Saturday, April 11, 2009

စာအုပ်(၁) ၁၁၃၅-၁၁၃၆ အပိုင်း(၁) အခန်း(၁)

တွမ်သည် ကျယ်ပြန့်သော တောင်ကြားတစ်ခုအတွင်းရှိ တောင်စောင်း၏ အောက်ခြေတွင် ရှိသော ကြည်လင်ပြီး အမြှုပ်ထနေသည့် စမ်းချောင်းကလေး တစ်ခု၏ နံဘေးတွင် အိမ်တစ်လုံးကို ဆောက်နေသည်။

အိမ်နံရံများမှာ ၃ ပေ အမြင့်မျှ ရှိနေပြီ ဖြစ်ပြီး အထက်သို့ အလျင်အမြန် တက်နေသည်။ တွမ် ငှားရမ်းထားသော ပန်းရန်ဆရာ နှစ်ဦးမှာ နေရောင်အောက်တွင် ဖြည်းဖြည်းမှန်မှန် အလုပ်လုပ်နေကြသည်။ သူတို့၏ သန်လျှက်များမှ ခြစ်ထုတ်သံ ပွတ်တိုက်သံ တဒေါက်ဒေါက် ခေါက်နေသံ ထွက်ပေါ်နေချိန်တွင် သူတို့၏ အလုပ်သမား များကမူ ကြီးမားသော ကျောက်တုံးကြီးများ၏ အလေးချိန် အောက်တွင် ချွေးပြန်နေကြသည်။ တွမ်၏ သား အဲဖရက်က အင်္ဂတေများကို ရောစပ်နေပြီး သဲတကော်ကို သစ်သားပြားပေါ်သို့ တင်လိုက်တိုင်း ပါးစပ်မှ ကျယ်လောင်စွာ ရေတွက်နေသည်။ ထိုနေရာတွင် လက်သမားဆရာ တစ်ဦးလည်း ရှိပြီး တွမ်၏ နံဘေးရှိ ခုံတန်းတွင် အလုပ်လုပ်နေသည်။ သူက ယင်းတိုက်သား အရှည်တစ်ချောင်းကို တံစဉ်းဖြင့် ဂရုတစိုက် ပုံသွင်းနေသည်။

အဲဖရက်မှာ အသက် ၁၄ နှစ် ရှိပြီ ဖြစ်ပြီး တွမ်ကဲ့သို့ပင် အရပ်ရှည်သည်။ တွမ်သည် လူအများထက် ခေါင်းတစ်လုံး မြင့်သည်။ အဲဖရက်မှာ တွမ်ထက် လက်မ အနည်းငယ်မျှသာ နိမ့်ပြီး သူ၏ ကိုယ်ခန္ဓာမှာ ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။ သူတို့နှစ်ဦးသည် ပုံစံခြင်း ဆင်သည်။ နှစ်ဦးစလုံးတွင် အညိုရောင်ဖျော့ဖျော့ ဆံပင်ကိုယ်စီ ရှိကြပြီး အစိမ်းရောင်မျက်လုံးများနှင့် အညိုရောင် မျက်ဆံများ ရှိကြသည်။ လူအများက သူတို့အား ရုပ်ဖြောင့်သည့် အတွဲ ဟု ဆိုလေ့ ရှိကြသည်။ သူတို့နှစ်ဦး၏ အဓိက ခြားနားချက်မှာ တွမ်တွင် ကောက်ကွေးနေသော အညိုရောင် မုတ်ဆိတ်မွေး ရှိပြီး အဲဖရက်တွင်မူ နူးညံသည့် ရွှေရောင် မုတ်ဆိတ်မျှင်များသာ ရှိသည်။ အဲဖရက်၏ ခေါင်းပေါ်ရှိ ဆံပင်များမှာ တစ်ချိန်က ထိုအရောင် ဖြစ်ခဲ့သည်ကို တွမ်က တမ်းတမ်းတတ သတိရ နေမိသည်။ ယခုအခါတွင်မူ အဲဖရက်သည် လူကြီး တစ်ဦး ဖြစ်လာနေ ပေပြီ။ တွမ်အနေနှင့် အဲဖရက်ကို သူ၏ အလုပ်တွင် ပို၍ ဦးနှောက်ကို သုံးပြီး စိတ်ဝင်စားမှု ရှိစေချင်သည်။ သူ့အနေနှင့် သူ့အဖေကဲ့သို့ ဆောက်လုပ်ရေးဆရာ တစ်ယောက် ဖြစ်လိုပါက သင်ယူစရာများ အမြားအပြား ရှိနေသေးသည်။ သို့သော် အခုတိုင်အောင် တော့ အဲဖရက်သည် ပျင်းရိ ငြီးငွေ့နေဆဲ ဖြစ်ပြီး ဆောက်လုပ်ရေး ၏ အခြေခံသဘောတရားများနှင့် ပတ်သတ်၍လည်း စိတ်ရှုပ်ထွေး နေဆဲပင် ဖြစ်သည်။

အကယ်၍ ဤအိမ် ပြီးစီးသွားခဲ့ပါက မိုင်ပေါင်းများစွာသော အကွာအဝေးအတွင်း တန်ဖိုးအကြီးဆုံး အိမ်ပင် ဖြစ်ပေလိမ့်မည်။ အောက်ဆုံးထပ်သည် ကျယ်ဝန်းသော ပစ္စည်းများ ထားသိုရန် အခန်းဖြစ်ပေလိမ့်မည်။ မျက်နှာကြက်အတွက် အမိုးခုံးများ ရှိနေသဖြင့် အလွယ်တကူ မီးလောင်ကျွမ်းနိုင်မည် မဟုတ်ပေ။ လူအများ အမှန်တကယ် နေထိုင်ကြမည့် ခန်းမမှာမူ အပေါ်ထပ်တွင် ရှိမည်ဖြစ်ပြီး အပြင်ဖက်မှ လှေကားဖြင့် တက်ရမည် ဖြစ်သည်။ ၄င်း၏ အမြင့်သည် ပြင်ပမှ တိုက်ခိုက်ရန်အတွက် ခက်ခဲမည် ဖြစ်ပြီး ခုခံရန် အတွက်မူ လွယ်ကူမည် ဖြစ်သည်။ မီးဖိုမှ မီးခိုးငွေ့များကို ထုတ်လွှတ်ရန် အတွက် ခန်းမ၏ နံရံကို မှီ၍ ဆောက်ထားသော မီးခိုးခေါင်းတိုင် တစ်ခုလည်း ရှိမည် ဖြစ်သည်။ ဤအရာမှာမူ ဆန်းသစ်သော အသစ်တီထွင်မှု တစ်ခု ဖြစ်သည်။ တွမ်သည် အခုထက်တိုင် မီးခိုးခေါင်းတိုင် ပါရှိသော အိမ် ဆို၍ တစ်လုံးကို သာ မြင်ဖူးသေးသည်။ သို့သော် ထိုအရာက အကြံအစည်အကောင်း တစ်ခု အနေနှင့် သူ၏ စိတ်တွင် စွဲနေသဖြင့် တွမ်က ထိုအကြံကို ပုံတူကူးရန် ဆုံးဖြတ်ခဲ့သည်။ အိမ်၏ တစ်ဖက်စွန်းရှိ ခန်းမ၏ အပေါ်တွင် အိပ်ခန်းငယ် တစ်ခန်း ရှိမည် ဖြစ်သည်။ ထိုအရာမှာ အားရ်တို့၏ သမီးများ ယနေ့တွင် တောင်းဆိုလေ့ ရှိတတ်သည့် အရာ ဖြစ်သည်။ သူတို့သည် ခန်းမကျယ်ထဲတွင် ယောက်ျားလေးများ၊ အလုပ်အကျွေး ပြုနေသည့် အစေခံ မိန်းမပျိုများ၊ အမဲလိုက်ခွေးများ နှင့် အတူ မအိပ်နိုင်လောက်အောင် အလွန် ကြီးကျယ် ခမ်းနား နေကြသည်။ မီးဖိုဆောင်သည် အခြား သီးသန့် အဆောက်အဦးတစ်ခု ဖြစ်ပေလိမ့်မည်။ မီးဖိုချောင် ဟူသမျှသည် အခု မီးမလောင်လျှင်လည်း နောင်တစ်ချိန်တွင် မီးလောင် လိမ့်မည်သာ ဖြစ်သည်။ ထို့ကြောင့် မီးဖိုချောင်ကို တခြားအဆောက်အဦးအားလုံးနှင့် ဝေးနိုင်သမျှ ဝေးအောင် ဆောက်လုပ်ပြီး အစာခပ်နွေးနွေးကို သည်းခံ စားကြရုံသာ ဖြစ်သည်။

တွမ်သည် အိမ်အတွက် တံခါးဝကို တည်ဆောက်နေသည်။ တံခါးဘောင်များမှာ လုံးဝန်းသော တိုင်လုံးပုံသဏ္ဌန် ရှိမည် ဖြစ်ပြီး ဤနေရာတွင် နေထိုင်မည်ဖြစ်သော အထက်တန်းစား လင်မယား အသစ်စက်စက် အတွက် သီးခြားဖြစ်စေမည့် အနုစိတ် မွမ်းမံမှု ဖြစ်သည်။ အထိန်းအကွပ် အဖြစ် ပုံဖော်ထားသော သစ်သား ပုံစံခွက်ကို သူ၏ မျက်လုံးဖြင့် ကြည့်ရင်း တွမ်သည် သူ၏ သံ ဆောက်ကို တစ်စောင်းအနေအထားဖြင့် ကျောက်တုံးပေါ်တွင် တင်ကာ သစ်သားတူဖြင့် ဖြည်းဖြည်းခြင်း ထုနှက်နေသည်။ မျက်နှာပြင်ပေါ်မှ အပိုင်းအစကလေးများ လွင့်ဖွာကျလာပြီး ပုံသဏ္ဌန်ကို အနည်းငယ်မျှ ပို၍ ဝိုင်းစက် သွားစေသည်။ သူသည် ထိုအတိုင်း နောက်တစ်ကြိမ် ထပ်မံ ပြုလုပ်ပြန်သည်။ ကက်သီဒရယ် ဘုရားကျောင်းတော်ကြီး တစ်ခု အတွက်ပင် လုံလောက်သည့် ချောမွေ့မှုမျိုး ရရှိသွားပြီ ဖြစ်သည်။

တွမ်သည် တစ်ချိန်က အိတ်စီတာ တွင် ကက်သီဒရယ် ဘုရားကျောင်းတော်ကြီး တစ်ခု ဆောက်လုပ်ရာတွင် ပါဝင်ခဲ့ဖူးသည်။ အစပိုင်းတွင် သူသည် ထိုအလုပ်ကို အခြားအလုပ်များ ကဲ့သို့ပင် သဘောထားခဲ့သည်။ ဆောက်လုပ်ရေး ဆရာကြီးက သူ့၏ အလုပ်မှာ စံချိန်စံနှုန်း မပြည့်မီကြောင်း သတိပေးသော အခါတွင် သူသည် အစော်ကားခံရသည့် ပမာပင် ဒေါသဖြစ်ခဲ့သေးသည်။ သူသည် ပုံမှန် ပန်းရန်ဆရာတစ်ယောက်ထက် ပို၍ အလုပ်ကို ဂရုတစိုက် လုပ်တတ်ကြောင်းကို သူ့ဘာသာသူ သိသောကြောင့် ဖြစ်သည်။ သို့သော် ကက်သီဒရယ် ဘုရား ကျောင်းတော်ကြီး များ၏ နံရံမှာ သာမန် ကောင်းမွန်ရုံမျှဖြင့် မလုံလောက်ပဲ အနာအဆာ မရှိ ကောင်းမွန်နေရမည် ဖြစ်သည်ကို နောက်မှ သူသဘောပေါက်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ကက်သီဒရယ် ဘုရားကျောင်းတော်ကြီးမှာ ဘုရားသခင်အတွက် ရည်စူး၍ ဆောက်လုပ်ခြင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။ နောက်တစ်ချက်မှာ အဆောက်အဦးကြီးမှာ အလွန်ပင် ကြီးမားသည့် အတွက် နံရံများတွင် အနည်းငယ်မျှ စောင်းသွားရုံမျှဖြင့်၊ ပြင်ညီမျက်နှာပြင်မျှ အနည်းငယ်မျှ လွဲချော်သွားရုံမျှ ဖြင့်ပင် အဆောက်အဦးကြီး တစ်ခုလုံး၏ ပုံသဏ္ဌန်ကို အကြီးအကျယ် အားနည်းပျက်ယွင်း သွားစေနိုင်သည်။ နောက်ပိုင်းတွင်မူ တွမ်၏ ဒေါသများမှာ ပျော်ရွှင်စရာ စိတ်ကူးစိတ်သန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ လွန်စွာမှပင် ကြီးမားပြီး ရည်ရွယ်ချက်ကြီးစွာ ဆောက်လုပ်ထားသော အဆောက်အဦးကြီးနှင့် အသေးစိတ်နိုင်သမျှ အသေးစိတ်ဆုံး အထိ အလျော့အတင်း လုံးဝ မရှိဘဲ ဂရုစိုက်ခြင်းက သူ၏လက်မှုပညာ၏ ဆန်းကြယ်မှုနှင့် ပတ်သက်ပြီး တွမ်၏ မျက်စိကို ဖွင့်ပေးခဲ့သည်။ သူသည် အိတ်စီတာရှိ ဆရာကြီးထံမှ အချိုးအဆ၏ အရေးပါပုံ၊ နံပါတ်အမျိုးမျိုး တို့၏ သင်္ကေတပညာများ၊ နံရံအတွက် မှန်ကန်သော အလျားနှင့် ကြောင်လိမ် လှေကားအတွက် လှေကားထစ် တစ်ထစ်ချင်းစီ၏ ထောင့် တွက်ချက်မှု စသည့် မျက်လှည့်တမျှ ဆန်းပြားသော ညီမျှခြင်းများ ကို သင်ယူခဲ့ ရသည်။ ထိုအရာများမှာ သူ့ကို ဖမ်းစားနိုင်ခဲ့သည်။ အခြား ဆောက်လုပ်ရေးသမားများ အနေဖြင့် ထိုအရာများကို နားလည်နိုင်ခြင်း မရှိကြောင်းကို လည်း သူ အံ့သြစွာ သိရှိခဲ့ရသည်။

မကြာမီ အချိန်မှာပင် တွမ်သည် ဆောက်လုပ်ရေး ဆရာကြီး၏ ညာလက်ရုံး ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူသည် ဆရာကြီး၏ အားနည်းချက်များကို စတင်တွေ့ရှိလာရသည်။ ဆရာကြီးမှာ အလွန်တော်သော လက်မှုပညာရှင် ဖြစ်သော်လည်း စီမံခန့်ခွဲရာတွင်မူ ပြည့်စုံလုံလောက်သည့် အရည်အချင်း မရှိပေ။ သူသည် ပန်းရန်ဆရာများ၏ အလုပ် ဆက်တိုက် လုပ်နိုင်ရန် အတွက် လုံလောက်သော ပမာဏ ရှိသည့် ကျောက်တုံးများ အချိန်မီ ရရှိနိုင်ရေး၊ ပန်းပဲဆရာက သုံးစွဲရမည့် ပစ္စည်းကိရိယာများ အတွက် အလုံအလောက် ပြုလုပ်နိုင်ရေး၊ အင်္ဂတေ ဖျော်စပ်သူများ အတွက် ထုံးကျောက်တုံးများကို မီးရှို့ရန်နှင့် သဲများကို သယ်ယူရန်၊ လက်သမား ဆရာများအတွက် သစ်ပင်များ ခုတ်လှဲရန်၊ ဘုရားရှိခိုးကျောင်းကြီး၏ ဝတ်ပြုအသင်းမှ အလှူခံငွေများမှ အားလုံးအတွက် လုံလောက်သော ငွေကြေးကို ထုတ်ပေးနိုင်ရန် အစရှိသည့် ပြသနာများနှင့် ပတ်သက်၍ လုံးဝ ခေါင်းခြောက် ခဲ့ရသည်။

အကယ်၍ တွမ်အနေနှင့်သာ အိတ်စီတာတွင် ဆောက်လုပ်ရေး ဆရာကြီး သေဆုံးသည်အထိ ဆက်၍ နေခဲ့မည် ဆိုပါက သူ့အနေနှင့် ဆရာကြီး တစ်ယောက် ဖြစ်လာနိုင်သေးသည်။ သို့သော် ဘုရားရှိခိုးကျောင်းကြီး၏ ဝတ်ပြုအသင်းတွင် ပိုက်ဆံပြတ်သွားသည်။ ဆောက်လုပ်ရေး ဆရာကြီး၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကလည်း တစိတ်တပိုင်း ပါဝင်ပတ်သက်နေသည်။ ထို့ကြောင့် လက်မှုပညာရှင် အားလုံး အခြားနေရာသို့ ရွှေ့ပြောင်းပြီး အလုပ်အသစ်ရှာရန် အကြောင်းဖန်လာသည်။ တွမ်အား အိတ်စီတာ ရဲတိုက် အုပ်ချုပ်ရေးမှူး၏ ဆောက်လုပ်ရေးဆရာ အဖြစ် လုပ်ကိုင်ရန် ကမ်းလှမ်းခြင်း ခံရသည်။ မြို့တော်၏ ခံတပ်များကို ပြုပြင်ရန် နှင့် ပြောင်းလဲတည်ဆောက်ရန် ဖြစ်သည်။ ထိုအလုပ်မှာ အခြား အနှောင့်အယှက် တစုံတရာ မရှိပါက တစ်သက်လုံး ဆက်လက် လုပ်ကိုင်နိုင်မည့် အလုပ်ဖြစ်သည်။ သို့သော် တွမ်သည် ထိုအလုပ်ကို ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ သူ့အနေနှင့် နောက်ထပ် ကက်သီဒရယ် ဘုရားရှိခိုးကျောင်းကြီး တစ်ခုကို တည်ဆောက်လို သောကြောင့် ဖြစ်သည်။

သူ၏ ဇနီး အက်ဂ်နက်စ် မှာ ထိုဆုံးဖြတ်ချက်ကို မည်သို့မျှ နားမလည်နိုင်ခဲ့ပေ။ သို့မဟုတ်ပါက သူတို့ အတွက် ကျောက်တုံးအိမ်ကောင်းကောင်း တစ်လုံး၊ အစေခံ များ၊ ကိုယ်ပိုင် မြင်းဇောင်း ညစာစားချိန်တိုင်းတွင် စားပွဲပေါ်တွင် အသားဟင်း စသည်တို့ဖြင့် နေနိုင်လိမ့်မည်။ တွမ်သည် ထိုအခွင့်အရေးကို ငြင်းပယ်ခဲ့သဖြင့် သူမအနေနှင့် ဘယ်သော အခါမျှ ခွင့်လွှတ်နိုင် လိမ့်မည် မဟုတ်ပေ။ သူမအနေဖြင့် အစိတ်အပိုင်းများ ပေါင်းစပ်စုစည်းခြင်း၏ ရှုပ်ထွေးနက်နဲမှုတွင် စိတ်အာရုံကို နှစ်မြုပ်နေရခြင်း၊ တွက်ချက်ခြင်း၏ ပညာရပ်ပိုင်း ဆိုင်ရာ စိန်ခေါ်မှု၊ အလွန်ကြီးသော နံရံများ၏ အရွယ်အစား နှင့် ပြီးစီးသွားသော အဆောက်အဦး၏ ရပ်သပ်ရှုမောဖွယ်ရာ အလှအပ နှင့် ကြီးကျယ်ခမ်းနားမှု အစရှိသည့် ဘုရားရှိခိုးကျောင်းတော်ကြီး တစ်ခုကို ဆောက်လုပ်ရခြင်း၏ မငြင်းပယ်နိုင်လောက်သော ဆွဲဆောင်မှုကို သဘော မပေါက်နိုင်ခဲ့ပါ။ တွမ်အနေနှင့် တော့ ဝိုင်၏ အရသာကို မြည်းစမ်းပြီးသည့် အချိန်မှ စ၍ ဝိုင်လောက် မကောင်းသည့် အရာနှင့် တင်းတိမ်ရောင့်ရဲ နိုင်မည် မဟုတ်ပေ။

ထိုအရာများမှာ လွန်ခဲ့သော ဆယ်နှစ်က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူတို့သည် မည်သည့်နေရာတွင်မှ အကြာကြီး မနေခဲ့ပေ။ သူသည် ဘုန်းကြီးကျောင်း တစ်ကျောင်း အတွက် ဌာနခွဲအသစ် အဆောက်အဦးကို ဆောက်ခဲ့သည်။ ရဲတိုက်တစ်ခုတွင် တစ်နှစ် နှစ်နှစ်မျှ အလုပ်လုပ် ခဲ့သည်။ ထို့နောက် ချမ်းသာသော ကုန်သည်တစ်ယောက်အတွက် မြို့နေအိမ် တစ်ဆောင်ကို ဆောက်လုပ်ခဲ့သည်။ သို့သော် သူ့အတွက် ပိုက်ဆံ အနည်းငယ်မျှ စုမိသည်နှင့် သူသည် ဇနီး သားသမီးများနှင့် အတူ ထိုနေရာမှ ခွာသည်။ လမ်းမပေါ်သို့ တစ်ဖန်လျှောက်၍ နောက်ထပ် ကက်သီဒရယ် ဘုရားရှိခိုးကျောင်းကြီးတစ်ခု ဆောက်လုပ်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေလေသည်။

သူသည် သူ၏ ခုံတန်းပေါ်မှ မော့ကြည့်သောအခါ အက်ဂ်နက်စ်သည် အဆောက်အဦး ဆောက်လုပ်ရာ အလုပ်ခွင်၏ အစွန်အဖျားတွင် လက်တစ်ဖက်မှ အစားအသောက်ထည့်သည့် ခြင်းတောင်းကို ကိုင်၍ အခြားတစ်ဖက်တွင် ဘီယာ ခရားကို တင်ပါးပေါ်တွင် တင်ရင်း ရပ်နေသည်ကို တွေ့ရသည်။ အချိန်မှာ နေ့လည် အချိန်ဖြစ်သည်။ သူသည် သူမကို မြတ်နိုးစွာဖြင့် လှမ်းကြည့်သည်။ မည်သူမျှ သူမကို လှသည်ဟု ပြောလိမ့်မည် မဟုတ်သော်လည်း သူမ၏ မျက်နှာတွင် ခွန်အား အပြည့်ရှိသည်။ ကျယ်ပြန့်သော နဖူးပြင်၊ ကြီးမားသော အညိုရောင် မျက်ဝန်းများ၊ ဖြောင့်စင်းသော နှာတံ နှင့် ခိုင်ခန့်သော မေးရိုးတို့ ရှိသည်။ သူမ၏ မည်းနက်ပြီး ကောက်ကွေးနေသော ဆံပင်များကို အလယ်ခေါင်မှ ခွဲထားပြီး အနောက်ဖက်တွင် စုချည်ထားသည်။ သူမသည် တွမ်၏ ဘဝလက်တွဲဖော် ဖြစ်သည်။

သူမသည် တွမ်နှင့် အဲဖရက်တို့အတွက် ဘီယာကို လောင်းထည့်ပေးသည်။ လူကောင်ကြီးထွားသော အမျိုးသား နှစ်ဦး နှင့် သန်စွမ်းသော အမျိုးသမီးတစ်ဦးသည် ထိုနေရာတွင် သစ်သားခွက်များထဲမှ ဘီယာကို သောက်နေကြသည်။ ထို့နောက် သူတို့၏ စတုတ္ထမြောက် မိသားစုဝင် ဖြစ်သော မာသာ သည် ဂျုံခင်းများထဲမှ ခုန်ထွက်လာသည်။ မာသာသည် အသက်ခုနစ်နှစ် အရွယ်မျှ ရှိပြီး ဒက်ဖော်ဒေးလ် ပန်းတစ်ပွင့် ကဲ့သို့ပင် လှပသည်။ သို့သော် သူမသည် ငယ်သွားနှစ်ချောင်း ကျိုးကျပြီး သွားအသစ် ထပ်မထွက်သေးသည့် သွားကျိုး ကလေး တစ်ယောက် ဖြစ်သောကြောင့် ပွင့်ချပ်တစ်ချပ် ပျောက်ဆုံးနေသော ဒက်ဖော်ဒေးလ် ပန်းတစ်ပွင့်ပမာပင် ဖြစ်သည်။သူမသည် တွမ်ထံသို့ ပြေးလာပြီး သူ၏ ဖုန်မှုန့်များ ပေနေသော မုတ်ဆိတ်မွေးကို နမ်းကာ သူမအား ဘီယာ တစ်ငုံမျှ တိုက်ရန် တောင်းပန်သည်။ တွမ်က သူမ၏ အရိုးသာ ရှိသော ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း “ အများကြီး မသောက်နဲ့။ မြောင်းထဲ ပြုတ်ကျနေလိမ့်မယ်” ဟုပြောသည်။ သူမက သူမ၏ ခန္ဓာကိုယ်ကို စက်ဝိုင်းပမာ ယိုင်တိုင်တိုင် လှည့်ပတ်ရင်း အရက်မူးနေသည့် ပုံစံ လုပ်ပြသည်။

သူတို့အားလုံးသည် သစ်ပုံပေါ်တွင် ထိုင်လိုက်ကြသည်။ အက်ဂ်နက်စ်က တွမ်အား ဂျုံပေါင့်မုန့် အပိုင်းကြီး တစ်ခု၊ ဘေကွန်ပြား အထူတစ်ပြားနှင့် ကြက်သွန်နီဥ သေးသေးတစ်လုံး ကို လှမ်းပေးသည်။ သူသည် အသားကို တစ်ကိုက်စားပြီး ကြက်သွန်ကို စ၍ အခွံနွှာလေသည်။ အက်ဂ်နက်စ်သည် ကလေးများအား အစားအစာများကို လှမ်းပေးပြီးနောက် သူမဘာသာ စတင်၍ စားတော့သည်။ အိတ်စီတာမှာ ရှိတဲ့ ပျင်းစရာကောင်းတဲ့ အလုပ်ကို ငြင်းပယ်ပြီးတော့ ဘုရားရှိခိုးကျောင်းတော်ကြီး တစ်ခုကို ဆောက်လုပ်ဖို့ လိုက်ရှာနေတာဟာ တာဝန်မဲ့သလို ဖြစ်နေသလား မသိဘူး။ သူ့အနေနဲ့ အမြော်အမြင်မဲ့တာ မှန်ပေမယ့် အခုထက်ထိတော့ သူတို့ကို ကွေျးထားနိုင်တာပဲလေ ဟု တွမ်က တွေးနေသည်။

သူသည် သူ၏ အစာစားသော ဓားကို သားရေ အေပရွန်၏ အရှေ့အိတ်ထဲမှ ထုတ်လိုက်ပြီး ကြက်သွန်ကို တစ်စိတ်လှီး လိုက်ကာ ပေါင်မုန့်တစ်ကိုက်နှင့် အတူ စားလိုက်သည်။ ကြက်သွန်သည် သူ၏ ပါးစပ်ထဲတွင် ချိုပြီး စူးရှသော အရသာကို ဖြစ်စေသည်။ အက်ဂ်နက်စ်က သူ့အား “ကျွန်မမှာ နောက်ထပ် ကလေးတစ်ယောက် ရှိနေပြီ။” ဟု လှမ်းပြောသည်။

တွမ်သည် ဝါးနေလက်စကို ရပ်ရင်း သူမကို စိုက်ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် ပျော်ရွှင်မှုက ဝင်ရောက် နေရာယူသွားသည်။ ဘာပြန်ပြောရမှန်း မသိသဖြင့် တွမ်သည် သူမကို ရူးကြောင်ကြောင် အပြုံးဖြင့်သာ ပြန်၍ ပြုံးပြလိုက်သည်။ ခဏအကြာတွင် သူမမျက်နှာ နီရဲသွားပြီး သူ့ကို ပြန်ပြောသည်။
“အံ့သြစရာ မကောင်းဘူးလားဟင်။”
တွမ်က သူမကို ပွေ့ဖက်လိုက်သည်။
“အင်း။ ကောင်းတယ်။ ကောင်းတယ်။” တွမ်က ဝမ်းမြောက်စွာပင် ပြုံးစိစိ လုပ်နေရင်းက ပြောသည်။
“ငါ့မုတ်ဆိတ်မွေးကို ဆွဲမယ့် ကလေးလေး တစ်ယောက်ရတာပေါ့။ အဲဖရက် ရဲ့ နောက်က တစ်ယောက်ကို နာမည်ပေးရရင်တော့”

“သိပ်လည်း ပျော်မနေနဲ့ဦး။ ကလေးကို မမွေးခင် နာမည်ပေးရင် ကံမကောင်းတတ်ဘူး။” ” အက်ဂနက်စ်က သူ့ကို သတိပေးသည်။

တွမ်က သူလည်း အလားတူ ခံစားရသည့်ပမာ ခေါင်းငြိမ့်ပြသည်။ အက်ဂနက်စ်တွင် ကိုယ်ဝန်ပျက်ကျခြင်း အချို့ ရှိခဲ့ပြီး အသေမွေးလာသော ကလေးတစ်ယောက်လည်း ရှိခဲ့ဖူးသည်။ မာတီဒါ ဟု အမည်ပေးခဲ့သည့် အခြားမိန်းကလေး တစ်ယောက်လည်း ရှိခဲ့ပြီး ထိုကလေးမှာ ၂ နှစ်မျှသာ အသက်ရှင်ခဲ့သည်။

“ငါကတော့ ယောက်ျားလေး ပဲ လိုချင်တယ်။ အခု အဲဖရက်က အတော်ကို ကြီးနေပြီ။ ဘယ်တော့ မွေးမှာလဲ။” သူကပြောသည်။
“ခရစ်စမတ် ပြီးမှပေါ့။”
တွမ်က စတင်၍ တွက်ချက်နေသည်။ အိမ်၏ အခွံသည် ပထမဆုံး နှင်းစခဲသည့် အချိန်လောက်တွင် ပြီးစီးမည်။ ကျောက်သားဖြင့် ဆောက်လုပ်ထားသော အရာများကို ဆောင်းတွင်း တစ်လျှောက်လုံးတွင် ကောက်ရိုးဖြင့် ကာကွယ် ထားရလိမ့်မည်။ ပန်းရန် ဆရာများသည် အေးမြသော လများအတွင်း ပြတင်းပေါက်များ၊ အမိုးခုံးများ၊ တံခါးဘောင်များ နှင့် မီးလင်းဖိုများအတွက် ကျောက်တုံးများကို ဖြတ်တောက် ရပေမည်။ လက်သမား ဆရာများ အနေဖြင့် ကြမ်းခင်းပျဉ်များ၊ တံခါးများ၊ ပြတင်းကာ များကို ပြုလုပ်ရမည် ဖြစ်ပြီး တွမ်အနေနှင့်မူ အပေါ်ထပ်တွင် အလုပ်လုပ်နိုင်ရန် အတွက် ငြမ်းကို ဆောက်ရမည် ဖြစ်သည်။ နွေဦးရာသီ ရောက်လျှင် သူတို့ အနေနှင့် မြေအောက်ခန်း၊ ကြမ်းပြင် နှင့် ၄င်းတို့ အပေါ်ရှိ ခန်းမကို ပေါင်းကူးများ ဆောက်ရမည် ဖြစ်ပြီး အမိုးလည်း မိုးရမည် ဖြစ်သည်။ ထိုအလုပ်များသည် အီစတာ ကာလအပြီး ၇ ပတ်မျှ အကြာ ဝစ်တ်ဆန် အချိန်အထိ သူတို့ မိသားစုကို ထမင်းကွေျးထား နိုင်မည် ဖြစ်ပြီး ထိုအချိန်တွင် ကလေးလေးမှာ ၆ လသားမျှ ရှိနေမည် ဖြစ်သည်။ ထိုအချိန်တွင် သူတို့ အနေနှင့် အခြားနေရာသို့ ဆက်လက်၍ သွားနိုင်ပေလိမ့်မည်။
“ကောင်းတယ်။ တကယ်ပဲ ကောင်းတယ်။” သူက ကျေနပ်အားရစွာ ပြောသည်။ ထို့နောက် ကြက်သွန်နီ နောက်တစ်စိတ်ကို ထပ်စားသည်။

“ငါတော့ ကိုယ်ဝန်ဆောင်ဖို့ အတော်ကို အသက်ကြီးနေပြီ။ ဒါ နောက်ဆုံးတစ်ယောက် ဖြစ်ရမယ်။” ဟု အက်ဂနက်စ်က ပြောသည်။

တွမ်သည်လည်း ထိုအကြောင်းကို တွေးမိသည်။ သူမ အသက်ဘယ်လောက် ရှိနေပြီ ဆိုသည်ကို ကိန်းဂဏန်း အားဖြင့် သူ့အနေနှင့် တိတိကျကျ မသိပေ။ သို့သော် သူမ၏ အရွယ်လောက်မှာပင် မိန်းမ အတော် များများသည် ကိုယ်ဝန်လွယ် ထားကြသည်။ သို့သော်လည်းပဲ သူတို့ အသက်ကြီးလာသည် နှင့်အမျှ ပို၍ ခံစားရသည်မှာ အမှန်ပင် ဖြစ်ပြီး ကလေးများမှာလည်း သိပ် မသန်မာ ကြပေ။ သူမ ပြောသည်မှာ မှန်သည် ဆိုသည်မှာလည်း သံသယ ဖြစ်ဖွယ်ရာ မရှိပေ။ သို့သော် သူမအနေနှင့် နောက်ထပ် ကိုယ်ဝန်မဆောင်တော့ဘူး ဆိုသည့် အချက်ကို မည်သည့်အတွက်ကြောင့် တိတိကျကျ ပြောနိုင်ရသနည်း ဆိုသည်ကိုမူ သူတွေးတော နေမိသည်။ ထို့နောက်တွင်မူ သူသဘောပေါက်သွားပြီး နေသာနေသော သူ၏စိတ်တွင် တိမ်စိုင်တို့ ဝင်ရောက် ဖုံးကွယ် သွားသည်။

“ငါမြို့တစ်မြို့မှာ အလုပ်ကောင်းကောင်း ရမှာပါ။ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းတော်ကြီး တစ်ခု ဖြစ်ဖြစ်၊ နန်းတော်ကြီး တစ်ခုကို ဖြစ်ဖြစ် ဆောက်ဖို့ အတွက်ပေါ့။ အဲဒါဆိုရင် ငါတို့အနေနဲ့ သစ်သား ကြမ်းခင်း အိမ်အကြီးကြီးနဲ့ နေနိုင်မယ်။ မင်းအတွက် ကလေးကူထိန်းပေးမယ့် အိမ်စေတစ်ယောက် ရောပေါ့။” သူက ထိုသို့ ပြောရင်း သူမကို နှစ်သိမ့်ဖို့ ကြိုးစားသည်။

သူမ၏ မျက်နှာက တင်းမာသွားသည်။ ထို့နောက်သူမက ငေါ့တော့တော့ ပြောသည်။
“ဖြစ်နိုင်ပါတယ်။”
သူမ အနေနှင့် ကက်သီဒရယ် ဘုရားရှိခိုးကျောင်းတော်ကြီးများ အကြောင်း ပြောသည်ကို မနှစ်သက်ပေ။ သူမ၏ မျက်နှာ အမူအရာမှာ အကယ်၍ တွမ်သာ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းတော်ကြီး တစ်ခုကို ဆောက်လုပ်ရာတွင် အလုပ် မလုပ်ခဲ့ပါက အခု အချိန်တွင် သူမအနေနှင့် မြို့ပေါ်တွင် အိမ်တစ်လုံးနှင့် နေနိုင်နေမည် ဖြစ်ပြီး ပိုက်ဆံအလုံအလောက် စုဆောင်း၍ မီးဖိုအောက်တွင် မြုပ်နှံကာ ဘာကိုမျှ ပူပန်ရန် လိုအပ်လိမ့်မည် မဟုတ် ဟု ပြောနေသည့် ပမာပင် ဖြစ်သည်။

တွမ်သည် မျက်နှာလွှဲလိုက်ရင်း ဝက်သားဆားနယ်ခြောက်ကို နောက်တစ်ကိုက် စားလိုက်သည်။ သူတို့အတွက် တစ်စုံတစ်ခုအတွက် အတူတကွ ပျော်ရွှင် ဆင်နွှဲရမည့် အချိန်ဖြစ်သည်။ သို့သော် သူတို့ နှစ်ယောက်ကြားတွင် ညီညွတ်ရေး မရကြပေ။ ထို့အတွက် သူ စိတ်ပျက်လက်ပျက် ခံစားလိုက်ရသည်။ သူသည် အသားမာမာကို ခေတ္တမျှ ဝါးနေသည်။ ထိုအချိန်တွင် သူမြင်းတစ်ကောင်၏ အသံကို ကြားလိုက်ရသည်။ သူက နားဆင်ရန် သူ၏ ခေါင်းကို စောင်းလိုက်သည်။ မြင်းစီးသူမှာ လမ်းမဘက်မှ သစ်ပင်များကို ဖြတ်၍ လာနေသည်။ ရွာကို ရှောင်ကွင်း၍ ဖြတ်လမ်းမှ လာနေခြင်း ဖြစ်သည်။

ခဏမျှ အကြာတွင် ကဆုန်ပေါက် စီးလာ မြင်းငယ်တစ်ကောင်ပေါ်မှ လူငယ်သည် မြင်းပေါ်မှ ဆင်းလာသည်။ သူသည် စကွိုင်းယားဟု ခေါ်သည့် အလုပ်သင် နိုက် တစ်ယောက် ဖြစ်ဟန် ရှိသည်။ “မင်းရဲ့ လော့ဒ် လာနေပြီ။” ဟု သူက ပြောသည်။

“လော့ဒ် ပါစီ ကို ပြောတာလား။” တွမ်က မတ်တပ်ရပ်ရင်း မေးလိုက်သည်။ ပါစီ ဟမ်မလေးသည် နိုင်ငံအတွင်း အရေးပါဆုံးသော လူများထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ သူသည် ဤတောင်ကြားနှင့် အခြား အရာ အမြောက်အများကို အပိုင်စားသူ ဖြစ်သည်။ ဤအိမ်အတွက်လည်း သူက ပိုက်ဆံထုတ်ပေးနေခြင်း ဖြစ်သည်။

“သူ့သားကို ပြောတာ။” ဟု စကွိုင်းယားက ပြန်ပြောသည်။
“ဝီလျံလေးကို ပြောတာလား။” ပါစီ၏သား ဝီလီယံမှာ လက်ထပ်အပြီးတွင် ဤအိမ်တွင် နေထိုင်မည့်သူ ဖြစ်သည်။ သူသည် ရှိုင်းရင်းမြို့စား၏ သမီး လေဒီ အေလီယံနာနှင့် စေ့စပ်ထားသည်။
“အတူတူပဲ။ သူ အရမ်းဒေါဖောင်းနေတယ်။” ဟု စကွိုင်းယား ကပြောသည်။

တွမ်သည် စိုးရိမ်စပြုလာသည်။ ပုံမှန်အားဖြင့် အကောင်းဆုံးဆိုသည့် အချိန်များတွင် ပင်လျှင် ဆောက်လက်စ အိမ်၏ ပိုင်ရှင်နှင့် ဆက်ဆံရသည်မှာ ခက်ခဲလှသည်။ ဒေါသထွက် နေသော အိမ်ရှင်နှင့် ဆက်ဆံ ဖို့ရာမှာ အတော် မလွယ်လှပေ။
“သူဘာကို ဒေါဖောင်းနေရတာလဲ။”
“သူ့ရဲ့ သတို့သမီးက ငြင်းလိုက်တယ်။”
“မြို့စားရဲ့ သမီး။ ဟုတ်လား။ ငါထင်တာက အားလုံးကိစ္စ ပြီးနေပြီ မဟုတ်လား။” တွမ်က အံသြတကြီးဖြင့် ပြန်ပြောသည်။ သူ့တွင် စိုးရိမ်စိတ်များက လျှံတက်လာသည်။ ခုနတုန်းကပင် သူ၏ အနာဂတ် မည်မျှ စိတ်ချရကြောင်း သူတွေးနေခဲ့သည်။
“ငါတို့လည်း အဲဒီလို ထင်တာပဲ။ ပြောရရင်တော့ လေဒီ အေလီယံနာက လွဲလို့ပေါ့။ သူနဲ့ တွေ့တဲ့ အချိန်မှာပဲ တကမ္ဘာလုံးနဲ့ စနိုက်ငှက်တစ်ကောင် ပေးမယ်ဆိုတောင် သူ့ကို လက်မထပ်နိုင်ဘူးလို့ လေဒီ အေလီယံနာက ပြောတယ်။” ဟု စကွိုင်းယားက ပြောသည်။

“ငါမှတ်မိသလောက်တော့ ကောင်လေးက ကြည့်ရတာ မဆိုးလှပါဘူး။” တွမ်က စိုးရိမ်စွာ မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။ သူ့အနေနှင့် ဤအဖြစ်သည် အမှန်တကယ် ဖြစ်သည် ဟု လက်မခံချင်ပေ။
“အဲဒီ အမျိုးသမီးက သူ့အနေနဲ့ အဲဒီလို ငြင်းလိုက်လို့ ထူးသွားရောလား။ မြို့စားရဲ့ သမီးတွေကို သူတို့ကြိုက်တဲ့သူနဲ့သာ ယူခွင့်ပေးမယ် ဆိုရင် ငါတို့တွေ ခြေသလုံး အိမ်တိုင် သီချင်းသည်တွေ၊ မျက်လုံးနက် တောပုန်းတွေရဲ့ အုပ်ချုပ်မှု အောက်မှာ နေနေရမှာပေါ့။” ဟု အက်ဂနက်စ်က ပြောသည်။
“ကောင်မလေးက စိတ်ပြောင်းရင် ပြောင်းဦးမှာပေါ့။” ဟု တွမ်က မျှော်လင့်ချက် ကြီးစွာနှင့် ပြောပြန်သည်။
“သူ့ အမေက ယင်းတုတ်ချောင်း နဲ့ ရိုက်ရင်တော့ ပြောင်းမှာပေါ့။” ဟု အက်ဂနက်စ် က ပြောပြန်သည်။
“သူ့ အမေက သေသွားပြီ။” ဟု စကွိုင်းယားက ပြောသည်။
အက်ဂနက်စ်က “အင်း။ ဒါကြောင့် သူဘဝရဲ့ အကြောင်းကို နားမလည်တာပဲ။ ဒါနဲ့ သူ့အဖေက ဘာလို့ သူ့ကို နိုင်အောင် မပြောနိုင်ရသလဲ ဆိုတာကို တော့ ငါနားမလည်ဘူး။” ဟု ခေါင်းညိမ့်ရင်း ပြောသည်။
စကွိုင်းယားက “ သူ့အဖေက တစ်ချိန်တုန်းက သူ့ကို သူမုန်းတဲ့သူနဲ့ ဘယ်တော့မှ မပေးစားပါဘူးလို့ ကတိပေးခဲ့ ဖူးတယ်။” ဟု ပြန်ပြောသည်။
“အတော်ရူးတဲ့ ကတိပဲ။” ဟု တွမ်က ဒေါသတကြီး ပြောသည်။ ဘာကြောင့် ဒီလောက် သြဇာအာဏာကြီးတဲ့ လူတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အကြံတွေရဲ့ အချုပ်အနှောင် ခံရတာလဲ။ သူမရဲ့ လက်ထပ်ခြင်းဟာ စစ်ဖက်ဆိုင်ရာ မဟာမိတ်တွေ၊ ဘေရွန်တွေရဲ့ ငွေကြေးကိစ္စတွေ ယုတ်စွအဆုံး ဒီအိမ်ဆောက်တာနဲ့ ပတ်သက် ဆက်နွယ်နေတယ်လေ ဟု တွမ်က တွေးနေမိသည်။
“သူ့မှာ မောင် တစ်ယောက်ရှိတယ်။ အဲဒီတော့ သူ ဘယ်သူနဲ့ လက်ထပ်သည်ဖြစ်စေ အရေးမကြီးဘူး။” ဟု စကွိုင်းယားက ပြောသည်။
“အဲဒါဆိုရင်တောင်မှ။”
စကွိုင်းယားက သူ့စကားကို ဆက်ပြောသည်။ “မြို့စားက မပြောင်းမလဲ တတ်တဲ့ သူမျိုး။ သူက သူ့ကတိကို ဖျက်မှာ မဟုတ်ဘူး။ ကလေးကို ပေးထားတဲ့ ကတိပေမယ့်လည်း သူစောင့်ထိန်းမှာပဲ လို့ သူတို့ ပြောကြတယ်။” ပြောရင်း စကွိုင်းယားက ပုခုံးကို တွန့်ပြသည်။

တွမ်သည် အိမ်ဖြစ်လာတော့မည့် အဆောက်အဦး၏ အနိမ့်ပိုင်း နံရံကို ကြည့်နေသည်။ သူသည် မိသားစု တစ်ခုလုံးကို ဆောင်းရာသီတစ်ခုလုံးကို နေထိုင်ဖြတ်သန်းနိုင်ရန် ငွေကြေး အလုံအလောက် မစုဆောင်းရသေးပေ။ တွမ်သည် ကျောရိုးထဲ စိမ့်သွားလောက်အောင် အခြေအနေမှန်ကို သတိပြုမိသွားသည်။ “ကောင်လေးက ဒီနေရာမှ အတူနေဖို့ အခြားမိန်းမ တစ်ယောက်ကို ရှာချင် ရှာမှာပေါ့။ သူ့အတွက် ကောင်တီ တစ်ခုလုံး ရွေးစရာ ရှိတာပဲ။”

ထိုအချိန်တွင် အဲဖရက်က အက်ကွဲနေသော လူပျိုပေါက် အသံကြီးဖြင့် ဝင်ပြောသည်။ “ဘုရားသခင်။ သူလာပြီ ထင်တယ်။” အားလုံးက သူ၏ အကြည့် ဦးတည်ရာ ကွင်းပြင်၏ အခြားတစ်ဖက်ကို လိုက်၍ ကြည့်ကြသည်။ ရွာဖက်မှ မြင်းတစ်ကောင် လမ်းတစ်လျှောက်ရှိ မြေကြီးများ ဖုန်မှုန့်များကို ကန်ထုတ်ရင်း ဒုန်းစိုင်း၍ ပြေးလာသည်။ အဲဖရက်၏ စကားမှာ မြင်း၏ အရွယ်အစားနှင့် အရှိန်နှုန်းပေါ် မူတည်၍ ပြောခြင်း ဖြစ်သည်။ ထိုမြင်းမှာ အလွန်ပင် ကြီးမားသည်။ တွမ်အနေနှင့် ထိုသို့သော မြင်းအရွယ်အစားကို မြင်ဖူးသော်လည်း အဲဖရက် အနေနှင့် မြင်ဖူးဟန် မတူပေ။ ထိုမြင်းမှာ စစ်မြင်းဖြစ်ပြီး ကုန်းနှီးတင်ရာ နေရာမှာ ယောက်ျားကြီးတစ်ယောက်၏ မေးစေ့မျှ အမြင့်ရှိပြီး အရွယ်အစားမှာလည်း ကျယ်ပြန့်သည်။ ထိုသို့သော စစ်မြင်းများမှာ အင်္ဂလန်တွင် မွေးဖွားခြင်း မဟုတ်ဘဲ ပြည်ပမှ တင်သွင်းလေ့ ရှိကာ အလွန်တရာပင် ဈေးကြီးလှသည်။

တွမ်သည် သူ၏ ကျန်ရှိနေသော ပေါင်မုန့်ကို အေပရွန် အိတ်ကပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် နေရောင်ခြည်၏ ဒဏ်ကို ခံနိုင်ရန် မျက်လုံးကို မှေးစင်းပြီး ကွင်းပြင်ကို ဖြတ်၍ စိုက်ကြည့်လိုက်သည်။ မြင်း၏ နားရွက်များမှာ နောက်သို့လန်နေပြီး နှာမှုတ်နေသည်။ သို့သော် ခေါင်းမှာ အပေါ်သို့ ကောင်းစွာမော့နေသဖြင့် တွမ်၏ မှန်းဆချက်အရ လုံးဝ ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး မဟုတ်ပေ။ စီးနင်းလာသူမှာ နောက်သို့ ယိမ်းနေပြီး ဇက်ကြိုးကို တင်းတင်းဆွဲထားသဖြင့် မြင်းမှာ အနည်းငယ်မျှ နှေးကွေးသွားသည်ကို နီးကပ်လာသည် နှင့်အမျှ အသေအချာ တွေ့ရသည်။ တွမ်သည် မြင်းခွာ၏ ရိုက်ခတ်သံများကို သူ၏ ခြေထောက်အောက်ရှိ မြေကြီးပေါ်မှ တဆင့် ခံစားရသည်။ သူသည် မာသာကို လှည့်ပတ်၍ ရှာကြည့်မိပြီး သူမကို ပွေ့ချီ၍ အန္တရာယ်ကင်းရာ နေရာတွင် ထားရှိရန် အတွက် တွေးမိသည်။ အက်ဂနက်စ်ကလည်း ထိုသို့ပင်တွေးမိသည်။ သို့သော် မာသာ မည်သည့်နေရာသို့ ရောက်နေသနည်း ဆိုသည်ကို မသိချေ။

“ဂျုံခင်းထဲမှာ။” ဟု အက်ဂနက်စ် ကပြောသည်။ သို့သော် တွမ်က ထိုသို့ပင် မှန်းဆပြီးပြီ ဖြစ်သဖြင့် အိမ်ဆောက်ရာ နေရာကို ခြေလှမ်းကျဲကြီးများဖြင့် ဖြတ်၍ လယ်ကွင်း အစွန်းသို့ လျှောက်သွား လိုက်သည်။ သူသည် အသည်းနှလုံးထဲမှ ကြောက်ရွံ့စိတ်ဖြင့်ပင် ယိမ်းနွဲ့နေသော ဂျုံပင်များကို လှည့်ပတ်ကြည့်မိသော်လည်း ကလေးငယ်ကို သူ မမြင်တွေ့ နိုင်ပေ။

သူ့အနေနှင့် လုပ်နိုင်သည်မှာ မြင်းကို အရှိန်နှေးကွေးသွားအောင် ကြိုးစားရန်သာ ဖြစ်သည်ဟု စဉ်းစားမိသည်။ သူသည် လမ်းပေါ်သို့ တက်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ဖြန့်ကား၍ အရှိန်ဖြင့် လာနေသည့် တိရိစ္ဆာန်ကြီး ထံသို့ စတင်၍ လျှောက်လှမ်းတော့သည်။ မြင်းက သူ့ကို မြင်သဖြင့် ကောင်းကောင်း မြင်ရရန် အတွက် ခေါင်းကို မော့ကြည့်ပြီး နားလည်သည့် ပမာ အရှိန်ကို လျှော့သွားသည်။ သို့သော် တွမ်၏ ထိတ်လန့်မှုကို ဖြစ်စေသည်မှာ စီးနင်းသူက မြင်းကို သံဖနောင့်ဖြင့် ထိုးလိုက်သည့် အတွက် ဖြစ်သည်။

“သောက်ရူး” စီးနင်းလာသူ မကြားနိုင်သော်လည်း တွမ်က ဟစ်အော်လိုက်သည်။

ထိုအချိန်တွင် မာသာသည် လယ်ကွင်းထဲမှ ထွက်လာ၍ တွမ်၏ အရှေ့ ကိုက်အနည်းငယ်အကွာ လမ်းမပေါ်သို့ တက်လာသည်။

တွမ်သည် ခဏမျှ အကြာ ထိတ်လန့်မှုဖြင့် ကြက်သေသေ နေခဲ့သည်။ ထို့နောက် သူသည် ရှေ့ဖက်သို့ ခုန်ထွက်ပြီး သူ၏ လက်များကို ဝှေ့ယမ်းရင်း ဟစ်အော်လိုက်သည်။ သို့သော် ဤမြင်းမှာ လူအုပ်၏ ဟစ်အော်သံများ အတွင်း အရှိန်ပြင်းပြင်း လှုပ်ရှားရန် လေ့ကျင့်ပေးထားသည့် စစ်မြင်းဖြစ်သဖြင့် အနည်းငယ်မျှ ပင် တုန်လှုပ်ဟန် မပြပေ။ မာသာသည် လမ်းကျဉ်းကလေး၏ အလယ်တွင် ရပ်နေပြီး သူမထံသို့ ကြောက်မယ်ဖွယ်ရာ အရှိန်ဖြင့် ပြေးဝင်လာသည့် သတ္တဝါကြီးကို ကြက်သေသေ၍ ငေးစိုက်ကြည့်နေသည်။ ထိုအချိန်မှာပင် တွမ်အနေနှင့် သတ္တဝါကြီး ထက်အရင် သူမထံသို့ မရောက်ရှိနိုင်ကြောင်း စိတ်ပျက်လက်ပျက် သဘောပေါက်လိုက်သည်။ သူသည် ဘေးသို့ရှောင်တိမ်းလိုက်ပြီး သူ၏လက်မောင်းများက ထောင်မတ်နေသော ဂျုံပင်များနှင့် သွား၍ ထိမိသည်။ နောက်ဆုံးအချိန်ကလေး ကျမှပင် မြင်းသည် အခြားတစ်ဖက်သို့ ရှောင်တိမ်းသွားသည်။ မြင်းစီးသူ၏ ခြေနင်းကွင်းက မာသာ၏ ဆံနွယ်နု လေးများကို ပွတ်တိုက်သွားပြီး မြင်းခွာတစ်ခုက သူမ၏ ဖိနပ်မပါသော ခြေထောက်များ ဘေး မြေကြီးပေါ်တွင် တွင်းဝိုင်းတစ်ခုကို ဖြစ်ပေါ်သွား စေသည်။ ထို့နောက် သူတို့နှစ်ဦးစလုံး အပေါ်တွင် ဖုန်မှုန့်များကို ဖြန့်ကျဲသွားရင်း် မြင်းက ဖြတ်ကျော်သွားသည်။ တွမ်က သူမကို လက်မောင်းများအတွင်း အလျင်စလို ပွေ့ချီလိုက်ပြီး သူ၏ အခုန်မြန်နေသော နှလုံးသားနှင့် ဖိကပ်ထားလိုက်သည်။

သူသည် ခဏမျှကြာအောင် မလှုပ်မရှက် ရပ်နေမိသည်။ စိတ်သက်သာရ သွားသည်။ သို့သော် ခန္ဓာကိုယ်ထဲမှ အားအင် ကုန်ခန်း သွားသလို ခံစားရသည်။ မျက်ရည်များ ဝဲလာသည်။ ထို့နောက်တွင် သူသည် ဤကြီးထွားလှသော စစ်မြင်းကြီးပေါ်မှ အသုံးမကျသော လူငယ်၏ မဆင်မခြင် ပြုမှုအတွက် ဒေါသများ အလိပ်လိုက်ထွက်လာသည်။ သူသည် ဒေါသတကြီးပင် မော့ကြည့်လိုက်သည်။ လော့ဒ်ဝီလီယံမှာ မြင်းကုန်းနှီးပေါ်တွင် နောက်မှီထိုင်ရင်း ခြေနင်းကွင်းကို သူ၏ ခြေထောက်များဖြင့် ရှေ့သို့တွန်းကာ ဇက်ကြိုးကို လှုပ်ရင်း မြင်းကို အရှိန်သတ်နေသည်။ မြင်းသည် အဆောက်အဦး ဆောက်နေသော နေရာကို ရှောင်ကွင်းပြီး ဘေးသို့ တိမ်းရှောင် သွားသည်။ ထို့နောက် ခေါင်းကို ဆတ်ကနဲခါပြီး ခွာနှစ်ဖက်လုံးဖြင့် ခုန်ပေါက်လိုက်သော်လည်း ဝီလီယံက မြင်းပေါ်မှာပင် ရှိနေသည်။ သူက မြင်းကို အသားကျပြေးသော အနေအထားမှ တဆင့် ရွရွပြေးသော အနေအထားအထိ အရှိန်ကို လျှော့ချပြီး စက်ဝိုင်းအကြီးကြီး တစ်ခုပမာ လှည့်ပတ်စီးနေသည်။

မာသာက ငိုနေသည်။ တွမ်သည် သူမအား အက်ဂနက်စ် သို့လှမ်းပေးပြီး ဝီလီယံအား စောင့်နေသည်။ လော့ဒ် လူငယ်မှာ အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းကာ အသက် နှစ်ဆယ် အရွယ်ခန့်မျှ ရှိသည်။ သူ့တွင် အဝါရောင်ဆံပင်များနှင့် နေကို အမြဲတမ်း စိုက်ကြည့်နေသည့်ပမာ ကျဉ်းမြောင်းသည့် မျက်လုံးများ ရှိသည်။ သူသည် အနက်ရောင် လက်မပါသည့် သင်တိုင်း အင်္ကျီ အတိုကို အနက်ရောင် ခြေအိတ်ရှည်ဖြင့် တွဲဖက်ဝတ်ဆင်ထားပြီး သူ၏ သားရေဖိနပ်ရှည်၏ ကြိုးများမှာ ဒူးခေါင်းအထိ ကြက်ခြေခတ်များ သဏ္ဍန် ချည်ထားသည်။ ခုနဖြစ်ခဲ့သည့် အဖြစ်အပျက်သည် သူ့အတွက် တုန်လှုပ်စရာ မဟုတ်သည့်ပမာပင် သူသည် မြင်းပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည်။ ဒီအရူးကလေးက သူဘာလုပ်ခဲ့တယ် ဆိုတာကို သိပုံမပေါ်ဘူး။ ငါတော့ ဒီကောင့်ကို လည်လိမ်ချိုး ပစ်ချင်တယ် ဟု တွမ်က ခါးခါးသီးသီး တွေးနေမိသည်။

ဝီလီယံက သူ၏မြင်းကို သစ်ပုံရှေ့တွင် ရပ်လိုက်ပြီး ဆောက်လုပ်ရေး အလုပ်သမားများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် “ဘယ်သူ တာဝန်ခံလဲ ဟေ့။” ဟု သူက မေးသည်။

တွမ်ကတော့ ငါ့သမီးလေးသာ နာသွားရင်တော့ ငါမင်းကို သတ်မှာပဲ ဟု ပြောချင်နေသော်လည်း သူ၏ ဒေါသကို ချုပ်ထိန်းလိုက်သည်။ ခါးသက်သည့် အစားတစ်လုပ်ကို ပါးစပ်အပြည့် မျိုလိုက်ရသည့်ပမာပင် ခံစားရသည်။ သူက မြင်းအနီးသို့ ချဉ်းကပ်သွားပြီး မြင်း၏ ချပ်ကြိုးများကို ဆွဲလိုက်သည်။
“ငါက ဒီမှာ ဆောက်လုပ်ရေးမှူး။ ငါ့နာမည် တွမ်လို့ ခေါ်တယ်။” ဟု တွမ်က တင်းတင်းမာမာပင် ပြောသည်။
“ဒီအိမ်ကို ဆက်ဆောက်ဖို့ မလိုတော့ဘူး။ မင်းလူတွေ အားလုံးကို အလုပ်ဖြုတ်လိုက်တော့။” ဟု ဝီလီယံက ပြောသည်။

ွှဤအရာသည် တွမ် အကြောက်ရွံ့ဆုံး အရာပင်ဖြစ်သည်။ သို့သော် ဝီလီယံသည် သူ၏ ရုတ်ချည်း ဖြစ်ပေါ်လာသော ဒေါသအပေါ် အခြေပြုပြီး ဖြစ်ပေါ်လာသည်ဟု သူ၏ စိတ်ထဲတွင် မျှော်လင့်ထားပြီး သူ၏ စိတ်ကို ပြောင်းသွားအောင် သွေးဆောင်နိုင်သေးသည်ဟု ထင်ထားသည်။ တွမ်က ကြိုးစားပြီး သူ၏ လေသံကို မိတ်ဆွေတစ်ယောက်က မျှမျှတတ ပြောသည့် လေသံပမာ ပြောင်းလဲလိုက်သည်။ “အိမ်က အတော်များများကို လုပ်ပြီးနေပြီ။ သုံးထားသမျှတွေ ဘာလို့ အလကား အဖြစ်ခံမှာလဲ။ တစ်နေ့ကျရင်တော့ မင်းဒီအိမ်ကို လိုမှာပဲ မဟုတ်ဘူးလား။” ဟု ပြောသည်။

“ဆောက်လုပ်ရေးဆရာ တွမ်။ ငါ့ကိစ္စကို ဘယ်လို လုပ်ပါလို့ မင်းပြောစရာ မလိုဘူး။ မင်းတို့ အားလုံးကို အလုပ်ဖြုတ်လိုက်ပြီ။” ဟု ဝီလီယံက ပြောသည်။ ထို့နောက်သူက ဇက်ကြိုးကို ဆောင့်ဆွဲလိုက်သည်။ သို့သော် တွမ်က မြင်း၏ ချပ်ကြိုးကို ကိုင်ထားသည်။ “ငါ့မြင်းကို လွှတ်ပေးစမ်း။” ဟု ဝီလီယံက ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် ပြန်ပြောသည်။

တွမ်က တံတွေးမျိုချလိုက်သည်။ ဝီလီယံက သူ့မြင်း၏ ခေါင်းကို ထောင်မတ်ရန် ကြိုးစားချိန်တွင် တွမ်က သူ၏ အေပရွန် အိတ်ကပ်အတွင်းသို့ နှိုက်၍ စမ်းပြီး သူစားနေသော ပေါင်မုန့်၏ အနားသားကို ထုတ်ယူလိုက်သည်။ သူက မြင်းကို ပြလိုက်သော အခါတွင် မြင်းက ခေါင်းကို ငုံ့ပြီး တစ်ကိုက်ကိုက်စားသည်။ “လော့ဒ်။ မင်းမသွားခင် ပြောစရာတွေ ကျန်သေးတယ်။” ဟု သူက သက်တောင့်သက်သာ ပင် ပြောလိုက်သည်။

“ငါ့ရဲ့မြင်းကို လွှတ်ပေးစမ်း။ ဒါမှမဟုတ်ရင် ငါမင်းခေါင်းကို ဖြုတ်ပစ်ရလိမ့်မယ်။” ဟု ဝီလီယံက ပြောသည်။ တွမ်က သူ့အား တည့်တည့် ကြည့်လိုက်ပြီး သူ၏ ကြောက်ရွံ့မှုကို မမြင်အောင် ကြိုးစားဖုံးကွယ်နေသည်။ သူသည် ဝီလီယံထက် ခန္ဓာကိုယ် အရွယ်အစား ကြီးသည်။ သို့သော် လော့ဒ်လူငယ်က သူ၏ ဓားကို ထုတ်လိုက်ပါက ထိုကွာခြားချက်သည် ဘာမှ အသုံးဝင်လိမ့်မည် မဟုတ်ပေ။

“လော့ဒ် ပြောတဲ့အတိုင်း လုပ်လိုက်ပါ ယောက်ျားရေ။” ဟု အက်ဂနက်စ်က အသံတိုးတိုးဖြင့် ကြောက်ရွံ့စွာ လှမ်းပြောသည်။

အားလုံး ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ အခြားအလုပ်သမားများကလည်း ကျောက်ရုပ်ပမာပင် ရပ်တန့်၍ ကြည့်နေကြသည်။ နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်သော အလုပ်မှာ အလျှော့ပေးလိုက်ရန် ဖြစ်သည်ကို တွမ်သိသည်။ သို့သော် ဝီလီယံသည် တွမ်၏ ကလေးမကလေးကို နင်းခြေလုနီးပါး ဖြစ်သွားသည့် အဖြစ်က တွမ်ကို ဒေါသဖြစ်စေသည်။ ရင်တုန်ပန်းတုန် ဖြင့်ပင် တွမ်က ပြောသည်။ “ မင်းငါတို့ကို ပေးရဦးမယ်။”

ဝီလီယမ်က ဇက်ကြိုးကို ဆွဲသော်လည်း တွမ်ကချပ်ကြိုးကို ကိုင်ထားသည်။ မြင်း၏ စိတ်က အခြားနေရာသို့ ရောက်နေသည်။ တွမ်၏ အိတ်ကပ်ကို နှာခေါင်းဖြင့် ဝှေ့ပြီး နောက်ထပ်အစာကို ရှာနေသည်။ “ငါ့ရဲ့ အဖေဆီက တောင်း။” ဟု ဝီလီယမ်က ဒေါသဖြစ်စွာပင် ပြောသည်။

“ကျုပ်တို့ အဲဒီအတိုင်း လုပ်ပါ့မယ်။ ကျေးဇူးအများကြီး တင်ပါတယ် လော့ဒ်” ဟု လက်သမားဆရာက ကြောက်ရွံ့သော အသံဖြင့် ပြောနေသည်ကို တွမ်ကြားရသည်။

အလကား သူရဲဘောကြောင်တဲ့ကောင် ဟု တွမ်က တွေးနေသော်လည်း သူကိုယ်တိုင်မှာမူ တုန်လှုပ်နေသည်။ သို့သော်လည်း သူ့ဘာသာသူ အားတင်း၍ “မင်း ငါတို့ကို အလုပ်ဖြုတ်ချင်တယ် ဆိုရင် ထုံးစံ အတိုင်းတော့ ပေးရမှာပဲ။ မင်းအဖေရဲ့ အိမ်က ဒီကနေ နှစ်ရက်လောက် လမ်းလျှောက်ရတယ်။ ငါတို့ရောက်တဲ့အချိန်မှာလည်း သူရှိချင်မှ ရှိမှာ။” ဟု ပြောသည်။

“လူတွေက ဒီလောက်နဲ့တောင် သေချင်ကြတယ်။” ဟု ဝီလီယမ်က ပြောသည်။ သူ၏ ပါးနှစ်ဖက်မှာ ဒေါသကြောင့် နီရဲနေသည်။

စကွိုင်းယားက သူ့ဓား၏ ဓားရိုးပေါ်သို့ လက်တင်လိုက်သည်ကို တွမ်သည် သူ၏ မျက်လုံးထောင့်မှ လမ်းမြင်လိုက်ရသည်။ သူ့အနေနှင့် အခုအချိန်တွင် လက်လျှော့၍ အသာကလေး ကုပ်နေသင့်သည်ကို တွမ် သိသည်။ သို့သော် သူ၏ ဝမ်းတွင်မှ ဒေါသ အစိုင်အခဲက ခေါင်းမာစွာ ရှိနေဆဲ ဖြစ်ပြီး ကြောက်လည်း ကြောက်ရွံ့နေသဖြင့် သူသည် ချပ်ကြိုးကို မလွှတ်ရဲအောင် ဖြစ်နေသည်။ “ငါတို့ ကို အရင် ပေး။ ပြီး မှ သတ်ချင်သတ်လိုက်။” ဟုတွမ်က ဂရုမစိုက်သည့် ပုံစံဖြင့် ပြန်ပြောသည်။ “ အဲဒီအတွက် မင်းကြိုးပေးခံရင်လည်း ခံရမယ်။ မခံရရင်လည်း မခံရဘူး။ ဒါပေမယ့် အနှေးနဲ့ အမြန်တော့ မင်းသေမှာပဲ။ အဲဒီကျရင် ငါက နတ်ပြည်ရောက်ပြီး။ မင်းက ငရဲပြည် ရောက်မှာ။ ” ဟု တွမ်က ဆက်ပြောသည်။

ဝီလီယံက နှုတ်ခမ်းကို တွန့်ရင်း မဲဲ့ပြုံးပြုံးနေရာမှ သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်သွားသည်။ တွမ်က ကြည့်ရင်း အံ့အားသင့်သွားသည်။ ဘာကြောင့်များ ဒီကောင်လေး ဒီလောက်တောင် ကြောက်လန့် သွားရတာလဲ။ ကြိုးပေးသတ်တဲ့ အကြောင်းကို ပြောလိုက်လို့တော့ မဖြစ်နိုင်ပါ။ လက်မှုပညာသည် တစ်ယောက်ကို သတ်မှုဖြင့် လော့ဒ်တစ်ယောက်ကို ကြိုးပေးမယ် ဆိုတာက ဖြစ်နိုင်ခြေ မရှိတဲ့ ကိစ္စတစ်ခုပါ။ သူ ငရဲကိုများ ကြောက်တာလား။

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး တစ်ခဏတာမျှ စိုက်ကြည့်နေကြသည်။ တွမ်က ဝီလီယံ၏ ဒေါသနှင့် သရော်လှောင်ပြောင်မှုများ အရည်ပျော် ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှု သောကများ အဖြစ် ပြောင်းလဲသွားသည်ကို အံ့အားသင့်သော်လည်း စိတ်သာရာ ရသွားသော အကြည့်မျိုးဖြင့် ကြည့်နေသည်။ နောက်ဆုံးတွင်တော့ ဝီလီယံသည် သူ၏ခါးပတ်မှ သားရေပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး သူ၏ စကွိုင်းယားကို ပစ်ပေးလိုက်သည်။ “သူတို့ကို ပေးစရာရှိတာ ပေးလိုက်။” ဟုလည်း ဆက်ပြောသည်။

ထိုအခိုက်တွင် တွမ်က သူ၏ ကံကောင်းနေခြင်းကို တဆင့်တက်၍ စမ်းသပ်လိုက်သည်။ ဝီလီယံက ဇက်ကြိုးများကို ဆွဲလိုက်သောအခါ သူ၏မြင်းက သန်မာသော ခေါင်းကို မော့လိုက်ပြီး ဘေးသို့ ခြေလှမ်း ရွှေ့လိုက်သည်။ တွမ်က မြင်းအနောက်သို့ လိုက်ရွှေ့ရင်း ချပ်ကြိုးများကို ဆွဲကာ ပြောလိုက်သည်။

“အချိန်မတန်ခင် အလုပ်ဖြုတ်တဲ့အတွက် တစ်ပတ်စာပေးရမယ်။ ဒါထုံးစံပဲ။”

သူ၏ အနောက်တွင် ရှိနေသော အက်ဂ်နက်စ် ထံမှ အသက်ပြင်းပြင်း ရှူသွင်းလိုက်သံကို တွမ် ကြားလိုက်ရသည်။ ဝီလီယမ်နှင့် ထိပ်တိုက်တွေ့သည့် အချိန်ကို ဆွဲဆန့်နေခြင်းသည် ရူးသွပ်သည့် အပြုအမူသာ ဖြစ်သည်ဟု သူမတွေးနေမည် ဖြစ်ကြောင်း သူသိသည်။ သို့သော်လည်း သူက ဆက်ပြောလိုက်သည်။

“အလုပ်သမားတွေ အတွက်က ၆ ပဲနိ၊ လက်သမား ဆရာတွေနဲ့ ပန်းရန်ဆရာတွေ အတွက်က ၁၂ ပဲနိစီ၊ ငါ့အတွက်ကတော့ ၂၄ ပဲနိ၊ အားလုံးပေါင်းရင် ၆၆ ပဲနိ ပေးရမယ်။”
တွမ်သည် သူသိသမျှသော အခြားလူတွေထက် ပဲနိများကို ပို၍ မြန်မြန်ဆန်ဆန် ပေါင်းနိုင်သည်။ စကွိုင်းယားက သူ၏ သခင်ကို စူးစမ်းသလို အကြည့်မျိုးဖြင့် ကြည့်နေသည်။

“ကောင်းပြီ။” ဝီလီယံက ဒေါသတကြီး အသံဖြင့် ပြန်ပြောသည်။ တွမ်က ချပ်ကြိုးကို လွှတ်၍ နောက်သို့ ဆုတ်ပေးလိုက်သည်။

ဝီလီယံက မြင်းကိုလှည့်ပြီး ခြေဖြင့် ပြင်းပြင်း တစ်ချက် ကန်လိုက်သည်။ မြင်းက ဂျုံခင်းများအတွင်းမှ ဖြတ်၍ ရှိနေသော လမ်းကြောင်းတလျှောက် ပြေးထွက်သွားလေသည်။

တွမ်က သစ်ပုံပေါ်တွင် ရုတ်တရက် ထိုင်ချလိုက်သည်။ သူ့ဘာသာသူ ဘာဖြစ်နေသလဲဟု ပြန်စဉ်းစားနေမိသည်။ တကယ်တော့ လော့ဒ်ဝီလီယံကို ဤသို့ ကလန်ကဆန် ပြုခြင်းမှာ ရူးသွပ်မှုသာလျှင် ဖြစ်သည်။ သူအသက်ရှင် ကျန်ခဲ့သည်မှာ ကံကောင်းသည်။ ဝီလီယံ၏ စစ်မြင်းမှ မြင်းခွာသံများမှာ အဝေးက မိုးကြိုးသံပမာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားသည်။ သူ၏ စကွိုင်းယားက သစ်သားပြား တစ်ခုပေါ်သို့ ပိုက်ဆံ အကုန်လုံးကို သွန်ချလိုက်သည်။ ငွေရောင် ပဲနိစေ့များက နေရောင်ခြည်တွင်းသို့ သွန်ထွက် ကျလာသည်ကို ကြည့်ရင်း တွမ်၏ စိတ်ထဲတွင် အောင်ပွဲတစ်ခုလိုပင် ခံစားလိုက်ရသည်။ သူ လုပ်ခဲ့တဲ့ အလုပ်က ရူးတာ မှန်ပေမယ့် အလုပ်တော့ ဖြစ်သားပဲဟု တွေးမိသည်။ သူနှင့် သူ့အောက်မှ အလုပ်လုပ် နေသူများ အတွက် လုပ်ခကို သူ ရအောင် တောင်း နိုင်ခဲ့သည်။

“လော့ဒ် ပေမယ့်လည်း ထုံးစံကိုတော့ လိုက်နာရမှာပဲ။” တွမ်က သူ့ဘာသာသူ ပြန်ပြောသလို မပီမသ ရေရွတ်လိုက်သည်။ အက်ဂ်နက်စ်က သူပြောတာကို ကြားသွားပြီး “ရှင် လော့ဒ်ဝီလီယံအတွက် ဘယ်တော့မှ အလုပ်မလုပ်ချင်တော့ဘူး ထင်ပါရဲ့။” ဟု အငေါ်တူးသံဖြင့် ပြန်ပြောသည်။

တွမ်က သူမကို ပြုံးပြလိုက်သည်။ သူမထိုသို့ ဆိုးဆိုးရွားရွား ပြန်ပြောသည်မှာ ကြောက်ရွံ့နေ၍ ဖြစ်ကြောင်း သူ သဘောပေါက်ပြီး ဖြစ်သည်။

“သိပ်ပြီး မျက်မှောင် ကြုတ်မနေနဲ့။ ကလေးမွေးလာရင် မင်းရဲ့ နို့ထဲမှာ နို့ခဲတွေကလွဲပြီး ဘာမှ မရှိဘဲ ဖြစ်နေဦးမယ်။”
“ရှင် ဆောင်းတွင်း အတွက် အလုပ်မရှာရင် ကျွန်မတို့ တစ်ယောက်မှ စားစရာ ရှိမှာ မဟုတ်ဘူး။” ဟု သူမက ပြောသည်။
ထိုအခါ “ဆောင်းတွင်းက အဝေးကြီး လိုပါသေးတယ်ကွာ။” ဟု တွမ်ကပြန်ပြောလိုက်သည်။

ဆက်ဖတ်ရန် စာအုပ်(၁) အပိုင်း(၁) အခန်း(၂)
မာတိကာသို့

No comments:

Post a Comment