Friday, May 21, 2010

စာအုပ်(၁) ၁၁၃၅-၁၁၃၆ အပိုင်း(၁) အခန်း(၂)

သူတို့သည် နွေရာသီ တခုလုံး ရွာတစ်ရွာတွင် နေခဲ့ကြသည်။ နောင်မှ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းသည် သူတို့အတွက် အလွန်ကြီးကျယ်သော အမှားတစ်ခု ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သီးနှံများကို ရိတ်သိမ်းချိန်တွင် တွမ်၊ အက်ဂ်နက်စ် နှင့် အဲဖရက်တို့ တစ်နေ့လျှင် တစ်ယောက် တပဲနိနှုန်းဖြင့် အလုပ်လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ထို ဆုံးဖြတ်ချက်မှာ သင့်လျော်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု ထိုအချိန်က သူတို့ တွေးဆခဲ့မိကြသည်။ ဆောင်းဦးကာလ ရောက်လာပြီး သူတို့ အခြားတစ်နေရာသို့ ဆက်လက် ထွက်ခွာရန် အချိန် ကျရောက်လာချိန်တွင်တော့ သူတို့တွင် ငွေရောင် ပဲနိများ အိတ်တစ်လုံး အတွင်း အလွန် လေးလံသည် အထိ စုဆောင်းမိ နေပြီ ဖြစ်ပြီး ဝဖြိုးသော ဝက်တစ်ကောင်လည်း ရှိနေပြီ ဖြစ်သည်။

သူတို့သည် ပထမဆုံးညကို ရွာတစ်ရွာရှိ ဘုရားရှိခိုးကျောင်း တစ်ခု၏ ဆင်ဝင်အောက်တွင် ကုန်ဆုံးခဲ့ကြသည်။ ဒုတိယညတွင်မူ ကျေးလက်ဘုန်းကြီးကျောင်း၏ ဧည့်ဝတ်ကျေပွန်မှုကို အခွင့်ကောင်းယူ၍ တည်းခိုခဲ့ကြသည်။ တတိယညတွင်မူ သူတို့သည် ချု တောအုပ်၏ အလည်ခေါင်တွင် ရောက်နေကြပြီ ဖြစ်သည်။ ထိုနေရာတွင် ကျယ်ပြောလှသော ထနောင်းချုံတောများ၊ ကြမ်းတမ်းသော သစ်တောများ ရှိပြီး လမ်းမှာ နွားလှည်တစ်စီး၏ အလျားမျှသာ ရှိသည်။ လမ်းဘေး တစ်ဖက်တစ်ချက်ရှိ ဝက်သစ်ချပင်များကြားတွင် နွေရာသီမှ လက်ကျန် သေဆုံးလုဆဲဆဲ သစ်ပင်များ ရှိနေသည်။

တွမ်သည် သူ၏ ကိရိယာ အသေးအမွှားများကို သားရေလွယ်အိတ်တွင် ထည့်၍ သယ်ဆောင်လာပြီး တူများကိုမူ သူ၏ ခါးပတ်တွင် ချိတ်ဆွဲလာသည်။ သူ၏ ခြုံထည် ဝတ်ရုံကိုမူ ဘယ်ဖက်လက်မောင်းအောက်တွင် အထုတ်ထုပ်၍ သယ်လာပြီး သံဆူးရှည် ကိုမူ ညာဖက်လက်မှ လမ်းလျှောက်တုတ်ပမာ အသုံးပြုရင်း သယ်လာခဲ့သည်။ သူကတော့ လမ်းမပေါ်သို့ နောက်တစ်ကြိမ် ပြန်ရောက်သည်ကို ပျော်ရွှင်နေသည်။ သူ၏ နောက်အလုပ်မှာ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းတော်ကြီး တစ်ခု ဆောက်လုပ်ရသော အလုပ် ဖြစ်နိုင်သည်။ သူ့အနေနှင့် လက်ကျန်ဘဝ တလျှောက်လုံးကို ထိုနေရာတွင် ဆောက်လုပ်ရေးမှူး အဖြစ် အချိန်ဖြုန်းသွားနိုင်သည်။ အလွန်တရာ ရင်သပ်ရှုမောဖွယ် ကောင်းသော ကက်သီဒရယ် ဘုရားရှိခိုးကျောင်းကို ဆောက်လုပ်သည့်အတွက် သူ ကောင်းကင်ဘုံသို့ တက်လှမ်း နိုင်မည်မှာလည်း အသေအချာပင် ဖြစ်သည်။

အက်ဂ်နက်စ်တွင်မူ သူတို့ပိုင်ဆိုင်သည့် အိမ်သုံးပစ္စည်း အနည်းငယ်ကို ဟင်းချက်သည့်အိုးအတွင်း ထည့်၍ နောက်ကျောတွင် လွယ်လာသည်။ အဲလ်ဖရက်ကမူ အခြားတနေရာတွင် သူတို့ အိမ်အသစ်ဆောက်ရန် အသုံးကျမည့် ပုဆိန်၊ တံစဉ်း၊ လွှ၊ တူအသေးကလေးတစ်ခု၊ သားရေနှင့် သစ်သားတို့ကို ဖောက်ရာတွင် သုံးသည့် ဖောက်စူးတစ်ခု နှင့် ဂေါ်ပြားတစ်ခု စသည့် ကိရိယာတို့ကို သယ်ဆောင်လာသည်။ မာသာကမူ ပစ္စည်းသယ်ဆောင်ရန်အတွက် အရွယ်မရောက်သေးသော်လည်း သူမ၏ ထမင်းစား ပန်ကန်လုံးနှင့် ထမင်းစား ဓားတို့ကို သူမ၏ ခါးပတ်တွင် ချည်၍ သယ်ဆောင်လာသည်။ သူမ၏ ဆောင်းတွင်း ဝတ်ရုံအင်္ကျီကိုမူ ကျောတွင် ချည်၍ သယ်ဆောင်လာခဲ့သည်။ သို့သော်လည်း သူတို့တွင် ပါလာသော ဝက်ကို ဈေးတွင် မရောင်းမချင်း လမ်းတလျှောက်တွင် မောင်းနှင်ရမည့်တာဝန်ကို သူမကို ပေးထားသည်။

သူတို့အားလုံး မဆုံးနိုင်သော သစ်တောအုပ်အတွင်း ဖြတ်လျှောက်လာချိန်တွင် တွမ်က အက်ဂ်နက်စ်ကို ဂရုတစိုက် ကြည့်ရှုလာသည်။ သူမသည် ကိုယ်ဝန်ဆောင် သက်တမ်း အတော်အသင့် ရှိနေပြီ ဖြစ်၍ သူမ၏ ဝမ်းဗိုက်အတွင်းတွင် အတော်အတန်လေးသော အလေးချိန်တစ်ခုကို သယ်ဆောင်နေရပြီး သူမ၏ ကျောပေါ်မှ အထုတ်အပိုးကိုလည်း သယ်ဆောင်နေရသေးသည်။ သို့သော် သူမကို ကြည့်ရသည်မှာ ပင်ပန်းဟန် မပြပေ။ အဲဖရက်သည်လည်း သူ့ဘာသာသူ အဆင်ပြေနေသည်။ သူ၏ အရွယ်မှာ ယောက်ျားလေးများ သူတို့တွင်ရှိသော စွမ်းအင်ကို သူတို့ သုံးတတ် သလောက်ထက် ပို၍ ရှိနေတတ်သော အရွယ် ဖြစ်သည်။ မာသာ တစ်ယောက်သာ ပင်ပန်းဟန် ပြသည်။ သူမ၏ သေးသွယ်သော ခြေထောက်များမှာ ပေါ့ပေါ့ပါးပါး ပြေးလွှားဆော့ကစားရန်အတွက်သာ ဖြစ်ပြီး ခရီးရှည် လမ်းလျှောက်ရန်အတွက် မဟုတ်ပေ။ ထို့ကြောင့် သူမမှာ အမြဲတမ်း နောက်တွင် ကျန်နေခဲ့တတ်သည်။ ထိုအခါတွင် သူမနှင့် ဝက်တို့ သူတို့နောက်ကို မီလာရန်အတွက် အခြားလူများက ရပ်တန့်ပြီး စောင့်ဆိုင်းနေရသည်။

သူတို့ ထိုသို့ လမ်းလျှောက်လာချိန်တွင် တွမ်သည် သူတစ်နေ့ဆောက်ရမည့် ကက်သီဒရယ် ဘုရားရှိခိုး ကျောင်းတော်ကြီး အကြောင်းကို တွေးလာသည်။ သူသည် အမြဲတမ်းပင် မုခ်ခုံးကို စ၍ ပုံဖော်ကြည့်သည်။ ထိုအရာမှာ အလွန် ရိုးရှင်းသော အရာပင် ဖြစ်သည်။ တည့်တည့်မတ်မတ် ထောင်ထားသော တိုင် ၂တိုင်က စက်ဝိုင်းခြမ်းပုံကို ထောက်ကန်ထားခြင်း ပင်ဖြစ်သည်။ နောက်တော့ သူသည် ဒုတိယ မုခ်ခုံးကို စိတ်ကူး ကြည့်သည်။ ပထမမုခ်ခုံးနှင့် အတူတူ ပင်ဖြစ်သည်။ သူသည် ထိုမုခ်ခုံးနှစ်ခုကို စိတ်အတွင်း အတူတကွ တွဲဆက်ကြည့်ပြီး ရှည်လားသော မုခ်ခုံးတစ်ခု အဖြစ် မြင်ယောင်ကြည့်သည်။ ထို့နောက် သူသည် နောက်ထပ် မုခ်ခုံး တစ်ခုထပ်၍ ထည့်ကြည့်သည်။ နောက်တစ်ခု ထပ်ထည့်ကြည့်သည်။ ပြီးတော့ နောက်တစ်ခု ထည့်ကြည့်သည်။ ထို့နောက် သူ့စိတ်ကူးထဲတွင် အတန်းကြီး တစ်တန်းဖြစ်သွားအောင် နောက်ထပ် မုခ်ခုံးအများကြီး ထပ်ထည့်ကြည့်သည်။ ထိုအရာအားလုံး တွဲဆက်လိုက်သော အခါတွင် လှိုဏ်ခေါင်းကြီး တစ်ခုပမာ ဖြစ်သွားသည်။ ဤအရာသည် အဆောက်အဦး တစ်ခု၏ အနှစ်သာရပင်ဖြစ်သည်။ ထိုအဆောက် အဦးတွင် မိုးရေဒဏ်မှ ကာကွယ်ရန် အမိုးတစ်ခု ရှိပြီး အမိုးကို ထောက်ကန်ထားရန် နံရံနှစ်ဖက် ရှိသည်။ တကယ်တော့ ဘုရားရှိခိုးကျောင်း ဆိုသည်မှာ လှိုဏ်ခေါင်းတစ်ခုကို အလှဆင် ပြင်ဆင် ဆောက်လုပ်ထားခြင်းသာ ဖြစ်သည်ဟု သူတွေးမိသည်။

လှိုဏ်ခေါင်းသည် မှောင်မည်းသည်။ ထို့အတွက် ပထမဆုံး ပြင်ဆင်ရန် လိုအပ်သည်မှာ ပြတင်းပေါက်များပင် ဖြစ်သည်။ အကယ်၍ နံရံများကသာ ခိုင်ခံ့မည်ဆိုပါက ၄င်းတို့အတွင်းတွင် အပေါက်များ ဖောက်နိုင်သည်။ အပေါက်များမှာ ထိပ်ပိုင်းတွင် ဝိုင်းစက်နေပြီး ဘေးနှစ်ဖက်မှာဖြောင့်တန်းကာ အောက်ပိုင်းတွင် ပြင်ညီ ဖြစ်နေမည်။ မူလ မုခ်ခုံးနှင့် ပုံစံအတူတူပင် ဖြစ်သည်။ မုခ်ခုံးများ၊ တံခါးများနှင့် ပြတင်းပေါက်များကို ပုံသဏ္ဍန် တစ်ခုတည်း ဆောက်လုပ်ခြင်းမှာ အဆောက်အဦးတစ်ခုကို လှပစေသော အကြောင်းတစ်ချက်ပင် ဖြစ်သည်။ ပုံစံတကျ ဖြစ်ခြင်းက အခြား အကြောင်းတစ်ချက် ဖြစ်သည်။ ထို့အတွက် တွမ်သည် ပုံစံတူပြီး အကွာအဝေး တူညီသောသော ပြတင်းပေါက် ၁၂ ပေါက်ကို လှိုဏ်ခေါင်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မြင်ယောင် ကြည့်သည်။

တွမ်က ပြတင်းပေါက် အပေါ်ရှိ ဖောင်းရစ်များကို စိတ်ကူးကြည့်သည်။ သိုု့သော် သူ၏ အာရုံစူးစိုက်မှုမှာ အမြဲ လွင့်ပျောက်သွားတတ်သည်။ သူ့ကို တစ်စုံတစ်ဦးက ကြည့်နေသည်ဟု ခံစားရ၍ ဖြစ်သည်။ သို့သော် ထိုအရာမှာ ရူးနှမ်းသော အတွေးသာလျှင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို ကြည့်ရှု နေသော အရာများမှာ တောအုပ်အတွင်း တင်းကြမ်းပြည့်နေသော ငှက်များ၊ မြေခွေးများ၊ ကြောင်များ၊ ရှဉ့်များ၊ ကြွက်ကြီးများ၊ ကြွက်ပေါက်စများ၊ ဖျံနှင့်တူသည့် ဝီဆယ်လ်ကောင်များ၊ မြွေပါများနှင့် ဗိုးကောင်များသာလျှင် ဖြစ်သည်။

သူတို့သည် နေ့လည်သို့ရောက်သောအခါ စမ်းချောင်းတစ်ခုဘေးတွင် ထိုင်ကြသည်။ သူတို့သည် သန့်ရှင်းနေသော ရေကို သောက်သုံးကြပြီး အေးစက်နေသော ဘေကွန်နှင့် တောအုပ်ထဲမှ ကောက်လာသော တောင်ဝှေးသီးများကို စားကြသည်။

နေ့လည်သို့ရောက်သော အခါတွင် မာသာမှာ မောပန်းလာသည်။ တစ်နေရာသို့ အရောက်တွင် သူမသည် သူတို့နောက်တွင် ကိုက်၁၀၀ ကျော်မျှ ပြတ်ကျန်ခဲ့သည်။ သူတို့သည် ရပ်၍ သူမ မှီလာသည် အထိ စောင့်နေကြသည်။ တွမ်က အဲဖရက် ထိုအရွယ်တုန်းက ပုံစံကို ပြန်၍ သတိရနေသည်။ သူသည် ချောမောပြီး ရွှေရောင်ဆံပင်ရှိရုံသာမက အားကောင်းမောင်းသန်ပြီး ရဲဝံ့သော ကောင်လေး တစ်ယောက် အဖြစ် ရှိနေခဲ့သည်။ မာသာက ဝက်ကို နှေးကွေးလွန်းသည့်အတွက် ကြိမ်းမောင်းနေသည်ကို ကြည့်ရင်း တွမ်၏ စိတ်ထဲတွင် ချစ်ခင် နှစ်သက်မှုနှင့် စိတ်မရှည်မှုတို့ ရော၍ ဖြစ်ပေါ်နေသည်။ ထိုအချိန်တွင် သူမ၏ အရှေ့ရှိ လမ်းဘေး ချုံပုတ်ထဲမှာ အရာတစ်ခု ထွက်လာသည်ကို မြင်ရသည်။ နောက်ထပ် ဖြစ်ပျက်သွားသော အရာများမှာ အလွန်လျှင်မြန်လှသဖြင့် တွမ်အနေနှင့် ယုံရခက်ခက်ပင် ဖြစ်နေသည်။ လမ်းမပေါ်တွင် ရုတ်တရက် ပေါ်လာသော လူက သူ၏ တင်းပုတ်ကို ပုခုံးထက်သို့ မြှောက်လိုက်သည်။ ကြောက်လန့်တကြား အော်လိုက်မည့် အသံက တွမ်၏ လည်ချောင်းဝသို့ ရောက်လာသည်။ သို့သော် သူ့ပါးစပ်က အသံမထွက်ခင်မှာပင် ထိုလူက သူ၏ တင်းပုတ်ဖြင့် မာသာကို လွှဲရိုက်လိုက်သည်။ တင်းပုတ်က သူမ၏ ခေါင်းဘေး တခြမ်းကို အပြည့်အဝထိသွားသည်။ တွမ်သည် စိတ်မသက်သာစရာ ရိုက်သံကို ကြားလိုက်ရသည်။ သူမသည် မြေကြီးပေါ်သို့ အရုပ်တစ်ရုပ် ပြုတ်ကျသည့်ပမာ လဲကျသွားသည်။

တွမ်က အနောက်ဘက် သူတို့ ရှိနေရာ နေရာသို့ လမ်းမအတိုင်း ပြေးသွားနေမိသည်ကို သူ့ဘာသာ သတိထားမိလိုက်သည်။ သူ၏ ခြေထောက်များက မာကျောသော မြေကြီးကို ဝီလီယံစီးသော စစ်မြင်း၏ ခွာများပမာပင် ရိုက်ခတ် သွားသည်။ သူ၏ ခြေထောက်ကို သူ့အား အမြန်ဆုံး သယ်ဆောင် သွားနိုင်စေရန် အားစိုက်ထုတ် နေသည်။ သူသည် ပြေးရင်း မည်သို့ ဖြစ်ပျက်နေသည်ကို ကြည့်နေမိသည်။ ထိုအရာမှာ ဘုရားရှိခိုးကျောင်း တစ်ကျောင်း၏ နံရံအမြင့်တွင် ရေးချယ်ထားသော ပန်းချီကား တစ်ချပ်ကို ကြည့်နေရ သကဲ့သို့ ပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူ့အနေနှင့် ထိုအဖြစ်အပျက်ကို ပြောင်းလဲရန် မည်သို့မျှ မတတ်နိုင်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ တိုက်ခိုက်သူမှာ ဥပဒေပြင်ပက တောပုန်းလူဆိုး တစ်ယောက် ဖြစ်သည်မှာ ယုံမှား သံသယ ဖြစ်ဖွယ်ရာ မရှိပေ။ သူသည် အညိုရောင် အင်္ကျီ ကို ဝတ်ဆင်ထားသော ဝဝပုပု လူတစ်ယောက် ဖြစ်သည်။ သူက တွမ်ကို တည့်တည့် ကြည့်လိုက်သော အခါတွင် အရုပ်ဆိုးစွာပင် အင်္ဂါချို့ယွင်း နေသည်ကို တွေ့ရသည်။ သူ၏ နှုတ်ခမ်းများကို အဖြတ်ခံထားရသည်။ လိမ်လည်ပြောဆိုခြင်း ပါဝင်သည့် ပြစ်မှုအတွက် အပြစ်ပေး ခံရခြင်း ဖြစ်ရမည်။ သူ၏ ပါးစပ်မှာ ယခုအခါတွင် ရွံစရာကောင်းအောင် အမြဲတမ်းရယ်ပြနေသည့် ပမာ ဖြစ်နေပြီး ပါးစပ်ဝန်းကျင်ကို တွန့်လိမ်နေသော အမာရွတ် တစ်ရှူးများက ဝိုင်းရံနေကြသည်။ အကယ်၍ မာသာ၏ မှောက်ရက် လဲကျနေသော ခန္ဓာကိုယ်သာ မြေကြီးပေါ်တွင် ရှိမနေပါက ထိုကြောက်မက်ဖွယ်ရာ ကောင်းသော မြင်ကွင်းက တွမ်ကို လမ်းတဝက်တွင် ရပ်တန့်သွားစေနိုင်မည် ဖြစ်သည်။

တောပုန်းက တွမ် ထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး ဝက်ကို စိုက်ကြည့်လိုက်သည်။ တခဏ အတွင်းမှာပင် သူသည် အောက်သို့ငုံ့ပြီး ဝက်ကို ကောက်ချီလိုက်သည်။ တွန့်လိမ်နေသော ဝက်ကို သူ၏ လက်မောင်း အောက်သို့ ထိုးထည့်လိုက်ပြီး ရှုပ်ထွေးနေသော လမ်းနံဘေး အောက်ခြေရှိ ချုံပုတ်များအတွင်း သို့ အလျှင်အမြန် ပြန်၍ တိုးဝင်သွားသည်။ တွမ်မိသားစု၏ တစ်ခုတည်းသော အဖိုးတန်ပစ္စည်းကို သူနှင့်အတူ ဆောင်ယူသွားခြင်းလည်း ဖြစ်သည်။

တွမ်က မာသာ၏ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။ သူ၏ ကျယ်ပြန့်သော လက်ကို မာသာ၏ သေးငယ်သော ရင်ဘတ်အစုံပေါ်တွင် တင်လိုက်ပြီး နှလုံးခုန်သံကို စမ်းကြည့်သည်။ နှလုံးခုန်သံက ပုံမှန်ပင် ဖြစ်ပြီး ကျယ်ကျယ်လောင်လောင် ကြားနေရဆဲ ဖြစ်သည်။ သူ၏ အဆိုးဆုံး ကြောက်ရွံ့မှုမှာ ပျောက်ကွယ်သွားသည်။ သို့သော် သူမ၏ မျက်လုံးများမှာ မှိတ်နေဆဲ ဖြစ်ပြီး သူမ၏ ရွှေရောင်ဆံပင်ထဲတွင် အနီရောင်ရင့်ရင့် သွေးများ ရှိနေသေးသည်။

တခဏမျှ အကြာတွင် အက်ဂ်နက်စ်က သူ၏ ဘေးတွင် ဒူးထောက် ထိုင်ချလိုက်သည်။ သူမက မာသာ၏ ရင်ဘတ်၊ လက်ကောက်ဝတ်နှင့် နဖူးတို့ကို စမ်းကြည့်လိုက်သည်။ ထို့နောက်သူမသည် တွမ်အား မာထန်သော အကြည့်ဖြင့် တည့်တည့် ကြည့်လိုက်သည်။

“သူ အသက်ရှင်မှာပါ။” သူမက ခြောက်ကပ်သော လေသံဖြင့် ပြောပြီး “ဝက်ကိုသာ ရအောင်ပြန်ယူ။” ဟု ဆက်ပြောသည်။

တွမ်က သူ၏ ကိရိယာများထည့်ထားသော သားရေလွယ်အိတ်ကို အမြန်ဖြည်ချလိုက်ပြီး မြေကြီးပေါ်သို့ ချလိုက်သည်။ သူ၏ ဘယ်ဖက်လက်ဖြင့် သံထိပ်ဖူး ရှိသော သူ၏ တူကြီး ကို ခါးပတ်မှ ဆွဲထုတ်လိုက်သည်။ သူ၏ ညာဖက်လက်ထဲတွင် သံစူးရှည် ရှိနေဆဲပင် ဖြစ်သည်။ သူခိုးထွက်လာပြီး ပြန်ဝင်သွားသဖြင့် ပိပြားနေသော ချုံပုတ်များကို သူမြင်နိုင်သေးသည်။ ထို့အပြင် သစ်တောအတွင်းတွင် ဝက်၏ တကျီကျီ အော်မြည် နေသံကိုလည်း ကြားရနိုင်သေးသည်။ သူသည် အောက်ခြေ ချုံပုတ်များအတွင်းသို့ တဟုန်ထိုး ဝင်သွားလိုက်သည်။

လမ်းကြောင်းမှာ နောက်ယောင်ခံလိုက်ရန်အတွက် လွယ်ကူသည်။ တောပုန်းမှာ လူကောင်ကြီးထွားသူ ဖြစ်ပြီး ရုန်းကန်နေသော ဝက်ကို သူ့လက်မောင်းအတွင်း၌ သယ်ဆောင်ထားရသည်။ သူသည် သစ်ပင်သစ်ရွက်များကြားတွင် ပန်းပွင့်များ၊ ချုံပုတ်များနှင့် သစ်ပင်ငယ်များကို နင်းဖြတ်ရင်း ကျယ်ပြန့်သော လမ်းကြောင်းကို ချန်ထားခဲ့သည်။ တွမ်က သူ့နောက်မှ အားသွန်ခွန်စိုက် ပြေးလိုက်သည်။ ထိုလူအား သူ့လက်ထဲတွင် အမိအရဖမ်းပြီး သတိမရတော့သည်အထိ ရိုက်နှက်ပစ်ချင်သည့် ကြမ်းကြုတ်သော စိတ်များ သူ့ထံတွင် ပြည့်နှက်နေသည်။ သူသည် ထူထပ်စွာ ပေါက်နေသော သစ်ပင်ငယ်များ၏ အကိုင်းအခက်များကို နင်းခြေရင်း ကုန်းဆင်းတလျှောက် အသံကျယ်လောင်စွာဖြင့် လျှင်မြန်သောအရှိန်ဖြင့် ပြေးဆင်းသွားသည်။ ရေအိုင်ငယ် တစ်ခုအတွင်း ရေများ ဘေးသို့လွင့်စင်ထွက်သွားအောင် ဖြတ်ပြေးပြီး ကျဉ်းမြောင်းသော လမ်းမြောင်တစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သူရပ်လိုက်သည်။ သူခိုးသည် ညာဖက်သို့မဟုတ် ဘယ်ဖက်သို့ သွားနိုင်သည်။ ထိုနေရာတွင် လမ်းကို သိနိုင်သည့် အနင်းခံထားရသည့် သစ်ပင်များ မရှိပေ။ သို့သော် တွမ်က အသံကို နားစိုက်ထောင်ကြည့်လိုက်သဖြင့် ဝက်က သူ၏ ဘယ်ဖက်အခြမ်း တစ်နေရာတွင် တကျီကျီ အော်မြည်နေသံကို ကြားလိုက်ရသည်။ သူ၏ အနောက်ဖက် တောအုပ်အတွင်း၌ တစ်စုံတစ်ဦး ပြေးလာနေသံကိုလည်း ကြားရသည်။ အဲဖရက်ပင် ဖြစ်ရမည်။ သူလည်း ဝက်အနောက်သို့ လိုက်လာခြင်း ဖြစ်မည်။

လမ်းကြောင်းက သူ့အား ကုန်းဆင်းတစ်ခုသို့ ဦးတည်ခေါ်ဆောင်သွားသည် ထို့နောက် ရုတ်တရက် ချိုးကွေ့သွားပြီး ကုန်းတက် တစ်ခုဖြစ်သွားသည်။ အခုအခါတွင် ဝက်၏ အော်မြည်သံကို သူ ပီပီသသပင် ကြားနေရပြီ ဖြစ်သည်။ သူသည် ကုန်းပေါ်သို့ပြေးတက်သွားသည်။ နှစ်ပေါင်းများစွာ ကျောက်တုံးတို့မှ ထွက်လာသော အမှုန်အမွှားများကို ရှူသွင်းလာခဲ့ရသဖြင့် သူ၏ အဆုတ်မှာ အားနည်းနေပြီး သူအသက်ကို ပြင်းစွာ ရှူနေရသည်။ ရုတ်တရက်ပင် လမ်းကြောင်းသည် ပြန့်ပြူးသွားပြီး သူ သူခိုးကို မြင်လိုက်ရသည်။ သူ့နေရာမှ ကိုက်နှစ်ဆယ် သုံးဆယ်ခန့်မျှပင် ကွာဝေးပြီး သူ၏ နောက်မှ မကောင်းဆိုးဝါး လိုက်လာသည့်ပမာပင် ပြေးလွှားနေသည်။ တွမ်က သူ၏ အားကိုမြှင့်လိုက်ပြီး တဖြည်းဖြည်း အရှိန်ရလာသည်။ သူ့အနေနှင့် ဤအတိုင်း ဆက်၍ သွားနိုင်ပါက မိအောင် ဖမ်းနိုင်တော့မည် ဖြစ်သည်။ ဝက်ကိုသယ်ထားသော လူသည် ဝက်မပါသော လူလောက် မြန်အောင် ပြေးနိုင်မည် မဟုတ်ပေ။ သို့သော် အခုအချိန်တွင် သူ၏ ရင်ဘတ် အတွင်းမှ အောင့်လာသည်။ သူခိုးသည် ၁၅ ကိုက်မျှသာ ကွာတော့သည်။ ထို့နောက် ၁၂ ကိုက်မျှသာ ကွာတော့သည်။ တွမ်က သံဆူးကို သူ၏ ခေါင်းထက်တွင် ခက်ရင်းခွပမာ မြှောက်လိုက်သည်။ နည်းနည်း ထပ်၍ နီးလာလျှင် သူ သံဆူးဖြင့့် ပစ်လိုက်တော့မည် ဖြစ်သည်။ ၁၁ ကိုက်။ ၁၀ ကိုက်။ ခက်ရင်းခွ သူ့လက်ထဲမှ ထွက်မသွားခင်တွင် သူမျက်လုံးထောင့်တွင် ဖျတ်ခနဲ မြင်လိုက်ရသည်။ ဦးထုပ် အစိမ်းရောင်ဆောင်ထားပြီး ပိန်သွယ်သော မျက်နှာတစ်ခုက လမ်းနံဘေး ချုံပုတ်အတွင်းမှ ထွက်လာသည်။ ဦးတည်ရာ ပြောင်းရန်အတွက် အလွန်နောက်ကျ သွားပြီ ဖြစ်သည်။ တုတ်အကြီးကြီး တစ်ချောင်းက သူ့ရှေ့သို့ ထိုးထွက်လာသည်ကို မြင်ရသည်။ ထိုသူ ရည်ရွယ်ထားသည့်အတိုင်းပင် သူထိုတုတ်ကို ခလုပ်တိုက်ပြီး မြေကြီးပေါ်သို့လဲကျသွားသည်။

သူ၏လက်မှ သံစူးလွတ်ကျ သွားသော်လည်း သူသည် တူကို ကိုင်လျှက်ပင် ရှိနေသေးသည်။ သူသည် လှိမ့်လိုက်ပြီး ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်သည်။ အခု သူတို့ နှစ်ယောက် ဖြစ်နေသည်ကို မြင်ရသည်။ တစ်ယောက်မှာ ဦးထုပ်အစိမ်းရောင်ဖြင့် ဖြစ်ပြီး နောက်တစ်ယောက်မှာ ထိပ်ပြောင်ပြီး ရှုပ်ထွေးနေသော မုတ်ဆိတ်မွှေး အဖြူရောင်နှင့် ဖြစ်သည်။ သူတို့သည် တွမ်ဆီသို့ ပြေးလာကြသည်။

သူက ဘေးတစ်ဖက်သို့ ရွှေ့လိုက်ပြီး သူ၏ တူဖြင့် ဦးထုပ်စိမ်းနှင့် လူအား လွှဲရိုက်လိုက်သည်။ ထိုလူက ဘေးသို့ ရှောင်လိုက်သည်။ သို့သော် ကြီးမားသော တူ၏ သံခေါင်းက အောက်ဖက်ရှိ သူ့ပုခုံးပေါ်သို့ အရှိန်ပြင်းစွာဖြင့် ကျလာသည်။ သူသည် နာကျင်စွာဖြင့် စူးစူးရှရှ အော်လိုက်ပြီး မြေကြီးပေါ်သို့ ကျသွားသည်။ သူ၏ လက်မောင်းမှာ ကျိုးသွားသည့် ပမာပင် ဆုပ်ကိုင်ထားလေသည်။ နောက်တစ်ယောက်ဖြစ်သည့် ထိပ်ပြောင် သူ့အနားသို့ ရောက်မလာမီ တွမ်အနေနှင့် စိစိညက်ညက်ကျေ သွားအောင် ရိုက်ရန်အတွက် တူကို မြှောက်၍ အားယူဖို့ပင် အချိန်မရလိုက်ပေ။ ထို့ကြောင့် သူက ထိပ်ပြောင်၏ မျက်နှာအား တူ၏ သံခေါင်းဖြင့် ရိုက်ထည့်လိုက်ရာ သူ၏ ပါးမှာ နှစ်ခြမ်း ကွဲသွားသည်။

ထိုလူနှစ်ယောက်စလုံးမှာ နောက်သို့ဆုတ်သွားပြီး သူတို့၏ ဒဏ်ရာရသော နေရာများကို ဆုပ်ကိုင်ထားကြသည်။ သူတို့နှစ်ယောက်ကို နောက်ထပ် ထပ်၍ တိုက်ခိုက်ရန် မလိုတော့သည်ကို တွမ် တွေ့နေရပြီ ဖြစ်သည်။ သူက နောက်သို့လှည့်လိုက်သည်။ သူခိုးက လမ်းတလျှောက် ဆက်၍ ပြေးနေဆဲပင် ဖြစ်သည်။ တွမ်က သူ၏ ရင်ဘတ်မှ နာကျင်မှုကို လျစ်လျူရှုပြီး သူ့အနောက်သို့ ဆက်၍ ပြေးလိုက်သွားသည်။ သို့သော် သူကိုက်အနည်းငယ်မျှသာ ပြေးလိုက်ရပြီး သူ၏ အနောက်ဖက်မှ သူရင်းနှီးသော အသံတစ်ခု၏ အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

အဲဖရက်။

သူရပ်တန့်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

အဲဖရက်က နောက်က လူနှစ်ယောက်ကို သူ၏ လက်သီးများ ခြေထောက်များ အသုံးပြု၍ တိုက်ခိုက်နေသည်။ သူက ဦးထုပ်စိမ်းအား ခေါင်းနေရာတွင် သုံးလေးချက်မျှ လက်သီးဖြင့် ထိုးသည်။ ထိပ်ပြောင်၏ ညှို့သကျည်းကို ခြေထောက်ဖြင့် ကန်သည်။ သို့သော် နှစ်ယောက်စလုံးက သူ့အနီးသို့ စုဝေးလာသည်။ သူအနီးသို့ ကပ်လာသဖြင့် သူ့အနေနှင့် သူတို့အား နာကျင်သည်အထိ ထိုးကြိတ်ရန် သို့မဟုတ် ကန်ကျောက်ရန် မဖြစ်နိုင်တော့ပေ။ တွမ်က တုံ့ဆိုင်းသွားသည်။ ဝက်နောက်ကို လိုက်ရမည်လား သူ၏ သားကို ကယ်ဆယ်ရမည်လား ဝေခွဲမရ ဖြစ်နေသည်။ ထိုအချိန်တွင် ထိပ်ပြောင်က သူ၏ ခြေထောက်ကို အဲဖရက်၏ ခြေထောက် နောက်မှ ကန်လိုက်ပြီး အဲဖရက်ကို လဲကျ သွားစေသည်။ ကောင်လေး မြေပြင်သို့ ထိသွားသည်နှင့် ထိုလူနှစ်ယောက်တို့ သူ့အပေါ်မှ အုပ်မိုးပြီး သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်များပမာ လက်သီးများဖြင့် ထိုးကြိတ်ကြသည်။

တွမ်က နောက်သို့ ပြန်ပြေးသွားသည်။ သူက ထိပ်ပြောင်အား သူ့ခန္ဓာကိုယ်သုံး၍ အရှိန်ဖြင့် ပစ်တိုက် လိုက်သည်။ ထိုလူက ချုံပုတ်များအတွင်းသို့ လွင့်ထွက်သွားသည်။ ထို့နောက် နောက်သို့လှည့်ပြီး ဦးထုပ်စိမ်းအား ရိုက်ရန် သူ၏ တူကို လွှဲလိုက်သည်။ ထိုလူမှာ ဤတူဖြင့် အရိုက်ခံရဖူးပြီ ဖြစ််ပြီး သူ၏ လက်မောင်း တစ်ဖက်တည်းကိုသာ သုံးနေရဆဲ ဖြစ်သည်။ သူသည် ပထမ လွှဲရိုက်ချက်ကို ဘေးသို့ ရှောင်တိမ်းလိုက်ပြီး တွမ်နောက်တစ်ချက် မလွှဲရမီ အချိန်တွင် အောက်ခြေ ချုံပုတ်များ အတွင်းသို့ ဒိုင်ဗင်ပစ် ဝင်ရောက်သွားတော့သည်။

တွမ်က နောက်သို့ လှည့်လိုက်ချိန်တွင် ထိပ်ပြောင်က လမ်းတလျှောက် အောက်သို့ ပြေးဆင်းသွားသည်ကို တွေ့လိုက်ရသည်။ သူက အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။ ဝက်ကို သယ်ဆောင်သွားသော သူခိုးသည် မြင်ကွင်းတွင် ရှိမနေတော့ပေ။ သူသည် ကြမ်းကြမ်းတမ်းတမ်း ခါးခါးသီးသီး ကျိန်ဆဲလိုက်သည်။ ဝက်သည် သူတို့ နွေရာသီ တလျှောက်လုံး စုဆောင်းလာခဲ့သည့် ပိုက်ဆံ၏ တဝက်မျှ တန်ဖိုး ရှိသည်။ သူသည် မြေကြီးပေါ်သို့ လှဲချလိုက်ပြီး အသက်ကို ပြင်းပြင်း ရှူသွင်းနေသည်။

“ငါတို့ သူတို့ သုံးယောက်ကို အနိုင်တိုက်နိုင်ခဲ့တယ်။” ဟု အဲဖရက်က စိတ်လှုပ်ရှားသော အသံဖြင့် ပြောသည်။

တွမ်က သူ့အား ကြည့်လိုက်သည်။ “ဒါပေမယ့် သူတို့ ငါတို့ ဝက်ကို ရသွားတယ်လေ။” ဟု သူက ပြောသည်။ သူ၏ ဝမ်းဗိုက်ထဲတွင် ဒေါသတို့က ချဉ်တူးသော ပန်းသီးအရက်ပမာပင် လောင်မြှိုက်နေသည်။ သူတို့သည် နွေဦးပေါက်က ပိုက်ဆံ အလုံအလောက် ရသည်နှင့် ဝက်ကို ဝယ်ခဲ့ကြသည်။ ထို့နောက် နွေရာသီ တစ်လျှောက် ဝက်ကို ဝဖြိုးလာအောင် အစာကွေျးခဲ့သည်။ ဝဖြိုးသော ဝက်တစ်ကောင်ကို ပဲနိ ခြောက်ဆယ်မျှဖြင့် ရောင်းနိုင်သည်။ ထိုပိုက်ဆံဖြင့် ဂေါ်ဖီထုတ် အနည်းငယ်နှင့် ဂျုံစေ့တစ်ထုပ် ဝယ်နိုင်မည် ဖြစ်ပြီး တစ်မိသားစုလုံးကို ဆောင်းတွင်း တလျှောက် စားစရာအတွက် လုံလောက်မည် ဖြစ်သည်။ ထို့အပြင် သားရေဖိနပ် တစ်စုံနှင့် ပိုက်ဆံအိတ် တစ်အိတ် နှစ်အိတ်လောက်လည်း ဝယ်နိုင်မည် ဖြစ်သည်။ ယခု ထိုဝက်ကို ဆုံးရှုံးသွားခြင်းသည် သူတို့မိသားစုအတွက် ကပ်ဆိုက်ခြင်းပင် ဖြစ်သည်။

တွမ်က လိုက်ဖမ်းခြင်းနှင့် တိုက်ခိုက်ခြင်းအတွက် မောပန်းနေခြင်းမှ ပြန်လည်သက်သာရာ ရသွားပြီး သူ့ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေသာ အဲဖရက်ကို အားကျစွာပင် ကြည့်နေမိသည်။ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ ငါ လေလိုပဲ ပြေးနိုင်ပြီး ငါ့ရင်ဘတ်ထဲက မောပန်းတဲ့ နှလုံးခုံသံကို မခံစားရတာ။ ဟု တွမ်က တွေးနေမိသည်။ ငါအဲဒီ အရွယ်တုန်းကပေါ့။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က။ အနှစ်နှစ်ဆယ် ဆိုသည်မှာ မနေ့ကလိုပဲ ဖြစ်သည်။

သူက ထ၍ ရပ်လိုက်သည်။

သူက အဲဖရက်၏ ကျယ်ပြန့်သော ပုခုံးများပေါ်တွင် သူ့လက်မောင်းများဖြင့် ဖက်၍ သူတို့ လာခဲ့ရာ လမ်းတလျှောက် ပြန်လျှောက်လာခဲ့သည်။ ကောင်လေးမှာ သူ့အဖေထက် တထွာမျှ အရပ်ပု နေသေးသည်။ သို့သော် မကြာမီတွင် မှီလာတော့မည် ဖြစ်ပြီး သူ့ထက်ပင် ပို၍ ကြီးထွား သွားနိုင်သည်။ သူ့ရဲ့ ညာဏ်ပညာလည်း တိုးတက်လာနိုင်မှာပါ ဟု တွမ်ကတွေးမိသည်။ ထို့နောက်သူက ပြောသည်။ “ဘယ်အရူးမဆို ရန်ဖြစ်လို့ရတယ်။ အေး ဒါပေမယ့် ပညာရှိတဲ့သူကတော့ ရန်ပွဲကနေ ဘယ်လိုရှောင်ရမယ် ဆိုတာ သိတယ်။” အဲဖရက်က သူ့အား ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် ပြန်ကြည့်သည်။

သူတို့သည် လမ်းကြောင်းအတိုင်း ပြန်၍ ထွက်ခဲ့ကြသည်။ ဗွက်ထနေသော ရေအိုင်ငယ်လေးကို ဖြတ်ကျော်ခဲ့ကြပြီး ကုန်းအတိုင်း ပြန်၍ တက်ခဲ့ကြသည်။ သူခိုး သွားခဲ့သော လမ်းကြောင်းအတိုင်း ပြန်၍ လျှောက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ထူထပ်စွာ ပေါက်နေသော သစ်ပင်ငယ်တို့၏ အကိုင်းအခက်များကို တွန်း၍ ထွက်လာချိန်တွင် တွမ်သည် မာသာအကြောင်း စဉ်းစားမိသွားပြီး ဒေါသတို့က သူ့ဝမ်းဗိုက်အတွင်း အလိပ်လိုက် တက်လာပြန်လေသည်။ သူမသည် တောပုန်းအတွက် အန္တရာယ်ပေးနိုင်မည့်သူ မဟုတ်သော်လည်း ထိုသူက အဆင်အခြင် ကင်းမဲ့စွာ သူမအား ရိုက်နှက်သွား ခဲ့သည်။

တွမ်က သူ့ခြေလှမ်းများကို မြန်လိုက်သည်။ မကြာမီပင် သူနှင့် အဲဖရက်တို့သည် လမ်းမပေါ်သို့ ရောက်လာခဲ့ကြလေသည်။ မာသာသည် အရင်နေရာတွင် လဲလျှက်ပင် ရှိနေပြီး တခြားနေရာသို့ မရွှေ့ရသေးပေ။ သူမ၏ မျက်လုံးများမှာ မှိတ်လျှက်ရှိပြီး သွေးစများမှာ သူမ၏ ဆံပင်ထဲတွင် ခြောက်သွေ့လျှက် ရှိသည်။ အက်ဂ်နက်စ်က သူမ၏ ဘေးတွင် ဒူးထောက်ပြီး ထိုင်နေသည်။ သူတို့နှင့် အတူ အခြားမိန်းမ တစ်ယောက်နှင့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် တွမ် အံ့အားသင့် သွားသည်။ တွမ်က ရုတ်တရက် တွေးလိုက်မိသည်မှာ ဒီနေ့အစောပိုင်းက သူအား အခြားသူများက ကြည့်နေသည်ဟု ခံစားရသည်မှာ အထူးအဆန်း မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် သစ်တောအုပ်အတွင်း အခြားသူများ အများအပြား ရှိနေသေးသောကြောင့်ပင် ဖြစ်သည်။ သူသည် အောက်သို့ ငုံ့လိုက်ပြီး သူ၏ လက်ကို မာသာ၏ ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ သူမသည် အသက်ကို ပုံမှန်ပင် ရှူလျှက် ရှိသည်။
“သူ မကြာခင် ပြန်ထလာပါလိမ့်မယ်။” သူစိမ်းမိန်းမက သူ့အား သြဇာအာဏာ အပြည့်ပါသော အသံမျိုးဖြင့် ပြောသည်။
“နောက်ပြီးရင် အန်လိမ့်မယ်။ ပြီးရင် အားလုံးကောင်းသွားပါလိမ့်မယ်။” သူမက ဆက်ပြောသည်။

တွမ်က သူမအား စူးစမ်းသလို အကြည့်မျိုးဖြင့် ကြည့်သည်။ သူမသည် မာသာ့အပေါ်တွင် အုပ်မိုးလျှက် ဒူးထောက် ထိုင်နေသည်။ သူမသည် အလွန်ငယ်သေးသည်။ တွမ်ထက် အသက် တစ်ဒါဇင် နှစ်ဒါဇင်မျှ ငယ်ပေလိမ့်မည်။ သူမ၏ သားရေ သင်တိုင်း အင်္ကျီ အတိုက သူမ၏ ပျော့ပြောင်းသော အညိုရောင် အသားအရေရှိသည့် အရိုးအဆစ်များကို ဖော်ပြလျှက် ရှိသည်။ သူမတွင် ချောမောလှပသော မျက်နှာနှင့် သူမ၏ နဖူးအပေါ် အထိပင် ပေါက်နေသော အညိုရောင် ရင့်ရင့် ဆံပင်များ ရှိသည်။ တွမ်၏ စိတ်ထဲတွင် လိုချင် တပ်မက်စိတ်များ ရုတ်တရက် ပြင်းပြစွာ ခံစားလိုက်ရသည်။ ထို့နောက်တွင် သူမက ခေါင်းကိုမော့ပြီး အကြည့်ကို သူ့ထံသို့ ရွှေ့လိုက်သည်။ သူရုတ်တရက် ကြက်သေသေသွားသည်။ သူမတွင် ပျားရည်ရောင်နှင့် ရွှေရောင်ရောလျှက် ထားသော အရောင်ရှိသည့် မျက်လုံးနက်နက်များ ရှိပြီး ထိုမျက်လုံးများက သူမ၏ မျက်နှာကို ထူးခြားဆန်းပြားသည့် ပုံစံတစ်မျိုး အဖြစ် ရှိနေစေသည်။ သူဘာတွေးနေသည်ကို သူမ စိတ်ထဲတွင် သိနေသည်ဟု သူရုတ်တရက် ခံစားလိုက်ရသည်။

သူက အရှက်ပြေ သူမထံမှ အကြည့်ကို လွှဲဖယ်လိုက်သည်။ ထို့နောက် သူသည် အက်ဂ်နက်စ်နှင့် မျက်လုံးချင်း ဆုံမိသွားသည်။ သူမမှာ စိတ်အနှောင့်အယှက် ဖြစ်နေပုံ ပေါက်နေသည်။

“ဝက်ကရော ဘယ်မှာလဲ။” ဟု သူမက မေးသည်။

“အထဲမှာ နောက်ထပ် တောပုန်းနှစ်ယောက် ရှိသေးတယ်။” တွမ်က ပြန်ပြောသည်။

“ငါတို့ သူတို့ကို အနိုင်တိုက်ခဲ့တယ်။ ဒါပေမယ့် ဝက်နဲ့ တစ်ယောက်ကတော့ ထွက်ပြေး သွားတယ်။”

အက်ဂ်နက်စ်၏ မျက်နှာမှာ တင်းမာသွားသည်။ သို့သော်လည်း သူမ ဘာမှ ထပ်မပြောတော့ပေ။

“ငါတို့ ကလေးမကို အရိပ်ထဲ ရွှေ့ရအောင်။ ညင်ညင်သာသာတော့ လုပ်ဖို့ လိုမယ်။” ဟု သူစိမ်း မိန်းမက ဝင်ပြောသည်။ သူမက မတ်တပ် ထရပ်လိုက်သည်။ ထိုအချိန်တွင် သူမ၏ ကိုယ်ခန္ဓာမှာ သေးငယ်သည် ဆိုသည်ကို တွမ် သတိထားမိလိုက်သည်။ သူ့ထက် တစ်ပေလောက်တော့ အနည်းဆုံး ပု လိမ့်မည်။ သူက ငုံ့လိုက်ပြီး မာသာ့ကို ဂရုတစိုက် မချီလိုက်သည်။ သူမ၏ ကလေး ခန္ဓာကိုယ်မှာ သူ၏ လက်မောင်းများ အတွင်း ဘာအလေးချိန်မှ မရှိသလိုပင် ခံစားရသည်။ သူသည် သူမအား လမ်းတလျှောက် ကိုက်အနည်းငယ်မျှ သယ်သွားပြီး ဝက်သစ်ချပင်အိုကြီး အောက်မှ မြက်ပင်အစုများ အကြားတွင် ချထားလိုက်သည်။ သူမမှာ ဘာမှ ထူးခြားဟန် မပြသေးပေ။

အဲဖရက်က ဝုန်းဒိုင်းကြဲသော အဖြစ်အပျက်များ အတွင်း တစစီ ကြဲပြန့်သွားခဲ့သော ပစ္စည်းများကို ပြန်၍ ကောက်နေသည်။ သူစိမ်းမိန်းမ၏ ကောင်လေးက မျက်လုံးများ ပြူးလျှက် ပါးစပ်အဟောင်းသားဖြင့် စကားတစ်ခွန်းမျှ မပြောဘဲ ကြည့်နေသည်။ သူသည် အဲဖရက်ထက် သုံးနှစ်ခန့်မျှ ငယ်မည် ဖြစ်ပြီး သူ့ကို ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု တွမ်သတိထားမိသည်။ သူ့တွင် သူ့အမေကဲ့သို့ တပ်မက်စရာ ကောင်းသော အလှအပမျိုး တစ်ခုမျှ မရှိပေ။ သူ့တွင် အလွန်ဖျော့သော အသားအရေနှင့် အနီရောင်နှင့် လိမ္မော်ရောင် ရောယှက်နေသော ဆံပင်များ ရှိပြီး သူ၏ အပြာရောင် မျက်လုံးများမှာ အနည်းငယ်မျှ တွန့်ကွေးနေသည်။ သူ့တွင် ငကြောင်တစ်ယောက်လို အမြဲဖျတ်လပ်နေသော အကြည့်များ ရှိသည်။ ဤကဲ့သို့သော ကလေးများသည် ငယ်ငယ်တုန်းက သေလျှင်သေ မသေလျှင် ရွာထဲတွင် အရူးအပေါ အဖြစ် ကြီးပြင်းလာတတ်သော ကလေးမျိုးဟု တွမ် စိတ်ထဲတွင် တွေးမိသည်။ အဲဖရက်သည် သူ စိုက်ကြည့်နေသော အကြည့်များအောက်တွင် မနေတတ် မထိုင်တတ် ဖြစ်နေသည်မှာ သိသာသည်။

တွမ်ကြည့်နေတုန်းမှာပင် ထိုကလေးသည် အဲဖရက်၏ လက်မှ လွှကို ဆွဲယူလိုက်ပြီး ဘာတစ်ခွန်းမှ မပြောဘဲ အထူးအဆန်းတစ်ခု ပမာပင် အသေးစိတ် ကြည့်နေသည်။ အဲဖရက်က မယဉ်မကျေး အပြုအမူကြောင့် အစော်ကားခံရသည့် ပမာပင် လွှကို ပြန်၍ ဆွဲယူလိုက်သည်။ ကောင်လေးက ဘာမှ မဖြစ်သလိုပင် ပြန်၍ ပေးလိုက်သည်။

“ဂျက်။ ကောင်းကောင်းနေစမ်း။” သူ့အမေက လှမ်းပြောသည်။ သူမကြည့်ရသည်မှာ ရှက်နေပုံရသည်။

တွမ်က သူမကို ကြည့်လိုက်သည်။ ကောင်လေးသည် သူမနှင့် တစ်စက်မျှ မတူပေ။

“မင်းက သူ့ရဲ့ အမေလား။” ဟု တွမ်က မေးလိုက်သည်။
“ဟုတ်တယ်။ ကျွန်မနာမည် အဲလန်။”
“မင်းရဲ့ ယောက်ျားကရော။”
“သေပြီ။”
တွမ်သည် အံ့အားသင့်သွားသည်။ “ခင်ဗျားက တစ်ယောက်တည်း ခရီးသွားနေတာပေါ့။” သူက မယုံကြည်နိုင်စွာပင် ပြောသည်။ တောအုပ်သည် သူ့လို ယောက်ျားတစ်ယောက်အတွက်ပင် အန္တရာယ်များ လွန်းလှသည်။ မိန်းမတစ်ယောက်တည်း ဆိုလျှင် ဤသို့သော နေရာတွင် အသက်ဆက်ရန် အလွန်ခက်ခဲပေ လိမ့်မည်။
“ကျွန်မတို့ ခရီးသွားနေတာ မဟုတ်ဘူး။ တောထဲမှာ နေနေကြတာ။”
တွမ်က ထိတ်ကနဲ ဖြစ်သွားသည်။
“မင်း ပြောချင်တာက...” သူက ရပ်လိုက်သည်။ သူ့အနေနှင့် သူမကို စော်ကားသလို ဖြစ်သွားမှာ စိုးသည်။
“တောပုန်း။ ဟုတ်တယ်။ ရှင်က တောပုန်း ဆိုရင် ရှင့်ဝက်ကို ခိုးသွားတဲ့ ဖာရာမွန် ပါးစပ်ပြဲလို လူတွေချည်းပဲ ထင်နေတာလား။” သူမက ပြန်ပြောသည်။
“ဟုတ်တယ်။” တွမ်က ပြန်ပြောသည်။ သူတကယ် ပြောချင်တာကတော့ တောပုန်းဆိုရင် မိန်းမ လှလှကလေး တစ်ယောက်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားဘူး ဆိုပြီး ဖြစ်သည်။ သူ၏ စိတ်ဝင်စားမှုကို မထိန်းချုပ် နိုင်တော့ပဲ သူက ဆက်၍ မေးသည်။

“မင်းရဲ့ ပြစ်မှုက ဘာလဲ။”
“တရားဟောဘုန်းကြီးကို ကျိန်ဆဲတာ။” ဟု သူမက ပြောပြီး အကြည့်ကို လွှဲဖယ်လိုက်သည်။

တွမ်အနေနှင့်မှု ထိုအရာမှာ ရာဇဝတ်မှု တစ်ခုဟု မထင်ပေ။ သို့သော် ဘုန်းကြီးမှာ အလွန် အရှိန်အဝါ သြဇာကြီးသူ တစ်ဦး သို့မဟုတ် ဆတ်ဆတ်ထိမခံသူ တစ်ဦး ဖြစ်ရမည်။ ထိုသို့ မဟုတ်ပါက အဲလန် အနေဖြင့် အမှန်ကို မပြောချင်၍ ဖြစ်မည်။

သူက မာသာ့ကို ကြည့်လိုက်သည်။ ခဏမျှ အကြာတွင် သူမ မျက်လုံးကို ဖွင့်လိုက်သည်။ သူမသည် စိတ်ရှုပ်ထွေးနေသလို ဖြစ်နေပြီး အနည်းငယ် ကြောက်ရွံ့နေပုံလည်း ရသည်။ အက်ဂ်နက်စ်က သူမ၏ ဘေးတွင် ဒူးထောက် ထိုင်လိုက်သည်။

“မင်းအတွက် ဘာအန္တရာယ်မှ မရှိတော့ပါဘူး။ အားလုံး အဆင်ပြေသွားပြီ။” ဟု သူမက ပြောသည်။

မာသာက မတ်မတ် ထိုင်လိုက်ပြီး အန်ချလိုက်သည်။ အက်ဂ်နက်စ်က သူမတုန်ယင်နေတာတွေ ပျောက်သွားသည် အထိ သူမအား ဖက်ထားလိုက်သည်။ အဲလန်၏ ဟောကိန်းထုတ်မှု မှန်နေသည်ကို တွမ်က သဘောကျ သွားသည်။ သူမက မာသာ အားလုံး အဆင်ပြေ သွားမှာပါ ဟူ၍လည်း ပြောခဲ့သည်။ ထို မှန်းဆချက်သည်လည်း စိတ်ချရ နိုင်လောက်သည်။ သူတစ်ကိုယ်လုံး စိတ်သက်သာရာ ရမှုတို့ဖြင့် လွှမ်းခြုံသွားသည်။ သူ့အနေနှင့် သူစိတ်ခံစားမှု အင်အားကြီးခြင်းကို အနည်းငယ်မျှ အံအား
သင့်မိသည်။ သူ့အနေနှင့် သူ၏ သမီးငယ်လေးကို အဆုံးအရှုံး မခံနိုင်ဟု တွေးမိသည်။ သူသည် မျက်ရည်စများကို မနည်း ထိန်းနေရသည်။ သူသည် အဲလန်ထံမှ ကိုယ်ချင်းစာသည့် အကြည့်ကို မြင်လိုက်ရသည်။ သူမ၏ ရွှေရောင်ဖျော့ဖျော့ မျက်လုံးများက သူ၏ နှလုံးသားထဲအထိ
ထွင်းဖောက် မြင်နေရသည်ဟု သူနောက်တကြိမ် ခံစားမိသည်။

သူသည် ဝက်သစ်ချ အကိုင်းနုကလေး တစ်ကိုင်းကို ချိုးလိုက်ပြီး သစ်ရွက်များကို ခြွေလိုက်သည်။ ထို့နောက် ထိုသစ်ရွက်များဖြင့် မာသာ၏ မျက်နှာကို သပ်ပေးလိုက်သည်။ သူမ၏ မျက်နှာမှာ ဖျော့တော့တော့ ဖြစ်နေတုန်းပင် ရှိသည်။

“သူနားဖို့ လို်နေတယ်။ သူ့ကို ယောက်ျားကြီး တစ်ယောက် ၃ မိုင်လောက် လျှောက်ရတဲ့ အချိန်လောက် လှဲနေခိုင်း လိုက်ပါ။” ဟု အဲလန်က ပြောသည်။

တွမ်က နေလုံးကို မော့ကြည့်လိုက်သည်။ နေ့လည်ချိန်တွေ အများကြီးပင် ကျန်သေးသည်။ သူသည် အချိန်ကုန်သည် အထိ စောင့်ဆိုင်းရန် အေးအေးဆေးဆေး ထိုင်ချလိုက်သည်။ အက်ဂ်နက်စ်က မာသာအား
သူမ လက်မောင်းများအတွင်း လှုပ်ရမ်းနေသည်။ ဂျက်ဆိုသော ကောင်လေးက အခုအခါ သူ၏ အာရုံကို မာသာထံသို့ လွှဲလိုက်ပြီး ခုနလို ပြူးကြောင်ကြောင် အကြည့်များဖြင့်ပင် မာသာအား စိုက်ကြည့်နေသည်။ တွမ်က အဲလန် အကြောင်းကို ပို၍ သိချင်နေသည်။ သူ့အနေနှင့် သူမ၏ ဇာတ်လမ်းကို ပြန်ပြောပြရန် စည်းရုံး၍ ရနိုင်ပါ့မလား ဟု တွေးမိသည်။ သူ့အနေနှင့် သူမကို ထွက်မသွားစေချင် သေးပေ။

“ဘယ်လိုကနေ အခုလို ဖြစ်လာတာလဲ။ ” တွမ်က သူမကို မရေမရာ မေးခွန်းထုတ်သည်။

သူမက သူ့ မျက်လုံးအတွင်း စိုက်ကြည့်လိုက်ပြီးနောက် စ၍ ပြောလေတော့သည်။

သူမ၏ အဖေသည် နိုက်တစ်ယောက် ဖြစ်သည်။ ထွားကြိုင်း သန်မာ၍ ကြမ်းတမ်းသော လူကြီးတစ်ယောက် ဖြစ်ပြီး သူနှင့်အတူ မြင်းအတူစီးရန်၊ အမဲအတူလိုက်ရန်၊ နပန်းသတ်ရန် နှင့် ညဘက်အတူတူ အရက်သောက်၍ သောင်းကျန်း ပျော်ပါးရန် သားတစ်ယောက် လိုချင်သူ ဖြစ်သည်။ သို့သော် ထို့အတွက် သူ ကံမကောင်းလှချေ။ အဲလန်ကို မွေးပြီးနောက် သူ၏ ဇနီးမှာ ကွယ်လွန်သွားသည့် အတွက်ကြောင့် ဖြစ်သည်။ သူသည် နောက်တစ်ကြိမ် လက်ထပ်ပြန်သည်။ သို့သော်လည်း သူ၏ ဒုတိယ ဇနီးမှာ မြုံနေသည်။ သူသည် အဲလန်၏ မိထွေးကို ရွံမုန်းလာပြီး နောက်ဆုံးတွင် သူမအား အဝေးတစ်နေရာသို့ နှင်ထုတ်လိုက်သည်။ သူသည် အလွန်ရက်စက်ကြမ်းကြုတ်သူ တစ်ယောက်ပင် ဖြစ်လိမ့်မည်။ သို့သော် အဲလန်ကတော့ ထိုသို့ ထင်ပုံမရချေ။ သူမက သူ့အဖေအား ချစ်ခင်မြတ်နိုးပြီး သူ့အဖေလိုပင် သူ့မိထွေးကို အထင်သေးသူ ဖြစ်သည်။ သူမ၏ မိထွေး ထွက်ခွာသွားချိန်တွင် အဲလန်သည် နေရစ်ခဲ့ပြီး အားလုံးနီးပါး ယောက်ျားများသာ ရှိသည့် အိမ်တွင် သူမ ကြီးပြင်းလာခဲ့သည်။ သူမသည် ဆံပင်ကို အတိုညှပ်ပြီးခက်ရင်းခွကို ကိုင်ကာ အခြား မိန်းကလေးများလို ကြောင်ပေါက်စများနှင့် မဆော့ရန် မျက်စိကန်းနေသော ခွေးအိုကြီးများနှင့် မဆော့ရန် သင်ယူလေ့လာခဲ့ရသည်။ သူမ မာသာ၏ အရွယ်ခန့် ရောက်ချိန်တွင် မြေကြီးပေါ်တွင် တံထွေး ထွေးချခြင်း၊ ပန်းသီး၏ အူတိုင်ကို စားခြင်း၊ မြင်းတကောင်၏ ဗိုက်ကို ခပ်ပြင်းပြင်း တစ်ချက် ကန်ခြင်း အားဖြင့် မြင်းက အသက်ကို ရှူသွင်းလိုက်ချိန်တွင် မြင်းကုန်းနှီးကို တစ်ဆစ်ပိုတိုး၍ ချည်နိုင်ခြင်း စသည်တို့ကို ပြုလုပ်နေပြီ ဖြစ်သည်။ သူမ အဖေ၏ အဖွဲ့တွင် မပါသော ယောက်ျားအားလုံးကို ကော့က် ဆပ်ကာ ဟု ခေါ်ပြီး သူတို့နှင့် မလိုက်သော မိန်းမတိုင်းကို ပစ်ဖတ်ကာ ဟုခေါ်သည်ကိုလည်း သူမ သိနေပြီဖြစ်သည်။ သူမအနေနှင့် ထိုရိုင်းပျသော စကားတို့၏ အဓိပ္ပါယ် ကို အသေအချာ နားမလည်ပေ။ အဓိပ္ပါယ်မှာလည်း ဂရုစိုက်စရာ ကိစ္စ ဟူ၍လည်း မမြင်ပေ။

သူမ၏ အသံကို ဆောင်းဦးရာသီ၏ နေ့လည်ခင်း လေပြင်းထဲတွင် နားဆင်နေရင်း တွမ်သည် သူ၏ မျက်လုံးများကို မှိတ်၍ ရင်ဘတ်ပြားပြားနှင့် မျက်နှာတွင် ညစ်ပတ်ပေတူးနေသော မိန်းကလေးတစ်ယောက် ပုံစံကို မြင်ယောင်နေသည်။ စားပွဲရှည်တွင် သူမအဖေ၏ လူဆိုးလူသွမ်း အပေါင်းအဖော်များနှင့် အတူထိုင်ရင်း ဗျစ်ရည် ပြင်းပြင်းကို သောက်ရင်း၊ လေချဉ်တက်ရင်း တိုက်ပွဲများ အကြောင်း၊ လုယက်ခြင်း အကြောင်း၊ မုဒိမ်းကျင့်ခြင်း အကြောင်း၊ မြင်းများ၊ ရဲတိုက်များနှင့် အပျိုစင်များ အကြောင်း သီချင်းဆိုရင်း နောက်ဆုံးတွင် ကြမ်းတမ်းသော သစ်သားပြားပေါ်တွင် သူမ၏ ဆံပင်တိုတို ညှပ်ထားသော ဦးခေါင်းကလေး စိုက်ကျသွားပြီး အိပ်ပျော်သွားသည် အထိကို မြင်ယောင်နေမိသည်။

အကယ်၍ သူမ၏ ရင်ဘတ်များသာ ထိုအတိုင်း တသက်လုံး ပြားချပ်နေပါက သူမအနေနှင့် ပျော်စရာ ကောင်းသော ဘဝကို ရရှိလိမ့်မည် ဖြစ်သည်။ သို့သော် အရွယ် ရောက်လာချိန်တွင် ယောက်ျားများက သူမကို ကြည့်သော အကြည့်က ပြောင်းလဲလာကြသည်။ သူမက “ငါ့ရှေ့က ထွက်သွားစမ်း။ မဟုတ်ရင် နင့်ဝှေးစေ့ကို ဖြတ်ပြီး ဝက်စာ ကွေျးပစ်မယ်။” ဟု ပြောသော အခါမျိုးတွင် သူတို့ ဟက်ဟက်ပက်ပက် အသံအကျယ်ကြီးဖြင့် အရင်လို မရယ်ကြတော့ချေ။ သူမက သူမ၏ သိုးမွှေး သင်တိုင်းအင်္ကျင်္ီကို ချွတ်၍ အောက်ခံရှပ်အင်္ကျီ ဖြင့် လှဲအိပ်သည့်အခါတွင် အချို့ယောက်ျားတွေက သူမကို စိုက်ကြည့်ကြသည်။ သစ်တောအတွင်း တပိုတပါး သွားသော အချိန်များတွင်လည်း သူတို့သည် အရင်လို မဟုတ်ပဲ သူမကို ကျောပေး၍ နေကြသည်။

တစ်နေ့တော့ သူမ၏ အဖေသည် ဘစ်ရှော့လက်အောက်ခံ တရားဟောဘုန်းကြီးများနှင့် စကားပြော နေသည်ကို တွေ့ရသည်။ ရှားရှားပါးပါး အဖြစ်အပျက်ပင် ဖြစ်သည်။ သူတို့နှစ်ဦးကလည်း သူမကို တစ်ချိန်လုံး ကြည့်နေကြသည်။ နောက်တစ်နေ့ မနက်တွင် “ဟင်နရီ နဲ့ အဲဗရက်တို့နဲ့ လိုက်သွား။ ပြီးရင် သူတို့ ပြောတဲ့အတိုင်း လုပ်။” ဟု သူမ၏ အဖေက သူမကို ပြောသည်။ ထို့နောက် သူက သူမ၏ နဖူးကို နမ်းသည်။ သူမကတော့ သူမအဖေ ဘာတွေများ ဖြစ်နေပြီလဲဟု တွေးမိသည်။ အခုလို အသက်ကြီးချိန်မှ နူးနူးညံ့ညံ့ ဖြစ်နေ၍ ဖြစ်သည်။ သူမသည် မိန်းကလေးတွေ စီးတတ်သော အလှစီးမြင်း သို့မဟုတ် ကလေးတွေ စီးတတ်သော မြင်းပုကလေးများကို စီးရန် ငြင်းဆန်ပြီး သူမ၏ အညိုရောင် အမြန်စီးမြင်းကို ကုန်းနှီးပြင်ကာ စစ်သည်တော် နှစ်ဦး ခြံရံ၍ ထွက်ခဲ့လေသည်။

သူတို့သည် သူမအား သီလရှင်ကျောင်းသို့ခေါ်သွားပြီး ထိုနေရာတွင် ထားခဲ့ကြသည်။

စစ်သည်တော် နှစ်ဦးထွက်သွားသည်နှင့် ထိုနေရာတစ်ခုလုံး သူမ၏ ညစ်ညမ်းစွာ ဆဲဆိုသော အသံတို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။သူမသည် သီလရှင် ဆရာမကြီးအား ဓားနှင့်ထိုး၍ သူမ၏ အဖေအိမ်သို့ ရောက်သည် အထိ လမ်းလျှောက်ပြန်ခဲ့သည်။ သူမ၏ အဖေက သူမအား လက်နှင့်ခြေထောက်တို့ကို မြည်းတစ်ကောင်၏ ကုန်းနှီးနှင့် တွဲ၍ ချည်တုပ်ပြီး သူမကို ပြန်ပို့သည်။ သူတို့က သူမအား သီလရှင် ဆရာမကြီး၏ ဒဏ်ရာ ပျောက်ကင်းသည် အထိ အပြစ်ပေးသော အခန်းအတွင်းတွင် ထည့်ပိတ်ထား ခဲ့ကြသည်။ ထိုအခန်းမှာ စိုစွတ်ထိုင်းမှိုင်းပြီး အမြဲတမ်း ညပမာ မှောင်မှိက်နေသည်။ ထိုနေရာတွင် သောက်ရန်ရေရှိသော်လည်း စားစရာ ဘာတစ်ခုမျှ မရှိပေ။ သူတို့က သူမအား ထိုအခန်းမှ ထွက်ခွင့်ပေးလိုက်သော အခါတွင် သူမအိမ်သို့ နောက်တစ်ကြိမ် လမ်းလျှောက်၍ ပြန်လာခဲ့ပြန်သည်။ သူမ၏ အဖေက သူမအား နောက်တစ်ကြိမ် ပြန်ပို့သည်။ ဤ တစ်ကြိမ်တွင်တော့ သူတို့က သူမအား အပြစ်ပေးသော အခန်းတွင်းသို့ ရိုက်နှက်ပြီးမှ ပြန်ထည့်ကြသည်။

နောက်ဆုံးတွင်တော့ သူတို့ သူမ၏ စိတ်ဓာတ်ကို ရိုက်ချိုးနိုင်ခဲ့သည်။ သူမသည် သီလရှင်ငယ်တို့၏ အကျင့်ကို စတင်ကျင့်ခဲ့ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ ဘုရားရှိခိုးစာများကို ရွတ်ဆိုခဲ့သည်။ သို့သော်လည်း သူမ၏ နှလုံးသားထဲတွင်မူ သီလရှင်များကို မုန်းတီးပြီး သူတော်စင်များကို ရွံရှာကာ သူမကို လူတကာက ပြောသော သူတို့ယုံကြည်သည့် ဘုရားသခင်ကို သူမ ယုံကြည်၍ မရခဲ့ပေ။ သို့သော်လည်း သူမသည် နောက်ဆုံးတွင် စာရေး စာဖတ်တတ်ခဲ့သည်။ ဂီတ၊ ဂဏန်း သင်္ချာနှင့် ပုံဆွဲတို့ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီး သူမ အဖေ၏ အိမ်တွင် ပြောသော ပြင်သစ်စာနှင့် အင်္ဂလိပ်စကား အပြင် လက်တင်ဘာသာကိုလည်း သင်ယူ တတ်မြောက်ခဲ့လေသည်။

သို့သော်လည်း ကွန်ဗင့်ကျောင်းတွင် နေရသော ဘဝမှာ သိပ်မဆိုးလှပေ။ ထိုနေရာမှာ လိင်တစ်မျိုးတည်းသာ ရှိသော ထူးဆန်းသော စည်းမျဉ်းစည်းကမ်းနှင့် ထုံးစံများ သူ့ဘာသာသူ ရှိနေသော အဖွဲ့အစည်း တစ်ခုပင် ဖြစ်သည်။ ထိုအရာမှာ သူမ နေထိုင်ကြီးပြင်း ခဲ့သော ဘဝနှင့် အတူတူ ပင် ဖြစ်သည်။ သီလရှင် အားလုံးတို့သည် ခွန်အားသုံး၍ လုပ်ရသော အလုပ်များ လုပ်ရပြီး အဲလန်မှာ မကြာမီပင် မြင်းများနှင့် အလုပ်လုပ်ရန် တာဝန်ပေး ခံခဲ့ရသည်။ သိပ်မကြာသော အချိန်ကာလ အတွင်းမှာပင် သူမသည် မြင်းဇောင်း၏ တာဝန်ခံ ဖြစ်လာခဲ့သည်။ ဆင်းရဲမှုကို သူမ မမှုပေ။ နာခံမှုကို သူမ အလွယ်တကူ ကျင့်သား မရသော်လည်း နောက်ဆုံးတွင်တော့ နေသားကျ လာခဲ့သည်။ တတိယ စည်းမျဉ်းစည်းကမ်း ဖြစ်သည့် လိင်မှုကိစ္စမှ ရှောင်ကြည်ခြင်း အတွက်လည်း သူမ သိပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ သို့သော်လည်း တစ်ခါတစ်ရံတွင်တော့ သူမသည် သီလရှင် ဆရာမကြီးအား စိတ်အနှောင့်အယှက် ဖြစ်စေရန်အတွက် အခြား သီလရှင် ငယ်တစ်ဦးဦး အား လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု အကြောင်း မိတ်ဆက်ပေးတတ်သည်။ အက်ဂ်နက်စ်က ထိုနေရာအရောက်တွင် အဲလန်၏ ဇာတ်ကြောင်းကို ကြားဖြတ်ရပ်တန့်စေသည်။ သူမက မာသာကို သူမနှင့် အတူ ခေါ်သွားပြီး ကလေး၏ မျက်နှာသစ်ရန်နှင့် သူမ၏ သင်တိုင်း အင်္ကျီကို ဆေးကြောရန်အတွက် စမ်းချောင်းတစ်ခုကို ရှာဖွေရန် ထွက်သွားခဲ့သည်။ သူမသည် တခေါ်စာလောက် အကွာထက် ပို၍ ဝေးသော နေရာသို့ မသွားပါ ဟု ဆိုသော်လည်း အဲဖရက်ကိုလည်း အကာအကွယ် အနေနှင့် သူမနှင့် အတူ ခေါ်သွားခဲ့သည်။ ဂျက်က ထ၍ သူမတို့နှင့် အတူ လိုက်သွားရန် ပြင်သည်။ သို့သော် အက်ဂ်နက်စ်က မလိုက်ရန် တင်းတင်းမာမာ ပြောသော အခါ သူနားလည်သည့်ပမာ ပြန်၍ ထိုင်နေသည်။ အက်ဂ်နက်စ်သည် သူမ၏ ကလေးများအား ဘာသာရေးကို မလေးစားသည့် နားထောင်ဖို့ မသင့်သည့် ဇာတ်လမ်းအား မကြားရအောင် အဝေးသို့ ခေါ်သွားပြီး တွမ်အား စကားပြောဖော်အဖြစ် ထားခဲ့ခြင်း ဖြစ်သည်ဟု တွမ် သတိထားမိသည်။

အဲလန်က သူမ၏ ဇာတ်လမ်းကို ဆက်ပြောသည်။ တစ်နေ့တွင်တော့ သီလရှင် ဆရာမကြီးသည် ကွန်ဗင့်ကျောင်းမှ ရက်အနည်းငယ်မျှ ခရီး ကွာဝေးသော နေရာတွင် သူမ၏ အလှစီးမြင်းကလေး ခြေဆာသွား ခဲ့သည်။ သို့သော်လည်း ကင်းဘရစ်ခ်ျ ဘုန်းကြီးကျောင်းသည် အနီးအနားတွင် ရှိသဖြင့် သီလရှင် ဆရာမကြီးသည် ပရိုင်ရော်ရီ ဟု ခေါ်သည့် အကြီးအကဲ ဘုန်းကြီးထံမှ မြင်းကို ငှား၍ ပြန်လာခဲ့သည်။ သူမ ကွန်ဗင့်ကျောင်းသို့ ပြန်ရောက်သော အခါတွင် အဲလန်အား ငှားလာသော မြင်းအား ပြန်ပို့ရန်နှင့် ခြေဆာသွားသော အလှစီးမြင်းကလေးအား ပြန်ယူလာရန် စေခိုင်းလိုက်သည်။

ပြိုကျလုနီးနီး ဖြစ်နေသော ကင်းဘရစ်ခ်ျ ဘုရားရှိခိုးကျောင်းအိုကြီးမှ လှမ်းမြင်နေရသော ဘုရားရှိခိုးကျောင်း၏ မြင်းဇောင်းအတွင်းတွင် အဲလန်သည် ကြိမ်နှင့် ရိုက်ခံထားရသည့် ခွေးငယ်ကလေး တစ်ကောင်နှင့် အလားသဏ္ဍန် တူသည့် ကောင်ကလေး တစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။ သူ့တွင် ပါပီကလေး တစ်ကောင်ပမာ ပျော့ပြောင်း၍ ကြည့်ကောင်းသော အရိုးအဆစ်များနှင့် နှာခေါင်းတရှုံ့ရှုံ့ လုပ်နေတတ်သည့် သတိဝီရိယ ရှိခြင်းတို့ ရှိသည်။ သို့သော် သူ၏ ရွှင်မြူးမှုများကို သူ့ခန္ဓာကိုယ်တွင်းမှ ရိုက်ထုတ်ခံထားရသည့် ပမာ သူ၏သတ္တိတို့ ပျောက်ကွယ်နေပြီး ကြောက်ရွံ့နေသည့် ပုံသဏ္ဍန်လည်း ရှိသည်။ သူမက သူ့ကို စကားပြောသည့် အခါတွင် သူ နားမလည်ပေ။ သူမက လက်တင်စကားဖြင့် ကြိုးစားကြည့်သော်လည်း သူသည် ဘုန်းကြီး မဟုတ်သည့်အတွက် နားမလည်ပေ။ နောက်ဆုံးသူမက ပြင်သစ်စကားဖြင့် တစ်စုံတစ်ခု ပြောသည့် အခါတွင်တော့ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ ပျံ့နှံ့သွားပြီး သူက ပြင်သစ်လိုပင် သူမကို စကားပြန်ပြောသည်။

အဲလန်သည် ကွန်ဗင့်ကျောင်းသို့ လုံးဝပြန်မသွားတော့ပေ။

ထိုနေ့မှ စ၍ သူမသည် တောအုပ်အတွင်းတွင်ပင် နေထိုင်တော့သည်။ အစပိုင်းတွင် သစ်ကိုင်းသစ်ခက်များ၏ အမိုးကြမ်းကြမ်းအောက်တွင် ပင် နေထိုင်ကြသည်။ သူမသည် သူမအဖေ၏ အိမ်တွင် သင်ကြားတတ်မြောက်ခဲ့သော ယောက်ျားတို့ တတ်အပ်သည့် အတတ်ပညာများကို မမေ့လျော့သေးပေ။ သူမသည် သမင်လိုက်ခြင်း၊ ယုန်ထောင်ခြင်း၊ ငန်းများကို မြှားဖြင့် ပစ်ခြင်းတို့ကို လုပ်နိုင်သေးသည်။ အကောင်များကို အူထုတ်၍ ဆေးကြောပြီး ချက်ပြုတ်နိုင်သေးသည်။ သားရေနှင့် အမွှေးအတောင်များကို ပင် ဆုတ်၍ ပြုပြင်ပြီး သူမ၏ အဝတ်အထည် ရအောင် လုပ်နိုင်သေးသည်။ ထိုသို့ အမဲလိုက်ခြင်း သာမက သူမသည် အလေ့ကျ ပေါက်နေသော သစ်သီးများ၊ သစ်စေ့များနှင့် ဟင်းသီးဟင်းရွက်များကို စားသည်။ အခြားလိုအပ်သည့် ဆား၊ သိုးမွှေးအင်္ကျီ၊ ပုဆိန်နှင့် ဓားအသစ်များ အတွက်မူ ခိုးယူရလေသည်။

အဆိုးရွားဆုံး အချိန်မှာ ဂျက်ကို မွေးဖွားသည့် အချိန်ပင် ဖြစ်သည်။

ပြင်သစ်ကောင် ဘယ်ရောက်သွားသလဲ။ သူက ဂျက်ရဲ့အဖေလား။ အဲဒါဆိုရင် သူ ဘယ်အချိန်က သေသွားတာလဲ။ ဘယ်လိုသေသွားတာလဲ ဟု တွမ် စိတ်ထဲတွင် မေးချင်သည်။ သို့သော်လည်း သူမ၏ မျက်နှာ အမူအရာ အရ သူမသည် ဇာတ်လမ်း၏ ထိုအပိုင်းကို ပြောမည် မဟုတ် ဆိုသည်ကို သူပြောနိုင်သည်။ သူမသည် သူမ၏ ဆန္ဒနှင့် ဆန့်ကျင်၍ မည်သည့်အရာကိုမျှ ပြုလုပ်အောင် သွေးဆောင်နိုင်မည့် ပုံစံ မဟုတ်ပေ။ ထို့ကြောင့် တွမ်သည် မေးခွန်းများကို သူ့စိတ်ထဲတွင်ပင် သိမ်းထားလိုက်သည်။

ထိုအချိန်တွင် သူမ၏ အဖေမှာ ကွယ်လွန်ပြီး ဖြစ်ပြီး သူ၏ နောက်လိုက်နောက်ပါများလည်း တစ်ကွဲတစ်ပြားစီ ဖြစ်ကုန်ကြပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၌ ဤကမ္ဘာပေါ်တွင် ဆွေမျိုး မိတ်သင်္ဂဟ ဆို၍ တစ်ဦးတစ်ယောက်မျှပင် မကျန်ရှိတော့ချေ။ ဂျက်ကို မွေးခါနီးဆဲဆဲ အချိန်တွင် သူမသည် ဂူဝ၌ တစ်ညလုံး လောင်ကျွမ်းနေမည့် မီးဖိုကြီးကို ဖိုထားသည်။ သူမ၏ လက်ထဲတွင် ရေနှင့် စားစရာတို့ အသင့်ရှိသည့်။ ထို့အပြင် ဝံပုလွေနှင့် တောခွေးများ၏ ရန်မှ ကာကွယ်ရန်အတွက် လေးနှင့်မြှားလည်း အသင့်ရှိနေသည်။ ထို့အပြင် သူမထံတွင် ကလေးကို ထုတ်ပိုးရန်အတွက် ဘစ်ရှော့ထံမှ ခိုးယူထားသော အနီရောင် သားမွှေးအင်္ကျီရှည်ကြီးလည်း ရှိနေသည်။ သို့သော်လည်း သူမသည် ကလေးမွေးရာတွင် ကြုံတွေ့ရမည့် နာကျင်မှုနှင့် ကြောက်ရွံ့မှုအတွက်မူ အသင့်ပြင် မထားခဲ့ပေ။ အချိန်အတော်ကြာအောင်ပင် သူမ သေဆုံးသွားတော့မည်ဟု စိတ်ထဲတွင် ထင်နေခဲ့သည်။ သို့သော်လည်း ကလေးငယ်သည် သန်မာထွားကြိုင်း၍ ကျန်းမာပြီး သူမမှာလည်း အသက်မသေ ကျန်ခဲ့သည်။

အဲလန်နှင့် ဂျက်တို့သည် နောက် ဆယ့်တစ်နှစ်လုံးလုံး ရိုးရှင်း၍ ခြိုးခြံသော ဘဝကို ဖြတ်သန်းခဲ့ကြသည်။ သစ်တောအုပ်သည် သူတို့လိုအပ်သမျှကို ပေးခဲ့သည်။ ဆောင်းရာသီ လများအတွက် လုံလောက်သော ပန်းသီးများ၊ သစ်စေ့များ၊ ဆားတင် သို့မဟုတ် ကြပ်ရိုက်ထားသည့် သမင်သားများကိုသာ ဂရုတစိုက် သိုမှီးထားရန်သာ လိုအပ်သည်။ အဲလန်က တွေးမိသည်မှာ အကယ်၍ ဘုရင်များ၊ လော့ဒ်များ၊ ဘစ်ရှော့များနှင့် မြိုဝန်များသာ မရှိပါက လူတိုင်းသည် ထိုသို့ပင် နေနိုင်ကြမည် ဖြစ်ပြီး အပြည့်အဝ ပျော်ရွှင်နိုင်ကြလိမ့်မည် ဟူ၍ ဖြစ်သည်။

တွမ်က သူမကို ပါးစပ်ပြဲ ဖာရာမွန်လို အခြားတောပုန်းများအတွက် ဘယ်လိုလုပ်သလဲဟု မေးခွန်း ထုတ်သည်။ အကယ်၍ ထိုသူတို့ ညဖက်တွင် တိတ်တဆိတ် ပုန်းရှိုးကွယ်ရှိုး လာကြပြီး သူမကို အဓမ္မ ကျင့်ဖို့ ကြိုးစားပါက ဘယ်လိုလုပ်မလဲဟူ၍ တွေးမိသည်။ ထိုအတွေးဖြင့်ပင် သူ့ပေါင်ကြားတွင် ယားယံလာသည်။ သူသည် မိန်းမတစ်ယောက်၏ ကာမကို သူမ၏ ဆန္ဒနှင့် ဆန့်ကျင်၍ ဘယ်သောအခါမှ မရယူခဲ့ဖူးပေ။ သူ၏ ဇနီးကိုပင် ဆန္ဒမပါဘဲ မရယူခဲ့ဖူးပေ။

အခြားသော တောပုန်းများက သူမကို ကြောက်ကြသည်ဟု သူမ၏ ဖျော့တော့ပြီး အရောင်တောက်နေသော မျက်လုံးများဖြင့် တွမ်အား ကြည့်ရင်းပြောသည်။ သူမ၏ ဆိုလိုရင်းကို တွမ်သဘောပေါက်သည်။ သူတို့က သူမအား စုန်းမဟု ထင်သောကြောင့်ပင် ဖြစ်သည်။ တခြားတောထဲတွင် ဖြတ်သန်းသွားလာကြသော ဥပဒေအတွင်းမှ လူများကိုမူ သူမပုန်းအောင်း နေခဲ့သည်။ သူတို့ အနေနှင့် တောပုန်းတစ်ယောက်ကို ဓားပြတိုက်ခြင်း၊ အဓမ္မကျင့်ခြင်း၊ သတ်ဖြတ်ခြင်းအတွက် အပြစ်ပေးခံရမည် မဟုတ် ဆိုသည်ကို သိသောကြောင့် ဖြစ်သည်။ ဒါဆိုရင် သူမ တွမ်ကို ဘာကြောင့် ပုန်းမနေခဲ့သလဲဆိုတော့ သူမသည် ဒဏ်ရာရနေသော ကလေးငယ်ကို မြင်သည့်အတွက် ကူညီချင်သောကြောင့် ဖြစ်သည်။ သူမတွင်လည်း ကလေးရှိသည့်အတွက် ကိုယ်ချင်းစာသည့် အတွက် ဖြစ်သည်ဟု ပြောသည်။

သူမသည် ဂျက်အား သူမအဖေအိမ်တွင် သင်ကြားခဲ့ရသည့် လက်နက်များနှင့် အမဲလိုက်ခြင်း အတတ်ပညာ အားလုံးကို သင်ကြားပေးခဲ့သည်။ ထို့နောက် သူမသည် သူ့အား သီလရှင်များထံမှ သင်ကြားခဲ့ရသည် စာရေးခြင်း၊ စာဖတ်ခြင်း၊ ဂီတနှင့် ဂဏန်းသင်္ချာ အတတ်ပညာ၊ ပြင်သစ်စာ၊ လက်တင်စာနှင့် ပုံဆွဲခြင်း အတတ်ပညာ သာမက သမ္မာကျမ်းစာထဲမှာ ပုံပြင် အချို့ စသည့် အတတ် အားလုံးကိုလည်း သင်ကြားပေးခဲ့သည်။ နောက်ဆုံးတွင်တော့ ရှည်လျားသည့် ဆောင်းတွင်း ညနေခင်းများသည် သူမသည် အခြားသူများထက် ပို၍ ပုံပြင်များ၊ ကဗျာများနှင့် သီချင်းများ အကြောင်း ပိုသိသည့် သူမယောက်ျား ပြင်သစ်၏ အမွေများကို လက်ဆင့်ကမ်းပေးခဲ့လေသည်။ တွမ်က ဂျက်ဆိုသော ကောင်လေး စာရေးတတ် ဖတ်တတ်သည် ဆိုသည်ကို မယုံပေ။ တွမ်သည် သူ့နာမည်နှင့် ပဲနိ၊ ကိုက်၊ ဘွတ်ရှယ် (အသီးအနှံချိန်သည့် ပမာဏ။ ရှစ်ဂါလံဝင်ပုံးနှင့် ညီမျှသည်။) စသည့် စကားလုံး အနည်းငယ်ကို ရေးတတ်သည်။ အက်ဂ်နက်စ်ကမူ ဘုန်းကြီး၏ သမီး ဖြစ်သည့်အတွက်ပို၍ ရေးတတ် ဖတ်တတ်သည်။ သို့သော် သူမ စာရေးရာတွင် ဖြည်းညှင်းစွာနှင့် ပင်ပင်ပန်းပန်ုး အားစိုက်ထုတ်၍ ပါးစပ်ဖျားမှ လျှာထွက်လုနီးသည် အထိ ရေးရလေ့ ရှိသည်။ အဲဖရက်ကမူ စာတလုံးမှ မရေးတတ်ပေ။ သူ၏ နာမည်ကိုသာ ရေးထားလျှင် မှတ်မိသည် ဆိုရုံမျှပင် ဖြစ်သည်။ မာသာကမူ ထိုသို့ပင် မတတ်ပေ။ ဤသို့ အရူးနှင့် တူသော ကောင်လေးသည် တွမ်တို့ တစ်မိသားစုလုံးထက် ပို၍ စာတတ်သည် ဆိုသည်မှာ ဖြစ်နိုင်ပါမည်လား။

အဲလန်က ဂျက်ကို စာတစ်ခုခုရေးရန် ပြောသည်။ သူက မြေကြီးကွက် တစ်ကွက်ကို ပြန့်ပြူးအောင် လုပ်ပြီး စာလုံးများကို ရေးခြစ်လိုက်သည်။ တွမ်သည် ပထမဆုံး စာလုံးကို မှတ်မိသည်။ အဲဖရက် ဟူ၍ ဖြစ်သည်။ အခြားစာလုံးများကိုမူ သူမသိပေ။ တွမ်က သူ့ကိုယ်သူ ငတုံးပမာပင် ခံစားရသည်။ အဲလန်က သူ၏ ရှက်ရွံ့မှုကို စာတစ်ကြောင်းလုံးကို ကျယ်လောင်စွာ ဖတ်ပြခြင်းဖြင့် အကာအကွယ် ပေးခဲ့သည်။ “အဲဖရက်သည် ဂျက်ထက်ပို၍ ကြီးမားသည်။” ကောင်လေးသည် ပုံနှစ်ပုံကို အလျှင် အမြန်ပင် ဆွဲလိုက်သည်။ ထိုပုံများမှာ ပုံကြမ်းပင် ဖြစ်သော်လည်း တစ်ပုံမှာ ပုခုံးကျယ်ကျယ်နှင့် ပျင်းရိပျင်းတွဲ ပုံသဏ္ဌန် ဖြစ်ပြီး နောက်တစ်ပုံမှာမူ သေးငယ်၍ ပြောင်စပ်စပ် ပုံသဏ္ဌန် ဖြစ်သည်။ ပုံကြမ်းဆွဲခြင်းတွင် ပါရမီပါသော တွမ်ကိုယ်တိုင်ပင်လျှင် ဖုန်မှုန့်များအတွင်း ရေးခြစ်ထားသော ပုံများ၏ ရိုးရှင်းမှုနှင့် အသက်ပါမှုအတွက် အံအားသင့်သွားရသည်။

သို့သော်လည်း ကလေးငယ်မှာ ငပေါကလေးတစ်ယောက် ပမာပင် ဖြစ်သည်။

အဲလန်က တွမ်၏ အတွေးကို မှန်းဆ၍ သိနေသည့် ပမာပင် ထိုအကြောင်းကို သူမ နောက်ကျမှ စတင်၍ သတိပြုမိကြောင်း ဝန်ခံသည်။ ဂျက်သည် အခြားကလေးများနှင့် အဖော်မပြုခဲ့ဖူးပေ။ အမှန်တကယ်တော့ သူ့အမေက လွဲ၍ တခြား မည်သည့်လူသားနှင့်မျှ အဆက်အဆံ မရှိခဲ့ပေ။ ရလာဒ်ကတော့ သူသည် တောရိုင်းတိရိ စ္ဆာန် တစ်ကောင်ပမာပင် ကြီးပြင်းခဲ့ခြင်း ဖြစ်လေသည်။ သင်ယူမှုများ အများအပြား ရှိခဲ့သော်လည်း သူ့အနေနှင့် လူတွေကြားတွင် မည်သို့ ပြုမူ ဆက်ဆံရမည်ကို မသိခဲ့ပေ။ ထို့အတွက်ကြောင့် သူ့တွင် တိတ်ဆိတ်ခြင်း၊ တစ်ခုခုဆိုလျှင် စိုက်ကြည့်နေတတ်ခြင်း၊ မပြောမဆို ဆွဲယူတတ်ခြင်း စသည့် အမူအကျင့်တို့ ရှိနေခြင်းပင် ဖြစ်သည်။

သူမသည် ထိုအကြောင်းကို ပြောသော အချိန်တွင် ပထမဆုံး အကြိမ်ဖြင့် အားငယ်နေသည့်ပုံကို မြင်တွေ့ရသည်။ သူမတွင် အလုံးစုံပြည့်စုံနေပြီး မည်သည့်အရာကမှ သူမကို ကျော်လွှား၍ မရနိုင်ဆိုသည့် လေသံမျိုး ပျောက်ကွယ်နေသည်။ တွမ်က သူမထိုတွက်ကြောင့် စိတ်ညစ်နေပြီး စိတ်ဓာတ်ကျနေသည်ကို တွေ့ရသည်။ ဂျက်၏ အကျိုးအတွက် သူမအနေနှင့် လူ့အဖွဲ့အစည်းအတွင်းသို့ ပြန်လည် ဝင်ရောက်ရန် လိုအပ်နေသည်။ ဒါပေမယ့် ဘယ်လို လုပ်ကြမလဲ။ အကယ်၍ သူမသာ ယောက်ျားတစ်ယောက် ဖြစ်ပါက သူမအနေနှင့် လော့ဒ်တစ်ဦးဦးအား သူမကို လယ်ကွက်တစ်ကွက် ပေးရန် ဖြားယောင်းသွေးဆောင် နိုင်ကောင်း ဆောင်နိုင်ပေလိမ့်မည်။ သူမအနေနှင့် ဂျေရုဆလင် သို့မဟုတ် စန်တီယာဂိုဒီ ကွန်ပိုစတယ်လာမှ ဘုရားဖူးသွား၍ ပြန်လာသည်ဟု ယုံအောင် လိမ်ပြောရန်သာ လိုအပ်ပေလိမ့်မည်။ မိန်းမ လယ်သမားများ ရှိသော်လည်း သူတို့သည် အရွယ်ရောက်ပြီးသည့် သားများ ရှိကြသည့် မုဆိုးမများ ဖြစ်သည်။ မည်သည့်လော့ဒ်ကမှ ကလေးငယ်ကလေး တစ်ယောက်ရှိသော မိန်းမတစ်ဦးကို လယ်မြေတစ်ကွက် ပေးလိမ့်မည် မဟုတ်ပေ။ မြို့ သို့မဟုတ် ရွာများတွင်လည်း သူမက အလုပ်သမား အဖြစ် မည်သူကမျှ ငှားရမ်း ကြမည် မဟုတ်ပေ။ ထို့အပြင် သူမတွင် နေစရာ အိမ်လည်း မရှိပေ။ ပုံမှန်အားဖြင့် လုပ်ငန်း ကျွမ်းကျင်မှု မရှိသော အလုပ်သမားများ အတွက် နေစရာ အိမ် ပေးလေ့ မရှိပေ။ သူမ မည်သူမည်ဝါ ဖြစ်သည်ကိုလည်း သက်သေခံမည့်သူ မရှိပေ။

တွမ်က သူမအတွက် ခံစားပေးနိုင်သည်။ သူမသည် သူမ၏ ကလေးအား သူမ ပေးနိုင်သမျှ အရာအားလုံးကို ပေးခဲ့သည်။ သို့သော်လည်း မလုံလောက်ပေ။ သို့သော်လည်း သူသည် ဤသို့သော ဘာဆက်လုပ်ရမှန်း မသိသည့် အခြေအနေမှ မည်သို့ ရုန်းထွက်ရမည်ဆိုသည်ကို နည်းလမ်း ရှာမတွေ့ နိုင်ပေ။ သူမသည် လှပ၍ အသိညာဏ်ပြည့်စုံပြီး လူရှိန်လောက်သည့် အနေအထားမျိုး ရှိသော်လည်း သူမသည် သစ်တောအုပ်ထဲတွင် သူမ၏ ထူးဆန်းသော သားနှင့်အတူ ကျန်ရှိသော ဘဝကို ဖြတ်သန်းရန် စီရင်ချက် ချမှတ် ထားခံရသည့် ပမာပင် ဖြစ်လေသည်။

အက်ဂ်နက်စ် မာသာနှင့် အဲဖရက်တို့ ပြန်ရောက်လာကြသည်။ တွမ်က မာသာ့ကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူမ၏ ပုံစံမှာ သူမ၏ မျက်နှာကို ပွတ်တိုက်ဆေးကြောခံရခြင်း သည်သာ အဆိုးဆုံး ကြုံတွေ့ခဲ့သည့် အရာလို ဖြစ်နေသည်။ ခဏတာတော့ တွမ်သည် အဲလန်၏ ပြသနာများတွင် နစ်မြောနေခဲ့သည်။ အခုတော့ သူသည် သူ၏ ကိုယ်ပိုင် ပြသနာများကို သတိရသွားပြီ ဖြစ်သည်။ သူ့တွင် အလုပ်မရှိရုံသာမက သူ၏ ဝက်လည်း အခိုးခံလိုက် ရပြီ ဖြစ်သည်။ နေ့လည်ခင်းကလည်း တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ ကျန်ရှိနေသေးသော ပစ္စည်းများကို ကောက်ယူလိုက်သည်။

“ရှင်တို့ ဘယ်ကို သွားကြမှာလဲ။” ဟု အဲလန်က မေးသည်။
“ဝင်ချက်စတာ” ဟု တွမ်က ပြန်ဖြေသည်။ ဝင်ချက်စတာတွင် ရဲတိုက်တစ်ခု၊ နန်းတော်တစ်ခု၊ ဘုန်းကြီးကျောင်း အချို့နှင့် အရေးအကြီးဆုံးက ကက်သီဒရယ် ဘုရားရှိခိုး ကျောင်းတော်ကြီး တစ်ခု ရှိသည်။

“ဆာ့စ်ဘရီက ပိုနီးတယ်။ အရင်တစ်ခေါက် ကျွန်မရောက်တုန်းက အဲဒီမှာ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းတော်ကြီး တစ်ခုကို ပြန်ပြင်ဆောက်နေတယ်။ ပိုကြီးအောင်လို့ပေါ့။” ဟု အဲလန်က ပြောသည်။

တွမ် ရင်ခုန် သွားသည်။ ဤအရာသည် သူရှာဖွေနေသော အရာပင် ဖြစ်သည်။ အကယ်၍ သူသာ ကက်သီဒရယ် ဘုရားရှိခိုးကျောင်းတော်ကြီးကို ဆောက်လုပ်သော ပရော့ဂျက်တွင် အလုပ်တစ်ခုခု ရခဲ့ပါက သူ့အနေနှင့် နောက်ဆုံးတွင် ဆောက်လုပ်ရေး ဆရာကြီး ဖြစ်ဖို့ အရည်အချင်း ရှိသည်ဟု သူယုံကြည်သည်။

“ဆာ့စ်ဘရီ ကို ဘယ်လို သွားရသလဲ။” သူက စိတ်အားထက်သန်စွာဖြင့် မေးသည်။

“ရှင်တို့ လာခဲ့တဲ့ လမ်းအတိုင်း ၃ ၄ မိုင်လောက် ပြန်သွား။ အဲဒီမှာ လမ်းခွတစ်ခု ရှိတာ သတိထားမိသလား။ ရှင်တို့ ဘယ်ဘက်လမ်းကို ရွေးခဲ့ကြတယ်လေ။”
“အင်း မှတ်မိတယ်။ ရေဆိုးရေညစ်တွေ ရှိတဲ့ ရေကန် တစ်ခု ရှိတယ်။”
“ဟုတ်တယ်။ အဲဒါပဲ။ ညာဖက်လမ်းက ဆာ့စ်ဘရီ ကို သွားတဲ့လမ်း။”

သူတို့ ထိုနေရာမှ ထွက်ခွာလာခဲ့ကြသည်။ အက်ဂ်နက်စ်သည် အဲလန်ကို နှစ်မြို့ပုံမရပေ။ သို့သော် သူမက ယဉ်ယဉ်ကျေးကျေး မျက်နှာမပျက်အောင်ပင် “မာသာ့ကို ကူညီပြီး စောင့်ရှောက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြန်ပြောသည်။ အဲလန်က ပြုံးပြပြီး သူတို့ထွက်သွားချိန်တွင် ညှိုးငယ်ထိုင်းမှိုင်းစွာ ကျန်ရစ်ခဲ့သည်။

သူတို့ မိနစ် အနည်းငယ်မျှ လမ်းမပေါ်တွင် လျှောက်ပြီးချိန်တွင် တွမ်က အနောက်သို့ လှည့်ကြည့်သည်။ အဲလန်က ခြေထောက်နှစ်ချောင်းကို ခပ်ကားကားပုံစံဖြင့် ရပ်နေပြီး သူမ၏ မျက်လုံးကို လက်များဖြင့် အုပ်မိုးကာ သူတို့ကို ကြည့်နေဆဲပင် ဖြစ်သည်။ ထူးဆန်းသော ကောင်လေးက သူမဘေးတွင် ရပ်နေသည်။ တွမ်က လက်ကို ဝှေ့ယမ်းပြသော အခါ သူမက ပြန်၍ ဝှေ့ယမ်း ပြသည်။

“စိတ်ဝင်စားစရာ ကောင်းတဲ့ မိန်းမပဲ။” ဟု တွမ်က အက်ဂ်နက်စ်ကို ပြောသည်။

အက်ဂ်နက်စ်က ဘာမှ ပြန်မပြောပေ။

“ကောင်လေးက ထူးဆန်းတယ်။” ဟု အဲဖရက် က ပြောသည်။

သူတို့သည် ဆောင်းဦးရာသီ၏ ကျနေ အတွင်းတွင် လမ်းလျှောက်နေကြသည်။ တွမ်က ဆာ့စ်ဘရီ က ဘယ်လို ပုံစံရှိမလဲဟု တွေးကြည့်နေမိသည်။ သူ ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးပေ။ သူသည် စိတ်လှုပ်ရှားနေသည်။ သူ၏ အိပ်မက်မှာ ကက်သီဒရယ် ဘုရားရှိခိုး ကျောင်းတော်ကြီး တစ်ခုကို အခြေမှ စ၍ တည်ဆောက်ရန်ဖြစ်သော်လည်း ထိုအရာသည် လုံးဝနီးပါး ဖြစ်နိုင်ခြေ မရှိသော အရာ ဖြစ်သည်။ အဆောက်အအုံဟောင်းကို မွမ်းမံခြင်းနှင့် တိုးချဲ့ ဆောက်လုပ်ခြင်း သို့မဟုတ် တစိတ်တပိုင်း ပြန်လည် ဆောက်လုပ်ခြင်းကို သာ ပို၍ တွေ့ရတတ်သည်။ သို့သော်လည်း အဆုံးသတ်တွင် သူ၏ ဒီဇိုင်းဖြင့် အဆောက်အဦးအား ဆောက်လုပ်နိုင်သည့် အခွင့်အလမ်း ရလျှင်ပင် သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။

“ဒီလူက ကျွန်မကို ဘာလို့ ရိုက်ရတာလဲ။” ဟု မာသာက မေးသည်။

“သူက ငါတို့ ဝက်ကို ခိုးချင်လို့ပေါ့။” ဟု အက်ဂ်နက်စ်က သူမအား ပြန်ဖြေသည်။

“သူလိုချင်ရင် သူ့ဘာသာမွေးပေါ့။” မာသာက တောပုန်းဆိုသည်မှာ မမှန်မကန် လုပ်တတ်သည်ကို အခုမှ သဘောပေါက်ဟန် ဒေါသဖြင့် ပြန်ပြောသည်။

အဲလန်သည် လက်မှုပညာ တစ်ခုခုကို တတ်ကျွမ်းပါက သူမ၏ ပြသနာများကို ဖြေရှင်း ပြီး ဖြစ်ပေလိမ့်မည်။ ပန်းရန်၊ လက်သမား၊ အဝတ်အထည် ရက်လုပ်သူ၊ သားရေ အရောင်ဆိုးသူ ဆိုပါက သူမကဲ့သို့ ပြသနာ ကြုံရလိမ့်မည် မဟုတ်ပေ။ သူတို့အနေနှင့် မြို့သို့ သွားပြီး အလုပ်ရှာနိုင်မည် ဖြစ်သည်။ သို့သော် လက်မှုပညာသည် မိန်းမဆိုသည်မှာ အနည်းအကျဉ်းမျှသာ ရှိပြီး ပုံမှန်အားဖြင့် သူတို့မှာလည်း လက်မှုပညာသည် တို့၏ ဇနီးမယား သို့မဟုတ် မုဆိုးမများ သာ ဖြစ်ကြသည်။

“ဒီမိန်းမ လိုအပ်နေတာတော့ ယောက်ျားတစ်ယောက်ပဲ။” ဟု တွမ်က ကျယ်လောင်စွာ ပြောသည်။

“ဒါပေမယ့် ငါ့ယောက်ျားကိုတော့ မရဘူး။” ဟု အက်ဂ်နက်စ်က တိုတိုပြတ်ပြတ် ပြန်ပြောလေသည်။

ဆက်ဖတ်ရန် စာအုပ်(၁) အပိုင်း(၁) အခန်း(၃)
မာတိကာသို့

1 comment:

  1. အခန်း၃ ကိုနောက်မႀ လာဖတ်ပါမယ်
    ရေးနိုင်တာကို လေးစားပါတယ်။

    ReplyDelete