Wednesday, December 14, 2011

စာအုပ်(၁) ၁၁၃၅-၁၁၃၆ အပိုင်း(၁) အခန်း(၅)

အဲလန်က သူ့အား အဖြစ်အပျက် အစုံကို ရှင်းပြနေသည်။

"ဂျက်က ကလေးငိုတာကို ကြားလိုက်တယ်။သူက မြစ်ရှိတဲ့နေရာကို သွားနေတုန်း။ ဒီနေရာကနေဆိုရင် မြောက်ဘက်မှာ ရှိမယ်။ အဲဒီမှာ ခဲကို ကောင်းကောင်း ပစ်တတ်တဲ့သူ ဆိုရင် ဘဲတွေကို ခဲနဲ့ပစ် သတ် လို့ ရတယ်။ သူက ဘာလုပ်ရမလဲ မသိဘူး။ အဲဒါကြောင့် အိမ်ကို ပြန်ပြေးလာပြီး ကျွန်မကို လာပြန်ခေါ်တယ်။ ဒါပေမယ့် ကျွန်မတို့ အဲဒီနေရာကို သွားနေတဲ့ လမ်းမှာပဲ ပရိစ်ဘုန်းကြီး တစ်ပါးနဲ့တွေ့တယ်။ သူက အလှစီးမြင်းတစ်ကောင်ကို စီးရင်း ကလေးကို သယ်လာတယ်။"

"ငါသူ့ကို ရှာရမယ်။" ဟု တွမ်က ပြောသည်။

"ဘာမှ စိတ်မခြောက်ချားနဲ့။ သူဘယ်မှာ ရှိသလဲ ဆိုတာ ကျွန်မသိတယ်။ သူက မြေပုံ အနားကနေ ဘေးကို ကွေ့ပြီး ဆက်သွားတယ်။ အဲဒီလမ်းက တောအုပ်ထဲမှာ မမြင်ရအောင် ဆောက်ထားတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ဦးတည်နေတယ်။

"ကလေးအတွက်က နို့လိုတယ်လေ။"

"ဘုန်းကြီးတွေမှာ ဆိတ်တွေရှိတယ်။"

"ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။" ဟုတွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

"ကျွန်မရှင့်ကို အဲဒီနေရာကို ခေါ်သွားမယ်။ ရှင် တစ်ခုခု စားပြီးရင်ပေါ့။" သူမက ပြောသည်။ "ဒါပေမယ့်..." သူမက မျက်မှောင်ကြုတ်လိုက်သည်။

"ကလေးတွေကိုတော့ အဲဒီဘုန်းကြီးကျောင်း အကြောင်း မပြောနဲ့ဦး။"

တွမ်က မြေကွက်လပ်ကို ဖြတ်၍ တချက် ကြည့်လိုက်သည်။ အဲဖရက်နှင့် မာသာတို့က အိပ်ပျော်နေဆဲပင်။ ဂျက်က သူတို့ လဲလျောင်းနေသော နေရာသို့ ရောက်နေပြီး သူတို့ကို ထုံးစံအတိုင်း အသက်မပါသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"ဘာလို့လဲ။"

"ကျွန်မမသိဘူး။ ကျွန်မ ထင်တာက နည်းနည်းပိုစောင့်လိုက်တာ ကောင်းမယ် ထင်တာပဲ။"

"ဒါပေမယ့် မင်းရဲ့သားက သူတို့ကို ပြန်ပြောမှာပေါ့။"

သူမက ခေါင်းကို ရမ်းခါလိုက်သည်။

" သူဘုန်းကြီးကိုတော့ မြင်လိုက်တယ်။ ဒါပေမယ့် ကျန်တာတွေကိုတော့ သူဆက်စပ်တွေးနိုင်လိမ့်မယ် လို့ ကျွန်မမထင်ဘူး။"

"ကောင်းပြီလေ။" တွမ်က လေးနက်စွာပြောသည်။
" တကယ်လို့ မင်းသာ အနားမှာ ရှိခဲ့မယ် ဆိုရင် မင်းငါ့မိန်းမ အက်ဂနက်စ်ရဲ့ အသက်ကို ကယ်နိုင်ချင်ကယ်နိုင်မှာပဲ။"

အဲလန်က သူမ၏ ခေါင်းကို ခါယမ်းသည်။ သူမ၏ နက်မှောင်သော ဆံပင်များက သူမ၏ မျက်နှာတဝိုက်တွင် ယိမ်းထိုး ကခုန်နေကြသည်။

"တကယ်တော့ ကျွန်မ လုပ်ပေးနိုင်တာ ဘာမှမရှိဘူး။ ရှင့်မိန်းမကို နွေးထွေးအောင် ထားဖို့ပဲလိုတာ။ အဲဒါကလည်း ရှင်လုပ်ပေးခဲ့တယ်။ တကယ်လို့ မိန်းမတစ်ယောက်ဟာ ကိုယ်ထဲမှာ သွေးထွက်နေတယ် ဆိုရင် သွေးထွက်တာရပ်ပြီး သူ သက်သာချင် သက်သာမယ်။ ဒါမှမဟုတ် မရပ်ဘဲ သေချင်သေမယ်။ အဲဒီ နည်းလမ်း နှစ်မျိုးပဲ ရှိတယ်။"

တွမ်၏ မျက်လုံးထဲတွင် မျက်ရည်ဝဲလာသည်။

အဲလန်က "ကျွန်မ စိတ်မကောင်းပါဘူး။" ဟု ပြောလိုက်သည်။

တွမ်က ယောင်နနဖြင့် ခေါင်းငြိမ့်လိုက်မိသည်။

"ဒါပေမယ့် အသက်ရှင်နေသေးတဲ့ သူကိုတော့ အသက်ရှင်တဲ့သူက စောင့်ရှောက်ရမယ်။ ရှင့်အတွက် ပူပူနွေးနွေး စားစရာနှင့် အနွေးထည်အင်္ကျီအသစ် လိုမယ်။"

သူမက ထရပ်လိုက်သည်။

သူတို့ ကလေးများကို နှိုးကြသည်။ တွမ်က သူတို့အား ကလေးငယ်က ကောင်းကောင်းမွန်မွန်ရှိကြောင်း၊ အဲလန်နှင့် ဂျက်တို့က ဘုန်းကြီးတစ်ပါးက ကလေးငယ်ကို သယ်ဆောင်သွားသည်ကို မြင်လိုက်ကြောင်း၊ တွမ်နှင့် အဲလန်တို့ နောက်မှ ဘုန်းကြီးကို လိုက်ရှာကြမည် ဖြစ်ကြောင်း၊ အခု အရင်ဆုံး အဲလန်က သူတို့ကို ကျွေးမွေးလိမ့်မည် ဖြစ်ကြောင်း ပြောပြသည်။ သူတို့က စိတ်လှုပ်ရှားစရာ သတင်းကို တည်တည်ငြိမ်ငြိမ် ဖြင့်ပင် နားထောင်ကြသည်။ ယခုအချိန်မျိုးတွင် မည်သည့် အကြောင်းအရာကမှ သူတို့ကို တုန်လှုပ်စေနိုင် လိမ့်မည် မဟုတ်ပေ။ တွမ်အတွက်လည်း အားလုံးက ရှုပ်ထွေးနေသည်။

အပြောင်းအလဲဟူသမျှတို့ကို လက်ခံနိုင်ရန် အတွက် ဘဝ၏ ရွေ့လျားမှုတို့က သိပ်မြန်ဆန်လွန်းလှသည်။ သူတို့အဖြစ်က ပြေးထွက်သွားသော မြင်းတစ်ကောင် ၏ ကျောပေါ်တွင် ရောက်နေသလိုပင် ဖြစ်သည်။ အရာအားလုံးကို အလွန်ပင် မြန်ဆန်စွာ ဖြစ်ပျက်သွားပြီး ဖြစ်ပျက်သမျှတို့ကို အလိုက်သင့် တုံ့ပြန်ရန် အချိန် မရှိပေ။ သူလုပ်နိုင်သည်က တင်းတင်းကျပ်ကျပ် ဖက်တွယ်၍ စိတ်ကောင်းကောင်း ထားနိုင်အောင် ကြိုးစားရန် သာဖြစ်သည်။ အက်ဂနက်စ်က ညဘက် လေအေးထု ထဲတွင်မွေးဖွားခဲ့သည်။ ကလေးငယ်က ထူးဆန်းစွာပင် ကျန်းမာနေခဲ့သည်။ အားလုံး ကောင်းနေသည်ဟု ထင်ထားပြီးမှ တွမ်၏ နှလုံးသား အဖော် အက်ဂနက်စ်သည် သူ၏လက်ပေါ်တွင်ပင် သွေးလွန်၍ သေဆုံးသွားခဲ့သည်။ သူ၏ စိတ်တို့ လွတ်ထွက် သွားခဲ့သည်။ ထို့နောက် ကလေးငယ်ကို မသာမယာသော အခြေအနေတွင်ပင် ချန်ထားခဲ့ပြီး သေဆုံးအောင် ထားပစ်ခဲ့သည်။ ထို့နောက်တွင် ကလေးငယ်အား သူတို့ ကြိုးစား ရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ပေ။ နောက် အဲလန် ရောက်လာသည်။ တွမ်က သူမအား နတ်သမီးဟု ထင်မှတ်ခဲ့သည်။ ထို့နောက် အိပ်မက်တစ်ခုပမာပင် သူတို့ ချစ်တင်းနှောခဲ့ကြသည်။ သူမက ကလေးငယ်သည် အသက်ရှင်နေသေးပြီး ကောင်းမွန်စွာ ရှိနေသည်
ဟုပြောသည်။ တွမ် အတွက် ဤသို့ ဆိုးရွားလှသော အဖြစ်အပျက်တို့ကို အသေအချာ တွေးတော ချိန်ရအောင် ဘဝ၏ ပြောင်းလဲမှု အရှိန်အဟုန်က လျော့သွားပါမည်လား ဟုစဉ်းစားမိသည်။

သူတို့ ထိုနေရာမှ ဆက်ထွက်ခဲ့ကြသည်။ တွမ်က တောပုန်းဆိုသူမှာ ညစ်ပတ်စုတ်ပြတ်နေသူများဟု အမြဲယူဆ ထားခဲ့သည်။ သို့သော်လည်း အဲလန်ကို ကြည့်ရသည်မှာ ထိုသို့ ညစ်ပတ် စုတ်ပြတ်မနေပေ။ တွမ်က သူမ၏ အိမ် မည်သို့ ရှိမည်နည်းဟု တွေးတောနေမိသည်။ သူမက သူတို့အား တောအုပ်ကို ဖြတ်၍ ကွေ့ကောက်နေသော လမ်းများ အတိုင်း ခေါ်သွားသည်။ ထိုနေရာတွင် လမ်းဟူ၍ မရှိပေ။ သို့သော်လည်း သူမသည် ချောင်းများ အတွင်း နင်းဖြတ်သွားသည့် အခါ၊ သစ်ကိုင်း အနိမ့်ကလေးများကို ငုံ့ရှောင်သွားသည့် အခါ၊ အေးခဲနေသော ရွှံ့ညွှန်အိုင်များ၊ ရဂုံပင် ချုံပုတ်များ၊ လဲကျနေသော ဝက်သစ်ချပင်ကြီး စသည်တို့ကို ကွင်းရှောင်သွားသည့် အခါများတွင် လုံးဝ တုံ့ဆိုင်းနေခြင်း မရှိပေ။

နောက်ဆုံးတွင်တော့ သူမသည် ဘယ်ရီချုံ တစ်ခုဆီသို့ ဦးတည်လျှောက်သွားပြီး ဝင်ရောက် ပျောက်ကွယ် သွားသည်။ တွမ်သည် သူမနောက်ကို လိုက်ရင်း သူအစ ပထမ တွေးထင်ထားသကဲ့သို့ မဟုတ်ဘဲ ချုံအတွင်းတွင် ကျဉ်းမြောင်းသော လမ်းကလေးတစ်ခု ကွေ့ပတ်သွားနေသည်ကိုတွေ့ရသည်။ သူသည် သူမ နောက်သို့ လိုက်သွားသည်။ ဘယ်ရီချုံ က သူ့ခေါင်းအထက်တွင် ပြန်စေ့သွားပြီး  တဝက်တပျက် မှောင်နေသော နေရာသို့ ရောက်နေသည်ကို သူတွေ့ရသည်။ သူက ငြိမ်ငြိမ်ရပ်နေပြီး ဖျော့တော့သော အလင်းရောင်အောက်တွင် သူ့မျက်စိများ ကျင့်သားရရန် စောင့်နေလိုက်သည်။ တဖြည်းဖြည်းနှင့် သူ ကျောက်ဂူ တစ်ခု အတွင်း ရောက်နေသည်ကို သဘောပေါက်လိုက်သည်။

လေက နွေးနေသည်။ သူ၏ ရှေ့တွင် မီးတောက်တစ်ခုက ကျောက်ပြားများပေါ်တွင် တောက်လောင်နေသည်။ မီးခိုးများက အပေါ်သို့ တည့်တည့် တက်သွားသည်။ တစ်နေရာရာတွင် သဘာဝအတိုင်း ဖြစ်နေသော မီးခိုးခေါင်းတိုင် တစ်ခု ရှိပေလိမ့်မည်။ သူ၏ ဘေးတစ်ဘက် တစ်ချက် ဂူနံရံများတွင် ဝံပုလွေ သို့မဟုတ် သမင် စသည့် အကောင်တို့၏ တိရစ္ဆာန်အရေခွံများကို သစ်သားညှပ်ဖြင့် ညှပ်ထားသည်။ သူ၏ အရှေ့ရှိ အမိုးပေါ်တွင် ကျပ်တိုက်ထားသော သမင်ပေါင် တစ်ချောင်းကို ချိတ်ဆွဲထားသည်။ အိမ်လုပ် သေတ္တာတစ်ခုနှင့် ပြည့်နေသော တောင်ဝှေးသီးများ၊ ကျောက်စွန်းပေါ်တွင် ရှိသော ဆီမီတိုင်များ
နှင့် ကြမ်းပြင်ပေါ်တွင် ချထားသော ကျူရိုးခြောက်များကို တွေ့ရသည်။ မီးဖို၏ အစွန်းတွင် အခြားသာမန် အိမ်များကဲ့သို့ပင် ဟင်းအိုး တစ်လုံးရှိသည်။ အနံ့ပေါ်မူတည်၍ ခန့်မှန်းရလျှင် အများသူငါ စားလေ့ ရှိသော
ဟင်းသီးဟင်းရွက် နှင့် အရိုးအသားများ၊ သစ်ဥသစ်ဖုများ ရောနှောပြုတ်ထားသော ဟင်းလျာမျိုးပင် ဖြစ်ပေလိမ့်မည်။ တွမ်သည် အလွန် အံ့အားသင့် သွားသည်။ ဤနေရာသည် မြေစာရင်းငှား အများစု၏ အိမ်များထက်ပင် သက်တောင့်သက်သာ ရှိသေးသည်။

မီးဖို၏ အနောက်ဖက်တွင် သမင် အရေခွံဖြင့် ချုပ်ထားပြီး ကျူရိုးများဖြင့် အစာသွတ်ထားဟန် တူသော မွေ့ရာ နှစ်ခု ရှိသည်။ အပေါ်တွင် သပ်ရပ်စွာ လိပ်ထားသည်မှာ ဝံပုလွေ အရေခွံတစ်ခုစီ ဖြစ်သည်။ အဲလန်နှင့် ဂျက်တို့ ဤနေရာတွင် အိပ်ကြခြင်းပင် ဖြစ်လိမ့်မည်။ သူတို့ နှစ်ယောက်ကြားတွင် မီးပုံ တစ်ပုံ ဖိုထားပြီး ဂူပေါက်ဝတွင်လည်း မီးဖို တစ်ခု ရှိပေလိမ့်မည်။ ဂူ၏ အနောက်ဘက်ပိုင်းတွင်မူ ကြောက်လန့်စရာ ကောင်းသော လက်နက်များနှင့် အမဲလိုက် ကိရိယာများ ရှိသည်။ လေးတစ်ခု၊ မြှားအချို့၊ ပိုက်ကွန်၊ ယုန်ထောင်ချောက်များ၊ စိတ်မသက်သာစရာ ရှိလှသော ဓားမြှောင်များ၊ ထိပ်ချွန်ပြီး မီးမြှိုက်ထားသော သစ်သားလှံများ အပြင် ထိုအရာတို့၏ ကြားတွင် အခြေခံကျသော ပစ္စည်းဖြစ်သည့် စာအုပ် ၃ အုပ် ကို တွေ့ရသည်။

တွမ်သည် အလွန်အမင်း အံ့အားသင့်သွားသည်။ သူ့အနေနှင့် စာအုပ်များ ဂူထဲတွင် မဆိုထားနှင့်ဦး။ အိမ်များတွင် ရှိသည်ကို မမြင်ဖူးပေ။ စာအုပ်ဆိုသည်မှာ ဘုရားကျောင်းတွင် ရှိသည့် အရာသာလျှင် ဖြစ်သည်။

ဂျက် ဆိုသည့် ကောင်လေးက သစ်သားပန်းကန်လုံး တစ်ခုကို ကောက်ယူပြီး အိုးထဲတွင် နှစ်လိုက်ကာ စတင်၍ သောက်တော့သည်။ အဲဖရက်နှင့် မာသာတို့က ဆာလောင် မွတ်သိပ်စွာဖြင့် သူ့ကို ငေးကြည့်နေကြသည်။

အဲလန်က တွမ်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။

"ဂျက်။ လူစိမ်းတွေ ရှိနေရင် ငါတို့ အစားမစားခင် သူတို့ကို အရင်ကျွေးရမယ်။"

ကောင်လေးက သူမကို အံ့ဩသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ။"

"ဘာလို့လဲ ဆိုတော့ အဲဒါ ယဉ်ကျေးတဲ့ အပြုအမူမို့ပဲ။ ကလေးတွေကို ဟင်းနည်းနည်း ပေးလိုက်ဦး။"

ဂျက်က သဘောပေါက်ဟန် မတူပေ။ သို့သော်လည်း သူသည် သူ့အမေစကားကို နားထောင်သည်။ အဲလန်က ဟင်းရည် အချို့ကို တွမ်အားပေးသည်။ သူက ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီးနောက် သောက်လိုက်သည်။
ထိုဟင်းရည်မှာ အသားအရသာ အပြည့်ပါပြီး သူ့ကိုယ်တွင်းကို နွေးထွေးသွားစေသည်။ အဲလန်က သူ၏ ပုခုံးပေါ်တွင် သားမွှေးတစ်ခုကို တင်ပေးသည်။ သူသည် ဟင်းရည်ကို သောက်ပြီးနောက် ဟင်းသီးဟင်းရွက်များ နှင့် အသားများကို သူ့လက်ချောင်းများဖြင့် ဆွဲယူလိုက်သည်။ သူ အသား အရသာကို မခံစားရသည်မှာ ရက်သတ္တပတ် အနည်းငယ်မျှပင် ရှိခဲ့လေပြီ။ ဤ အသားမှာ ဂျက် လေးခွနှင့် ခဲလုံးကို သုံး၍ ပစ်ထားသော ဘဲ ဖြစ်ဟန် တူသည်။

သူတို့သည် အိုးထဲမှဟင်းကို ပြောင်စင်သွားသည် အထိ စားလိုက်ကြသည်။ ထို့နောက် အဲဖရက်နှင့် မာသာတို့က ကောက်ရိုးပေါ်တွင် လှဲချလိုက်ကြသည်။ သူတို့ အိပ်မပျော်မီတွင် တွမ်က သူတို့အား သူနှင့် အဲလန်တို့ ဘုန်းကြီးကို သွားရှာ ကြမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ဂျက်က မိဘများ ပြန်မလာမီ အချိန်အထိ ဤနေရာတွင်နေပြီး သူတို့ကို ကြည့်ရှုထားမည် ဖြစ်ကြောင်း ပြောသည်။ မောပန်းနွမ်းနယ်နေသော ကလေးနှစ်ယောက်တို့က ခေါင်းငြိမ့်၍ သိရှိကြောင်း ပြောကြပြီး သူတို့ မျက်လုံးများကို မှိတ်လိုက်ကြသည်။

တွမ်နှင့် အဲလန်တို့ အပြင်ထွက်ခဲ့ကြသည်။ တွမ်က သူ့ဘာသာ နွေးထွေးစေရန် အတွက် အဲလန် သူ့အား ပေးထားသော သားမွေးကို  ပုခုံးပေါ်တွင် ခြုံလွှမ်း ဝတ်ဆင်ထားသည်။ သူတို့ ဘယ်ရီချုံပုတ် အပြင်ဘက်ကို ရောက်သည်နှင့် အဲလန်က ရပ်လိုက်ကာ တွမ်ဘက်သို့လှည့်၍ သူ၏ ဦးခေါင်းအား သူမထံ ဆွဲယူလိုက်ပြီး သူ့နှုတ်ခမ်းအား နမ်းလိုက်သည်။

"ရှင့်ကို ကျွန်မချစ်တယ်" ဟု သူမက မွတ်သိပ်စွာ ပြောသည်။

"ကျွန်မ ရှင့်ကို စတွေ့တဲ့ အချိန်ကတည်းက ချစ်တယ်။ ကျွန်မ အမြဲပဲ ကြံ့ခိုင်ပြီး ကြင်နာတတ်တဲ့ ယောက်ျားတစ်ယောက်ကို လိုချင်နေခဲ့တာ။ အဲဒီလို လူစားမျိုး ရှိလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ နောက်တော့ ရှင့်ကို တွေ့တယ်။ ရှင့်ကို လိုချင်မိတယ်။ ဒါပေမယ့်လည်း ရှင်က ရှင့်မိန်းမကို ချစ်တာ ကျွန်မ မြင်ရတယ်။ မိုင်ဂေါ့ဒ်။ ကျွန်မ သူ့ကို အရမ်း အားကျမိတာပေါ့။ သူ ဆုံးသွားတာ ကျွန်မ စိတ်မကောင်းဘူး။ တကယ်ပဲ စိတ်မကောင်းဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်မ ရှင့်မျက်လုံးတွေထဲမှာ ပူဆွေးနေတာကို မြင်ရတယ်။ ပေါက်ကွဲထွက်တော့မယ့် ရှင့်မျက်ရည်တွေကို ကျွန်မမြင်ရတယ်။ ရှင်အရမ်း ဝမ်းနည်း နေတာကို မြင်ရတာ ကျွန်မအတွက် ကြေကွဲစရာပဲ။ အခုတော့ ရှင့်မိန်းမလည်း သွားပြီ။ ကျွန်မ ရှင့်ကို ပိုင်ဆိုင်ချင်တယ်။"

တွမ်အတွက် ဘာပြန်ပြောရမည်မှန်း မသိတော့ပေ။ အလွန်လှသော၊ အလုံးစုံ တတ်ကျွမ်းသော၊ မိမိဘာသာ အားလုံးပြည့်စုံနေသော မိန်းမတစ်ယောက်က သူ့ကို မြင်မြင်ချင်းပင် ချစ်မိသည်ဟု ဆိုသည်။ သူ့ဘာသာသူ ဘယ်လို ခံစားနေရသလဲ သိနိုင်ရန် ခက်ခဲလှသည်။ သူ့အတွက် အက်ဂနက်စ် ကို ဆုံးရှုံးရသည့် အတွက် စိတ် အထိခိုက်ကြီး ထိခိုက်ရသည်။ အဲလန်ပြောသည့်အတိုင်း သူ့တွင် မငိုကြွေးရသေးသော မျက်ရည်တို့ ကျန်နေသေးသည်မှာ အမှန်ပင် ဖြစ်သည်။ သူ့အနေနှင့် ထိုမျက်ရည်တို့၏ လေးလံမှုကို မျက်ဝန်းနောက်တွင် ခံစားနေရသည်။ သို့သော်လည်း အံ့ဩစရာ ကောင်းသော ပူနွေးနေသော ခန္ဓာကိုယ်၊ သူမ၏ ရွှေရောင် မျက်လုံးများနှင့် အရှက်ကင်းမဲ့သည့် ရမ္မက်များ ရှိနေသော အဲလန်နှင့် ပတ်သက်၍ သူ့တွင် စိတ်ဆန္ဒများ ရှိနေသည်။ အက်ဂနက်စ် သူမ၏ သင်္ချိုင်းတွင် လဲလျောင်းနေသည်မှာ နာရီပိုင်းမျှသာ ရှိသေးသော်လည်း အဲလန့်ကို လိုချင်နေမိသည့် အတွက် သူ့အနေနှင့် အကြီးအကျယ်ပင် အပြစ်ရှိသလို ခံစားနေရသည်။

သူက သူမကို ပြန်၍ စိုက်ကြည့်နေမိသည်။ ဤတစ်ကြိမ်တွင်လည်း သူမ၏ မျက်လုံးများကို သူ့နှလုံးသားကို ထွင်းဖောက် မြင်နေပြန်သည်။ သူမက "ရှင်ဘာမှ မပြောပါနဲ့။ ရှင် ရှက်စရာ မလိုပါဘူး။ ရှင် သူ့ကို ချစ်တယ် ဆိုတာ ကျွန်မသိပါတယ်။ သူလည်း သိတယ် ဆိုတာ ကျွန်မ ပြောနိုင်ပါတယ်။ ရှင်သူ့ကို ချစ်နေတုန်းပဲ။ ဟုတ်တယ် အမှန်ပဲ။ ရှင်သူ့ကို အမြဲချစ်နေမှာပါပဲ။"

သူမက သူ့အား ဘာမှ မပြောရန် ပြောသည်။ သူ့တွင်လည်း ဘာမှ ပြောစရာ မရှိတော့ပေ။ သူ့အနေနှင့် ဤသို့ ထူးကဲလှသော မိန်းမကြောင့် ဘာမှမပြောနိုင်အောင် ဆွံ့အနေမိသည်။ သူမသည် လွဲချော်နေသမျှ အားလုံးကို ပြန်လည်တည့်မတ် ပေးနိုင်သည်။ သူမက သူ၏ နှလုံးသားထဲတွင် ရှိနေသမျှ အရာအားလုံးကို သိနေသည့် အတွက် သူ့အတွက် ဘာမှ ထပ်၍ ရှက်စရာ မရှိတော့သလိုပင် နေသာထိုင်သာ ရှိသွားသည်။ သူက သက်ပြင်း ချလိုက်သည်။

"အခုလိုဆို ကောင်းသွားပြီ။" သူမက ပြောသည်။ သူမက သူ့လက်ကို ဆွဲယူလိုက်ပြီး သူတို့ ကျောက်ဂူမှ အတူ လမ်းလျှောက်ထွက်ခဲ့ကြတော့သည်။

သူတို့သည် ဘယ်သူမှ ထိတွေ့ထားခြင်း မရှိသေးသော သစ်တော အတွင်း တစ်မိုင်ခန့်မျှ လမ်းလျှောက် ခဲ့ကြသည်။

သူတို့ လမ်းလျှောက်လာကြသောအချိန်တွင် တွမ်က သူ့ဘေးတွင် ရှိနေသော အဲလန်၏ မျက်နှာကို တစ်ချိန်လုံး ကြည့်နေလေသည်။ သူ သူမကို ပထမဆုံးအကြိမ် စတွေ့သော အချိန်က သူမ၏ ထူးဆန်းသော မျက်လုံးများကြောင့် သူမကို သိပ်မလှဟု ထင်ခဲ့ဖူးသည်ကို ပြန်သတိရမိသည်။ အခုအခါတွင် သူ ဘာလို့ အဲဒီလို ခံစားခဲ့ရသလဲ ဆိုသည်ကို ပြန်၍ နားမလည်နိုင်တော့ပေ။ ယခုအခါတွင် ထို အံ့ဩစရာကောင်းသော မျက်လုံးများသည် သူမကို တသီးတခြား ပေါ်လွင်ထင်ရှားနေစေရန် ပြီးပြည့်စုံသော လက္ခဏာတစ်ခုပင် ဖြစ်သည် ဆိုသည်ကို သူမြင်တွေ့နေရသည်။ ယခုအခါတွင် သူမသည် လုံးဝ ဥဿုံ ပြီးပြည့်စုံနေသည်။ ကျန်ရှိနေသေးသော ပဟေဠိမှာ သူမ သူနှင့် အတူ ဘာလို့ ရှိနေရသလဲ ဆိုသည်သာလျှင် ဖြစ်သည်။

သူတို့ သုံးမိုင် လေးမိုင်ခန့် လျှောက်လာကြသည်။ တွမ်အတွက် မောပန်းနေသော်လည်း ယခုနက သောက်ခဲ့သော ဟင်းရည်က သူ့အား ခွန်အားဖြစ်စေသည်။ သူသည် အဲလန်ကို အပြည့်အဝ ယုံကြည်သော်လည်း သူ့အနေနှင့် ကလေးကို သူ့မျက်လုံးနှင့် မမြင်ရမချင်း စိတ်အေးနိုင်မည် မဟုတ်ပေ။

သူတို့ ဘုန်းကြီးကျောင်းကို သစ်ပင်များကြားမှ မြင်ရသော အချိန်တွင် အဲလန်က ပြောသည်။
"ကျွန်မတို့ အရင်ဆုံး ဘုန်းကြီးတွေကို သွားမတွေ့ရင် ကောင်းမယ်။"

တွမ်က အံအားသင့်စွာဖြင့်မေးသည်။ "ဘာလို့လဲ။"

"ရှင်က ကလေးကို စွန့်ပစ်ခဲ့တာလေ။ အဲဒါ လူသတ်မှုနဲ့ အတူတူပဲ။ သစ်တောထဲကနေ အဲဒီနေရာကို သူတို့ မသိအောင် ချောင်းကြည့်ပြီး သူတို့ ဘယ်လို လူစားမျိုးတွေလဲ ဆိုတာ ကြည့်ကြတာပေါ့။"

တွမ်က ဖြစ်ခဲ့သော အခြေအနေအကြောင်းကြောင်းအရ သူ့အတွက် ဒုက္ခတွေ့စရာ အကြောင်းမရှိဟု ထင်သည်။ သို့သော်လည်း သတိထားသည့် အတွက် ဘာမှ နစ်နာစရာ မရှိပေ။ ထို့ကြောင့် သူက သဘောတူသည့် အနေနှင့် ခေါင်းငြိမ့်ပြလိုက်ပြီး ချုံပုတ်များထဲသို့ အဲလန်၏ နောက်မှ လိုက်ဝင်ခဲ့သည်။ ခဏမျှကြာသော အခါတွင် သူတို့သည် မြေကွက်လပ်၏ အစွန်းတွင် လှဲလျောင်းမိနေပြီ ဖြစ်သည်။

ထိုနေရာမှာ အလွန်သေးငယ်သော ဘုန်းကြီးကျောင်း တစ်ခုသာလျှင် ဖြစ်သည်။ တွမ်အနေနှင့် ဘုန်းကြီးကျောင်း များကို ဆောက်လုပ်ခဲ့ဖူးသည်။ သူမှန်းဆမိသည်မှာ ဤဘုန်းကြီးကျောင်းသည် သူတို့
ဆဲလ်ဟု ခေါ်လေ့ရှိကြသော ဘုန်းကြီးကျောင်း အသေးစားတစ်မျိုးဖြစ်ပြီး ပရိုင်ရော်ရီ ဘုန်းကြီးကျောင်း သို့မဟုတ် အဲဘီးဘုန်းကြီးကျောင်းတစ်ခု၏ ကျောင်းခွဲ သို့မဟုတ် နေရာခွဲ တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
ထိုနေရာတွင် ဘုရားကျောင်းနှင့် အိပ်ဆောင် ကျောက်တုံးအဆောက်အုံ နှစ်ခုသာလျှင် ရှိသည်။ မီးဖိုဆောင်၊ မြင်းဇောင်း၊ စပါးကျီ နှင့် အခြားသော လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ အဆောက်အအုံ
အငယ်ကလေးများကို သစ်သား သို့မဟုတ် သစ်သားစနှင့် သဲ၊ ရွှံ့၊ မြင်းချေး စသည်တို့ဖြင့် ရောနှောထားသော ပစ္စည်းများဖြင့်ဆောက်လုပ်ထားသည်။ ထိုနေရာမှာ သန့်ရှင်း၍ ကြည့်ကောင်းပြီး ဘုန်းကြီးများသည်
ဘုရားရှိခိုးသလောက်နီးပါး လယ်ယာစိုက်ပျိုးရေး လုပ်ကြသည်ဟု သိရှိနိုင်သည်။

ထိုနေရာတွင် လူများများစားစား မရှိပေ။
"ဘုန်းကြီး အများစုက အလုပ်သွားလုပ်နေကြတယ်။" ဟု အဲလန်က ပြောသည်။

"သူတို့ တောင်ကုန်းထိပ်မှာ စပါးကျီ တစ်ခုကို ဆောက်နေကြတယ်။"
သူမက ကောင်းကင် ကိုမော့ကြည့်ပြီး ပြောသည်။
"နေ့လည်လောက် ဆိုရင်တော့ ညနေစာစားဖို့အတွက် သူတို့ ပြန်လာကြ လိမ့်မယ်။"

တွမ်က မြေကွက်လပ်ကို ကြည့်ရှုသုံးသပ် မိသည်။ သူတို့၏ ညာဘက်တွင် ရှိသော ကြိုးချည်ထားသော ဆိတ်များဖြင့် တပိုင်းတစ ကွယ်နေသည့် နေရာတွင် သူ သဏ္ဍာန် နှစ်ခုကို တွေ့လိုက်ရသည်။
"ဟိုမှာကြည့်" သူက ညွှန်ပြရင်း ပြောသည်။ သူတို့ ထို သဏ္ဍာန်နှစ်ခုကို လေ့လာကြည့်နေချိန်တွင် သူ တစ်စုံတစ်ခုကို မြင်လိုက်ရသည်။

"ထိုင်နေတဲ့သူက ပရိစ်ဘုန်းကြီးပဲ။ နောက်ပြီး..."

"သူ တစ်ခုခုကို ရင်ခွင်ထဲမှာ ပိုက်ထားတယ်။"

"အနားကို သွားကြည့်ရအောင်။"

သူတို့ မြေကွက်လပ်၏ အနားစပ်မှ တောအုပ်ကို ဖြတ်လာခဲ့ကြပြီး ဆိတ်များ အနားတွင် ကွက်လပ် အစပ်သို့ ပြန်ထွက်လာခဲ့ကြသည်။ ခွေးခြေပေါ်တွင်ထိုင်နေသော ပရိစ်ဘုန်းကြီးကို ကြည့်နေရင်း တွမ်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ သူ့ရင်ခွင်ထဲတွင် ကလေးငယ်တစ်ယောက်ရှိပြီး ထိုကလေးမှာ တွမ်၏ ကလေး ဖြစ်သည်။ တွမ်၏ လည်ချောင်းထဲတွင် တစုံတခု တစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကလေးငယ် အသက်ရှင်နေသေးသည်မှာ တကယ်ပင် ဖြစ်သည်။ အမှန်ပင် ဖြစ်သည်။ သူ့အနေနှင့် သူ့လက်မောင်းများကို ဆန့်တန်း၍ ပရိစ်ဘုန်းကြီးကို ပြေးဖက်လိုက်ချင်စိတ်ပင် ပေါ်သွားသည်။

ပရိစ်ဘုန်းကြီးနှင့် အတူ ဘုန်းကြီးငယ် တစ်ပါး ရှိသည်။ အသေအချာ ကြည့်သော အခါတွင် ဘုန်းကြီးအငယ်က အဝတ်စ သေးသေးတစ်ခုကို ဆိတ်နို့ဖြစ်နိုင်သည့် နို့ပုံးတစ်ပုံးအတွင်းသို့ နှစ်၍
နို့စိုနေသော အဝတ်စ၏ အစွန်းကို ကလေးငယ်၏ ပါးစပ်အတွင်း ထည့်နေသည်ကို မြင်ရသည်။ အလွန် တော်သော တွေးတောကြံဆမှုပင် ဖြစ်သည်။

တွမ်က စိုးရိမ်မကင်းသော အသံဖြင့် ပြောသည်။
"အင်း။ ငါအခု အောက်ကို ဆင်းသွားပြီး ငါလုပ်ခဲ့တဲ့ အမှား အတွက် ဝန်ခံပြီး ငါ့သားကို ပြန်ခေါ်ရမယ်။"

အဲလန်က သူ့အား တည့်တည့်စိုက်ကြည့်ပြီး ပြောသည်။
"ခဏလောက် ပြန်စဉ်းစားကြည့်ဦး တွမ်။ နောက်ပြီးရင် ရှင် ဘာဆက်လုပ်မှာလဲ။"

သူမဘာကို ဆိုလိုချင်သလဲ သူ သဘောမပေါက်ပေ။

"ဘုန်းကြီးတွေ ဆီက နို့ တောင်းမှာပေါ့။ ငါ ဆင်းရဲနေတာ သူတို့ ကြည့်တာနဲ့ သိနိုင်တာပဲ။ သူတို့ ငါ့ကို စွန့်ကြဲနိုင်မှာပါ။"

"နောက်ပြီးတော့ကော"

"အင်း။ သူတို့ငါ့ကို ၃ ရက်စာလောက်တော့ လုံလောက်အောင် နို့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ ငါ ဝင်ချက်စတာ ရောက်တဲ့အထိပေါ့။"

"အဲဒီအခါကျတော့ရော။ ရှင်ကလေးကို ဘယ်လို ကျွေးမှာလဲ။" သူမက အလျှော့မပေးဘဲ ဆက်မေးသည်။

"အင်း။ ငါ အလုပ်ရှာမှာပေါ့။"

"ရှင် အလုပ်ရှာနေတာ ကျွန်မ ရှင်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကတည်းကပဲ။ နွေရာသီ အကုန်လေ။"

သူမက ပြောသည်။ သူမကို ကြည့်ရသည်မှာ တွမ်အား အနည်းငယ်မျှ ဒေါသ ထွက်နေပုံ ရသည်။ သို့သော်လည်း ဘာကြောင့်မှန်း သူမသိပေ။

"ရှင့်မှာ ပိုက်ဆံလည်းမရှိဘူး။ ဘာပစ္စည်းမှလည်း မရှိဘူး။ တကယ်လို့ ရှင် ဝင်ချက်စတာမှ အလုပ်မရဘူးဆိုရင် ကလေးက ဘာဖြစ်သွားမလဲ။" သူမက ဆက်ပြောသည်။

"ငါမသိဘူး။" ဟု တွမ်က ပြောသည်။ သူမက သူ့အား ထိုသို့ ကြမ်းကြမ်းတမ်းတမ်း ပြောသည့် အတွက် သူ့စိတ်ထဲတွင် နာနာကျင်ကျင် ခံစားရသည်။

"ငါ ဘာလုပ်ရမလဲ။ မင်းလိုပဲ နေရမှာလား။ ငါ ဘဲတွေကို ခဲလုံးနဲ့ မပစ်တတ်ဘူး။ ငါက ဆောက်လုပ်ရေး ဆရာလေ။"

"ရှင်ကလေးကို ဒီမှာပဲ ထားခဲ့လို့ ရတာပဲ။" သူမက ပြောသည်။

တွမ်အတွက် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားရသည်။

"သူ့ကို ထားခဲ့ရမယ်။ ငါ သူ့ကို အခုမှ ရှာတွေ့တာလေ။"

"သူ နွေးနွေးထွေးထွေး ရှိနေတယ်။ ကောင်းကောင်းမွန်မွန် အကျွေးအမွေးခံရတယ်။ ဆိုတာ ရှင် သေချာသွားပြီပဲ။ ရှင် အလုပ်ရှာနေတဲ့ အချိန်မှာ သူ့ကို သယ်သွားစရာ မလိုတော့ဘူးပေါ့။ ရှင် တကယ်လို့ အလုပ်တစ်ခုခု ရပြီဆိုရင် ရှင် ဒီကို ပြန်လာပြီး ကလေးကို ခေါ်လို့ ရတာပဲ။"

တွမ်၏ မသိစိတ်က ထိုအကြံအစည် တစ်ခုလုံးကို တွန်းလှန်နေသည်။
"ငါလည်း မသိတော့ဘူး။ ငါ ကလေးကို စွန့်ပစ်လိုက်တဲ့ကိစ္စကို ဘုန်းကြီးတွေက ဘယ်လို ထင်မလဲ။" သူက မေးသည်။

သူမက စိတ်မရှည်စွာ ပြန်ပြောသည်။
" ရှင်လုပ်ခဲ့တယ် ဆိုတာ သူတို့ သိပြီးသားပဲ။ မေးစရာ ရှိတာက ရှင် အခု ဝန်ခံမလား နောက်ဝန်ခံမလား ဆိုတာပဲ။"
"ဘုန်းကြီးတွေက ကလေးကို ဘယ်လို စောင့်ရှောက်ရမယ် ဆိုတာ သိပါ့မလား။"
" ရှင်သိသလောက်တော့ သူတို့လည်း သိမှာပဲလေ။"
"ငါတော့ မထင်ဘူး။"
"ကောင်းပြီ။ အခု စုပ်ပဲ စုပ်နိုင်တဲ့ ကလေးကို ဘယ်လို ကျွေးမွေးရမယ် ဆိုတာ သူတို့ဘာသာ နည်းလမ်း ရှာထားတယ်လေ။"

သူမ ပြောသည်မှာ မှန်ကြောင်း တွမ် တဖြည်းဖြည်း နားလည်လာသည်။ သူ့အနေနှင့် ကလေးငယ် သေးသေးကလေးကို သူ၏ လက်မောင်းများ အတွင်း ထွေးပွေ့ထားချင်သော်လည်း ဘုန်းကြီးများက
သူ့ထက်ပို၍ ကလေးငယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်သည် ဆိုသည့် အချက်ကို သူမငြင်းနိုင်ပေ။ သူ့တွင် စားစရာလည်း မရှိ။ ပိုက်ဆံလည်း မရှိ။ အလုပ်ရရန် အတွက် သေချာသော အာမခံချက် လည်း မရှိပေ။

"သူ့ကိုထားခဲ့ရမယ်။ " သူက ကြေကွဲစွာ ပြောသည်။ "အင်း။ ဟုတ်တယ်။ ငါသူ့ကိုထားခဲ့မှ ဖြစ်မယ်။"

သူက လက်ရှိနေရာတွင်ပင် ဆက်၍ ရပ်နေသည်။ မြေကွက်လပ်ကို ဖြတ်၍ ဘုန်းကြီး၏ ရင်ခွင်ထဲမှ သဏ္ဍာန် သေးသေးကလေးကို လှမ်း၍ ငေးကြည့်နေသည်။ သူ့တွင် နက်မှောင်သော ဆံပင်များ ရှိသည်။ အက်ဂနက်စ်၏ ဆံပင်များ ကဲ့သို့ပင် ဖြစ်သည်။ တွမ်သည် ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။ သို့သော်လည်း သူ ထိုနေရာမှ မခွာနိုင်ပေ။

ထို့နောက်တွင် မြေကွက်လပ်၏ အခြား တစ်ဖက်မှ ဘုန်းကြီး တစ်အုပ် ပေါ်ထွက်လာသည်။ ၁၅ ယောက် အယောက် ၂၀ မျှ ရှိမည် ဖြစ်ပြီး ပုဆိန်များ လွှများကို ကိုင်ထားကြသည်။ တွမ်နှင့် အဲလန်တို့ကို မြင်သွားနိုင်မည့် အန္တရာယ် ရုတ်တရက် ပေါ်ပေါက်လာခြင်းပင်။ သူတို့ အောက်ဘက် ချုံပုတ်ထဲသို့ ပြန်၍ ခုန်ဝင်လိုက်သည်။ အခုအခါတွင် တွမ်အနေနှင့် ကလေးငယ်ကို မမြင်နိုင်တော့ပေ။

သူတို့သည် ချုံပုတ်များကို ဖြတ်၍ တွားသွားလာခဲ့ကြသည်။ လမ်းမသို့ ရောက်သော အခါတွင် သူတို့ ပြေးထွက်ခဲ့ကြတော့သည်။ သူတို့ လက်ချင်းတွဲ၍ ကိုက် သုံးရာ လေးရာမျှ ပြေးခဲ့ကြသည်။ တွမ်သည် မောပန်းနွမ်းနယ် နေသည်။ သို့သော်လည်း သူတို့ လုံခြုံစိတ်ချရသော အကွာအဝေးသို့ ရောက်နေပြီ ဖြစ်သည်။ သူတို့ လမ်းမပေါ်မှ ဘေးသို့ ဆင်းပြီးနောက် နားရန် အတွက် မြင်ကွင်းကွယ်ရာ တစ်နေရာသို့ ရောက်ခဲ့သည်။

သူတို့သည် နေရောင် ဟိုတစ်ကွက် သည်တစ်ကွက် ထိုးကျနေသည့် မြက်ပင်ထူထပ်သော မြေကြီးပေါ်တွင် ထိုင်လိုက်ကြသည်။ တွမ်က ကျောခင်းအိပ်နေရင်း ပါးပြင်များ နီရဲနေပြီး အသက်ကို ပြင်းပြင်းရှူကာ  သူ့ကို ပြုံးကြည့်နေသော အဲလန်အား ကြည့်နေမိသည်။ သူမ၏ ဝတ်ရုံက လည်ပင်နားတွင် ပွင့်နေပြီး သူမ၏ လည်ချောင်းနှင့် တိုးထွက်နေသော ရင်သားတစ်ဖက်ကို မြင်နေရသည်။ ရုတ်တရက်ပင် သူသည် သူမအား အဝတ်အစားမပါဘဲ မြင်ချင်စိတ် ရုတ်တရက် ပေါ်ပေါက်လာပြန်သည်။ သူ၏ စိတ်ဆန္ဒက စိတ်ထဲတွင် အပြစ်ဖြစ်နေသော ခံစားမှုကို ကျော်လွန်သွားသည်။ သူက သူမကို နမ်းရန် ကိုယ်ကိုကိုင်းလိုက်သည်။ နောက် တုံ့ဆိုင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် သူမမှာ အလွန်ချစ်စရာ ကောင်းလွန်းသောကြောင့်ပင် ဖြစ်သည်။

သူ စကား စပြောသည့် အခါတွင် ကြိုတင် ပြင်ဆင် မထားသော စကားလုံးများကြောင့် သူ့ဘာသာသူပင် ပြန်၍ အံ့ဩမိစေသည်။
"အဲလန်။ မင်းငါ့ကိုယူမလား။" သူက ပြောလိုက်သည်။

No comments:

Post a Comment