Thursday, April 9, 2009

ပဏာမ


၁၁၂၃ ခုနှစ်

ချာတိတ်များသည် ကြိုးပေးသတ်မည့်နေရာသို့ အစောကြီး ကတည်းက လာခဲ့ကြသည်။

သိုးမွှေးဖိနပ်များ စီးထားကြသော ချာတိတ် သုံးလေးယောက်တို့ ပထမအသုတ် အဖြစ် တဲကုပ်ငယ် ကလေးများထဲမှ ထွက်လာချိန်၌ ပြင်ပလောကတွင် မှောင်နေဆဲပင်ဖြစ်သည်။ သူတို့သည် ကြောင်ငယ်များပမာ တိတ်ဆိတ်စွာ ထွက်လာကြသည်။ လတ်တလော ကျထားသော နှင်းလွှာပါးပါးက အသစ်စက်စက် သုတ်ထားသော ဆေးတစ်ထပ် ပမာပင် မြို့ငယ်ကလေးကို လွှမ်းခြုံ ထားသည်။ သူတို့၏ ခြေရာများက ပကတိ ချောမွတ်နေသော နှင်းလွှာထု၏ မျက်နှာပြင်ကို အဦးဆုံး ပျက်ယွင်းစေခဲ့သည်။ သူတို့သည် ကြပ်ညပ် ပြွတ်သိပ်နေသော သစ်သားတဲငယ် ကလေးများ၏ ကြားထဲမှ ဖြတ်၍ အေးခဲနေသော ရွှံနွံလမ်းများ တလျှောက် လျှောက်လှမ်း လာကြသည်။ တိတ်ဆိတ် ငြိမ်သက်နေသော ဈေးနေရာသို့ ဦးတည်သွားနေ ကြခြင်း ဖြစ်သည်။ ထိုနေရာတွင် ကြိုးစင်က ရပ်တန့် စောင့်ဆိုင်း လျှက်ရှိသည်။

ချာတိတ်များသည် လူကြီးများ တန်ဖိုးထားသမျှ အရာ အားလုံးကို ရွံမုန်းကြသည်။ သူတို့သည် အလှအပကို အထင်သေးပြီး ကောင်းမွန်ခြင်းကို ရှုံ့ချ ကြသည်။ ခြေကျိုးနေသူ တစ်ဦးကို တွေ့ပါက လှောင်ပြောင် အော်ဟစ် ရယ်မောကြပြီး ဒဏ်ရာ ရနေသော တိရိစ္ဆာန် တစ်ကောင်ကို တွေ့ပါက ကျောက်ခဲဖြင့် မသေမချင်း ဝိုင်းပစ် ကြသည်။ သူတို့သည် ဒဏ်ရာရခြင်းနှင့် ပတ်သက်၍ ကြွားဝါ ပြောဆိုလေ့ ရှိကြပြီး သူတို့၏ အမာရွတ်များ အတွက် ဂုဏ်ယူလေ့ ရှိကြသည်။ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု ပြတ်တောက် နေခြင်းကမူ သူတို့အလွန် လေးစားသော အရာ တစ်ခု ဖြစ်သည်။ လက်ချောင်း ပြတ်နေသော ချာတိတ် တစ်ယောက်သည် သူတို့အတွက် ဘုရင်တစ်ပါး ပမာပင် ဖြစ်သည်။ သူတို့သည် ကြမ်းတမ်း ခက်ထန်ခြင်းကို ချစ်မြတ်နိုးကြပြီး သွေးသံရဲရဲ တိုက်ပွဲကို မြင်ရန်အတွက် မိုင်ပေါင်းများစွာ ပြေးသွား ရသည်ကို မမှုကြပေ။ ကြိုးပေးသတ်ခြင်း ကိုမူ သူတို့ ဘယ်တော့မှ လက်လွတ်မခံကြပေ။

ကောင်လေး တစ်ယောက်က ကြိုးစင်၏ အောက်ခြေတွင် သေးပေါက်သည်။ အခြားတစ်ယောက်က လှေကားထစ်များ ပေါ်သို့ တက်ပြီး သူ၏ လက်မများကို လည်မျိုပေါ်တွင် တင်၍ လှဲချသည်။ လည်ပင်းအစ်သည့် ပုံစံ လုပ်၍ မျက်နှာကို ရှုံ့မဲ့ပြသည်။ အခြား ကောင်လေးများက သဘောကျစွာ ဟစ်အော်ကြသည်။ ခွေးနှစ်ကောင်က ဈေးနေရာသို့ ပြေးဝင်လာကြပြီး ဟောင်နေကြသည်။ အလွန်ငယ်သေးသည့် ချာတိတ်တစ်ယောက်က အန္တရာယ်ကို မမြင်နိုင်စွာပင် ပန်းသီးတစ်လုံးကို စားနေသည်။ သူ့ထက် ပိုကြီးသော ချာတိတ် တစ်ယောက်က သူ၏ နှာခေါင်းကို လက်သီးဖြင့် ထိုးပြီး ပန်းသီးကို လုယူသွားသည်။ ချာတိတ်က ခွေးကို ကျောက်တုံး အချွန်ဖြင့် ကောက်ထုခြင်းဖြင့် သူ့စိတ်ကို ပြန်ဖြေသည်။ ခွေးကမူ အူ၍ သူ့အိမ်သို့ ပြန်ပြေးလေသည်။ ထို့နောက် သူတို့အတွက် ဘာမှ ဆက်လုပ်စရာ မရှိတော့ပေ။ ထို့ကြောင့် သူတို့သည် ဘုရားရှိခိုးကျောင်း၏ ဆင်ဝင်အောက်ရှိ ခြောက်သွေ့နေသော မြေပြင်ညီ ပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး ဖြစ်လာမည့် တစ်စုံတစ်ခုကို စောင့်မျှော်နေကြသည်။

ထိုနေရာ ပတ်ပတ်လည်ရှိ အခိုင်အခန့် ဆောက်ထားသော ကျောက်တုံး နှင့် သစ်သား အိမ်တို့၏ တံခါးပေါက်များ ကြားမှ မီးရောက်လက်လက် ထွက်ပေါ်နေသည်။ ထိုအိမ်များမှာ ကြွယ်ဝသော လက်မှု ပညာသည်များနှင့် ကုန်သည်များ၏ နေအိမ်များ ဖြစ်သည်။ မီးဖိုဆောင်နှင့် ဆက်နေသော အခန်းငယ် ကလေးထဲတွင် အိမ်စေများနှင့် အလုပ်သင် ကောင်လေး များသည် မီးမွှေး ရေနွေးအိုးတည်၍ ဆန်ပြုတ်ကြို နေကြသည်။ ကောင်းကင်၏ အရောင်မှာ အမည်းရောင်မှ အညိုရောင်သို့ ပြောင်းလာသည်။ မြို့သားများသည် သူတို့၏ တံခါးပေါက်နိမ့်နိမ့် အောက်မှ လေးလံပြီး သိုးမွှေးကြမ်းဖြင့် ယက်လုပ်ထားသော အဝတ် ခြုံထည်များ တင်းတင်း ရစ်ပတ်၍ အဆောတလျင် ထွက်လာကြသည်။ ထို့နောက် မေးချင်းရိုက်လျှက်ပင် မြစ်ဆီသို့သွား၍ ရေသွားခပ် ကြသည်။

ခဏအကြာတွင် မြင်းထိန်းများ၊ အလုပ်ကြမ်းသမားများနှင့် အလုပ်သင်များ ပါဝင်သော လူငယ်တစ်စုသည် ဈေးနေရာသို့ ဝင့်ကြွားသော ခြေလှမ်းများဖြင့် လျှောက်လှမ်း ဝင်ရောက် လာကြသည်။ သူတို့သည် ချာတိတ်များကို ဘုရားကျောင်းဝင်း အတွင်းမှ တွန်းထိုး ကန်ကျောက်ပြီး မောင်းထုတ်ကြသည်။ ကျောက်တုံးဖြင့် ဆောက်လုပ်ထားသော တံခါးခုံးများကို မှီရင်း၊ သူတို့ဘာသာ ကုတ်ခြစ်ရင်း၊ မြေကြီးပေါ်တွင် တံတွေးထွေး ချရင်းဖြင့် သူတို့ လေ့လာခဲ့ဖူးသော ကြိုးပေးသတ်ခြင်းကြောင့် သေဆုံးပုံ ကို ယုံကြည်မှု အပြည့်နှင့် ပြောနေကြသည်။ တစ်ယောက်က အသတ်ခံရသူသည် ကံကောင်းပါက အောက်သို့ ကျသည်နှင့် ဇက်ပြုတ်၍ အလျှင်အမြန် နာကျင်မှု ကင်းမဲ့သော သေဆုံးခြင်းမျိုးဖြင့် သေဆုံးနိုင်သည် ဟု ပြောသည်။ ထိုသို့မဟုတ်ပါက ထိုနေရာတွင် တွဲလောင်းကြီး ဖြစ်နေပြီး မျက်နှာတစ်ခုလုံး နီရဲ၍ ရေထဲမှ ထုတ်လိုက်သော ငါးပမာ နောက်ဆုံး အသက်ရှုကြပ်၍ သေသည့် အချိန်အထိ ပါးစပ်က ဟစိဟစိ ဖြစ်နေမည် ဟု ဆိုသည်။ အခြားတစ်ယောက်ကမူ ထိုသို့သော နည်းဖြင့် သေဆုံးပါက လူတစ်ယောက် တစ်မိုင်ခရီးကို လျှောက်သော အချိန်လောက် ကြာတတ်သည်ဟု ဆိုသည်။ နောက်တစ်ယောက်ကမူ ဒီထက်မက ပိုဆိုးနိုင်သည်။ သူတွေ့ဖူးသော လူတစ်ယောက် ဆိုလျှင် သေသည့်အချိန်၌ လည်ပင်းက တစ်ပေလောက် ရှည်နေပြီ ဟု ဆိုသည်။

အဖွားကြီးများကမူ ဈေးနေရာ၏ အခြားတစ်ဖက်တွင် အုပ်စုဖွဲ့နေကြသည်။ လူငယ်များနှင့် ဝေးနိုင်သမျှ ဝေးအောင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့ အဖွားများကို ရုန့်ရင်း ကြမ်းတမ်းသော မှတ်ချက်များဖြင့် ဟစ်အော်လေ့ ရှိတတ်သောကြောင့်ပင် ဖြစ်သည်။ အဖွားကြီးများသည် အမြဲတမ်းပင် အိပ်ရာမှ စောစော ထလေ့ရှိကြသည်။ သူတို့အတွက် စိုးရိမ်ပူပန်စရာ မွေးကင်းစကလေးများ နှင့် ကလေးများ မရှိတော့သော်လည်း သူတို့သည် ပထမဆုံး မီးမွှေးသူနှင့် မီးလင်းဖိုကို လှဲကျင်းသူများပင် ဖြစ်ကြသည်။ သူတို့ ခေါင်းဆောင် အဖြစ် သတ်မှတ်ထားသော သန်မာထွားကြိုင်းသည့် ယမကာ ချက်သည့် မုဆိုးမ အဖွားကြီးက ဘီယာစည် တစ်စည်ကို ကလေးငယ်တစ်ဦး ဂွေလှိမ့်သည့်ပမာ လှိမ့်လာရင်း သူတို့နှင့် လာပေါင်းသည်။ သူမက စည်၏ အဖုံးကို မဖွင့်ရသေးမီ အချိန်မှာပင် ဖောက်သည်တစ်စုက ခရားများ ပုံးများကို အသင့်ကိုင်၍ စောင့်နေကြသည်။

မြို့ဝန်၏ ဘိလစ်စာရေးက မြို့တံခါးမှကြီးကို ဖွင့်လိုက်ပြီး ဆင်ခြေဖုံးရှိ မြို့တံတိုင်းကို မှီ၍ဆောက်ထားသော အိမ်များတွင် နေထိုင်ကြသော လယ်သမားများကို ဝင်ခွင့်ပေးလိုက်သည်။ လယ်သမား အချို့က နွားနို့များ၊ ကြက်ဥများ နှင့် လတ်လတ်ဆတ်ဆတ် ထောပတ်များကို ရောင်းချရန် ယူလာကြသည်။ အချို့က ဘီယာနှင့် ပေါင်မုန့်များကို ဝယ်ရန်အတွက် လာကြသည်။ အချို့က ဈေးနေရာတွင် ရပ်နေကြပြီး ကြိုးပေးသတ်မည်ကို စောင့်ဆိုင်း နေကြသည်။

အမြဲမကြာခဏ ဆိုသလိုပင် ထိုနေရာမှ လူများသည် သတိနှင့် နေနေသော စာကလေးများ ပမာ ခေါင်းကို စောင်းငဲ့ကြည့်ကြသည်။ မြို့၏ အပေါ်မှ စီးမိုးထားသော တောင်ကုန်းထက်တွင် တည်ရှိသည့် ရဲတိုက်ကို တစ်ချက်တစ်ချက် မော့ကြည့်ကြသည်။ သူတို့သည် ရဲတိုက် မီးဖိုဆောင် အတွင်းမှ ပုံမှန် ထွက်ပေါ် လာတတ်သော မီးခိုးနှင့် ကျောက်သား မျှော်စင်၏ မြားပစ်ပေါက်မှ မကြာခဏ ဆိုသလို လက်ခနဲ ထွက်ထွက်လာတတ်သော မီးရောင်များကို တွေ့မြင်နေရသည်။ ထူထပ်သော မီးခိုးရောင် တိမ်တိုက်များ၏ နောက်ကွယ်မှ နေရောင် စတင်ထွက်ပေါ်လာရမည့် အချိန်တွင် ရဲတိုက်၏ ဂိတ်ဝမှ ခိုင်ခန့်သော သစ်သားတံခါးကြီး ပွင့်သွားပြီး လူအနည်းငယ်သာ ပါဝင်သော လူစု တစ်စု ထွက်လာကြလေသည်။ ပထမဆုံး ထွက်လာသူမှာ မြို့ဝန်ဖြစ်ပြီး အနက်ရောင် စစ်မြင်းကောင်း တစ်စင်းကို စီးလာသည်။ နောက်မှ ကြိုးတုတ်ထားသော အချုပ်သားကို တင်ထားသော နွားလှည်းက လိုက်လာသည်။ နွားလှည်း၏ နောက်တွင် လူ(၃) ယောက် မြင်းစီးပြီး လိုက်လာကြသည်။ သူတို့၏ မျက်နှာများမှာ အလွန်ဝေးကွာသဖြင့် မမြင်ရသော်လည်း သူတို့၏ အဝတ်အစားများက နိုက် ခေါ် မြင်းစီးသူရဲကောင်း၊ တရားဟောဘုန်းကြီး နှင့် ဘုန်းကြီး တို့ ဖြစ်ကြောင်း ပြနေသည်။ ထိုလူတန်း၏ နောက်ဆုံးမှ စစ်သည်တော် နှစ်ဦးက လိုက်ပါလာသည်။

သူတို့သည် ထိုနေ့မတိုင်မီနေ့က ခရစ်ယာန် ဘုရားကျောင်း အလယ်တွင် ပြုလုပ်သော ရှိုင်းယားကုတ်ခေါ် တောမြို့ကလေးများ၏ တရားစီရင်ရာ နေရာတွင် ရှိနေခဲ့ကြသည်။ ဘုန်းကြီးသည် သူခိုးကို လက်ပူး လက်ကြပ် မိခဲ့သည်။ ငွေသားဖြင့် ပြုလုပ်ထားသော စပျစ်ရည်ထည့်သည့် ဖလားမှာ ဘုန်းကြီးကျောင်းပိုင် ဖြစ်ကြောင်း တရားဟောဘုန်းကြီးက သက်သေခံခဲ့သည်။ မြင်းစီးသူရဲကောင်းက သူခိုး၏ အရှင်သခင် ဖြစ်ပြီး သူ့ဆီမှ ထွက်ပြေးသွားသူ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထို့ကြောင့် မြို့ဝန်က သူခိုးအား သေဒဏ်ချခဲ့ခြင်း ဖြစ်သည်။

သူတို့ တောင်ပေါ်မှ တဖြည်းဖြည်း ဆင်းလာသော အချိန်တွင် မြို့သူမြို့သားများသည် ကြိုးစင်၏ အနီးတဝိုက်တွင် စုစည်း နေကြသည်။ နောက်ဆုံး ရောက်လာကြသူများတွင် မြို့မျက်နှာဖုံးများ ဖြစ်သော သားသတ်သမား၊ မုန့်ဖုတ်သမား၊ သားရေအရောင်ဆိုးသူ နှစ်ဦး၊ ပန်းပဲဆရာ နှစ်ဦး၊ ဓားလုပ်သူ၊ မြှားလုပ်သူ နှင့် သူတို့၏ ဇနီးများ ပါဝင်သည်။

လူအုပ်ကြီး၏ ခံစားမှုက အနည်းငယ်မျှ ထူးခြားနေသည်။ ပုံမှန်အားဖြင့် သူတို့သည် ကြိုးပေးသတ်ခြင်းကို ဝမ်းမြောက်စွာ အားပေးလေ့ရှိသည်။ အကျဉ်းသားမှာ အမြဲလိုလို သူခိုးတစ်ယောက် ဖြစ်တတ်ပြီး သူတို့အနေနှင့် ခက်ခက်ခဲခဲ ဝမ်းစာရှာဖွေရသူတို့ ဖြစ်သည့်အတိုင်း သူခိုးကို အလွန် ရွံမုန်းသော စိတ်ခံစားမှုမျိုး ရှိတတ်သည်။ သို့သော် ဤသူခိုးကတော့ တမူထူးခြားနေသည်။

သူ မည်သူလဲ၊ ဘယ်က လာသလဲ ဆိုသည်ကို မည်သူ တစ်ဦးတစ်ယောက်မျှ မသိကြပေ။ သူ ခိုး ခဲ့သည်မှာလည်း သူတို့ထံမှ မဟုတ်ဘဲ မိုင် ၂၀ ဝေးသော ဘုန်းကြီးကျောင်း မှ ဖြစ်သည်။ သူ ခိုးခဲ့သော အရာမှာလည်း သူတို့ထဲမှ တစ်စုံတစ်ဦးကို ထိခိုက်စေနိုင်သည့် ဝက်ပေါင်ခြောက် တစ်ပြား သို့မဟုတ် ဓားအသစ်တစ်လက် သို့မဟုတ် ခါးပတ်ကောင်းကောင်း တစ်ခု စသည်တို့ မဟုတ်ပေ။ ရောင်းစားရန် လုံးဝနီးပါး မဖြစ်နိုင်သည့် အလွန် တန်ဖိုးကြီးသည့် ကျောက်မျက်ရတနာ စီခြယ်ထားသည့် စပျစ်ရည် ထည့်သည့်ခွက် ဖြစ်သည်။ သူတို့ အနေနှင့် လူတစ်ယောက်ကို အဓိပ္ပါယ် မရှိသည့် ပြစ်မှု တစ်ခု အတွက် ရွံမုန်းရန် မဖြစ်နိုင်ပေ။ အကျဉ်းသား ဈေးနေရာသို့ ရောက်လာချိန်တွင် လှောင်ပြောင်သံများ နှင့် သံသေးသံကြောင်ဖြင့် အော်သံများ အနည်းငယ်မျှ ပေါ်ထွက်လာသည်။ သို့သော် စိတ်မပါ့တပါ စော်ကားခြင်း မျှသာ ဖြစ်ပြီး ချာတိတ်များကသာ သူ့ကို စိတ်အား ထက်သန်စွာ လှောင်ပြောင် သရော်ခြင်း ပြုကြသည်။

မြို့နေလူများမှာ တရားရုံးသို့ မရောက်ခဲ့ကြပေ။ ပုံမှန်အားဖြင့် တရားရုံး ဖွင့်သောရက်မှာ အလုပ်နားရက် မဟုတ်သဖြင့် သူတို့အနေနှင့် ဝမ်းစာရှာဖွေမှုကို ပြုနေ ကြရသည်။ ထို့ကြောင့် အခုအချိန်သည် သူတို့ သူခိုးကို ပထမဦးဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။ သူခိုးသည် ခပ်ငယ်ငယ်မျှသာ ဖြစ်ပြီး အသက် ၂၀ နှင့် ၃၀ ကြားမျှသာ ရှိဦးမည် ဖြစ်သည်။ ပုံမှန် အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ထည် ရှိသည်။ သို့သော် သူ၏ ပုံပန်း သဏ္ဌန်မှာမူ ထူးခြားနေသည်။ သူ၏ အရေပြားမှာ ခေါင်မိုးပေါ်တွင် ရှိသော နှင်းများပမာ စွတ်စွတ်ဖြူနေပြီး တောက်ပ၍ အစိမ်းရောင်လက်နေပြီး အပြင်သို့ ပြူးထွက်နေသည့် မျက်လုံးများ ရှိသည်။ သူ၏ ဆံပင်မှာ မုန်လာဥနီကို အခွံခွာထားသည့် အရောင်ရှိသည်။ အပျိုအရွယ် ကလေးများက သူ့ကို အရုပ်ဆိုးသည် ဟု ထင်ကြသည်။ အဖွားကြီးများက သူ့အတွက် စိတ်မကောင်း ဖြစ်နေကြသည်။ ချာတိတ်များကမူ မြေကြီးပေါ်သို့ ပစ်လဲမတတ် ရယ်မော နေကြသည်။

မြို့ဝန်မှာ သူတို့နှင့် မစိမ်းသော လူတစ်ယောက် ဖြစ်သည်။ သို့သော် သူခိုးအတွက် ကြမ္မာဆိုးကို ရိုက်နှိပ်ပေးသော အခြား သုံးယောက်မှာမူ လူစိမ်းများ ဖြစ်သည်။ အနည်းငယ် ဝပြီး အဝါရောင် ဆံပင်ရှိသည့် မြင်းစီးသူရဲကောင်းသည် တစ်စုံတစ်ခုသော အတိုင်းအတာမျှ အရေးကြီးသော ပုဂ္ဂိုလ်ဖြစ်သည်မှာ ထင်ရှားသည်။ အဘယ်ကြောင့် ဆိုသော် သူစီးလာသော စစ်မြင်းမှာ လက်သမားတစ်ယောက်၏ ဆယ်နှစ်လုပ်စာ လခနှင့် ညီမျှသည့် တန်ဖိုးရှိသည့် ဧရာမ သတ္တဝါကြီး ဖြစ်သည်။ ဘုန်းကြီးကမူ ပို၍ အသက်ကြီးပြီး ငါးဆယ်ကျော်ခန့်မျှ ရှိသည်။ ပိန်ပိန်ရှည်ရှည် ဖြစ်ပြီး ဘဝသည် သူ့အတွက် ပင်ပန်းစရာ ဝန်ထုတ်ဝန်ပိုးကြီး တစ်ခုလို ခံစားနေရသည့် ပမာ လေးကန်စွာ မြင်းကုန်းနှီး ပေါ်တွင် ထိုင်နေသည်။ တရားဟောဘုန်းကြီးမှာ သူတို့ထဲတွင် အထင်ရှားဆုံး ဖြစ်ပြီး နှာခေါင်းချွန်ချွန် နှင့် အနက်ရောင် ဆံပင်ရှည် ဖြောင့်ဖြောင့်များ ရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အုန်းခွံရောင် မြင်းသိုးတစ်ကောင်ကို စီးနင်းလာသည်။ သူ့တွင် ကြွက်ပေါက်စကလေးများ၏ အနံ့ကို ရသည့် ကြောင်နက်တစ်ကောင်ပမာ သတိကြီးပြီး ကြောက်စရာ ကောင်းသည့် အကြည့်မျိုး ရှိသည်။

ချာတိတ်တစ်ယောက်သည် အကျဉ်းသားအား အသေအချာ ချိန်ရွယ်ပြီး တံတွေးဖြင့် လှမ်းထွေးသည်။ သူ၏ ပစ်လွှတ်ချက်မှာ သူ၏ မျက်လုံး ၂လုံးကြားသို့ ချက်ကောင်း ထိမှန်သည်။ သူသည် ဒေါသထွက်စွာဖြင့် တစ်ချက် ကျိန်ဆဲလိုက်ပြီး သူ့အား တံတွေးထွေးသူ ဘက်သို့ ရုတ်တရက် လှည့်သည်။ သို့သော် သူ့ကို လှည်း၏ ဘေးနံရံများသို့ ချည်နှောင်ထားသော ကြိုးများက တားဆီးထားသည်။ ထိုအဖြစ်အပျက်မှာ အထူးအဆန်း မဟုတ်သော်လည်း သူရေရွတ်သော ဘာသာစကားမှာ အရှင်သခင်များ သုံးလေ့ရှိသည့် နော်မန် ပြင်သစ် ဘာသာစကား ဖြစ်သည်။ သူသည် အထက်တန်းစား မိသားစုမှ မွေးဖွားလာသူလား။ အိမ်ရှိရာ အရပ်မှ အလွန်ဝေးကွာသော အရပ်တွင် ရောက်နေသူ တစ်ယောက်လား။ ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ကြပေ။

နွားလှည်းသည် ကြိုးစင်၏ အောက်တည့်တည့်တွင် ရပ်လိုက်သည်။ မြို့ဝန်၏ ဘိလစ်စာရေးသည် သူ၏ လက်မှ ကြိုးကွင်းကို ကိုင်၍ လှည်း၏ ကြမ်းပြင်ပေါ်သို့ လှမ်းတက်လိုက်သည်။ အကျဉ်းသားက စတင်၍ ရုန်းကန်လေတော့သည်။ ချာတိတ်များက ဝမ်းသာအားရ ဟစ်အော်ကြသည်။ အကယ်၍ အကျဉ်းသားကသာ တည်တည်ငြိမ်ငြိမ် ရှိနေပါက သူတို့ စိတ်ပျက်လက်ပျက် ဖြစ်ကြမည် ဖြစ်သည်။ သို့သော် သူ၏ လှုပ်ရှားမှုများကို သူ၏ လက်ကောက်ဝက်နှင့် ခြေချင်းဝတ်များတွင် တုတ်နှောင်ထားသော ကြိုးများက တားဆီးထားသည်။ သို့သော် သူက သူ၏ ဦးခေါင်းကို တစ်ဖက်တစ်ချက်သို့ ခါရမ်းပြီး ကြိုးကွင်းကို ရှောင်လွှဲနေသည်။ ခဏအကြာတွင်မူ လူကောင်ကြီး တစ်ယောက်ဖြစ်သော ဘိလစ်စာရေးသည် အနောက်သို့ တစ်လှမ်းဆုတ်ပြီး အကျဉ်းသား၏ ဝမ်းဗိုက်ကို လက်သီးဖြင့် တစ်ချက် ထိုးထည့်လိုက်သည်။ အကျဉ်းသားသည် အရှေ့သို့ ငိုက်ကျလာပြီး အသက်ရှုမှား သွားသည်။ ဘိလစ်စာရေးက ကြိုးကို သူ၏ ခေါင်းအပေါ်မှ စွပ်ချလိုက်ပြီး ကြိုးထုံးကို တင်းလိုက်သည်။ ထို့နောက် သူသည် မြေကြီးပေါ်သို့ ခုန်ချ၍ ကြိုးကို တင်းတင်း ဆွဲလိုက်ပြီး ကြိုး၏ အခြားတစ်ဖက်ကို ကြိုးစင်၏ အောက်ခြေရှိ ချိတ်တွင် ချည်နှောင်လိုက်သည်။

ထိုအချိန်သည် အလွန် အရေးကြီးသော အချိန်ဖြစ်သည်။ အခုအချိန်တွင် အကျဉ်းသားသည် ရုန်းကန်ပါက အလျင်အမြန်ပင် သေဆုံးလိမ့်မည် ဖြစ်သည်။

စစ်သည်တော် နှစ်ဦးက အကျဉ်းသား၏ ခြေထောက်ရှိ ကြိုးများကို ဖြည်လိုက်ကြပြီး သူ့ကို လှည်း၏ ကြမ်းပြင်ပေါ်တင် ရပ်နေသည့် အနေအထားဖြင့် ထားခဲ့ကြသည်။ သူ၏ လက်များကိုမူ အနောက်ဖက်တွင် လက်ပြန်ကြိုး ချည်ထားကြသည်။ လူအုပ်ကြီး တစ်အုပ်လုံး တိတ်ဆိတ်သွားကြသည်။

မကြာခဏ ဆိုသလိုပင် ဤအချိန်တွင် အနှောက်အယှက် ပေါ်လာတတ်သည်။ အကျဉ်းသား၏ အမေသည် စိတ်မထိန်းနိုင်ဘဲ ဟစ်အော်တတ်သည်။ သူ၏ ဇနီးသည် ဓားတစ်ချောင်းကို ထုတ်၍ စင်မြင့်ရှိရာသို့ ပြေးသွားပြီး နောက်ဆုံးအချိန်တွင် သူ၏ အသက်ကို ကယ်ဆယ်ရန် ကြိုးစား တတ်သည်။ တခါတရံတွင် အကျဉ်းသားသည် ဘုရားသခင်ကို တမ်းတ၍ ခွင့်လွှတ်ရန် တောင်းပန်လေ့ရှိပြီး တခါတရံတွင် သူ့ကို ကွက်မျက်သူများအတွက် ကြောက်မက်ဖွယ်ရာ ကျိန်စာကို ကျိန်ဆိုလေ့ ရှိကြသည်။ စစ်သည်တော် နှစ်ယောက်သည် ကြိုးစင်၏ တစ်ဖက်တစ်ချက်တွင် နေရာ ယူထားကြပြီး ဖြစ်ပေါ်လာမည့် အဖြစ်အပျက် ဟူသမျှကို ရင်ဆိုင်ရန် အသင့် အနေအထားဖြင့် ရှိနေကြသည်။

ထိုအချိန်တွင် အကျဉ်းသားသည် စ၍ သီချင်း ဆိုတော့သည်။

သူ့တွင် အလွန် ကြည်လင်ပြီး မြင့်သော အသံရှိသည်။ စကားလုံးများသည် ပြင်သစ်စာလုံးများ ဖြစ်သော်လည်း ထိုဘာသာစကားကို နားလည်သူများပင် ၄င်း၏ ညည်းတွဲ့သော သံစဉ်ကြောင့် ဝမ်းနည်းကြေကွဲခြင်းနှင့် ဆုံးရှုံးမှုများ အကြောင်း ရေးဖွဲ့ထားသော သီချင်းဖြစ်ကြောင်း ပြောနိုင်သည်။

မုဆိုးရဲ့ ပိုက်ကွန်ထဲမှာ မိနေတဲ့ ဘီလုံးငှက် တစ်ကောင်
ပုံမှန်ထက် ပိုပြီး ချိုမြိန်တဲ့ သီချင်းကို ဆိုတတ်တယ်
ကြွေကြသွားတဲ့ သံစဉ်တွေက
ပိုက်ကွန်နဲ့ အတောင်နဲ့ ကို ခွဲပေးနိုင်တယ်။

သူသည် ထိုသီချင်းကို ဆိုနေချိန်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်ကို စိုက်၍ ကြည့်နေသည်။ တဖြည်းဖြည်းနှင့် သူမအနီးတွင် ကွက်လပ်တစ်ခု ဖြစ်သွားပြီး လူတိုင်းက သူမကို မြင်နိုင်သည့် အခြေအနေ ဖြစ်လာသည်။

သူမသည် အသက် ၁၅ နှစ်အရွယ်ခန့် ရှိသည့် မိန်းမပျိုတစ်ဦး ဖြစ်သည်။ လူများသည် သူမကိုကြည့်ရင်း အရင်က သူမကို ဘာကြောင့် သတိမထားမိသလဲ ဟု တွေးနေကြသည်။ သူမတွင် ရှည်လျား ထူထဲ များပြားလှသော အညိုရင့်ရောင် ဆံပင် ရှိပြီး ထိုဆံပင်များက လူတို့ မကောင်းဆိုးဝါး၏ ထိပ် ဟု ခေါ်လေ့ရှိကြသည့် သူမ၏ ကျယ်ပြန့်သော နဖူးပြင်တွင် စုစည်းသွားသည်။ သူမတွင် ရမ္မက်သွေးကြွစေသော ပြည့်တင်းသော နှုတ်ခမ်းအစုံ ပါဝင်သည့် ပါးစပ်ရှိသည်။ အဖွားကြီးများက သူမ၏ ထူသောခါးနှင့် ကြီးမားသော ရင်သားကို သတိပြုမိကြပြီး သူမတွင် ကိုယ်ဝန်ရှိနေသည်ဟု ကောက်ချက်ဆွဲ ကြသည်။ အကျဉ်းသားမှာ မမွေးဖွား ရသေးသော ကလေးငယ်၏ အဖေဖြစ်သည်ဟု တွေးဆကြသည်။ အခြားသူများမှာမူ သူမ၏ မျက်လုံးအစုံမှ အပ အခြားအရာများကို သတိမပြုမိကြပေ။ သူမသည် လှသည်ဟု ထင်ရသော်လည်း သူမ၏ နက်နဲ စူးရှ၍ ရင်သပ်ရှုမောဖွယ်ရာ ရွှေရောင် မျက်ဝန်းများက လွန်စွာမှပင် အရောင်တောက်ပပြီး အတွင်းသို့ ထွင်းဖောက်မြင်နိုင်သည်ဟု ထင်ရသည်။ ထို့အတွက် သူမက သင့်ကို စိုက်ကြည့်ပါက သင်၏ နှလုံးသား အတွင်းထိတိုင် မြင်နိုင်သည်ဟု ထင်ရသည့်အတွက် သင်၏ လျို့ဝှက်ချက်များကို တွေ့ရှိသွားမည်ကို ကြောက်ရွံ့သောကြောင့် သင်မျက်လုံးလွှဲ သွားရပေလိမ့်မည်။ သူမသည် စုတ်ပြတ်နေသော အဝတ်အထည်ကို ဝတ်ဆင်ထားပြီး မျက်ရည်များက သူမ၏ နူးညံ့သော ပါးပြင်ထက်တွင် စီးကျနေသည်။

လှည်းမောင်းသမားက ဘိလစ်စာရေးကို မျှော်လင့်တကြီး ကြည့်နေသည်။ ဘိလစ်စာရေးက မြို့ဝန်ကို ကြည့်နေပြီး ခေါင်းငြိမ့်မည်ကို စောင့်နေသည်။ ယုတ်မာ ရက်စက်ပုံပေါက်သော အသက်ငယ်ငယ် တရားဟောဘုန်းကြီးက မြို့ဝန်ကို စိတ်မရှည်စွာ တံတောင်ဖြင့် တွတ်သည်။ သို့သော် မြို့ဝန်က သတိပြုမိပုံ မရပေ။ သူက သူခိုးကို ဆက်၍ သီချင်းဆိုခွင့် ပြုထားသည်။ ရုပ်ဆိုးသော လူ၏ ချစ်စရာကောင်းသော အသံက ဆွဲငင်စွာ ဆိုညည်းနေသော အချိန်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တိတ်ဆိတ်မှု တစ်ခု ဖြစ်သွားသည်။

မှောင်ရီပျိုးစအချိန်မှာ မုဆိုးဟာ သားကောင်ကို ယူဆောင်တယ်။
ဘီလုံးငှက်ဟာ သူရဲ့ လွတ်လပ်မှုကို ဘယ်တော့မှ ရတော့မှ မဟုတ်ဘူး။
ငှက်တွေလူတွေဟာ သေရမှာ အမှန်ပဲ။
ဒါပေမယ့် သီချင်းတွေကတော့ အမြဲတည်ရှိနေမယ်။

သီချင်းဆုံးသွားသော အခါတွင် မြို့ဝန်က ဘိလစ်စာရေးကို လှမ်းကြည့်ပြီး ခေါင်းငြိမ့်ပြသည်။ ဘိလစ်စာရေးက “ဟား” ဟု အော်ပြီး နွား၏ နံပိုင်းကို ကြိုးဖြင့် လှမ်းရိုက်လိုက်သည်။ လှည်းမောင်းသမားသည် သူ၏ကြာပွတ်ကို တစ်ချိန်တည်းမှာပင် ရိုက်လိုက်သည်။ နွားများက ရှေ့သို့ တိုးသွားကြပြီး လှည်းပေါ်တွင် ရပ်နေသော အကျဉ်းသားမှာ ယိမ်းထိုးသွားသည်။ နွားများက လှည်းကို ဝေးရာသို့ ဆွဲသွားကြပြီး အကျဉ်းသားမှာ လေထဲသို့ တွဲလောင်းကျသွားသည်။ ကြိုးက ဆန့်တန်းသွားပြီး သူခိုး၏ လည်ပင်းမှာ တစ်ချက်တည်းဖြင့် ကျိုးကျသွားသည်။

ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းက မိန်းမပျိုကို ဝိုင်းကြည့်ကြသည်။

သို့သော် ကျယ်လောင်စွာ ဟစ်အော်လိုက်သူမှာ သူမမဟုတ်ဘဲ သူမဘေးတွင် ရပ်နေသည့် ဓားလုပ်သူ၏ ဇနီးက အော်လိုက်ခြင်း ဖြစ်သည်။ သို့သော် အော်သံထွက်ပေါ်လာရခြင်း အကြောင်းမှာ မိန်းမပျို ကြောင့်ဖြစ်သည်။ သူမသည် ကြိုးစင်ရှေ့တွင် ဒူးထောက်ထိုင်ချပြီး သူမ၏ လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်ထုတ်ထားသည်။ ကျိန်စာတစ်ခုကို ရေရွှတ်တော့မည့် အနေအထားမျိုး ဖြစ်သည်။ လူများက ကြောက်ရွံ့စွာပင် နောက်တွန့်သွားကြသည်။ မတရားမှုကို ခါးစီးခံရသော သူတို့၏ ကျိန်စာမှာ အလွန်ထိရောက်ကြောင်းကို လူတိုင်းက သိနေကြပြီး သူတို့အားလုံးက ဤကြိုးပေးခြင်းတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သံသယ ရှိနေကြသည်။ ချာတိတ်များက ကြောက်လန့်သွားကြသည်။

မိန်းမပျိုက အိပ်မွေ့ချခံထားရသလို ဖြစ်နေသော သူမ၏ မျက်လုံးများဖြင့် လူစိမ်း ၃ ယောက် ဖြစ်သော မြင်းစီးသူရဲကောင်း၊ ဘုန်းကြီးနှင့် တရားဟောဘုန်းကြီး တို့ဘက်သို့ လှည့်လိုက်သည်။ ကြောက်မက်ဖွယ်ရာ ကောင်းသော စကားလုံးများကို မြည်ဟိန်းသော အသံနေ အသံထား ဖြင့် ကျိန်ဆိုလိုက်သည်။
“ငါ မင်းတို့အတွက် နာမကျန်းခြင်း၊ ဝမ်းနည်းခြင်း၊ မွတ်သိပ်ခြင်း၊ ကြေကွဲခြင်း တွေနဲ့ အတူ ကျိန်ဆိုတယ်။ မင်းတို့ အိမ်တွေကို မီးက ဝါးမြိုပါစေ။ မင်းတို့ သားသမီးတွေ ကြိုးစင်ပေါ်မှာ သေပါစေ။ မင်းတို့ရဲ့ ရန်သူတွေ ကြွယ်ဝ တိုးတက်ပါစေ။ မင်းတို့တွေ ဝမ်းနည်းမှုတွေ နောင်တတွေနဲ့ အတူ ကြီးပြင်းရပါစေ။ မင်းတို့တွေ ဆိုးရွားယုတ်မာမှုတွေနဲ့ မချိမဆန့် သေဆုံးရပါစေ။”

မိန်းမပျိုသည် နောက်ဆုံးစကားလုံးကို ရွတ်ဆိုပြီးသော အချိန်တွင် သူမ၏ နံဘေးရှိ မြေကြီးပေါ်မှ အိတ်တစ်အိတ်ကို လက်လှမ်းယူလိုက်ပြီး အတွင်းမှ ကြက်ဖ အရှင်တစ်ကောင်ကို ဆွဲထုတ်လိုက်သည်။ ဓားတစ်ချောင်းသည် သူမ၏ လက်အတွင်းသို့ မည်သည့်နေရာမှ မသိ ရောက်လာပြီး သူမသည် ကြက်၏ ခေါင်းကို တစ်ချက်တည်း ဖြင့်ပင် ဖြတ်လိုက်သည်။

ပြတ်နေသော လည်ပင်းမှ သွေးများ ပန်းထွက်နေဆဲမှာပင် သူမသည် ခေါင်းပြုတ်နေသော ကြက်ကို အနက်ရောင် ဆံပင်ရှိသည့် တရားဟောဘုန်းကြီး ထံသို့ လှမ်းပစ်လိုက်သည်။ ကြက်သည် သူ့ကို မထိပဲ ပြုတ်ကျ သွားသော်လည်း သွေးများက သူ နှင့် သူ၏ တစ်ဖက်တစ်ချက်တွင် ရှိနေကြသော ဘုန်းကြီးနှင့် မြင်းစီးသူရဲကောင်းတို့ အပေါ်သို့ ကျရောက် သွားကြသည်။ ထိုလူ ၃ယောက်တို့ ရွံရှာစွာ တွန့်သွားကြသည်။ သို့သော် သွေးများက သူတို့အားလုံးအပေါ်သို့ ကျရောက်သွားပြီး သူတို့၏ မျက်နှာများ ပေါ်တွင် ဖြန့်ကျက်သွားပြီး သူတို့၏ အဝတ်အထည်များကို စွန်းထင်းစေခဲ့သည်။

မိန်းမပျိုက လှည့်၍ ပြေးထွက်သွားသည်။

လူအုပ်ကြီးသည် သူမ၏ အရှေ့တွင် ရှဲသွားပြီး အနောက်တွင် ပြန်ပိတ်သွားကြသည်။ ခဏ အကြာမျှ ထိုနေရာတွင် ဝရုန်းသုန်းကား ဖြစ်သွားသည်။ နောက်ဆုံးတွင်မူ မြို့ဝန်ကို သူ၏ စစ်သည်များက သတိပြုမိသွားပြီး သူက စစ်သည်များကို သူမအား လိုက်ဖမ်းရန် ဒေါသတကြီး ပြောလေသည်။ သူတို့သည် ယောက်ျားများ မိန်းမများ ကလေးများကို ကြမ်းတမ်းစွာ တွန်းတိုက်ပြီး လူအုပ်အတွင်းမှ စတင် ထိုးထွက်ကြသည်။ သို့သော် မိန်းမပျိုမှာ လက်ဖျစ်တတွတ် အတွင်းမှာပင် ပျောက်ကွယ်သွားသည်။ မြို့ဝန်သည် သူမကို ရှာဖွေမည် ဖြစ်သော်လည်း သူမကို မတွေ့နိုင် ဆိုသည့် အချက်ကို သိနေသည်။

သူသည် ရွံရှာမုန်းတီးစွာ လှည့်ထွက်သွားသည်။ မြင်းစီးသူရဲကောင်း၊ ဘုန်းကြီးနှင့် တရားဟောဘုန်းကြီးတို့မှာ မိန်းမပျို ပြေးထွက်သွားသည်ကို ကြည့်မနေကြပေ။ သူတို့သည် ကြိုးစင်ကို စိုက်ကြည့်နေဆဲပင် ဖြစ်သည်။ မြို့ဝန်က သူတို့ ငေးကြည့်နေသော နေရာသို့ လိုက်ကြည့်သည်။ သေဆုံးနေသော သူခိုးသည် ကြိုး၏ အဆုံးတွင် တွဲလောင်းကြီး ဖြစ်နေပြီး သူ၏ ငယ်ရွယ် ဖြူလျော်သော မျက်နှာမှာ အပြာရောင် သန်းနေပြီ ဖြစ်သည်။ တစ်ဖက်မှ တစ်ဖက်သို့ ဖြည်းငြင်းစွာ လှုပ်ရမ်းနေသော သူ၏ အလောင်းအောက်တွင်မူ ခေါင်းမရှိသော်လည်း လုံးဝမသေဆုံးသေးသည့် ကြက်ဖသည် သွေးများ စွန်းထင်းနေသော နှင်းများပေါ်တွင် မညီညာသော စက်ဝိုင်းပုံသဏ္ဌန်ဖြင့် ပြေးနေဆဲပင် ဖြစ်သည်။

ဆက်ဖတ်ရန် စာအုပ်(၁) အပိုင်း(၁) အခန်း(၁)
မာတိကာသို့

No comments:

Post a Comment