Friday, January 13, 2012

စာအုပ်(၁) ၁၁၃၅-၁၁၃၆ အပိုင်း(၂) အခန်း(၂)

ပရိုင်ရော် ဖိလစ်သည် သူ၏ ခရီးစဉ် ဒုတိယမြောက်နေ့ နေ့လည်ပိုင်းတွင်  ဘစ်ရှော့၏ နန်းတော်မှ မိုင်အနည်းငယ်မျှသာ ကွာဝေးသော နေရာသို့ ရောက်နေပြီ ဖြစ်သည်။ ထိုနေရာသို့ နီးကပ်လာသည်နှင့် အမျှ သူ၏ ဗိုက်ထဲကပင် နာချင်သလို ဖြစ်လာသည်။ သူ့အနေနှင့် သူပုန်ထမှု အကြံအစည်ကို မည်သို့မည်ပုံ သိရှိခဲ့သည် ဆိုသည့် အချက်ကို ပြန်ပြောပြရန် အတွက် ဇာတ်လမ်းကို ကြိုစဉ်းစား ထားပြီး ဖြစ်သည်။ သို့သော်လည်း ဘစ်ရှော့ အနေနှင့် ထိုဇာတ်လမ်းကို ယုံချင်မှလည်း ယုံမည်။ ယုံချင်လျှင်လည်း ယုံမည် ဖြစ်သည်။ ဘစ်ရှော့အနေနှင့် သက်သေပြချက်ကို တောင်းဆိုနိုင်သည်။ ပိုဆိုးသည့် အချက်တစ်ချက်လည်း ရှိသေးသည်။ ထိုအကြောင်းကို ဖိလစ် အနေနှင့် ဖရန်စစ်နှင့် မခွဲခွာမီ အချိန်အထိ မစဉ်းစားမိခဲ့သေးပေ။ မဖြစ်နိုင်ဘူးဟု ယူဆရသော်လည်း ဖြစ်နိုင်ခြေ ရှိနေသေးသည်မှာ ဘစ်ရှော့အနေနှင့် ကြံရာပါ တစ်ဦး ဖြစ်နိုင်ပြီး သူပုန်ထမှုကို အားပေးထောက်ခံသူ တစ်ဦးလည်း ဖြစ်နိုင်ပေသည်။ သူ့အနေနှင့် ရှိုင်းရင်းမှ အားလ်၏ ကြံဖော်ကြံဖက် တစ်ဦးလည်း ဖြစ်နိုင်သည်။ ဘစ်ရှော့တစ်ဦး အနေနှင့် ဘုရားကျောင်းတော်၏ အကျိုးအစား ကိုယ်ကျိုးကို ကြည့်တတ်သည်မှာ ယခင်က မရှိဘူးသော အရာတော့ မဟုတ်ပေ။

ဘစ်ရှော့ အနေနှင့် ဖိလစ် ဤသတင်း ဘယ်ကရသလဲ ဆိုသည်ကို ဖော်ထုတ်ရန် သူ့ကို ညှင်းဆဲနိုင်သည်။ သူ့တွင် လုပ်ပိုင်ခွင့် မရှိသော်လည်း သူ့အတွက် ဘုရင်ကို ဆန့်ကျင်ရန် အတွက် ကြံစည်ရန်မှာလည်း လုပ်ပိုင်ခွင့် မရှိသော အရာပင် ဖြစ်သည်။ ဖိလစ် အနေနှင့် ငရဲအကြောင်း သရုပ်ဖော် ရေးဆွဲထားသော ပန်းချီကားများတွင် ပါဝင်သည့် ညှင်းဆဲသည့် ကိရိယာများကို သတိရမိသည်။ ထိုပန်းချီကားများသည် ဘေရွန်များနှင့် ဘစ်ရှော့များ၏ မြေအောက် အကျဉ်းခန်းများမှ ရရှိသော အတွေးကို သရုပ်ဖော်ထားခြင်းပင် ဖြစ်သည်။ ဖိလစ်အနေနှင့် သူ့အတွက် အာဇာနည် တစ်ယောက်လို သေနိုင်ရန် ခွန်အားမရှိကြောင်းကို သိထားသည်။

ဖိလစ် အနေနှင့် သူ့ရှေ့မှ လမ်းပေါ်တွင် လမ်းလျှောက် သွားနေကြသော ခရီးသည်တစ်စုကို တွေ့မြင်လိုက် ရသည့် အခါတွင် သူတို့ကို ကျော်မတက်မိစေရန် အတွက် မြင်းကို ဇက်သတ်ရန် သူ့စိတ်ထဲမှ စဉ်းစားမိသည်။ သူ့အနေနှင့် တစ်ယောက်တည်း ဖြစ်နေသည့် အပြင် ဘုန်းကြီး ဖြစ်နေသည့် အတွက်ကြောင့် လုယက်ရန် တွန့်ဆုတ်နေမည် မဟုတ်သည့် လမ်းပေါ်မှ သူခိုးဓားပြ အများအပြား ရှိနေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ထို့နောက်တွင် သူတွေ့လိုက်ရသည်မှာ ထိုလူစုတွင် ၂ ဦးမှာ ကလေးသူငယ်များ ဖြစ်ပြီး တစ်ဦးမှာ မိန်းမတစ်ယောက် ဖြစ်နေသည်။ မိသားစုမှာ ပုံမှန်အားဖြင့် လုံခြုံစိတ်ချရသည်။ ဖိလစ်အနေနှင့် သူတို့ကို မှီနိုင်ရန် မြင်းကို အသော့နှင်ခဲ့သည်။

အနားသို့ နီးကပ်လာသည်နှင့် အမျှ သူတို့ကို ပို၍ ရှင်းရှင်းလင်းလင်း မြင်လာရသည်။ ထိုလူစုမှာ အရပ်ရှည်ရှည် ယောက်ျားတစ်ယောက်၊ လူကောင်သေးသေး မိန်းမတစ်ယောက်၊ လူကြီးလောက် နီးပါး ထွားကျိုင်းသော လူငယ်တစ်ယောက်နှင့် ကလေးနှစ်ယောက်တို့ ဖြစ်ကြလေသည်။  သူတို့ကို ကြည့်ရသည်မှာ ဆင်းရဲသူများမှန်း မြင်သည်နှင့်ပင် သိသာသည်။ သူတို့သည် အဖိုးတန် ပစ္စည်းအနည်းငယ် မျှပင် သယ်မလာကြပဲ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ယောက်ျားမှာ အရိုးအဆစ်များ ကြီးမားသော်လည်း အရိုးပေါ်အရေတင် ဖြစ်စေသော ရောဂါတစ်ခုဖြင့် သေလုဆဲဆဲ ဖြစ်နေသည့်ပမာ သို့မဟုတ် ငတ်မွတ်နေသူ တစ်ယောက်ပမာပင် ပိန်ပါး လွန်းလှသည်။ သူက ဖိလစ်ကို သတိကြီးစွာ ကြည့်လိုက်ပြီး ကလေးငယ်များကို သူ့ဘက်သို့ ဆွဲ၍ တစ်စုံတစ်ခုကို တိုးငြင်းစွာ ပြောလိုက်သည်။ အစပိုင်းတွင် ဖိလစ်အနေနှင့် သူ့အသက်ကို ၅၀ ခန့်ဟု ခန့်မှန်းမိသည်။ သူ၏ မျက်နှာမှာ သောကကြောင့် အရေးအကြောင်းများ ပေါ်နေသော်လည်း ဤလူမှာ အသက် ၃၀ တန်းသာ လျှင် ဖြစ်ကြောင်း အနီးသို့ ရောက်သော အခါတွင် တွေ့လိုက်ရသည်။

မိန်းမက သူ့ကိုပြောသည်။ "ဘာလဲ။ ဘုန်းကြီး။"

ဖိလစ်က သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ မိန်းမက သူ့ယောက်ျား စကား မပြောမီ အရင် စပြောသည်မှာ ထုံးစံမဟုတ်ပေ။ ထို့အပြင် ဘုန်းကြီးဆိုသည်မှာလည်း မယဉ်ကျေးသော အသုံးအနှုန်း ဖြစ်သည်။ လေးလေးစားစားဖြင့် ဖာသာ သို့မဟုတ် ဘရာသာ ဟုသာ သုံးနှုန်းသင့်သည်။ မိန်းမမှာ ယောက်ျားထက် ၁၀ နှစ်ခန့်မျှ ငယ်မည်ဟု ထင်ရသည်။ သူမတွင် နက်နဲပြီး ထူးဆန်းသော ရွှေရောင် ဖျော့ဖျော့ မျက်လုံးများ ရှိပြီး ထိုမျက်လုံးများကြောင့် သူမ၏ ပုံသဏ္ဍာန်မှာ ဆွဲဆောင်မှု ရှိနေသည်။ ဖိလစ်အနေနှင့် သူမသည် အန္တရာယ် ရှိသူ တစ်ယောက်ဟု ခံစားမိ လိုက်သည်။

"ကောင်းသောနေ့ပါ။ ဖာသာ။" ယောက်ျားက သူ့မိန်းမ၏ ပြတ်တောင်းသော အပြုအမူကို တောင်းပန်သည့် ပမာပင် သူ့အား လှမ်းပြောလိုက်သည်။

"ဘုရားသခင် သင်တို့ကို ကောင်းချီးပေးပါစေ။" ဖိလစ်က သူ၏ မြင်းမကလေးကို အရှိန်သတ်ရင်း ပြောလိုက်သည်။ "မင်းတို့က ဘယ်သူတွေလဲ။"

"အလုပ်ရှာနေတဲ့ ဆောက်လုပ်ရေး ဆရာကြီး တွမ်ပါ။"

"ငါထင်သလောက်တော့ တစ်ခုမှ မတွေ့သေးဘူးပေါ့။"

"အဲဒါကတော့ အမှန်ပါပဲ။"

ဖိလစ်က ခေါင်းကို ငြိမ့်လိုက်သည်။ တကယ်တော့ ဤဇာတ်လမ်းမှာ ကြားနေကျ ဇာတ်လမ်း တစ်ခုသာလျှင် ဖြစ်သည်။ ဆောက်လုပ်ရေး လုပ်ငန်းမှ လက်မှု ပညာရှင်များသည် အလုပ်ရှာရန် လျှောက်သွားနေ ကြတတ်ပြီး တစ်ခါတရံတွင် သူတို့ တစ်ခုမျှ မတွေ့ကြပေ။ ထိုသို့ မတွေ့ရခြင်းမှာလည်း ကံဆိုးခြင်းကြောင့် ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်သောသူ မများသောကြောင့် ဖြစ်စေ ဖြစ်နိုင်သည်။ ထိုသို့သော သူများသည် တစ်ခါတစ်ရံတွင် ဘုန်းကြီးကျောင်းများတွင် တည်းခိုနေထိုင်လေ့ ရှိကြသည်။ အကယ်၍ သူတို့ လတ်တလော အလုပ်ပြီးစီးခဲ့သည့် အချိန်ဖြစ်ပါက သူတို့ ထွက်ခွာသွားသော အချိန်တွင် ရက်ရောစွာ ပေးလှူတတ်ကြသည်။ သို့သော်လည်း သူတို့ လမ်းပေါ်သို့ ရောက်နေသည့်အချိန် အတန်ငယ်မျှ ကြာသည့် အခါတွင် သူတို့တွင် လှူတန်းစရာ ဘာမှ မကျန်တော့ပေ။ ထိုသို့သောသူ နှစ်မျိုးစလုံးကို နွေးထွေးစွာ ကြိုဆိုခြင်းသည် ဘုန်းကြီးကျောင်းများ၏ ရက်ရောမှုကို သက်သေပြခြင်းပင် ဖြစ်သည်။

ဆောက်လုပ်ရေးဆရာမှာ ပိုက်ဆံ တစ်ပြားမှ မရှိသည့် ပုံ ပေါ်ပြီး သူ၏ မိန်းမမှာ ကောင်းကောင်း နေထိုင်ရသော ပုံသဏ္ဍာန် ရှိသည်။ ဖိလစ်က ပြောလိုက်သည်။
"ကောင်းပြီ။ ငါ့ရဲ့ မြင်းကုန်းနှီးအိတ်ထဲမှာ စားစရာပါတယ်။ အခုအချိန်က ညနေစာ စားချိန်ပဲ။ လှူဒါန်းပေးကမ်းရတယ် ဆိုတာ ငါတို့ ဘုန်းကြီးတွေရဲ့ မြင့်မြတ်တဲ့ တာဝန်တစ်ခုပဲ။ တစ်ကယ်လို့ မင်းနဲ့ မင်းရဲ့ မိသားစုက ငါနဲ့အတူ ညစာစားမယ် ဆိုရင် ငါက ကောင်းကင်ဘုံကျရင် ဆုလာဒ် ပြန်ရမှာပဲ။ အဲဒါအပြင် ငါညနေစာ စားတဲ့ အချိန်မှာလည်း အဖော် ရှိတာပေါ့။"

"ကောင်းလှပါတယ်။" တွမ်က ပြောသည်။ သူက မိန်းမကို ကြည့်လိုက်သည်။ သူမက အနည်းငယ်မျှ ပုခုံးတွန့်ပြပြီး အသာခေါင်းငြိမ့်ပြသည်။ တွမ်က မရပ်မနားပင် ပြောသည်။

"ကောင်းပါပြီ။ ဘရာသာရဲ့ ပေးကမ်းစွန့်ကြဲမှုကို လက်ခံပါ့မယ်။ ကျေးဇူးတင်ပါတယ်။"

"ဘုရားသခင်ကို ကျေးဇူးတင်ပါ။ ငါ့ကို ကျေးဇူးမတင်ပါနဲ့။" ဟု ဖိလစ်က အလိုအလျောက် ပြန်ပြောမိသည်။

မိန်းမက ပြောသည်။ "ဘုန်းကြီးကျောင်းကို ၁၀ပုံ ၁ပုံ လှူတဲ့ လယ်သမားတွေကို ကျေးဇူးတင်ပါတယ်။"

ဒီစကားကတော့ အတော်ထက်သော စကားဖြစ်သည်ဟု ဖိလစ်တွေးမိသော်လည်း ဘာမှ ပြန်မပြောလိုက်ပေ။

သူတို့သည် ဖိလစ်၏ မြင်းကလေး ဆောင်းတွင်းရှိ နွမ်းခြောက်နေသော မြက်များကို စားနိုင်မည့် မြေကွက်လပ် တစ်ခုတွင် ရပ်လိုက်ကြသည်။ ဖိလစ်အနေနှင့် နန်းတော်သို့ သူရောက်မည့် အချိန် နှင့် ဘစ်ရှော့နှင့် ကြောက်စရာ ကောင်းသော အင်တာဗျူး အချိန်ကို ရွှေ့ဆိုင်းရန် အကြောင်းပြချက် ရသွားသည့်အတွက် ကြိတ်ပျော်နေမိသည်။ ဆောက်လုပ်ရေး ဆရာကလည်း သူသည် ဘစ်ရှော့၏ နန်းတော်ဆီသို့ ဦးတည် သွားနေခြင်းဖြစ်ကြောင်း ပြောသည်။ ဘစ်ရှော့အနေနှင့် သူ့နေရာကို ပြုပြင်ချင်မည် သို့မဟုတ် တိုးချဲ့ဆောက်လုပ်ချင်မည် ဆိုသော မျှော်လင့်ချက်ကြောင့် ဖြစ်သည်။ သူတို့ စကားပြော နေချိန်တွင် ဖိလစ်သည် မိသားစုကို မသိမသာ အကဲခတ်နေမိသည်။ မိန်းမကို ကြည့်ရသည်မှာ လူငယ်၏ အမေဖြစ်ရန် အလွန်ငယ်လွန်းလှသည်။

လူငယ်ကို ကြည့်ရသည်မှာ နွားသိုးပေါက် တစ်ကောင်နှင့် တူသည်။ သန်မာ၍ ကိုးရိုးကားရား သဏ္ဍာန် ရှိပြီး ခပ်တုံးတုံး ပုံစံ ရှိသည်။ အခြားကောင်လေးမှာ သေးငယ်ပြီး ထူးဆန်းသည်။ သူ့တွင် မုန်လာဥနီ အရောင် ဆံပင်၊ နှင်းကဲ့သို့ ဖြူဆွတ်နေသော အသားအရောင်နှင့် ပြူးထွက်နေသော အပြာရောင်တောက်တောက် မျက်လုံးများ ရှိသည်။ ကောင်လေးသည် အခြားသော အရာများကို ခံစားမှု မရှိသော ပုံစံနှင့် စူးစူးရဲရဲ စိုက်ကြည့်တတ်သော အကျင့် ရှိသည်။ ထိုအရာက သနားစရာ ရှစ်ပဲနိ ဂျွန်နီကို သတိရစေသည်။ ဂျွန်နီနှင့် မတူသော အချက်က ဤကောင်လေးသည် သူနှင့် မျက်လုံးချင်း ဆုံပါက လူကြီးဆန်ဆန် အားလုံးကို သိသည့် အကြည့်မျိုးဖြင့် ကြည့်တတ်သည်။ ထို့အရာက သူ့အမေကို စိတ်အနှောင့်အယှက် ဖြစ်စေသည်ကို ဖိလစ် တွေ့ရသည်။ တတိယကလေးမှာ အသက်ခြောက်နှစ်ခန့် မိန်းကလေး ဖြစ်သည်။ သူမသည် ငိုလိုက် ပြန်တိတ်လိုက် ဖြစ်နေသည်။  သူမ၏ အဖေက သူမကို ကြင်နာ၍ စိုးရိမ်စွာ အမြဲစိုက်ကြည့်နေတတ်ပြီး မကြာခဏ ဆိုသလိုပင် သူမကို နှစ်သိမ့်သော အနေနှင့် လှမ်း၍ ပုတ်ပေးတတ်သည်။ သူသည် သူ့မိန်းမကိုလည်း တစ်ခါ ထိသည်ကို မြင်လိုက်ရသည်။ သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသည့် အခါတွင် သူတို့ နှစ်ဦးကြားတွင် ရမ္မက်ဆန္ဒပြည့်နေသော မျက်လုံးများဖြင့် အချင်းချင်း ကြည့်ကြသည်ကို ဖိလိစ် မြင်ရသည်။

မိန်းမက ပန်းကန်အဖြစ် အသုံးပြုနိုင်မည့် သစ်ရွက် အကြီးစားများကို ရှာရန် ကလေးများကို လွှတ်လိုက်သည်။ ဖိလစ်က သူ၏ မြင်းကုန်းနှီးအိတ်ကို ဖွင့်လိုက်သည်။ တွမ်က မေးသည်။

"ဖာသာရဲ့ ဘုန်းကြီးကျောင်းက ဘယ်နားမှာလဲ။"

"သစ်တောထဲမှာ။ ဒီကနေ့ အနောက်ဘက်ကို တစ်နေ့လောက် သွားရတယ်။"

မိန်းမက အပေါ်သို့ စူးစူးရဲရဲ မော့ကြည့်ပြီး တွမ်က သူ၏ မျက်ခုံးများကို ပင့်လိုက်သည်။

"မင်းတို့သိသလား။" ဖိလစ်က မေးလိုက်သည်။

အကြောင်းတစ်စုံ တစ်ခုကြောင့် ဖြစ်မည်။ တွမ်ကို ကြည့်ရသည်မှာ နေမထိ ထိုင်မသာ ဖြစ်နေသည်။

"ဆာ့စ်ဘူရီက လာတုန်းက ကျွန်တော်တို့ အဲဒီအနားက ဖြတ်လာ ဖြစ်မှာပေါ့။"

"အိုး။ ဟုတ်မှာပေါ့။ ဒါပေမယ့် အဲဒီနေရာက လမ်းမကြီးကနေ အထဲကို အတော်ဝင်ရမယ်။ အဲဒီတော့ မင်းတို့ မြင်ရမှာတော့ မဟုတ်ဘူး။ မင်းအနေနဲ့ ဘယ်နေရာမှာ ရှိသလဲ ဆိုတာကို သိပြီး ဝင်ရှာမှပဲ တွေ့ရမှာ။"

"အော်။ ကျွန်တော် သဘောပေါက်ပြီ။" တွမ်က ပြောသည်။ သို့သော်လည်း သူ့စိတ်က တခြားတစ်နေရာသို့ ​ရောက်နေဟန်တူသည်။

ဖိလစ်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ "ငါ့ကို ပြောပြစမ်းပါ။ မင်းတို့ မိန်းမ တစ်ယောက်ကို လမ်းပေါ်မှာ တွေ့မိကြသလား။ အရမ်းငယ်ရင်လည်း ငယ်မယ်။ တစ်ယောက်တည်း ဖြစ်ချင်ဖြစ်မယ်။ ကလေးတစ်ယောက်လည်း ပါနိုင်တယ်။"

"မတွေ့မိပါဘူး။" တွမ်က ပြန်ပြောသည်။ သူ့အသံက မူမမှန်ပေ။ ဖိလစ် စိတ်ထဲမှတွေးမိသည်မှာ သူ့အနေနှင့် အလွန်စိတ်ဝင်စားဟန် ပေါက်နေသည်ဟု ဖြစ်သည်။ "ဘာဖြစ်လို့ မေးတာလဲ။"

ဖိလစ်က ပြောလိုက်သည်။ "ငါပြောပြမယ်။ မနေ့က မနက်က ကလေးတစ်ယောက်ကို သစ်တောထဲမှာ တွေ့ပြီး ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့တယ်။ အဲဒီကလေးက ကောင်လေးပဲ။ ငါထင်တာတော့ အဲဒီကလေးရဲ့ အသက်က တစ်ရက်တောင် မပြည့်သေးဘူး ထင်ရတာပဲ။ သူ့ကြည့်ရတာ ညကပဲ မွေးတဲ့ပုံ ရတယ်။ အဲဒီတော့ ကလေးရဲ့ အမေက အဲဒီနေရာမှာ မင်းတို့ ရှိနေတဲ့ အချိန်လောက်က ရှိနေရမှာပေါ့။"

"ကျွန်တော်တို့တော့ ဘယ်သူမှ မတွေ့မိပါဘူး။" တွမ်က ထပ်ပြောသည်။ "အဲဒီတော့ ကလေးကို ဘာလုပ်လိုက်သလဲ။"

"ဆိတ်နို့တိုက်ကြတာပေါ့။ သူ့ကြည့်ရတာ အဲဒါနဲ့ ဝဖြိုးလာတဲ့ပုံပဲ။"

သူတို့နှစ်ဦး စလုံး ဖိလစ်ကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ဖိလစ်က ထင်မိသည်မှာ ဤဇာတ်လမ်းကို ကြားရသူတိုင်း ခံစားရလိမ့်မည် ဟူ၍ပင်။ ခဏမျှ အကြာတွင် တွမ်က မေးသည်။

"အဲဒီတော့ ကလေး အမေကို ရှာနေတယ်ပေါ့။"

"အိုး။ မဟုတ်ပါဘူး။ ကျွန်ုပ်က ဒီအတိုင်း မေးတာပါ။ တကယ်လို့ သူ့ကို တွေ့ရင်တော့ ငါသူ့ကို ကလေးကို ပြန်ပေးမှာပေါ့။ ဒါပေမယ့် သူက အဲဒီကလေးကို မလိုချင်ဘူး ဆိုတာ ရှင်းပါတယ်။ သူ့အနေနဲ့ ရှာမတွေ့အောင် နေမှာ အသေအချာပဲ။"

"အဲဒါဆိုရင် ကလေးကို ဘာလုပ်ကြမှာလဲ။"

"သူ့ကို ငါတို့ ဘုန်းကြီးကျောင်းမှာပဲ ကြီးပြင်းအောင် မွေးကြမယ်။ အဲဒီကလေးက ဘုရားသခင်ရဲ့ သားတော် ဖြစ်လာမှာပေါ့။ အဲဒါက ငါနဲ့ ငါညီ ကြီးပြင်းလာခဲ့တဲ့ပုံ နဲ့ အတူတူပဲ။ ငါတို့ ငယ်ငယ်ကတည်းကပဲ ငါတို့မိဘတွေ ဆုံးသွားကြတယ်။ အဲဒီနောက်မှာ ကျောင်းထိုင်ဘုန်းကြီးက ငါတို့ရဲ့ အဖေ၊ ဘုန်းကြီးတွေက ငါတို့ရဲ့ မိသားစုလို ဖြစ်လာတယ်။ သူတို့ ငါတို့ကို ကျွေးမွေးကြတယ်။ နွေးထွေးအောင် ထားကြတယ်။ ငါတို့ စာသင်ကြတယ်။"

မိန်းမက ပြောသည်။ "အဲဒီတော့ ရှင်တို့ နှစ်ယောက်စလုံး ဘုန်းကြီး ဖြစ်လာကြတယ်ပေါ့။" သူမက ခနဲ့လိုသော လေသံ ဖြင့် ပြောသည်။ ဘုန်းကြီးကျောင်းများ၏ အလှူဒါနမှာ နောက်ဆုံးတော့ ကိုယ်ကျိုးအတွက်သာ ဖြစ်ကြောင်း ပြသည့် ပုံစံမျိုးဖြစ်သည်။

ဖိလစ်က သူမမှားကြောင်း ပြောနိုင်လိုက်သည့် အတွက် ဝမ်းသာသည်။

"မဟုတ်ဘူး။ ငါ့ညီက အဲဒီဘုန်းကြီးကျောင်းက ထွက်သွားတယ်။"

ကလေးများ ပြန်ရောက်လာကြသည်။ သူတို့ သစ်ရွက်အကြီး တစ်ရွက်မှ ရှာမတွေ့ကြပေ။ ဆောင်းတွင်းတွင် ထိုသို့သော သစ်ရွက်မျိုး ရရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် သူတို့ အောက်မှ ခံစရာ မရှိပဲ စားကြရပေမည်။ ဖိလစ်က သူတို့အားလုံးကို ပေါင်မုန့်နှင့် ချိစ်များ ပေးလိုက်သည်။ သူတို့သည် အစာငတ်မွတ်နေသော တိရစ္ဆာန်များပမာပင် စားစရာများကို တစ်စစီ ဆွဲဖြဲ စားသောက် ကြသည်။

"ငါတို့ ဒီချိစ်တွေကို ငါတို့ ဘုန်းကြီးကျောင်းမှာပဲ လုပ်ကြတာ။" ဖိလစ်ကပြောသည်။

"အတော်များများကတော့ အခုလို ချက်ချင်း စားရတာ ကြိုက်တယ်။ ဒါပေမယ့် မစားခင် ကြာကြာထားရင် ပိုစားလို့ ကောင်းတယ်။"

 သူတို့သည် အလွန်ဆာလောင် နေသဖြင့် ဖိလစ်ပြောသည်ကို ဂရုမစိုက်နိုင်ကြပေ။ သူတို့သည် ပေါင်မုန့်နှင့် ချိစ်ကို အမြန်ပင် စားပစ်ကြသည်။ ဖိလစ်၏ အိတ်ထဲတွင် သစ်တော်သီး ၃ လုံးပါလာသည်။ ဖိလစ်က ထိုအသီးများကို အိတ်အတွင်းမှ ဆွဲထုတ်၍ တွမ်ကို ပေးလိုက်သည်။ တွမ်က ကလေးတစ်ယောက်စီကို တစ်လုံးစီ ပေးလိုက်သည်။

ဖိလစ်က ထရပ်လိုက်သည်။ "မင်းအလုပ်ရဖို့ ငါဆုတောင်းပေးပါမယ်။"

တွမ်က ပြောတယ်။ "ဖာသာ။ အကယ်၍ သတိရရင် ကျွန်တော့် အကြောင်း ဘစ်ရှော့ကို ပြောပေးပါ။ ကျွန်တော်တို့ တကယ်လိုအပ်နေတယ် ဆိုတာ သင်သိတာပဲ။ ကျွန်တော်တို့ ရိုးသားတယ် ဆိုတာလည်း တွေ့ပြီးသားပဲ။"

"ငါပြောလိုက်ပါ့မယ်။"

ဖိလစ် မြင်းပေါ်သို့ တက်နေချိန်တွင် တွမ်က မြင်းကို ကိုင်ထားပေးသည်။

"ဖာသာ။ သင်ဟာ လူကောင်း တစ်ယောက်ပါပဲ။" သူက ပြောသည်။ အံ့ဩစရာ ကောင်းစွာပင် ဖိလစ်သည် တွမ်၏ မျက်လုံးများထဲတွင် မျက်ရည်များကို တွေ့လိုက်ရသည်။

"ဘုရားသခင် မင်းတို့နဲ့ အတူရှိပါစေ။" ဟု ဖိလစ်က ပြောလိုက်သည်။

တွမ်က မြင်းကို ခဏကြာမျှ ဆက်၍ ကိုင်ထားသည်။

"ခုန အဖေအမေတွေ မတွေ့ဘူးလို ပြောတဲ့ ကလေးလေး။"

သူက ကလေးငယ်များကို မကြားစေချင်သည့် ပမာ တိုးညင်းစွာ ပြောသည်။

"သူ့ကို နာမည် ပေးပြီးပြီလား။"

"ပေးပြီးပြီ။ ငါတို့သူ့ကို ဂျိုနသန် လို့ ခေါ်ကြတယ်။ ဘုရားသခင်ရဲ့ လက်ဆောင်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။"

"ဂျိုနသန်။ ကျွန်တော် အဲဒီနာမည်ကို  ကြိုက်တယ်။" တွမ်က သူမြင်းကို လွှတ်ပေးလိုက်သည်။

ဖိလစ်က သူ့ကို တခဏမျှ စိတ်ဝင်တစား စိုက်ကြည့်မိသည်။ ထို့နောက် သူ၏ မြင်းကို ကန်ကာ အသော့နှင် ခဲ့တော့သည်။

ကင်းဘရစ်ချ် ဘစ်ရှော့သည် ကင်းဘရစ်ချ် တွင် မနေပေ။ တောင်ဘက်သို့ မျက်နှာမူထားသည့် စိမ်းလန်းစိုပြေသော တောင်ကြားတစ်ခု၏ တောင်စောင်းပေါ်တွင် သူ၏ နန်းတော် တည်ရှိပြီး အေးစက်စက် ကျောက်တုံးများ ရှိရာ ကက်သီဒရယ်ဘုရားကျောင်း နှင့် ထိုဘုရားကျောင်း၏ ထိုင်းမှိုင်းသော ဘုန်းကြီးများ ရှိရာ နေရာမှ တစ်ရက်ခရီးတွင် ရှိသည်။ သူကတော့ ထိုသို့သော ပုံစံ အတိုင်းပင် သဘောကျသည်။ ဘုရားကျောင်းသို့ လာရောက်သူ အများအပြား ရှိရာ နေရာတွင် ငှားခများ ကောက်ခံခြင်း၊ တရားစီရင်ခြင်း နှင့် တော်ဝင်တရားရုံးကို ကိုင်တွယ်ခြင်း စသည့် ဘစ်ရှော့၏ အခြားသော လုပ်ငန်းဆောင်တာများတွင် အနှောင့်အယှက် ဖြစ်နိုင်သည်။ ဘုန်းကြီးများ အတွက်လည်း သင့်လျော်သည်။ ဘစ်ရှော့က ဝေးဝေးမှာ ရှိနေလေ သူတို့အတွက် အနှောင့်အယှက် နည်းလေပင် ဖြစ်သည်။

ဖိလစ်ရောက်ရှိသည့် အချိန်တွင် နေ့လည်ခင်းအတွက်  နှင်းကျရန် လုံလောက်သော အအေးဓာတ် ရှိသည်။ ကြမ်းတမ်းသော လေက ဘစ်ရှော့၏ တောင်ကြားကို ခပ်ပြင်းပြင်း ဖြတ်သန်းတိုက်ခတ် လျှက် ရှိပြီး နိမ့်ပါးသော တိမ်ညိုများက သူ၏ တောင်စောင်းစံအိမ် အပေါ်မှ မျက်မှောင်ကျုတ်၍ ကြည့်နေကြသည်။ ထိုစံအိမ်မှာ ရဲတိုက် မဟုတ်သောလည်း ခံစစ်အတွက် ကောင်းသည်။ ပတ်ဝန်းကျင် ကိုက် တစ်ရာပတ်လည်တွင် သစ်တောများကို ရှင်းလင်း ထားသည်။ အိမ်ကို ခိုင်ခံ့သော လူတစ်ရပ်စာလောက် သစ်လုံးတံတိုင်းဖြင့် ကာရံထားပြီး အပြင်ဘက်တွင် မိုးရေစီးနိုင်ရန် မြောင်းဖောက်ထားသည်။ ဂိတ်တံခါးဝတွင် စောင့်နေသော အစောင့်မှာ မသပ်မရပ်ရှိသော်လည်း သူ၏ ဓားမှာမူ အကြီးကြီး ဖြစ်သည်။

နန်းတော်မှာ အင်္ဂလိပ် အက္ခရာ အီး ပုံသဏ္ဌာန် ဆောက်လုပ်ထားသော ကျောက်တုံးအိမ် ကောင်းကောင်း တစ်လုံး ဖြစ်သည်။  မြေညီထပ်မှာ သိုလှောင်ခန်းသာလျှင် ဖြစ်သည်။ ထိုအထပ်၏ ခိုင်ခံ့သော နံရံများကို တံခါးအကြီးကြီးများ ဖောက်လုပ်တပ်ဆင် ထားသော်လည်း ပြတင်းပေါက် မရှိပေ။ တံခါးတစ်ချပ်မှာ ပွင့်နေပြီး ထိုပွင့်နေသော နေရာမှ စည်ပိုင်းများနှင့် အိတ်များ အမှောင်ထဲတွင် ရှိနေသည်ကို မြင်နေရသည်။ အခြား တံခါးပေါက်များမှာ ပိတ်ထားပြီး သံကြိုးနှင့် ပတ်ချည်ထားသည်ကို တွေ့ရသည်။ ထိုတံခါးများ၏ နောက်ကွယ်တွင် ဘာရှိနေမည်လဲဟု ဖိလစ် တွေးမိသည်။ ဘစ်ရှော့တွင် အကျဉ်းသားများ ရှိပါက ထိုနေရာသည် သူတို့ ဒုက္ခခံ နေထိုင်ရမည့် နေရာပင် ဖြစ်သည်။

အီး အက္ခရာ၏ အလယ်ခေါင် ခြေတံ သေးသေးကလေးမှာ သိုလှောင်ခန်း၏ အပေါ်ရှိ နေထိုင်ရာနေရာသို့ သွားသည့် အပြင်ဘက် လှေကားပင် ဖြစ်သည်။ အီး အက္ခရာ၏ ထောင်နေသော အပိုင်းမှာ ပင်မ အခန်းနှင့် ခန်းမဆောင်ပင် ဖြစ်သည်။ အီးအက္ခရာ၏ ထိပ်ပိုင်းနှင့် အောက်ပိုင်း တုတ်ချောင်း သေးသေးကလေးမှာ ဝတ်ပြုဆောင်နှင့် အိပ်ခန်းတို့ပင် ဖြစ်မည်ဟု ဖိလစ် မှန်းဆ တွေးမိသည်။ တရုတ်ကပ် တံခါး သေးသေးကလေးများမှာ လောဘကြီးသော မျက်လုံးများက အပြင်လောကကြီးသို့ ချောင်းကြည့်နေသည့် ပမာ ထင်ရသည်။

ခြံဝင်းအတွင်းတွင်မူ ကျောက်တုံးဖြင့် ဆောက်ထားသော မီးဖိုဆောင်နှင့် မုန့်ဖုတ်ဆောင်ရှိပြီး သစ်သားဖြင့် ဆောက်ထားသော မြင်းဇောင်းနှင့် စပါးကျီလည်း ရှိသည်။ အဆောက်အဦးအားလုံးသည် ကောင်းစွာ ပြုပြင်ထားသည်။ ထို့အတွက် ဆောက်လုပ်ရေးဆရာ တွမ် အတွက် ကံမကောင်းဟု ဖိလစ် တွေးမိသည်။

မြင်းဇောင်းထဲတွင် မြင်းကောင်း အချို့ရှိပြီး စစ်မြင်းအချို့လည်း ပါဝင်သည်။ စစ်သည်တော် လက်တစ်ဆုပ်စာ မျှလောက်မှာ ပတ်ဝန်းကျင်တွင် ဖြန့်ကျက်ပြီး အချိန်ဖြုန်း နေကြသည်။ ဘစ်ရှော့ထံတွင် ဧည့်သည် ရောက်နေခြင်း ဖြစ်နိုင်သည်။

ဖိလစ်သည် သူ၏ မြင်းအား မြင်းထိန်းကောင်လေးကို ပေးခဲ့ပြီး တစ်စုံတစ်ခု ဖြစ်တော့မည်ကို ကြိုသိနေသည့် စိုးရိမ်စိတ်မျိုးဖြင့် လှေခါးများမှ တက်သွားလေသည်။ ဤနေရာတစ်ခုလုံးသည်  စိတ်မသက်မသာ စရာ စစ်တပ်ပုံစံမျိုး ဖြစ်နေသည်။ အကူအညီ တောင်းခံလိုသော ဒုက္ခရောက်နေသူများ၊ ကောင်းချီးပေးရန် စောင့်ဆိုင်းနေကြသော အမေနှင့် ကလေးများ တန်းစီနေကြသည်က ဘယ်မှာလဲ။ သူသည် သူနှင့် မကျွမ်းဝင်သော ကမ္ဘာတစ်ခု အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ပြီး သူ့ထံတွင် အန္တရာယ်များလှသော လျို့ဝှက်ချက် တစ်ခုလည်း ပိုင်ဆိုင်ထားသည်။ ဒီနေရာကနေ ပြန်ထွက်မသွားခင် အချိန်တွေ အကြာကြီး ကြာသွားနိုင်တယ်ဟု သူကြောက်ရွံ့စွာ တွေးမိသည်။ သူ့အနေနှင့် ဖရန်စစ် သူ့ထံသို့ မလာခဲ့လျှင် အကောင်းသားဟု တွေးမိသည်။

သူသည် လှေကားထစ်များ၏ ထိပ်သို့ ရောက်သွားသည်။ မထိုက်တန်လိုက်တဲ့ အတွေးတွေပဲဟု သူ့ဘာသာသူ ပြန်ပြောမိသည်။ ငါ ဒီနေရာကို ဘုရားသခင်နဲ့ ဘုရားကျောင်းတော် အတွက် တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးနဲ့ ရောက်လာတာပဲ။ ငါကတော့ ငါ့ဘာသာငါ လုံခြုံရေးအတွက် စိုးရိမ်စိတ်နဲ့ တုံ့ပြန်မိတယ်။ တစ်ချို့လူတွေကတော့ စစ်ပွဲမှာပဲ ဖြစ်ဖြစ်။ ပင်လယ်ပြင်မှာပဲ ဖြစ်ဖြစ်။ အန္တရာယ်ကြီးတဲ့ ဘုရားဖူး ခရီးစဉ်တွေမှာ ဖြစ်ဖြစ်။ ခရူးဆိတ် စစ်ပွဲတွေမှာပဲ ဖြစ်ဖြစ် အန္တရာယ်တွေ နေ့တိုင်း ကြုံတွေ့နေရတယ်။ ဘုန်းကြီးတွေတောင် တစ်ခါတစ်လေတော့ ကြောက်ရွံ့မှု ဖြစ်ဖြစ် တုန်လှုပ်မှု ဖြစ်ဖြစ် တွေ့ကြုံရတာပဲ မဟုတ်လား။

သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး အထဲသို့ ဝင်ခဲ့သည်။

အခန်းမှာ အလင်းရောင် မှိန်နေပြီး မီးခိုးများ ဝေနေသည်။ ဖိလစ်က လေအေးများ ဝင်မလာနိုင်ရန် တံခါးကို အလျှင်အမြန် ပြန်ပိတ်လိုက်ပြီး အမှောင်ထဲသို့ စူးစိုက်ကြည့်လိုက်သည်။ အခန်း၏ အခြားတစ်ဖက်တွင် မီးပုံအကြီးကြီးတစ်ခု တောက်လောင်နေသည်။ ထိုမီးပုံကြီးနှင့် ပြတင်းပေါက် ငယ်ကလေးတို့မှ ရသော အလင်းရောင်သာလျှင် အခန်းထဲတွင် ရှိသည်။ မီးဖိုနံဘေးတွင် ယောက်ျားသား တစု ထိုင်နေကြသည်။
အချို့မှာ စာရေးစာချီ အဝတ်အစားနှင့် ဖြစ်ပြီး အချို့မှာ တန်ဖိုးကြီးသော်လည်း အချိန်အတန်ကြာ ဝတ်ဆင်ပြီးသည့် အထက်တန်းလွှာ လူငယ် အဝတ်အစားမျိုးဖြင့် ဖြစ်သည်။  သူတို့သည် တစ်စုံတစ်ခုကို အပြင်းအထန် ဆွေးနွေးနေကြသည် အသံများမှာ တိုးညှင်းပြီး အလုပ်ကိစ္စပြောနေသည့် အလား ဖြစ်သည်။ သူတို့၏ထိုင်ခုံများမှာ အစီအစဉ်တကျ မဟုတ်ဘဲ ပြန့်ကျဲနေပြီး သူတို့သည် ပင့်ကူအိမ်၏ အလယ်ခေါင်တွင် ရှိသော ပင့်ကူတစ်ကောင် အလား အားလုံး၏ အလယ်ခေါင်တွင် ထိုင်နေသော ပရိစ် ဘုန်းကြီး တစ်ပါးကို ကြည့်ပြီး စကားပြောနေကြသည်။  ထိုဘုန်းကြီးသည် ပိန်သောသူ တစ်ယောက် ဖြစ်ပြီး သူ၏ ခြေထောက်ရှည်များကို အပြင်သို့ဆန့်ထုတ်ထားပုံနှင့် သူ၏ ရှည်လျားသော လက်မောင်းများကို ထိုင်ခုံလက်ရမ်းပေါ်တွင် ချိတ်ထားပုံမှာ ရုတ်တရက် ထခုန် တော့မည့် အလားပင် ထင်ရသည်။ သူ့တွင် ဖြောင့်စင်းမည်းနက်နေသော ဆံပင်များ၊ ဖြူဖျော့သော မျက်နှာနှင့် ချွန်သော နှာခေါင်းတို့ ရှိသည်။ သူ၏ အနက်ရောင် ဝတ်စုံကြောင့် သူ၏ ပုံစံမှာ ကြည့်ကောင်းသော်လည်းကြောက်မက်ဖွယ် ကောင်းနေသည်။

သူသည် ဘစ်ရှော့မဟုတ်ပေ။

အစေခံတစ်ယောက်က တံခါးနံဘေးရှိ ခုံမှ ထလာပြီး ဖိလစ်ကို လှမ်းစကားပြောသည်။

"ကောင်းသော နေ့ပါ ဖာသာ။ ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ။"

တစ်ချိန်တည်းမှာပင် မီးဖိုဘေးတွင် လှဲအိပ်နေသော အမဲလိုက် ခွေးတစ်ကောင်က သူ့ခေါင်းကို ထောင်ထ၍ မာန်ဖီလေသည်။ အနက်ရောင် ဝတ်စုံနှင့်လူက အလျှင်အမြန် မော့ကြည့်ပြီး ဖိလစ်ကို တွေ့သွားသည်။ သူက လက်ကို မြှောက်လိုက်ပြီး ပြောလက်စ စကားကို အလျှင် အမြန် ရပ်လိုက်သည်။

"ဘာဖြစ်တာလဲ။ " သူက တိုတောင်းစွာ ပြောလိုက်သည်။

"ကောင်းသောနေ့ပါ။"

ဖိလစ်က ယဉ်ကျေးစွာ ပြောသည်။

" ကျွန်တော် ဘစ်ရှော့နဲ့ တွေ့ဖို့ လာတာပါ။"

"သူဒီမှာ မရှိဘူး။" သူက နှင်ထုတ်လိုသော လေသံဖြင့် ပြန်ပြောသည်။

ဖိလစ် နှလုံးအိမ်ထဲတွင် ကြေကွဲသွားသည်။ သူ့အနေနှင့် အင်တာဗျူး နှင့် ၎င်း၏ အန္တရာယ်ကို ကြောက်ရွံ့နေမိသည်။ အခုတော့ သူ့အား စိတ်ဓာတ်ကျသွားစေသည်။ သူ့အနေနှင့် ဒီကြောက်စရာ လန့်စရာ လျို့ဝှက်ချက်ကြီးနှင့် ဘာဆက်လုပ်ရမည်နည်း။ သူက ပရိစ်ကို လှမ်းပြောသည်။

"သူဘယ်တော့လောက် ပြန်လာမယ် ထင်သလဲ။"

"ကျွန်တော်တို့လည်း မသိဘူး။ ခင်ဗျားမှာ ဘာကိစ္စ ရှိလို့လဲ။"

ပရိစ်၏ အသံမှာ ခပ်ပြတ်ပြတ် ဖြစ်နေသည်။ ဖိလစ် စိတ်ထဲ နာနာကျင်ကျင် ဖြစ်သွားသည်။

"ဘုရားသခင်ရဲ့ ကိစ္စ။"

ဖိလစ်က ပြတ်သားစွာ ပြန်ပြောသည်။

"ခင်ဗျားကရော ဘယ်သူလဲ။"

ပရိစ်က သူ၏ မျက်ခုံးများကို ပင့်ကြည့်သည်။ သူ့အား စိန်ခေါ်လိုက်သဖြင့် အံဩသွားဟန် ရှိသည်။ အခြားသူများကလည်း ရုတ်တရက် ငြိမ်သက် သွားကြသည်။ ပေါက်ကွဲထွက်တော့မည့်
အခြေအနေတစ်ခုကို စောင့်မျှော်နေသည့် သူများ ပမာပင် ဖြစ်သည်။ သို့သော်လည်း ခဏမျှ အကြာတွင် သူက ပျော့ပျောင်းစွာ ပြန်ပြောသည်။

"ကျွန်တော်က ဘစ်ရှော့ရဲ့ လက်ထောက် ပါ။ ကျွန်တော့် နာမည် ဝေးရန် ဘိုင်ဂေါ့ဒ် လို့ ခေါ်တယ်။"

ပရိစ်တစ်ယောက်အတွက်တော့ အကောင်းစားနာမည်ပဲဟု ဖိလစ် တွေးမိသည်။ သူက ပြန်ပြောလိုက်သည်။

"ကျွန်တော့် နာမည် ဖိလစ်ပါ။ သစ်တောထဲက စိန့်ဂျွန် ဘုရားကျောင်းရဲ့ ပရိုင်ရော်ပါ။ ကင်းဘရစ်ချ် ပရိုင်ရော်ရီရဲ့ ဘုရားကျောင်းခွဲပေါ့။"

"ခင်ဗျားနာမည် ကို ကျွန်တော် ကြားဖူးတယ်။ ခင်ဗျား ဂွင်နက် က ဖိလစ် မဟုတ်လား။"

ဝေးရန်က သူ့ကို ပြန်ပြောသည်။

ဖိလစ် အံ့အားသင့် သွားသည်။ သူ့လိုနိမ့်ပါးသော လူတစ်ယောက်၏ နာမည်ကို ဘစ်ရှော့၏ လက်ထောက် အစစ်က ဘယ်လို သိနေသလဲ ဆိုသည်ကို သူမတွေးတတ်အောင် ဖြစ်သွားသည်။ သို့သော် သူ၏ အဆင့်မှာ နိမ့်သည်ဟု ပြောသော်လည်း ဝေးရန်၏ ဆက်ဆံပုံကို ပြောင်းလဲသွားရန်တော့ လုံလောက်သည်။ စိတ်မရှည်သော ပုံစံက ဘစ်ရှော့၏ လက်ထောက် မျက်နှာမှ ပျောက်ကွယ်သွားသည်။

"မီးဖိုနားကို လာခဲ့ပါ။" ဟု သူက ပြောသည်။

"ခင်ဗျားရဲ့ သွေးတွေကို နွေးသွားဖို့  ဝိုင်ပူပူ တစ်ခွက်လောက် သောက်လိုက်ပါဦးလား။"

သူက နံရံကို မှီထားသော ခုံတန်းလျား တစ်ခုတွင် ထိုင်နေသူ တစ်ယောက်ကို လက်ဟန်ဖြင့် လှမ်းပြ လိုက်သည်။ စုတ်ပြတ်နေသော အဝတ်အစား ဝတ်ထားသူ တစ်ယောက်က အမိန့်အတိုင်း လုပ်ရန် ခုန်ထ လိုက်သည်။

ဖိလစ်က မီးပုံနားသို့ ကပ်လာခဲ့သည်။ ဝေးရန်က တစ်စုံတစ်ခုကို အသံတိုးတိုးဖြင့် ပြောလိုက်ပြီးနောက် အခြားလူများ ထရပ်ပြီး ထွက်ခွာ သွားကြသည်။  ဖိလစ်က ထိုင်ချပြီး သူ့လက်များကို နွေးထွေးအောင် ပြုနေချိန်တွင် ဝေးရန်က သူ၏ ဧည့်သည်များအား တံခါးဝသို့ လိုက်ပို့နေသည်။ ဖိလစ်အနေနှင့် သူတို့ဘာတွေ ဆွေးနွေးနေကြသလဲဟု တွေးကြည့်မိသည်။ အဘယ်ကြောင့် သူတို့ ဆွေးနွေးပွဲကို ဝတ်ပြုဆုတောင်းနှင့် မဆုံးမသတ်ရသလဲ ဆိုသည်လည်း ပါသည်။

စုတ်ပြတ်နေသော အဝတ်အစားနှင့် အစေခံက သူ့ကို သစ်သားခွက် တစ်ခွက်ကို ကမ်းပေးသည်။ သူသည် ပူနွေးပြီး မွှေးကြိုင်နေသော ဝိုင်ကို တစ်ငုံ သောက်လိုက်ပြီး နောက်ထပ် ဘာဆက် လုပ်ရမလဲ စဉ်းစား နေမိသည်။ အကယ်၍ ဘစ်ရှော့ မရှိခဲ့လျှင် သူ ဘယ်သူ့ထံ သွားရပါ့မလဲ။ သူ့အနေနှင့် အားလ် ဘာသလိုမြူးထံ သွား၍ သူ၏ သူပုန်ထရန် အစီအစဉ်ကို ပြန်စဉ်းစားရန် အတွက် တောင်းပန်ရန် စဉ်းစားမိသည်။ ထိုအကြံကတော့ ရယ်စရာ ကောင်းလှသည်။ အားလ်က သူ့အား အချုပ်ခန်း အတွင်းသို့ ထည့်ပိတ်ပြီး သော့ကို လွှတ်ပစ်လိုက်ပေလိမ့်မည်။ ထိုအခါတွင် သီအိုရီအရ နိုင်ငံအတွင်း ဘုရင်၏ ကိုယ်စားလှယ် ဖြစ်သော မြို့ဝန်တော့ ကျန်သည်။  သို့သော်လည်း မည်သူက ဘုရင်ဖြစ်မည်လဲ မသေချာသော အချိန်တွင် မြို့ဝန်က ဘယ်ဘက်တွင် ပါမည်လဲ ဆိုသည်မှာ မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ပေ။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူ ဒီစွန့်စားမှုကို မဖြစ်မနေ ယူရပေလိမ့်မည်။ သူ့အနေနှင့် ဘုန်းကြီးကျောင်းမှ ရိုးရှင်းသော ဘဝသို့ သာ ပြန်သွားချင်သည်။ ဘုန်းကြီးကျောင်းတွင်မူ သူ့အတွက် အန္တရာယ် အကြီးဆုံး ရန်သူမှာ ဝဲဟမ်မှ ပီတာ သာလျှင် ဖြစ်သည်။

ဝေးရန်၏ ဧည့်သည်များ ထွက်ခွာ သွားကြပြီ ဖြစ်သည်။ ဝင်းထဲမှ မြင်းများ၏ အသံကို ကြားနေရပြီး ဝေးရန်က တံခါးကို ပိတ်လိုက်သည်။ ဝေးရန်က မီးဖိုဘေးသို့ ပြန်လာပြီး ခုံအကြီးကြီးတစ်ခုကို ဆွဲယူလိုက်သည်။

ဖိလစ်သည် သူ၏ ပြဿနာကြောင့် သောကရောက်နေသဖြင့် ဘစ်ရှော့၏ လက်ထောက် နှင့် စကားမပြောလိုပေ။ သို့သော်လည်း သူ့အတွက် ယဉ်ကျေးရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။

"ကျွန်တော် ခင်ဗျားရဲ့ ဆွေးနွေးပွဲကို ဖျက်သလိုတော့ မဖြစ်လောက်ပါဘူး မဟုတ်လား။" ဟု သူက ပြောလိုက်သည်။

ဝေးရန်က သဘောမတူသည့် ပုံစံဖြင့် ပြန်ပြောသည်။

"ဆွေးနွေးပွဲက ပြီးခါနီးပါပြီ။ "

သူက ထပ်ပြောသည်။

"ဒီလိုဟာတွေက လိုအပ်တာထက် ပိုကြာတတ်တာ အမြဲပဲ။ ကျွန်တော်တို့ ဆွေးနွေးနေတာက ဘစ်ရှော့ပိုင်တဲ့ မြေတွေ အငှားချထားတာကို သက်တမ်း ထပ်တိုးဖို့ ကိစ္စ။ တကယ်လို့ သူတို့သာ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် ချပြီးသားဆိုရင် ခဏတဖြုတ်နဲ့ ပြီးမယ့် ကိစ္စမျိုးပေါ့။"

သူက သူ၏ အရိုးပြိုင်းပြိုင်း ထနေသော လက်ကို ခါရမ်းရင်း ဘစ်ရှော့ပိုင်သော မြေအငှားကိစ္စနှင့်
အငှားချထားသူများမှာ အရေးမကြီး ဆိုသော သဘောမျိုးဖြင့် ပြန်ပြောသည်။

"အခု ကျွန်တော် ကြားထားတာကတော့ တောအုပ်ထဲက ဘုရားကျောင်းကလေးမှာ ခင်ဗျား အတော်ကလေး ကောင်းအောင် လုပ်ထားတယ် ဆိုတာပဲ။"

"ခင်ဗျား အခုလို သိနေတာက အံ့ဩစရာပဲ။" ဖိလစ်က ပြန်ပြောသည်။

"ဘစ်ရှော့က ကင်းဘရစ်ချ်ရဲ့ အရင် ကျောင်းထိုင်ဘုန်းကြီးပဲလေ။ အဲဒီတော့ သူ့အတွက် စိတ်ဝင်စားစရာပေါ့။"

သူသည် အတော်ကလေး နှံ့နှံ့စပ်စပ် သိသော ဘစ်ရှော့၏ လက်ထောက်တစ်ယောက် ဖြစ်သည်ဟု ဖိလစ်တွေးလိုက်မိသည်။

"ဟုတ်တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းချီးပေးထားတာကိုး။"

"သိပ်မှန်တာပေါ့။"

သူတို့သည် နော်မန် ပြင်သစ် စကားဖြင့် ပြောနေကြခြင်း ဖြစ်သည်။ ဝေးရန် နှင့် သူ၏ ဧည့်သည်များ ပြောနေကြသော စကားဖြစ်ပြီး အစိုးရသုံး ဘာသာစကားလည်း ဖြစ်သည်။ သို့သော်လည်း ဝေးရန်၏ လေယူလေသိမ်းက နည်းနည်း ထူးဆန်းနေသည်။ ခဏမျှ အကြာတွင် ဖိလစ် သဘော ပေါက်လိုက်သည်က ဝေးရန်သည် အင်္ဂလိပ် စကားပြောပြီး ကြီးပြင်းလာသူ တစ်ယောက် ပြောသော လေယူလေသိမ်း မျိုးဖြစ်သည်ဟူ၍ ဖြစ်သည်။ အဓိပ္ပာယ်မှာ သူသည် နော်မန် သူကောင်းမျိုး မဟုတ်ဘဲ ဖိလစ်ကဲ့သို့ပင် ကိုယ့်ဘာသာကြိုးစား၍ ဤအခြေအနေသို့ ရောက်လာသူ တစ်ဦးပင် ဖြစ်သည်။

ခဏမျှ အကြာတွင် ဝေးရန်က အင်္ဂလိပ် ဘာသာစကားဖြင့် ပြောင်းလဲ၍ ပြောသော အခါတွင် ပို၍ သေချာသွားသည်။

"တကယ်လို့ ဘုရားသခင်ကသာ အဲဒီလို ကောင်းချီးမျိုး ကင်းဘရစ်ချ် ပရိုင်ရော်ရီကို ချီးမြှင့်ရင် ပိုကောင်းမှာပဲလို့ ကျွန်တော် ဆုတောင်းမိတယ်။"

ထို့ကြောင့် ကင်းဘရစ်ချ်တွင် ရှိနေသော အရှုပ်တော်ပုံများ နှင့် ပတ်သက်၍ စိတ်မသက်မသာ ဖြစ်နေသည်မှာ ဖိလစ်တစ်ယောက်တည်း မဟုတ်မှန်း သိလိုက်ရသည်။ ဝေးရန်အနေနှင့် ထိုနေရာတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များနှင့် ပတ်သက်၍ ဖိလစ်ထက် ပို၍ သိလောက် ပေသည်။ ဖိလစ်က ပြောသည်။

"ပရိုင်ရော် ဂျိမ်းရော။"

"နေမကောင်းဘူး။" ဟုဝေးရန်က တိုတိုပြတ်ပြတ် ပြန်ဖြေသည်။

ထို့အတွက် သူလည်းပဲ အားလ် ဘာသလိုမြူး၏ သူပုန်ထမှုနှင့် ပတ်သက်၍ ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ် ဆိုသည်မှာ သေချာသည် ဟု ဖိလစ် စိတ်မကောင်းစွာ တွေးမိသည်။ သူ့အနေနှင့် ရှိုင်းရင်း သို့ သွား၍ မြို့ဝန်နှင့် တွေ့ပြီး သူ့ကံကြမ္မာကို အလောင်းအစား ပြုရပေတော့မည်။

ဝေးရန် အနေနှင့် နိုင်ငံအတွင်းရှိ အရေးပါသော သူများကို အကုန်သိသော လူမျိုးဟု သူ့စိတ်ထဲတွင် ဖြစ်မိသည်။

"ရှိုင်းရင်းရဲ့ မြို့ဝန်က ဘယ်လို ပုံစံ ရှိသလဲ။" ဟု သူက မေးလိုက်သည်။

" ဘုရားတရား မရှိဘူး။ ငါသိငါတတ် လုပ်ချင်တယ်။ လောဘကြီးတယ်။ လာဘ်စားတယ်။ တခြား မြို့ဝန်တွေနဲ့ အတူတူပဲ။ ခင်ဗျား ဘာဖြစ်လို့ မေးတာလဲ။"

"တကယ်လို့ ဘစ်ရှော့နဲ့ ပြောလို့ မရဘူးဆိုရင် ကျွန်တော့် အနေနဲ့ မြို့ဝန်နဲ့ သွားတွေ့ရလိမ့်မယ်။"

"ကျွန်တော် က ဘစ်ရှော့ရဲ့ ယုံကြည်စိတ်ချရတဲ့ သူပဲ။" ဝေးရန်က အနည်းငယ် ပြုံး၍ ပြောလိုက်သည်။

"ခင်ဗျားကို ကျွန်တော် ကူညီနိုင်မယ်ဆိုရင်။"

ဝေးရန်က ရက်ရောတတ်သော်လည်း ငြင်းပယ်ချင်လျှင် ငြင်းပယ်နိုင်သည့် သူတစ်ယောက်၏ ပုံစံမျိုး သူ့ လက်နှစ်ဖက်ကို ဖွင့်၍ ပြောလိုက်သည်။

ဖိလစ်အနေနှင့် အနည်းငယ်မျှ စိတ်သက်သာရာ ရသွားသည်။ သူ့အနေနှင့် အရေးကြီးသော အချိန်ကာလကို တစ်ရက် သို့မဟုတ် နှစ်ရက်ခန့်မျှ ရွှေ့လိုက်ချင်သည်။ သို့သော် ယခုအခါ သူ့တွင် ကြောက်ရွံ့စိတ်များ ပြည့်လျှံလာပြန်ပြီ ဖြစ်သည်။ သူ့အနေနှင့် ဘစ်ရှော့၏ လက်ထောက် ဝေးရန်ကို ယုံကြည်ရမည်လား။
ဝေးရန်၏ ဂရုမစိုက်သည့်ဟန်က တမင်လုပ်ထားမှန်း သိသာသည်။ ဘစ်ရှော့၏ လက်ထောက် ပုံစံမှာ တစ်စုံတစ်ခု ကို ဖုံးကွယ်ထားသည့် ပမာပင်။ အမှန်တကယ်တော့ သူ့အနေနှင့် ဖိလစ်ပြောမည့် အလွန် အရေးကြီးသည့် ကိစ္စဆိုသည်ကို အသည်းအသန် သိချင်နေသည့် ပုံ ရသည်။ သို့သော်လည်း သူ့ကို မယုံကြည်စရာ အကြောင်းတော့ မရှိချေ။သူ့ကို ကြည့်ရသည်မှာ အမြော်အမြင် ရှိပုံ ရသည်။ သူ့အနေနှင့် သူပုန်ထမည့် ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ခု ပြုလုပ်နိုင်ရန် ဩဇာအာဏာ ရှိမည်လား။ အကယ်၍ သူမလုပ်နိုင် ဟု ဆိုစေကာမူ သူ့အနေနှင့် ဘစ်ရှော့ကို တွေ့အောင် ရှာနိုင်ပေလိမ့်မည်။ ဖိလစ်အနေနှင့် ဝေးရန်အား လျို့ဝှက်ချက်ကို ဖွင့်ပြောပြခြင်းက အလွန် အကျိုးများမည့် ကိစ္စ ဆိုသည်ကို ရုတ်တရက် တွေးမိသွားသည်။ ဘစ်ရှော့အနေနှင့် ဖိလစ် ဤ သတင်း ဘယ်ကရသလဲ ဆိုသည့် ကိစ္စကို မရမက မေးနိုင်သည်။ ဘစ်ရှော့၏ လက်ထောက်တွင်မူ ထိုသို့ မေးနိုင်ရန် ဩဇာအာဏာ မရှိပေ။ သူ့အနေနှင့် ယုံသည် ဖြစ်စေ မယုံသည်ဖြစ်စေ ဖိလစ်ပြောသည့် ဇာတ်လမ်းနှင့် ကျေနပ်ရုံသာရှိသည်။

ဝေးရန်က နောက်တစ်ကြိမ် ထပ်၍ အနည်းငယ်မျှ ပြုံးလိုက်သည်။

"ခင်ဗျား ထပ်တွေးဦးမယ် ဆိုရင်တော့ ခင်ဗျား ကျွန်တော့်ကို မယုံကြည်လို့လို့ ယူဆရမလို ဖြစ်နေပြီ။"

ဖိလစ်က ဝေးရန်၏ ခံစားချက်ကို နားလည်နိုင်သည်။ ဝေးရန်သည် သူ့လိုပင် ငယ်ရွယ်သော ၊ စာတတ်သော၊ အောက်တန်းလွှာမှ လာသော၊ ထက်မြက်သော သူ တစ်ယောက်ဖြစ်သည်။ ဖိလစ်၏ ခံစားချက် အရဆိုလျှင် သူ့ပုံမှာ နည်းနည်း ကြီးကျယ် ခမ်းနားနေပုံ ပေါက်သည်။ သို့သော်လည်း သူ့လို လော့ဒ်များ၊ သူတို့၏ ဇနီးမယားများနှင့် အချိန်ကုန်ဆုံးရန် လိုအပ်သည့် သူ့လို လူတစ်ယောက် အနေနှင့်မူ ခွင့်လွတ်နိုင်စရာ ရှိသည်။ သူ့တွင် ဘုန်းကြီးတစ်ယောက်လို တသီးတသန့် နေထိုင်နိုင်သော ဘဝမျိုး မရှိဘူး မဟုတ်လား။ ဝေးရန်သည် နှလုံးသား အတွင်းကမူ ဘုရားသခင်ကို ယုံကြည်ကိုးစားသူ ဖြစ်သည်ဟု ဖိလစ်ထင်သည်။ သူ့အနေနှင့် ဘုရားကျောင်းတော် အတွက် မှန်ကန်သော အရာကိုပင် လုပ်ပေလိမ့်မည်။

ဖိလစ်သည် ဆုံးဖြတ်ချက် မချမီ အနည်းငယ် တုံ့ဆိုင်းနေသည်။ ယခုအချိန်ထိ သူနှင့် ဖရန်စစ်သာလျှင် ဤ လျို့ဝှက်ချက်ကို သိသည်။ သူ့အနေနှင့် တတိယ လူတစ်ယောက်ကို ပြောလိုက်လျှင် ဘာမဆို ဖြစ်သွားနိုင်သည်။ သူက အသက်ပြင်းပြင်း ရှူလိုက်သည်။

"လွန်ခဲ့တဲ့ သုံးရက်လောက်က တောအုပ်ထဲမှာ ရှိတဲ့ ကျွန်တော့်ရဲ့ ဘုန်းကြီးကျောင်းကို ဒဏ်ရာ ရထားတဲ့ သူတစ်ယောက် ရောက်လာတယ်။"

သူက စတင်ပြောလိုက်သည်။ စိတ်ထဲတွင်တော့ လိမ်ပြောမိသည့် အတွက် သူ့ကို ခွင့်လွှတ်ဖို့ တိတ်တဆိတ် ဆုတောင်း နေမိသည်။

"သူဟာ အလွန်မြန်တဲ့ မြင်းကောင်း တစ်စင်းကို စီးလာတဲ့ လက်နက်ကိုင်တစ်ယောက်ပဲ။ သူဟာ တစ်မိုင်နှစ်မိုင် လောက်အကွာမှာ မြင်းပေါ်က ပြုတ်ကျလာခဲ့တယ်။ သူဟာ အဲဒီအချိန်တုန်းက
မြင်းကို အလျှင်အမြန် ဒုန်းစိုင်း စီးနေပုံပဲ။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ လက်မောင်းက ကျိုးနေပြီး သူ့ရဲ့ နံရိုးတွေက ကြေမွနေတယ်။ ကျွန်တော်တို့ သူ့လက်မောင်းကို ပြန်တည့်ပေးကြတယ်။ ဒါပေမယ့်
သူ့နံရိုးတွေကိုတော့ ဘာမှ မလုပ်နိုင်လိုက်ဘူး။ သူဟာ အတွင်းထဲမှာ ဒဏ်ရာ ရသွားသလို သွေးတွေ အန်နေတယ်။"

ဖိလစ်က ပြောနရေင်း ဝေးရန်၏ မျက်နှာကို ကြည့်နေသည်။ အခုအချိန်ထိတော့ သူ၏ မျက်နှာက ယဉ်ကျေးသမှု အနေနှင့် စိတ်ဝင်စားဟန် ပြပုံသာလျှင် ပေါ်နေသည်။

"ကျွန်တော်က သူ့ကို သူ့ရဲ့ အပြစ်တွေကို ဝန်ခံဖို့ ပြောတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ အသက်ဆုံးတော့မယ့် အန္တရာယ် ရှိနေလို့။ အဲဒီမှာ သူက လျို့ဝှက်ချက် တစ်ခုကို ကျွန်တော့်ကို ပြောပြတယ်။"

သူက ခေတ္တမျှ တုံ့ဆိုင်းနေသည်။ ဝေးရန် အနေနှင့် နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ မည်မျှ ကြားထားသလဲ ဆိုသည်ကို သူမသေချာပေ။

"ဘလွိုက်စ်က စတီဖင်ဟာ ဘုရားကျောင်းတော်ရဲ့ ထောက်ခံမှုနဲ့ အင်္ဂလန် ထီးနန်းကို ဆက်ခံလိုက်တယ် ဆိုတဲ့ ကိစ္စကိုတော့ ခင်ဗျားကြားပြီးလောက်ရောပေါ့။"

ဝေးရန်က ဖိလစ်ထက် ပို၍ပင် သိသေးသည်။

"သူဟာ ခရစ်စမတ် မတိုင်ခင်က ဝက်မင်စတာမှာ ဘိသိက်ခံခဲ့တယ်။" ဟု သူက ပြန်ပြောသည်။

"ဘိသိက်ခံပြီးပြီလား။" ဖရန်စစ်က ထိုသတင်းကို မသိသေးပေ။

"လျို့ဝှက်ချက်ကဘာလဲ။" ဝေးရန်က စိတ်မရှည်သလို ပြန်ပြောသည်။

ဖိလစ်က ပြောချလိုက်တော့သည်။

"သူမသေခင်က မြင်းစီးသမားက ပြောသွားတယ်။ သူ့ရဲ့သခင် ရှိုင်းရင်းရဲ့ အားလ် ဘာသလိုမြူးက ဂလိုစက်စတာက ရောဘတ်နဲ့အတူ စတီဖင်ကို ပုန်ကန်ဖို့ လျို့ဝှက်ကြံစည်နေကြတယ်။"

သူက အသက်အောင့်ပြီး ဝေးရန်၏ မျက်နှာကို အကဲခတ်နေမိသည်။

ဝေးရန်၏ ဖြူဖျော့သော ပါးပြင်က ပို၍ အဖြူရောင် သမ်းသွားသည်။ သူက သူ၏ ထိုင်ခုံမှ အရှေ့သို့ ကိုင်းလိုက်သည်။

"သူ အမှန်ကို ပြောတာလို့ ခင်ဗျား ထင်သလား။" သူက အရေးတကြီး လေသံဖြင့် မေးလိုက်သည်။

"သေခါနီးလူတွေက သူတို့ အပြစ်ကို ဝန်ခံရင် အမှန်ကို ပြောတတ်ကြတာပဲလေ။"

"သူ့အနေနဲ့ အားလ်ရဲ့ အိမ်တော်ထဲမှာ ပျံ့နေတဲ့ ကောလာဟလတွေကို ပြန်ပြောတာ ဖြစ်ချင် ဖြစ်မှာပေါ့။"

ဖိလစ်က ဝေးရန် အနေနှင့် ထိုသို့ သံသယ ရှိလိမ့်မည် ဟု ထင်မထားပေ။ သူက အလျှင်အမြန် ထပ်ပြောလိုက်သည်။

"အိုး။ မဟုတ်ဘူး။" သူက ပြောသည်။ "သူဟာ အားလ် ဘာသလိုမြူးက ဟမ်ရှိုင်းယားမှာ ရှိတဲ့ သူ့ရဲ့တပ်တွေကို စုစည်းဖို့ လွှတ်လိုက်တဲ့ တမန်တော် တပ်သား တစ်ယောက်ပဲ။

ဝေးရန်၏ ထက်မြက်သော မျက်လုံးများက ဖိလစ်၏ အမူအရာကို သေချာစွာ အကဲခတ် စစ်ဆေးနေသည်။

"သူ့မှာ စာနဲ့ ရေးထားတဲ့ အမိန့် ပါသလား။"

"မပါဘူး။"

"ဒါမှမဟုတ် အားရ်ရဲ့ အမိန့်ကို ဖော်ပြတဲ့ တံဆိပ်တုံး ဖြစ်ဖြစ် အထိမ်းအမှတ် တစ်ခုဖြစ်ဖြစ်ရော ပါသလား။"

"ဘာမှ မပါဘူး။" ဖိလစ်သည် စတင်၍ အနည်းငယ်မျှ ချွေးပြန်နေပြီ ဖြစ်သည်။

"ကျွန်တော် သုံးသပ် မိသလောက်တော့ သူဟာ သူသွားတွေ့ရမယ့် သူတွေ ကောင်းကောင်း သိကြတဲ့သူ။ အားလ်ရဲ့ ယုံကြည်စိတ်ချရလောက်တဲ့ ကိုယ်စားလှယ် တစ်ယောက်ပဲ။"

"သူ့နာမည်ကရော။"

"ဖရန်စစ်။" ဖိလစ်က မိုက်မဲစွာ ထုတ်ပြောလိုက်မိပြီး သူ့လျှာသူ ပြန်ကိုက် ချင်လိုက်မိသည်။

"ဒါပဲလား။"

"သူ့ရဲ့ တခြားနာမည် ဘာဆိုတာတော့ ကျွန်တော်ကို မပြောခဲ့ဘူး။" ဖိလစ်အနေနှင့် သူ၏

လုပ်ကြံဇာတ်လမ်းမှာ ဝေးရန်၏ စစ်ဆေး မေးမြန်းမှု အောက်တွင် တစ်စစီ ပေါ်လာပြီဟု ခံစားလိုက် မိသည်။

"သူ့ရဲ့ လက်နက်တွေ သံချပ်ကာတွေက သူဘယ်သူဆိုတာကို ပြမှာပေါ့။"

"သူ့မှာ သံချပ်ကာ မဝတ်ထားဘူး။" ဖိလစ်က စိတ်ပျက်လက်ပျက် ပြောလိုက်မိသည်။

"ကျွန်တော်တို့ သူ့ရဲ့ လက်နက်တွေကို သူ့အလောင်းနဲ့ အတူ မြှုပ်လိုက်တယ်။ ဘုန်းကြီးတွေ အတွက် ဓားရှည်က အသုံးမှ မဝင်တာ။ ကျွန်တော်တို့ အနေနဲ့ ပြန်ဖော်ရင်တော့ ရတယ်။ ဒါပေမယ့်ကျွန်တော် ပြောနိုင်တာက အဲဒါက ရိုးရိုးနဲ့ ဘာမှ မထူးခြားတဲ့ လက်နက်တွေပဲ။ အဲဒီကနေ ဘာသဲလွန်စမှ ရလိမ့်မယ် မထင်ဘူး။"

သူက ဝေးရန်၏ စစ်ဆေးမေးမြန်းနေမှုကို အာရုံလွှဲလိုက်သည်။

"ကျွန်တော်တို့ ဘာလုပ်နိုင်မယ် ထင်သလဲ။"

ဝေးရန်က မျက်မှောင်ကြုတ်လိုက်သည်။

"သက်သေ သာဓက မရှိတော့ ဘာလုပ်ရမလဲ ဆိုတာ ပြောဖို့ ခက်တယ်။ သစ္စာဖောက် အနေနဲ့ သူ့ကို စွပ်စွဲတာကို ငြင်းနိုင်တာပဲ။ အဲဒါဆိုရင် စွပ်စွဲတဲ့သူက အပြစ်ခံရမယ်။"

သူက အကယ်၍ ဇာတ်လမ်းက မှားနေသည်ဆိုလျှင်တော့ ဆိုသည်ကိုတော့ ထည့်မပြောပေ။ ဖိလစ်က သူ ဘာတွေးနေသလဲ ဆိုသည်ကို စဉ်းစားမိသည်။ ဝေးရန်က ဆက်ပြောသည်။

"ခင်ဗျား အခြားသူ တစ်ယောက်ယောက်ကို ပြောမိသေးသလား။"

ဖိလစ်က သူ့ခေါင်းကို ခါရမ်းလိုက်သည်။

"ဒီက ပြန်သွားပြီးရင် ခင်ဗျား ဘယ်ကို သွားမှာလဲ။"

"ကင်းဘရစ်ချ်ကိုပေါ့။ ကျွန်တော့် အနေနဲ့ ဘုရားကျောင်းခွဲကနေ ထွက်ဖို့ အကြောင်းပြချက် တစ်ခု ဖန်တီးရတယ်။ အဲဒါကြောင့် ကျွန်တော် သူတို့ကို ပရိုင်ရော်ရီကို သွားမယ်လို့ ပြောခဲ့တယ်။ အခု ကျွန်တော် လိမ်ထားတဲ့ အတိုင်း အဲဒီကို သွားရမှာပေါ့။"

"အဲဒီမှာ ရှိတဲ့သူ ဘယ်သူ့ကိုမှ ဒီအကြောင်းကို မပြောနဲ့။"

"မပြောပါဘူး။"

ဖိလစ်အနေနှင့် ပြောရန်လည်း မရည်ရွယ်ပေ။ သို့သော်လည်း ဝေးရန် အနေနှင့် ဘာကြောင့် ဤ အချက်ကို ထပ်ခါထပ်ခါ ပြောသလဲ ဆိုသည်ကိုမူ တွေးတော အံ့ဩနေမိသည်။

သူ၏ ကိုယ်ကျိုး အတွက် ဖြစ်ချင် ဖြစ်နိုင်သည်။ အကယ်၍ သူ့အနေနှင့် စွန့်စားမှု ယူ၍ ထိုအကြံအစည်ကို ဖော်ထုတ်သည် ဆိုပါက သူ့အနေနှင့် သူဖော်ထုတ်သည်ဟု သေချာပေါက် နာမည်ခံချင်
လိမ့်မည်။ သူသည် ရည်ရွယ်ချက် ကြီးသူ ဖြစ်သည်။ ဖိလစ်၏ အကြောင်းအတွက်မူ ထိုသို့ လုပ်လေ ကောင်းလေပင် ဖြစ်သည်။

"ဒီကိစ္စကို ကျွန်တော် ဖြေရှင်းလိုက်မယ်။"

ဝေးရန် က ရုတ်တရက် ပြတ်ပြတ်တောင်းတောင်း လေသံ ဖြစ်သွားပြန်သည်။ သူ၏ ယခင် အမူအရာနှင့် ဆန့်ကျင်ဘက်လို ကွာခြားသဖြင့် ဖိလစ်အနေနှင့် သူ၏ ဖော်ရွေမှုမှာ ကုတ်အင်္ကျီ တစ်ထည်လိုပင် ဝတ်၍ ချွတ်၍ ရကြောင်း သဘောပေါက် လိုက်သည်။

"အခုပဲ သင် ကင်းဘရစ်ချ် ပရိုင်ရော်ရီကို သွားတော့။ မြို့ဝန်ကို မေ့လိုက်တော့။ သွားမယ် မဟုတ်လား။"

"သွားမှာပေါ့။" ဖိလစ် အနေနှင့် အားလုံး အဆင်ပြေ သွားလိမ့်မည် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

အနည်းဆုံး ခဏတာပဲ ဖြစ်ဖြစ်ပေါ့။ သူ့ကျောပေါ်မှ ဝန်ထုပ် ဝန်ပိုးကြီး ကျသွားသလို ခံစားရသည်။
သူ့အနေနှင့် အကျဉ်းခန်းထဲသို့ အပို့ခံရတော့မည် မဟုတ်ပေ။ ညှင်းဆဲသူများမှ စစ်ဆေးမေးမြန်းခြင်း ခံရတော့မည် မဟုတ်ပေ။ ပုန်ကန်မှုဖြင့် စွပ်စွဲခံရတော့မည် မဟုတ်ပေ။ သူ့အနေနှင့် တာဝန်ကို
တစ်စုံတစ်ယောက်ထံသို့ လွှဲပေးလိုက်နိုင်ပြီ ဖြစ်သည်။ ထိုတာဝန်ကို ပျော်ပျော်ကြီး ဆက်ယူချင်သူ တစ်ယောက် ထံသို့ ဖြစ်သည်။

သူက ထိုင်ရာမှ ထလိုက်ပြီး အနီးဆုံး ပြတင်းတံခါးရှိရာသို့ လျှောက်သွားသည်။ အခု နေ့လည်ခင်း ရှိနေပြီ ဖြစ်ပြီး နေ့ခင်း အလင်းရောင် အမြောက်အများ ကျန်နေသေးသည်။ သူ့အနေနှင့် ဤနေရာမှ
အမြန်ဆုံး ထွက်ခွာပြီး လျို့ဝှက်ချက်ကို နောက်တွင် ချန်ထားခဲ့ချင်သော စိတ်၏ စေ့ဆော်မှု ရှိနေသည်။

"အကယ်၍ ကျွန်တော် အခု သွားမယ် ဆိုရင် ညမိုးမချုပ်ခင် ၈ မိုင် ဒါမှမဟုတ်ရင် ၁၀ မိုင်လောက် ရောက်မှာပေါ့။" ဟု သူက ပြောလိုက်သည်။

ဝေးရန်က သူ့ကို ဆက်နေရန် မတိုက်တွန်းပေ။

"အဲဒါဆိုရင် ဘေဆင်ဘောင်း ဆိုတဲ့ ရွာကို ရောက်လိမ့်မယ်။ အဲဒီမှာ ခင်ဗျား အိပ်စရာ နေရာ ရပါလိမ့်မယ်။ မနက်ဖြန် မနက် စောစော ထွက်မယ် ဆိုရင် ခင်ဗျား ကင်းဘရစ်ချ်ကို နေ့လည်လောက်မှာ ရောက်သွားလိမ့်မယ်။"

"ကောင်းပါပြီ။"

ဖိလစ်က ပြတင်းပေါက် ဘက်မှ လှည့်လိုက်ပြီး ဝေးရန်ကို ကြည့်လိုက်သည်။ ဘစ်ရှော့၏ လက်ထောက်သည် မီးပုံထဲကို စိုက်ကြည့်နေပြီး အတွေးနက်နေသည်။ ဖိလစ်က သူ့အား ခဏတာမျှ
ကြည့်နေမိသည်။ ဝေးရန်က သူဘာ စဉ်းစားနေသလဲ ဆိုသည်ကို ထုတ်မပြောပေ။ ဖိလစ်အနေနှင့် ထိုသို့ လိမ္မာပါးနပ်သော ခေါင်းထဲတွင် ဘာတွေ တွေးနေမည်လဲ ဆိုသည်ကို သိချင်နေမိသည်။

"ကျွန်တော် အခုပဲ သွားတော့မယ်။" သူက ပြောလိုက်သည်။

ဝေးရန်က သူ၏ နေ့လည်အိပ်မက်မှ နိုးထလာပြီး ညှို့စားနိုင်သော သဏ္ဌန် ပြန်ဖြစ်လာပြန်သည်။ သူက ပြုံးပြီး ထရပ်လိုက်သည်။

"ကောင်းပါပြီ။" သူက ပြောသည်။ သူက ဖိလစ်နှင့် တံခါးရှိရာသို့ အတူတကွ လျှောက်လာပြီး သူနှင့် အတူ လှေကားအတိုင်း ခြံထဲသို့ လိုက်ဆင်းလာသည်။

မြင်းဇောင်းမှ ကောင်လေးက ဖိလစ်၏ မြင်းကို ယူလာပြီး ကုန်းနှီးပြင်ပေးနေသည်။ ဝေးရန် အနေနှင့် နှုတ်ဆက်ပြီး သူ၏ မီးဖို ရှိရာသို့ ပြန်သွားပေလိမ့်မည်။ သို့သော်လည်း သူစောင့်နေသည်။ဖိလစ် အနေနှင့် ရှိုင်းရင်းဘက်သို့ သွားသော လမ်းဘက် မထွက်ဘဲ ကင်းဘရစ်ချ် ဘက်သို့ သွားသော လမ်းသို့ ထွက်သည်ကို ဝေးရန် အနေနှင့် သေချာချင်သည် ဟု ဖိလစ် တွေးထင်မိသည်။ ဖိလစ်က မြင်းပေါ်သို့ တက်လိုက်သည်။ သူ့အနေနှင့် ရောက်လာခါစက ထက် ပို၍ ပျော်နေသည်။ သူ ထွက်ခါနီး ဆဲဆဲ အချိန်တွင် ဆောက်လုပ်ရေး ဆရာ တွမ် သူ့မိသားစုနှင့် အတူ ဂိတ်တံခါးဝကို ဖြတ်၍ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ ဖိလစ်က ဝေးရန်ကို လှမ်းပြောသည်။

"အဲဒီလူက ကျွန်တော် လမ်းမပေါ်မှာ ဆုံခဲ့တဲ့ ဆောက်လုပ်ရေး ဆရာပဲ။ သူ့အနေနဲ့ ဒီလောက် ဒုက္ခ တွေ့နေတာတောင်မှ ရိုးသားတဲ့ ဟန် ရှိတယ်။ ခင်ဗျား အနေနဲ့ ပြင်စရာ ရှိတယ်ဆိုရင် ဝမ်းသာစရာပါပဲ။"

ဝေးရန်က ဘာမှ ပြန် မပြောပေ။  သူက ထိုမိသားစု ဝင်းကို ဖြတ်၍ လျှောက်လာသည်ကို စိုက်ကြည့် နေသည်။ တည်ငြိမ် အေးဆေးမှုတို့ သူ့ထံမှ ထွက်ခွာသွားဟန် ရှိသည်။ သူ၏ ပါးစပ်မှာ ဟနေပြီး
သူ၏ မျက်လုံးများက စူးစိုက်ကြည့်နေသည်။ သူ့ကို ကြည့်ရသည်မှာ ရုတ်တရက် ထိတ်လန့်သွားသော သူတစ်ယောက်နှင့် တူနေသည်။

"ဘာဖြစ်တာလဲ။" ဖိလစ်က စိုးရိမ်မကင်းစွာဖြင့် မေးလိုက်သည်။

"အဲဒီ မိန်းမ။" ဝေးရန်၏ အသံက လေသံထက် အနည်းငယ်မျှသာ ပို၍ ကျယ်သည်။

ဖိလစ်က သူမကို ကြည့်လိုက်သည်။

"သူက အတော်လှတာပဲ။" ဟု ပြောလိုက်မိသည်။

ပထမဆုံး အကြိမ် အနေနှင့် သူ သတိထားလိုက်မိခြင်း ဖြစ်သည်။

"ဒါပေမယ့် ကျွန်တော်တို့ သင်ကြားထားရတာက ပရိစ်ဆိုတာ စိတ်ထားစင်ကြယ်ရမယ်လေ။ မျက်လုံး လွှဲလိုက်ပါ။ ဝေးရန်။"

ဝေးရန်က သူ့စကားကို နားမထောင်ပေ။

"သူ့ကို သေပြီလို့ ထင်ထားတာ။" ဟု သူက ဗလုံးဗထွေး ရေရွတ်သည်။

သူက ဖိလစ် ရှိနေသည်ကို ရုတ်တရက် သတိရသွားသည်။ သူသည် မိန်းမထံမှ မျက်လုံးကို လွှဲဖယ်လိုက်ပြီး သူ၏ စိတ်များကို ပြန်လည် စုစည်းကာ ဖိလစ်ကို မော့ကြည်သည်။

"ကင်းဘရစ်ချ်ရဲ့ ပရိုင်ရော်ကို ကျွန်တော်က ဆုမွန်ကောင်း တောင်းလိုက်တယ် လို့ ပြောပါ။" ဟု သူက ပြောသည်။ ထို့နောက် ဖိလစ်၏ မြင်း တင်ပါးကို လက်ဖြင့် ရိုက်လိုက်သည်။

မြင်းက ရှေ့သို့ ခုန်ထွက်ပြီး ဂိတ်တံခါးမှ အပြင်သို့ ဒုန်းစိုင်း ထွက်သွားသည်။ ဖိလစ်က သူ၏ ဇက်ကို သတ်လိုက်ပြီး မြင်းကို ပြန်လည် ထိန်းချုပ်နိုင်လိုက်ချိန်တွင် သူ့အနေနှင့် နှုတ်ဆက်ရန် မဖြစ်နိုင်သော အကွာအဝေးသို့ ရောက်နေပြီ ဖြစ်သည်။

1 comment:

  1. ဆံုးသြားၿပီလားဗ် ...

    ReplyDelete