်သာရာ ရမသွားပေ။ သူက သူခိုး၏ ဘေးတွင် ဒူးထောက်ထိုင်လိုက်ပြီး သူ့ကို ရှာဖွေနေမိသည်။ "ဘယ်မှာလဲ ပိုက်ဆံအိတ်။ ဘယ်မှာလဲ ပိုက်ဆံအိတ်။ ကာလနာရဲ့။" ပျော့ပြောင်းနေသော ခန္ဓာကိုယ်သည် ရွေ့လျားရန် ခက်ခဲသည်။ နောက်ဆုံးတွင် တွမ်သည် သူ့အား ပက်လက်လှန်၍ ဆန်ဆန့် လှဲချလိုက်ပြီး သူ၏ ခြုံထည်အင်္ကျီကို ဖွင့်လိုက်သည်။ သူ၏ ခါးပတ်တွင် သားရေပိုက်ဆံအိတ် အကြီးကြီး တစ်လုံး ချိတ်ထားလေသည်။ တွမ်က ၄င်းကို ဆွဲဖွင့်လိုက်သည်။ အထဲတွင် ရှုံ့ကြိုးတပ်ထားသော သိုးမွှေးသား အိတ်အပျော့ တစ်ခု ရှိသည်။ တွမ်က ထိုအိတ်ကို ဆွဲထုတ်လိုက်သည်။ အိတ်မှာ ပေါ့ပါးနေသည်။

"အခွံချည်းပဲ။ သူ့မှာ တခြားတစ်အိတ် ရှိရမယ်။" ဟု တွမ်က ပြောသည်။

သူက ထိုလူ၏ အောက်မှ ခြုံထည်အင်္ကျီကို ဆွဲယူပြီး ထိုအပေါ်တွင် အသေအချာ စမ်းသပ် ရှာဖွေလိုက်သည်။ အင်္ကျီ ပေါ်တွင် ဝှက်ထားသော အိတ်ကပ် မရှိသလို မာကျောသော အရာဟူ၍လည်း မရှိပေ။ သူက သူ၏ ဖိနပ်များကို ဆွဲချွတ်လိုက်သည်။ အထဲတွင်လည်း ဘာမှ မရှိပေ။ သူက သူ၏ ထမင်းစားသော ဓားကို ခါးပတ်မှ ထုတ်ပြီး ခွာများကို လှီးဖြတ်လိုက်သည်။ အထဲတွင်လည်း ဘာမှ မရှိပေ။

သူသည် စိတ်မရှည်စွာပင် သူ၏ ဓားကို သူခိုး၏ သိုးမွှေးအင်္ကျီရှည်၏ လည်ပင်းသို့ ထိုးထည့်လိုက်ပြီး အနားသတ် အထိ ဆုတ်ဖြဲပစ်လိုက်သည်။  ထိုနေရာတွင်လည်း ပိုက်ဆံဖွက်သော အိတ်မရှိပေ။

သူခိုးသည် ရွှံ့ထူသော လမ်း၏ အလယ်တွင် လဲကျနေသည်။ သူ့ကိုယ်တွင် ခြေအိတ်မှလွဲ၍ ဘာ အဝတ်အစားမျှ မရှိပေ။

လယ်သမားနှစ်ယောက်က တွမ်အား ရူးနေသည့် အလား စိုက်ကြည့်နေကြသည်။ စိတ်ဆိုးမာန်ဆိုးပင် တွမ်က အက်ဂနက်စ်ကို ပြောလိုက်သည်။

"သူ့မှာ ပိုက်ဆံ တစ်ပြားမှ မရှိဘူး။"

"သူအံစာတုံး လှိမ့်ရင်း အားလုံး ရှုံးခဲ့တာ ဖြစ်မှာပေါ့။" သူမက ခါးသီးစွာ ပြောသည်။

"ဒီကောင် ငရဲမှာ မီးလောင်မဲ့ကောင်။" တွမ်က ပြောသည်။

အက်ဂနက်စ်က ဒူးထောက် ထိုင်ချလိုက်ပြီး သူခိုး၏ ရင်ဘတ်ကို စမ်းလိုက်သည်။ ထို့နောက် သူမက ပြောသည်။
"အဲဒါ သူအခု ရောက်နေတဲ့နေရာပဲ။ ရှင်သူ့ကို သတ်လိုက်ပြီ။"

No comments:

Post a Comment